Girish Wadhwa
President & Head Coach (Myanmar)
Mega Lifesciences
Mega Lifesciences မှာ နှစ်ပေါင်းနှစ်ဆယ်ကျော် ဦးဆောင်မှုတာဝန်ယူထားတဲ့ Mr Girish Wadhwa ကို ကိုယ်လုပ်မယ့် လုပ်ငန်းအဖွဲ့အစည်းကို ရွေးချယ်ပုံနဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ရေရှည်လက်တွဲလုပ်ကိုင်ရာမှာ ရရှိတဲ့အကျိုးကျေးဇူးတွေကို ဦးစားပေးမေးဖြစ်ခဲ့ပါတယ်။ Mega ရဲ့အောင်မြင်မှုနဲ့အတူ မိမိရဲ့အောင်မြင်မှုကိုပါ တည်ဆောက်သွားတဲ့ Mr Girish Wadhwa ရဲ့ အလုပ်အပေါ်ခံယူချက်သဘောထားတွေကို လေးစားဖွယ်တွေ့ရှိခဲ့ရပါတယ်။
ကိုယ်တိုင်မိတ်ဆက်နဲ့ နောက်ခံပညာရေး . . .
ကျွန်တော့်နာမည်က Girish Wadhwa ဖြစ်ပြီး အိန္ဒိယလူမျိုးဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပညာအရည်အချင်းကတော့ အိန္ဒိယနိုင်ငံမှ Chartered Accountant ဆိုတဲ့ စာရင်းအင်းဆိုင်ရာ ကျွမ်းကျင်မူဘွဲ့လက်မှတ်ကို ၁၉၉၃ ခုနှစ်မှာ ရခဲ့ပါတယ်။ အဲဒီဘွဲ့ဟာ မြန်မာနိုင်ငံမှာ CPA (Certified Professional Accountant) ဘွဲ့လက်မှတ်နဲ့တူညီပါတယ်။ ကျွန်တော်က မြန်မာနိုင်ငံကို ၁၉၉၇ ခုနှစ်မှာ ရောက်ခဲ့တာဆိုတော့ အခုဆိုရင် အနှစ် ၂၀ ပြည့်ပါတော့မယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းကစပြီး မြန်မာနိုင်ငံ Mega Lifesciences Company Ltd ရဲ့ Country Head ရာထူးနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး အခုချိန်မှာ Mega Lifesciences ရဲ့ President & Head Coach အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ်။
အိန္ဒိယမှာတုန်းက ဘယ်လို Industry တွေမှာ လုပ်ခဲ့ပါသလဲ . . .
ကျွန်တော့်အနေနဲ့ လက်တွေ့လုပ်ငန်းခွင်အတွေ့အကြုံကို လိုချင်တဲ့အတွက် ကျောင်းတက်နေစဉ် အသက် ၁၈၊ ၁၉ နှစ်၊ ကျောင်းမပြီးခင် သုံးနှစ်လောက်ကတည်းက Apprentice Chartered Accountant အနေနဲ့ လုပ်ငန်းခွင်အမျိုးမျိုးမှာ စတင်ဝင်ရောက်ကိုင်လုပ်ခဲ့ပါတယ်။
ကျောင်းပြီးသွားချိန်မှာတော့ Auditor တစ်ယောက်အဖြစ်နဲ့ ဆက်လက်လုပ်ကိုင်ခဲ့ပြီး၊ နောက်ဆုံးမှာ မြန်မာနိုင်ငံ Mega Lifesciences Company Ltd မှာ အလုပ်ဝင်ခဲ့ပါတယ်။
Mega မှာ ပထမဦးဆုံး ဘယ်ရာထူးနဲ့ စပြီးအလုပ်လုပ်ခဲ့ပါသလဲ . . .
ကျွန်တော့်အနေနဲ့ Mega Lifesciences Company Ltd မှာ Head of Finance and Commercial အဖြစ် စတင်အလုပ်ဝင်ရောက်ခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်ကနေစပြီးတော့ မြန်မာနိုင်ငံရုံးခွဲမှာ Country Head အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
Mega မှာ ဘာကြောင့်အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာလဲ . . .
ကျွန်တော် အိန္ဒိယက ကုမ္ပဏီတော်တော်များများမှာ အလုပ်လုပ်ခဲ့ဖူးတဲ့အတွက် သူတို့ရဲ့ကွဲပြားတဲ့ စီမံခန့်ခွဲမှု ပုံစံအမျိုးမျိုးကိုလည်း ကြုံခဲ့ရပါတယ်။ ကုမ္ပဏီတော်တော်များများရဲ့ စီမံခန့်ခွဲမှုပုံစံတွေကို လေ့လာပြီးတဲ့ အခါမှာတော့ ကုမ္ပဏီတစ်ခုတည်းကို ရွေးချယ်ပြီး ရေရှည်အလုပ်လုပ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုမှာ သူ့ကုမ္ပဏီရဲ့တန်ဖိုးထားတဲ့အရာတွေ (Values) နဲ့ ဝန်ထမ်းတွေ တန်ဖိုးထားတဲ့ Values ချင်း တူညီမှုရှိပြီး အတူမျှဝေခံစားနိုင်ရပါမယ်။ Mega ရဲ့ Global CEO က ကျွန်တော့်ကို အင်တာဗျူးတဲ့အခါ Mega က တန်ဖိုးထားတဲ့ Values နဲ့ ကျွန်တော်တန်ဖိုးထားတဲ့ Values ချင်း တူညီနေတယ်ဆိုတာကို နားလည်ခံစားမိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ Mega မှာ အလုပ်လုပ်ဖို့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။
Mega မှာ နှစ်ပေါင်း ၂၀ နီးပါး ဆက်ပြီးလုပ်ဖြစ်ခဲ့တဲ့ အကြောင်းရင်းတွေနဲ့ ကုမ္ပဏီတစ်ခုတည်းမှာပဲ နှစ်တွေအကြာကြီး ရေရှည်လက်တွဲလုပ်ခဲ့တဲ့အတွက် ရရှိတဲ့အကျိုးကျေးဇူးတွေဆိုရင် ဘာတွေများဖြစ်မလဲ . . .
ကျွန်တော် Mega မှာ ဘာကြောင့် အခုထိရှိနေရတယ်ဆိုတဲ့ အဓိကအကြောင်းရင်းတွေရဲ့ ပထမအချက်ကတော့ ကမ္ဘာမှာရှိတဲ့ Mega Company အသီးသီးမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုပုံစံတွေ၊ ကောင်းမွန်တဲ့တန်ဖိုးထားတဲ့အရာတွေ၊ Organizational Culture & Value System တွေ ရှိတဲ့ကုမ္ပဏီတစ်ခု ဖြစ်တာကြောင့်ပါ။ ဒါကြောင့် ကုမ္ပဏီမှာ အလုပ်လုပ်နေကြတဲ့ဝန်ထမ်းတွေဟာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားမှုရှိကြတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မူရှိကြတယ် စစ်မှန်တဲ့အရာကို တန်ဖိုးထားတယ်။ ပြီးတော့ ဝန်ထမ်းတွေကို လွတ်လပ်စွာ လုပ်ပိုင်ခွင့် အခွင့်အရေးတွေပေးတယ် အစရှိတဲ့ တူညီတဲ့ဘုံအခြေခံ တန်ဖိုးထားမှုတွေ ရှိကြတယ်။ ကုမ္ပဏီရော ကုမ္ပဏီမှာ အလုပ်လုပ်ကြတဲ့ ဝန်ထမ်းတွေအားလုံးမှာ အကောင်းမြင်တဲ့ အတွေးအမြင် ယဉ်ကျေးမှုမျိုးရှိကြတယ်။
ဒုတိယအချက်ကတော့ ကျွန်တော်မြန်မာပြည်ကို စပြောင်းလာစက ဒီလောက် နှစ်တွေအကြာကြီး နေဖြစ်လိမ့်မယ်လို့ မစဉ်းစားမိခဲ့ပါဘူး။ အနေကြာလာတာနဲ့အမျှ မြန်မာပြည်ဟာ အင်မတန်လှပတဲ့နိုင်ငံတစ်ခု ဖြစ်တာကို တွေ့ရပါတယ်။ လူတွေအားလုံးဟာ ဖော်ရွေကြပြီး အင်မတန်လည်း ယဉ်ကျေးသိမ်မွေ့ကြတယ်။ ဒီအချက်နှစ်ချက်ကြောင့် ကျွန်တော် မြန်မာပြည်မှာ အချိန်ကြာကြာ နေထိုင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယမေးခွန်းဖြစ်တဲ့ ကုမ္ပဏီတစ်ခုနဲ့ နှစ်တွေ အကြာကြီး ရေရှည်လက်တွဲလုပ်ခဲ့တဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးရသလဲဆိုတဲ့မေးခွန်းက အင်မတန် စိတ်ဝင်စားဖို့ကောင်းပါတယ်။ လူအများစုထင်ကြတာက ကုမ္ပဏီတွေပြောင်း၊ အလုပ်တွေပြောင်းတာက ကိုယ့်ရဲ့ Career Development အတွက် ကောင်းတယ်လို့ ထင်ကြပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဘယ်ကုမ္ပဏီမှာပဲလုပ်လုပ် အလုပ်အပေါ်ကိုယ်စံထားတဲ့ Value System နဲ့ ကုမ္ပဏီက စံထားတဲ့ Value System ချင်းကိုက်ညီမယ်ဆိုရင် တခြားပြောင်းစရာမလိုပါဘူး။ ကျွန်တော်တို့ကုမ္ပဏီက ဝန်ထမ်းအတော်များများဟာ ဒီမှာအလုပ်လုပ်နေတာ နှစ်အတော်ကိုကြာနေပါပြီ။ ကျွန်တော့်ထက် လုပ်သက်ပိုများတဲ့ ဝန်ထမ်းတစ်ယောက်တောင် ရှိပါသေးတယ်။ လုပ်သက်က ၂၂ နှစ်တောင် ရှိနေပါပြီ။
ကျွန်တော့်အနေနဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေအားလုံး အလုပ်လုပ်ရတာ ပျော်ရွှင်ကြတယ်၊ ကိုယ်လုပ်ချင်တဲ့အလုပ်ကို လုပ်ရင်းနဲ့ ကိုယ့်ရဲ့ Career Life ကို တည်ဆောက်သွားနိုင်မယ်။ ကိုယ့်ကိုယ်ပိုင်ကုမ္ပဏီမှာ အလုပ်လုပ်နေရတဲ့ ခံစားမှုမျိုး (Ownership စိတ်ဓာတ်) ရှိနေမယ်ဆိုရင် ဘယ်ကုမ္ပဏီမှသွားဖို့ စိတ်ကူးမရှိပါဘူး။ ဥပမာဆိုရင် ကိုယ့်မိသားစုကို သုံးနှစ်ပဲကြာကြာ လေးနှစ်ပဲကြာကြာ ဘယ်တော့မှပစ်မသွားနိုင်သလို ကိုယ်လုပ်နေတဲ့ ကုမ္ပဏီကိုလည်း ပစ်မသွားနိုင်ဘူးလေ။
ပထမဦးဆုံး အလုပ်စလုပ်မယ့်သူတွေကို ဘယ်လိုအကြံဉာဏ်တွေ ပေးချင်သလဲ။ ကိုယ်အလုပ်လုပ်မယ့် အဖွဲ့အစည်းကို ဘယ်လိုရွေးချယ်သင့်တယ်ဆိုတာလည်း ပြောပြပေးပါ . . .
ရှေ့မှာ ကျွန်တော်ပြောခဲ့သလိုပါပဲ။ ကျွန်တော် အလုပ်စလုပ်အချိန်မှာ အသက်ငယ်သေးတယ်။ အဲဒီတော့ ကျွန်တော်ဘာဖြစ်ချင်တယ်၊ ဘာလုပ်ချင်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိခဲ့ပါဘူး။ ကိုယ့်အတွက် လေ့လာသင်ယူနိုင်မယ့် အခွင့်အရေးတွေရှိမယ်။ ကိုယ့်ကို အသိပညာ အတွေ့အကြုံတွေ သင်ကြားပေးနိုင်မယ့်သူ၊ ဝေမျှပေးနိုင်သူတွေရှိမယ်။ ကိုယ်ကိုယ်တိုင်လည်း တခြားလူတွေကိုပြန်ပြီး မျှဝေပေးနိုင်မယ်ဆိုရင် အဲဒီလိုကုမ္ပဏီမျိုး၊ ပတ်ဝန်းကျင်မျိုးကို ရွေးချယ်သင့်ပါတယ်။ နောက်တစ်ချက်ကတော့ မိမိလုပ်ကိုင်တဲ့အလုပ်ကို နှစ်သက်မြတ်နိုးတာ၊ အဲဒီ အလုပ်လုပ်ရတာကို ပျော်ရွှင်နေတာမျိုး ဖြစ်ရပါမယ်။ အဲဒီအချက်တွေကို သေသေချာချာ စဉ်းစားဆုံးဖြတ်မှ အလုပ်တစ်ခုမှာ ရေရှည်လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။
Mega Lifesciences အကြောင်းလည်း ပြောပြပေးပါ . . .
Mega Lifesciences ကို ၁၉၈၃ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပါတယ်။ အခု ကျွန်တော်တို့နိုင်ငံပေါင်း ၃၀ ကျော်မှာ ဖြန့်ကြက်လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ၁၉၉၅ ခုနှစ်မှာ မြန်မာပြည်ကို စရောက်လာခဲ့ပါတယ်။ လက်ရှိ Mega Myanmar မှာ အဓိက လုပ်ငန်းနှစ်ခုရှိပါတယ်။ Mega We Care နဲ့ Maxxcare ဖြစ်ပါတယ်။
Mega We Care မှာကတော့ နိုင်ငံအသီးသီးမှာရှိတဲ့ ကမ္ဘာဆေးကုမ္ပဏီတွေရဲ့ ဆရာဝန်ညွှန်ကြားချက်လိုတဲ့ ဆေးဝါးတွေ၊ မိမိကိုယ်တိုင် ဆေးကောင်တာမှာ ဝယ်ယူနိုင်တဲ့ဆေးဝါးတွေ၊ ဖြည့်စွက်ဆေးအစာ (Supplement) တွေအပြင် သြစတြေးလျနဲ့ ထိုင်းနိုင်ငံတွေမှာရှိတဲ့ Mega ရဲ့ကိုယ်ပိုင်ဆေးဝါးစက်ရုံတွေက ဆေးဝါးနဲ့ ဖြည့်စွက်ဆေးဝါးတွေကို ဈေးကွက်ချဲ့ထွင်ရောင်းချပါတယ်။
Maxxcare ကတော့ ခုနကပြောတဲ့ နိုင်ငံတကာက ကုမ္ပဏီဆေးဝါးတွေအပြင် ကျန်းမာရေးဆိုင်ရာ ဖြည့်စွက်ဆေးအစာတွေနဲ့ လူသုံးကုန်ပစ္စည်းအမျိုးမျိုးကို ဖြန့်ဖြူးရောင်းချပေးတဲ့လုပ်ငန်းဖြစ်ပါတယ်။
Mega မှာ လက်ရှိတာဝန်ယူထားတဲ့ Role နဲ့ Responsibilities . . .
Mega က မြန်မာပြည်မှာဝန်ထမ်းပေါင်း ၁,၄၀၀ ကျော်နဲ့ လည်ပတ်နေပြီး ကျွန်တော်ကတော့ Organization တစ်ခုလုံးကို ဦးဆောင်နေပါတယ်။ သူတို့အားလုံးကို လမ်းညွှန်ရပါတယ်။ ကျွန်တော်ဟာ Global Mega Lifesciences ရဲ့ Mega Global Board Management ရဲ့အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပါတယ်။
Mega Myanmar စတင်ချိန်ကစပြီး အခုချိန်ထိဖြတ်သန်းမှုမှာ တွေ့ရတဲ့စိန်ခေါ်မှုတွေနဲ့ ကျော်ဖြတ်ခဲ့ပုံ . . .
ကျွန်တော်တို့ Mega Lifesciences ဟာ လွန်ခဲ့တဲ့နှစ် ၂၀ ကျော်ကတည်းက မြန်မာနိုင်ငံမှာ ပထမဦးဆုံး အခြေချခဲ့တဲ့ နိုင်ငံတကာဈေးကွက်စီးပွားရေးနဲ့ ဖြန့်ချိရေးဆိုင်ရာ လုပ်ငန်းအဖွဲ့အစည်း ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ပိုပြီးများလာပါပြီ။ အဲဒီတုန်းက ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုတွေ သိပ်များခဲ့ပါတယ်။ ဈေးကွက်ကလည်း တော်တော်သေးပါသေးတယ်။ ဘယ်လိုကုန်ပစ္စည်းတွေ တင်သွင်းမလဲ၊ ငွေကြေးစီးဆင်းမှုကို ဘယ်လိုထိန်းချုပ်မလဲ၊ စီးပွားရေးကို Professional ကျကျ ဘယ်လိုလည်ပတ်မလဲ စသဖြင့် အများကြီး စဉ်းစားခဲ့ရတယ်။ အခြေခံလိုအပ်ချက်တွေကလည်း အများကြီးရှိခဲ့ပါတယ်။ ဥပမာ-သယ်ယူပို့ဆောင်ရေးတို့၊ ဆက်သွယ်ရေးတို့၊ လျှပ်စစ်မီး တို့စသဖြင့် လိုအပ်ချက်တွေ အများကြီးရှိခဲ့တယ်။ ဒါကိုကျွန်တော်တို့က အနာဂတ်အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတွေလို ယုံကြည်ခဲ့ပါတယ်။ ပြင်းထန်တဲ့စိန်ခေါ်မှုတွေတော့ ကျွန်တော်မတွေ့ပါဘူး။ ကုမ္ပဏီတစ်ခုအနေနဲ့ စီမံခန့်ခွဲမှုအပြောင်းအလဲတွေ၊ ပေါ်လစီအပြောင်းအလဲတွေကို ရင်ဆိုင်ရမယ်ဆိုတာ ကျွန်တော်တို့ နားလည်ပါတယ်။ ကျွန်တော်တို့ ဒါတွေအားလုံးကို ကောင်းမွန်စွာဖြေရှင်းနိုင်တယ်လို့လည်း ယူဆပါတယ်။ ကျွန်တော်တို့အနေနဲ့ ပထမဦးဆုံးရောက်ရှိလာခဲ့ကြသလို အခက်အခဲတွေ ဘယ်လောက်တွေ့တွေ့ ဘယ်တော့မှ မထွက်ခွာသွားဘူးလို့ ဆုံးဖြတ်ထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအပေါ်မှာ ယုံကြည်မှုအပြည့်အဝနဲ့ ဆက်လက်လုပ်ကိုင်သွားမှာပါ။ မြန်မာလူမျိုးတွေကို ကောင်းမွန်တဲ့အရည်အသွေးပြည့်မီတဲ့ ဆေးဝါးတွေ ပေးနိုင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အခုဆိုရင် မြန်မာနိုင်ငံဟာ နိုင်ငံရေးအခင်းအကျင်းသစ်နဲ့အတူ စီးပွားရေးအခင်းအကျင်းသစ်တွေလည်း စတင်နေပါပြီ။ ပိုပြီးဖွင့်ပေးလိုက်တဲ့ စီးပွားရေးစနစ်တွေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေလည်း ပိုရောက်ရှိလာနေပါပြီ။ အဲဒီအတွက် ယှဉ်ပြိုင်မှုပြင်းထန်လာတဲ့အပေါ်မှာ ဘာတွေပြင်ဆင်ထားပါသလဲ . . .
မြန်မာနိုင်ငံက အရင်ကတည်းကလည်း စီးပွားရေးလုပ်ငန်းတွေ ရင်နှီးမြှုပ်နှံဖို့ ဖွင့်ပေးထားပြီးသားဖြစ်ပါတယ်။ ကျွန်တော်တို့ ဆေးဝါးနဲ့ပတ်သက်တဲ့ လုပ်ငန်းနယ်ပယ်မှာ အရင်ကတည်းက ပြိုင်ဆိုင်မှုရှိခဲ့ပါတယ်။ အခုလည်း ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ကုန်ပစ္စည်းတွေ၊ ကောင်းမွန်တဲ့အမှတ်တံဆိပ်တွေကို ပိုင်ဆိုင်ထားတဲ့အပြင် ဈေးကွက်လည်းအခိုင်အမာရှိနေပြီးပါပြီ။ ဒါကြောင့် အခြေအနေကကောင်းမွန်တဲ့ဘက်ကို ဦးတည်ပါတယ်။ နိုင်ငံကလည်း ပိုပြီးလမ်းဖွင့်ပေးလာပြီဆိုတော့ ဈေးကွက်က ပိုပိုကြီးလာတော့မှာပါ။ ခုဆိုရင်လည်း စားသုံးသူတွေအနေနဲ့ လိုချင်တဲ့ကုန်ပစ္စည်းကို သူတို့စိတ်ကြိုက် ရွေးချယ်နိုင်ပါပြီ။ ဒါဟာ ဒီမှာ ရင်းနှီးမြှုပ်နှံကြတဲ့ကုမ္ပဏီ အားလုံးအတွက် သိပ်ကောင်းပါတယ်။
ကိုယ်တိုင်ကျင့်သုံးတဲ့ စီမံခန့်ခွဲမှုပုံစံကိုလည်း ပြောပြပေးပါ . . .
ကျွန်တော်ကကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ အပြည့်အဝယုံကြည်မူရှိပါတယ်။ သူတို့ကို လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်တွေ ပေးထားတယ်။ ဈေးကွက်ဆိုင်ရာနည်းဗျုဟာတွေကို ကိုယ်တိုင်သတ်မှတ်ကျင့်သုံးပြီး ကုမ္ပဏီကချမှတ်ထားတဲ့ဦးတည်ချက်တွေကို ပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်စေပါတယ်။ အဲဒီလိုလုပ်ဆောင်တဲ့နေရာမှာ သူတို့ရဲ့လိုအပ်ချက်တွေကို ကျွန်တော့်အနေနဲ့ လမ်းညွှန်မှုတွေ ပေးပါတယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့တကွ ဝန်ထမ်းတွေအားလုံး Ownership စိတ်ဓာတ်အပြည့်အဝနဲ့ ကောင်းမွန်တဲ့ရလဒ်တွေကို ရရှိစေဖို့ အမြဲတမ်း ဦးဆောင်လမ်းညွှန်ပေးပါတယ်။
နောင်ငါးနှစ်မှာ ဖြစ်လာမယ့်ဈေးကွက်အပေါ်မှာ ကုမ္ပဏီရဲ့အလားအလာကို သုံးသပ်ပေးပါဦး . . .
အခုဆိုရင် မြန်မာနိုင်ငံဟာ ပိုပြီးစိတ်ဝင်စားစရာကောင်းတဲ့ဈေးကွက် ဖြစ်လာပြီ။ အပြုသဘောဆောင်တဲ့ အခြေအနေတွေ ကျွန်တော်တို့မြင်တွေ့နေရပြီ။ နောင်နှစ်တွေမှာ ပိုပြီးတော့ ဖွံ့ဖြိုးတိုးတက်လာပြီး ဈေးကွက်လည်း ပိုပြီးကျယ်ပြန့်လာမှာပါ။ Mega အနေနဲ့က ဒီနိုင်ငံမှာအခြေချတာလည်း နှစ်ပေါင်းများစွာကြာပြီ။ မြန်မာနိုင်ငံမှာ စားသုံးသူတွေရဲ့ လက်ရှိဓလေ့အကြိုက်တွေကို နားလည်ရုံသာမက မျက်မှောက်ကာလမှာ ပြောင်းလဲလာနိုင်တဲ့ စားသုံးသူတွေရဲ့ လိုအပ်ချက်နဲ့ အကြိုက်တို့နဲ့အညီ Innovative ဖြစ်တဲ့ ဆေးဝါးကုန်ပစ္စည်းတွေကို ဈေးကွက်မှာ တိုးချဲ့ရောင်းချပြီးတော့ မြန်မာပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။
ကိုယ်တိုင်အနေနဲ့ လုပ်ငန်းခွင်ဘဝမှာ အမြဲတမ်းတိုးတက်နေစေဖို့ ဘယ်လိုလေ့လာပါသလဲ . . .
ကျွန်တော့်အနေနဲ့ စာဖတ်တာကို ဝါသနာပါသလို စာဖတ်တာက လူတိုင်းအတွက် အရေးကြီးတယ်လို့ ခံယူထားပါတယ်။ စာဖတ်တာဟာ အင်မတန်အရေးပါပါတယ်။ စာအုပ်တော်တော်များများ ကျွန်တော်ဖတ်ဖြစ်ပါတယ်။ နောက်ပြီး သတင်းစာတွေ၊ ဂျာနယ်တွေမှာ အထူးသဖြင့် စီးပွားရေးသတင်းတွေကို ဦးစားပေးဖတ်ဖြစ်ပါတယ်။ ကျွန်တော်စာဖတ်ဖို့ တတ်နိုင်သလောက် အချိန်များများပေးပါတယ်။ စာဖတ်တာကတော့ ကျွန်တော့်ဘဝရဲ့ အကြီးမားဆုံးသော လေ့လာသင်ယူမှုကြီးတစ်ခုပါ။ အခုအချိန်မှာ ဗဟုသုတတွေ ရရှိနိုင်ဖို့က အရင်ကလောက်မခက်ခဲတော့ပါဘူး။ အင်တာနက်ကိုအသုံးပြုပြီး အသိပညာနဲ့သတင်းမျိုးစုံကို ရရှိနိုင်ပါတယ်။ ပြီးတော့ ကျွန်တော့် ပတ်ဝန်းကျင်မှာရှိတဲ့ ကျွန်တော့်ထက် ဝါရင့်သူတွေ၊ ငယ်ရွယ်သူတွေ၊ မိတ်ဆွေတွေ၊ Customer တွေ အားလုံးဆီက ကျွန်တော်သင်ယူပါတယ်။ လူ့အသိုင်းအဝိုင်းအလွှာစုံက လူတွေနဲ့ထိတွေ့ပြီး အသက်အပိုင်းအခြား အကန့်အသတ်မထားဘဲ သူတို့ရဲ့ရှုထောင့်အသီးသီးနဲ့ သူတို့ရဲ့အတွေ့အကြုံ၊ ထင်မြင်ယူဆချက်အသီးသီးကို နားထောင်ရတာကလည်း သိပ်တန်ဖိုးရှိပါတယ်။
လုပ်ငန်းခွင်မှာ အမြဲတိုးတက်နေဖို့ အတွေ့အကြုံတွေ၊ ဗဟုသုတတွေကတစ်ဆင့် သင်ယူလေ့လာရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော်တို့ဟာ အသစ်အသစ်တွေကို စဉ်းစားရမယ်။ အတွေ့အကြုံသစ်တွေကနေ သင်ခန်းစာတွေ လေ့လာသင်ယူရပါမယ်။
ခေါင်းဆောင်တစ်ယောက်အနေနဲ့ကတော့ နားထောင်ပေးတာ၊ စေ့စပ်ညှိနှိုင်းတာကို ဦးစားပေးပါတယ်။ ဒီကဝန်ထမ်းတွေရဲ့ အသံတွေ၊ Customer တွေရဲ့ အသံတွေကို ဦးစားပေးနားထောင်ရပါတယ်။ အထူးသဖြင့် Open-minded ဖြစ်ဖို့လိုပါတယ်။ အဲဒါမှ လူတွေက ဘယ်လိုမြင်တယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို နားလည်နိုင်မှာပါ။ ဒါကြောင့် ကျွန်တော့်ရဲ့ အပေါင်းအသင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိတ်ဆွေတွေ အားလုံးကို စာဖတ်ကြဖို့ ကျွန်တော်တိုက်တွန်းပါတယ်။ ဘာလို့လဲဆိုတော့ စာဖတ်တာက ကျွန်တော်တို့စိတ်တွေကို ပိုပြီးအမြင်ကျယ်စေလို့ပါ။ ပြီးတော့ လူတွေနဲ့ဆက်ဆံတဲ့အခါ နားထောင်ဖို့ စေ့စပ်ဖြေရှင်း ညှိနိုင်းကြဖို့လည်း တိုက်တွန်းပါတယ်။ နိုင်ငံတကာနဲ့ ရင်ပေါင်တန်းပြီး ပိုပြီးသိလာလေ ကိုယ့်ရဲ့နားလည်မှုကလည်း မြင့်လာလေဖြစ်မှာပါ။ ဆုံးဖြတ်ချက်တွေလည်း ပိုပြီးမှန်ကန်လာမှာပါ။
Recommend လုပ်ချင်တဲ့စာအုပ်တွေ . . .
၁။ Abundance – The Future is Better than You Think.
Author – Peter h Diamandis & Steven Kotler
၂။ Sapiens – A Brief History of Humankind.
Author Yuval Noah Harari
၃။ The Innovator’s Prescription: A Disruptive Solution for Health Care.
Author- Clayton M Christensen
၄။ How Not to be Wrong : The Hidden Maths of Everyday Life.
Author- Jorden Ellenberg
၅။ The Blue Zones.
Author – Dan Buettner
Mega Myanmar ရဲ့ အနာဂတ်မျှော်မှန်းချက်တွေနဲ့ ရှေ့ဆက်လျှောက်မယ့် အစီအစဉ်တွေကို ပြောပြပေးပါ . . .
ကျွန်တော်တို့ရဲ့မျှော်မှန်းချက်က ရိုးရှင်းပါတယ်။ ကျွန်တော်တို့ဆက်ပြီးတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းအပေါ်မှာ အာရုံစိုက်ပြီး ဆက်လက်လုပ်ကိုင်သွားမှာပါ။ မြန်မာနိုင်ငံမှာ နောက်ငါးနှစ်အတွင်း အမေရိကန်ဒေါ်လာ ၂၁ သန်း ရင်းနှီးမြှုပ်နှံဖို့ MIC က ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်နှံမှုကို ကျွန်တော်တို့ရဲ့ အဓိကကျတဲ့ လုပ်ငန်းပိုင်းဆိုင်ရာ Infrastructure တွေမှာ ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့က မြန်မာကုမ္ပဏီနဲ့ ဘာမှမခြားနားပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ကုမ္ပဏီမှာ မြန်မာလူမျိုးဝန်ထမ်းတွေ ၉၉ ဒသမ ၉ ရာခိုင်နှုန်းနဲ့ ဖွဲ့စည်းထားလို့ပါ။
ကျွန်တော်တို့ဆက်ပြီးတော့ အရည်အသွေးပြည့်မီတဲ့ဆေးဝါးတွေ၊ ကုန်ပစ္စည်းတွေကို မြန်မာလူမျိုး Customer တွေ လက်ထဲအရောက် ဝန်ဆောင်မှုကောင်းကောင်းနဲ့ ထိထိရောက်ရောက် ပေးပို့နေဦးမှာပါ။
ကိုယ်ပိုင် အနာဂတ်ရည်မှန်းချက်တွေလည်း သိချင်ပါတယ် . . .
ကျွန်တော် မြန်မာနိုင်ငံမှာ ရောက်ရှိအခြေချခဲ့တာ အနှစ် ၂၀ ရှိပါပြီ။ ကျွန်တော့်သားနှစ်ယောက်လုံးလည်း မြန်မာနိုင်ငံမှာမွေးပြီး ဒီမှာပဲ ပညာသင်ကြားနေပါတယ်။ ကျွန်တော့်ဇနီးကလည်း နိုင်ငံတကာပညာသင်ကျောင်းမှာ ဆရာမတစ်ဦးဖြစ်ပါတယ်။ ကျွန်တော်တို့မိသားစု မြန်မာနိုင်ငံမှာ နေရတာ ကိုယ့်မိခင်နိုင်ငံမှာ နေရသလိုပဲ ခံစားရပါတယ်။ မြန်မာနိုင်ငံမှာပဲ အလုပ်လုပ်ရင်း ဆက်လက်နေထိုင်သွားဖို့ အစီအစဉ်ရှိပါတယ်။
မြန်မာနိုင်ငံက Lifestyle ကိုလည်း ပြောပြပေးပါ . . .
ကျွန်တော့်ရဲ့အချိန်တော်တော်များများကတော့ အလုပ်ထဲမှာပါပဲ။ တစ်ခါတလေ ဂေါက်ရိုက်ပါတယ်။ လူတွေနဲ့ တွေ့ဆုံခင်မင်ရတာလည်း အင်မတန်ကောင်းပါတယ်။ မြန်မာနိုင်ငံရဲ့ ဒေသခံအစားအစာတွေကိုလည်း ကြိုက်နှစ်သက်ပြီး အထူးသဖြင့် ကျွန်တော် မုန့်ဟင်းခါးကို သိပ်ကြိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လှပတဲ့နေရာအများကြီးရှိပြီး ကျွန်တော်က ခရီးသွားရတာ သဘောကျတော့ အဲဒီနေရာတွေ အကုန်လုံးစုံအောင်လည်ပတ်ရင်း မြန်မာနိုင်ငံမှာပဲ ကျွန်တော့်ရဲ့အချိန်တွေကို ကုန်ဆုံးစေပါတယ်။
နန္ဒာနေဝင်း