ခေါင်းဆောင်သစ်တို့ တာဝန်ယူရတော့မည့် စက်ဘီးထုတ်လုပ်ရေးကုမ္ပဏီကြီး Giant

KingLiu2

ထိုင်ဝမ်စက်ဘီးထုတ်လုပ်ရေးလုပ်ငန်းရှင်ကြီး King Liu ဟာ ကြီးမားတဲ့လုပ်ပိုင်ခွင့်နဲ့အတူ စိန်ခေါ်မှုကြီးတချို့ကိုပါ မျိုးဆက်သစ်တွေရဲ့လက်ထဲကို လွှဲပြောင်းပေးပါတော့မယ် . . .

အသက်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး တခြားဘာမှမဟုတ်ဘူးဆိုတာကို အသက် ၈၂ နှစ်ရှိပြီဖြစ်တဲ့ King Liu က လက်တွေ့သက်သေပြနေပါတယ်။ ကမ္ဘာ့အကြီးဆုံး စက်ဘီးထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ Giant Manufacturing ကုမ္ပဏီကြီးကို တည်ထောင်သူနဲ့ဥက္ကဋ္ဌဖြစ်သူ King Liu ဟာ ထိုင်ဝမ်နိုင်ငံအလယ်ပိုင်း Taichung မြို့လယ်မှာရှိတဲ့ သူ့အိမ်ကနေ မိုင်သုံးဆယ်လောက်ဝေးတဲ့ ကုမ္ပဏီဌာနချုပ်ရှိရာ ကမ်းခြေမြို့ Dajia ကို တစ်ပတ်ကိုနှစ်ကြိမ် စက်ဘီးစီးပြီးသွားနေတုန်းပါပဲ။

[caption id="attachment_29464" align="alignnone" width="370"]KingLiu1Giant Manufacturing ကုမ္ပဏီကြီးရဲ့ ဥက္ကဋ္ဌ King Liu[/caption]

Liu ဟာ သူ့အသက်ရဲ့တစ်ဝက်ပဲရှိသူအများစုက ကြိုးစားတောင် ကြိုးစားမကြည့်တဲ့ စက်ဘီးခရီးကြမ်းနှစ်ခုကို ပြီးဆုံးတဲ့အထိရောက်အောင်သွားခဲ့တဲ့အတွက် ကျော်ကြားခဲ့ပါတယ်။ သူဟာ အသက် ၇၃ နှစ်မှာ သူ့တစ်သက်မှာ ပထမဆုံးအနေနဲ့ ထိုင်ဝမ်ကျွန်းတစ်ပတ် ၉၆၆ ကီလိုမီတာခရီးကို စက်ဘီးစီးပြီးသွားခဲ့ပါတယ်။ သူဟာ အသက် ၇၅ နှစ်မှာ ပေကျင်းက ရှန်ဟိုင်းအထိ ၁၆၆၈ ကီလိုမီတာခရီးသွားတဲ့အဖွဲ့တွေကို ခေါင်းဆောင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတော့ ဂျပန်နိုင်ငံအနောက်ပိုင်းက Seto ကုန်းတွင်းပိုင်းပင်လယ်ကိုပတ်ပြီး ၂၆၄ ကီလိုမီတာခရီးကို သွားခဲ့ပါတယ်။

Liu ဟာ သူ့ရဲ့ အသက်ရှစ်ဆယ်နှစ်ပြည့်မွေးနေ့ကို ကျင်းပဖို့အတွက် ထိုင်ဝမ်ကျွန်းကို ၁၂ ရက်နဲ့ နောက်တစ်ခါပတ်ခဲ့ပြန်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာ သူလုပ်ရမယ့် လုပ်စရာအလုပ်တွေထဲက အရေးအကြီးဆုံးတစ်ခုက Giant မှာရှိတဲ့  ခေါင်းဆောင်မျိုးဆက်သစ်တစ်ခုကို လမ်းညွှန်မှုပေးဖို့ပဲဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ Liu ဟာ အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ ကုမ္ပဏီရဲ့ CEO Tony Lo နဲ့အတူ သူ့ရဲ့နုတ်ထွက်စာကို တင်ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်ကြီးနှစ်ယောက်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်လေးခုအတွင်းမှာ ကန်ထရိုက်ထုတ်လုပ်ရေး လုပ်ငန်းပေါက်စကလေးကို နိုင်ငံပေါင်း ရှစ်ဆယ်ကျော်မှာ ဝန်ထမ်းပေါင်း ၁၂,၀၀၀ ကျော်နဲ့ လုပ်နေတဲ့ ကမ္ဘာ့အကြီးဆုံးစက်ဘီး Brand ကြီးဖြစ်လာအောင် ပြောင်းလဲပစ်ခဲ့သူတွေ ဖြစ်ပါတယ်။

[caption id="attachment_29467" align="alignnone" width="720"]KingLiu4ထိုင်ဝမ်ကျွန်းကို ၁၂ ရက်နဲ့ပတ်ခဲ့တဲ့ Mr King Liu[/caption]

''ဒါဟာ ကျွန်တော့်အနေနဲ့ အမှန်တကယ်ဆင်းပေးပြီး မျိုးဆက်သစ်တွေက သူတို့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို အမှန်တကယ်ချပြီး ကုမ္ပဏီကြီးကို ကွပ်ကဲသွားခွင့်ပေးရမယ့်အချိန်ပါပဲ'' လို့ Nikkei Asian Review မဂ္ဂဇင်းကြီးကို Liu က ပြောခဲ့ပါတယ်။

ကုမ္ပဏီကိုတည်ထောင်ခဲ့သူကြီးဟာ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာတွေကို အသက် ၆၇ နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့ တူမ Bonnie Tu နဲ့ အသက် ၅၇ နှစ်ရှိပြီဖြစ်တဲ့ သူ့ရဲ့တစ်ဦးတည်းသောသား Young Liu တို့ကို လွဲှပြောင်းပေးတော့မှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လက်ရှိဘဏ္ဍာရေး အရာရှိချုပ်နဲ့ အမှုဆောင် Vice President ဖြစ်သူ Tu က ဥက္ကဋ္ဌရာထူးကိုယူမှာဖြစ်ပြီး လက်ရှိလုပ်ငန်းဆောင်ရွက်မှုအရာရှိချုပ် Young Liu က CEO ဖြစ်လာပါလိမ့်မယ်။ ဒီအပြောင်းအလဲတွေက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှာ အတည်ဖြစ်လာပါလိမ့်မယ်။

[caption id="attachment_29468" align="alignnone" width="576"]KingLiu5လုပ်ငန်းဆက်ခံမယ့် တစ်ဦးတည်းသောသား Young Liu နဲ့ တူမဖြစ်သူ Bonnie Tu[/caption]

''ဒီကုမ္ပဏီကြီးကို ကျွန်တော်စီမံကွပ်ကဲခဲ့တာ ၄၄ နှစ်ရှိသွားပါပြီ။ ဒါဟာ တော်တော်ကို ရှည်လျားတဲ့ကာလကြီးပါ။ ဝန်ထမ်းတွေအားလုံးက ကျွန်တော့်ရဲ့ညွှန်ကြားချက်၊ လမ်းညွှန်ချက်တွေနဲ့ပဲ အလုပ်လုပ်နေကြတုန်းပါ။ ဒါပေမဲ့ နောက်ဆုံးမှာ ဒါဟာ သူတို့ရဲ့ဖန်တီးနိုင်စွမ်းကို အဟန့်အတားဖြစ်လာပြီး အသစ်အဆန်းတွေကို စမ်းသပ်ကြည့်မယ့် သူတို့ရဲ့စွန့်ဦးတီထွင်နိုင်စွမ်းကို ပျောက်ဆုံးအောင် လုပ်ကောင်းလုပ်ပစ်နိုင်ပါတယ်'' လို့ King Liu က ပြောပါတယ်။

အားနည်းချက်ရှိသောကာလ . . .

ရင်းနှီးမြှုပ်နှံသူတွေဟာ အပြောင်းအလဲတွေကို အနီးကပ်စောင့်ကြည့်နေကြပါတယ်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်မှာ ကုန်ဆုံးတဲ့သီတင်းပတ်အတွင်း Giant ရဲ့ ရှယ်ယာတွေဟာ ၄.၅ ရာခိုင်နှုန်းအထိ ထိုးကျပြီး ထိုင်ဝမ်ဒေါ်လာ ၁၈၈.၅၀ ဒေါ်လာနဲ့ စာရင်းပိတ်သွားခဲ့ပါတယ်။ ကုမ္ပဏီဟာ သူ့ရဲ့ခေါင်းဆောင်အသစ်တွေကို ကြေညာဖို့အတွက် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ မီဒီယာတွေကို ဖိတ်ကြားပြီး သတင်းစာရှင်းလင်းပွဲတစ်ခု လုပ်ခဲ့ပါတယ်။

''ကုမ္ပဏီကြီးဟာ လုံလောက်တဲ့ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ကောင်းလုပ်ခဲ့နိုင်ပေမယ့် ဘယ်လိုမိသားစု စီးပွားရေးလုပ်ငန်းမျိုးမှာမဆို မျိုးဆက်ဟောင်းက မျိုးဆက်သစ်ကို ပြောင်းလဲတဲ့အသွင်ပြောင်းလဲရေးကာလဟာ အားနည်းချက်အရှိဆုံးအချိန်ဖြစ်ပါတယ်'' လို့ ဟောင်ကောင်က တရုတ်တက္ကသိုလ်ပါမောက္ခ၊ မိသားစုလုပ်ငန်းတွေအကြောင်းကျွမ်းကျင်သူ Joseph P. H.Fan က ပြောပါတယ်။

၁၉၃၄ ခုနှစ်မှာ စီးပွားရေးလုပ်ငန်းလုပ်တဲ့ မိသားစုထဲက မွေးဖွားလာခဲ့တဲ့ Liu ဟာ အထက်တန်းကျောင်းကထွက်ပြီး သစ်တောထွက်ပစ္စည်းနဲ့ ဝက်အူထုတ်တဲ့စက်ရုံအလုပ်ရုံတွေကစပြီး ကုန်စည်ပို့ဆောင်ရေးနဲ့ ကုန်သွယ်ရေးလုပ်ငန်းတွေအထိ လုပ်ငန်းပေါင်းစုံကိုလုပ်ကြည့်ဖို့ ကြိုးစားခဲ့ပါတယ်။ သူဟာ နိုင်ငံခြားကုမ္ပဏီတွေအတွက် စက်ဘီးတွေဆင်ပေးရတဲ့ အခွင့်အလမ်းတွေအကြောင်းကို သူ့ရဲ့သူငယ်ချင်းတွေဆီက မကြားရခင်အထိ ငါးရှဉ့်မွေးမြူရေးလုပ်ငန်းကိုတောင် စမ်းပြီး လုပ်ကြည့်ခဲ့ပါသေးတယ်။

Giant ကို ၁၉၇၂ ခုနှစ်မှာ စလုပ်ခဲ့ပြီး ဒီကုမ္ပဏီဟာ စက်ဘီးအမှာစာတွေရဖို့ ပြိုင်ဆိုင်ကြတဲ့ ခွဲခြားလို့မရတဲ့စက်ရုံတွေ အများကြီးထဲကတစ်ခုဖြစ်ပေမယ့် စောစောပိုင်းနှစ်တွေ တော်တော်များများအတွင်းမှာတော့ ချောချောမွေ့မွေ့ဖြစ်ဖို့ အလှမ်းဝေးခဲ့ပါတယ်။ အဲဒီအချိန်ဟာ 'ထိုင်ဝမ်တွင်လုပ်သည်' ဆိုတဲ့တံဆိပ်က အရည်အသွေးညံ့ဖျင်းတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုဆောင်နေတဲ့ အချိန်ဖြစ်ပါတယ်။

နောက်ဆုံးမှာ နိုင်ငံတကာကလက်ခံတဲ့စံနှုန်းတွေကို ဖက်တွယ်ထားဖို့ ပြည်တွင်းကပစ္စည်းအစိတ်အပိုင်း ထုတ်လုပ်ပေးသွင်းသူတွေကို ဆွဲဆောင်သိမ်းသွင်းပြီး အဲဒီအယူအဆကြီးကို Liu က ကျော်လွှားအနိုင်ယူခဲ့ပါတယ်။ အဲဒါဟာ ထိုင်ဝမ်စက်ဘီးလုပ်ငန်းကို အလုံးစုံ ပြုပြင်ပြောင်းလဲပေးဖို့ သူ့ရဲ့ပထမဆုံးလုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။

Giant ကို တည်ထောင်ပြီးသိပ်မကြာခင်မှာပဲ Liu ဟာ သူ့ရဲ့နောက်ဆုံးလုပ်ဖော်ကိုင်ဖက် Lo နဲ့ တွေ့ဆုံခဲ့ပါတယ်။ Lo ဟာ တက္ကသိုလ်က ဘွဲ့ရခါစဖြစ်ပြီး သူ့ပထမဆုံးလုပ်မယ့်အလုပ်အတွက် ထိုင်ဝမ်နိုင်ငံရဲ့ စက်ဘီးလုပ်ငန်းကဏ္ဍကို သေသေချာချာ စေ့စေ့စပ်စပ် လေ့လာဆန်းစစ်ထားသူ ဖြစ်ပါတယ်။

Liu ထက် ၁၅ နှစ်ငယ်ပြီး အင်္ဂလိပ်စကားကျွမ်းကျင်တဲ့ Lo ဟာ ၁၉၇၄ ခုနှစ်မှာ အနာဂတ်လုပ်ငန်းရှင် သူဌေးကြီးဖြစ်လာမယ့်ပုဂ္ဂိုလ်ရဲ့ ညာလက်ရုံးနဲ့ အပြည်ပြည်ဆိုင်ရာကိစ္စတွေမှာ Giant ရဲ့ အဓိကသံတမန် ဖြစ်လာခဲ့ပါတယ်။

KingLiu3

ကုမ္ပဏီဟာ အမေရိကန်စက်ဘီး Brand တစ်ခုဖြစ်တဲ့ Schwinn ဆီက အမှာစာတွေရဲ့ ကျေးဇူးကြောင့် တဖြည်းဖြည်းနဲ့လုပ်ငန်းတွေကို တိုးချဲ့ခဲ့ပြီး တစ်ချိန်မှာတော့ အဲဒီ Brand ဟာ Giant ရဲ့အရောင်းတွေကို ၇၅ ရာခိုင်နှုန်းအထိ ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဒါပေမဲ့ ကန်ထရိုက်စနစ်နဲ့ ထုတ်လုပ်တဲ့လုပ်ငန်းတစ်ခုဟာ ရေရှည်မှာ တောင့်ခံနိုင်မှာ မဟုတ်ဘူးဆိုတာကို Liu က သိခဲ့ပါတယ်။

တကယ်တော့ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ Schwinn က Giant နဲ့လက်တွဲဖြုတ်ပြီး တရုတ်ကန်ထရိုက် ထုတ်လုပ်သူတွေဆီကို ပြောင်းသွားတဲ့အတွက် Giant ဟာ စီးပွားရေးအကျပ်အတည်းတစ်ခုကို ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်က Giant ကို တစ်ကမ္ဘာလုံးမှာလုပ်ဖို့နဲ့ သူ့ရဲ့ကိုယ်ပိုင် Brand နဲ့ စက်ဘီးတွေကို စပြီးကြော်ငြာဖို့ Liu ကို လှုံ့ဆော်ပေးခဲ့ပါတယ်။

၁၉၈၆ ခုနှစ်မှာ Giant ဟာ သူ့ရဲ့ပြည်ပကုမ္ပဏီခွဲတစ်ခုကို နယ်သာလန်နိုင်ငံမှာ ပထမဆုံးတည်ထောင်ခဲ့ပါတယ်။ မကြာခင်မှာပဲ ကုမ္ပဏီဟာ အမေရိကန်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်နဲ့ တရုတ်နိုင်ငံတွေထဲကို ထိုးဖောက်ဝင်ရောက်ခဲ့ပါတယ်။ ကုမ္ပဏီဟာ သူ့ရဲ့ယှဉ်ပြိုင်မှုကိုတိုးမြှင့်ဖို့အတွက် အရည်အသွေးမြင့် စက်ဘီးတွေအတွက် ခေတ်မီဆန်းသစ်တဲ့ ပစ္စည်းတွေကို စပြီး ဖော်ထုတ်ခဲ့ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေရဲ့နောက်ပိုင်းမှာ Giant ဟာ သမားရိုးကျသံမဏိဘောင်တွေထက် အများကြီး ပိုပြီးပေါ့ပါးတဲ့ ကာဘွန်ဖိုက်ဘာဘောင်တွေကို ကြီးမားတဲ့ဈေးကွက်ကြီးထဲကို စပြီးသွင်းခဲ့ပါတယ်။ အဲဒီမတိုင်ခင်က ကာဘွန်ဖိုက်ဘာကို လက်နဲ့လုပ်တဲ့ ပုံစံတချို့မှာပဲ သုံးခဲ့တာဖြစ်ပါတယ်။ ကာဘွန်ဖိုက်ဘာဘောင်တွေကို စက်ဘီးပြိုင်ပွဲတွေက သတိပြုမိသွားတဲ့အတွက် ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ Giant ဟာ အားကစားစက်ဘီးတွေအတွက် လူတကာသိတဲ့နာမည် ဖြစ်လာခဲ့ပါတယ်။

''Liu ဟာ သူများရှေ့ကအမြဲကြိုပြီး စဉ်းစားနေတဲ့လူတစ်ယောက်ပါ။ မြင့်မားတဲ့အရည်အသွေးနဲ့ စက်ဘီးပေးသွင်းသူတွေရဲ့ အကောင်းဆုံးစုစည်းမှုကို ထိုင်ဝမ်က ထိန်းသိမ်းထားနိုင်တာဟာ သူ့ရဲ့ရှေ့ပြေးကြိုးပမ်းမှုတွေကြောင့်သာ ဖြစ်ပါတယ်။ သူမပါရင် ကျွန်တော်တို့ကုမ္ပဏီဟာ ဒီလိုဘယ်တော့မှ ကောင်းကောင်းလုပ်နိုင်မှာမဟုတ်ပါဘူး'' လို့ ကမ္ဘာ့အကြီးဆုံး စက်ဘီးချိန်းကြိုးထုတ်လုပ်ရေးလုပ်ငန်းကြီးဖြစ်တဲ့ ထိုင်ဝမ်အခြေစိုက် KMC Kuei Meng International ရဲ့ ဥက္ကဋ္ဌ Robert Wo က ပြောပါတယ်။

Liu ဟာ ထိုင်ဝမ်ရဲ့ စက်ဘီးလုပ်ငန်းကို ကမ္ဘာ့မြေပုံပေါ်မှာတင်ခဲ့ပြီး ၂၀၀၀ ပြည့်လွန်နှစ်တွေရဲ့စောစောပိုင်းမှာ အဲဒီလိုလုပ်ဖို့အတွက် သူ့ဘာသာပဲဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကုန်ကျစရိတ်နဲ့ပတ်သက်တဲ့ ပူပင်စရာတွေနဲ့ တရုတ်နိုင်ငံက ပြိုင်ဘက်တွေရဲ့ ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကို ရင်ဆိုင်ရတဲ့အတွက် တပ်ဆင်သူတွေနဲ့ ပစ္စည်းအစိတ်အပိုင်းသွင်းသူတွေဟာ တရုတ်နဲ့အရှေ့တောင်အာရှကို ပြောင်းရွှေ့သွားကြပါတယ်။ ဒီလိုထွက်ခွာသွားမှုနဲ့အတူ ဦးနှောက်ယိုစီးမှုလည်း ပါသွားခဲ့ပါတယ်။

ဒီလုပ်ငန်းကို အားသစ်လောင်းပေးဖို့အတွက် ၂၀၀၂ ခုနှစ်မှာ Liu က  A-Team လို့ခေါ်တဲ့ လုပ်ငန်းမဟာမိတ်အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ စိတ်ကူးကတော့ ကြော်ငြာနဲ့ထုတ်လုပ်မှုပိုင်းပညာကို မျှဝေပြီး ထိုင်ဝမ်ပစ္စည်းပေးသွင်းသူတွေကို ပေါင်းစည်းပေးဖို့နဲ့ ဈေးနှုန်းဖြတ်တောက်တာကိုလုပ်မယ့်အစား ဆန်းသစ်တီထွင်မှုတွေ လုပ်တာကို ဇောင်းပေးဖို့ပဲ ဖြစ်ပါတယ်။ Liu ဟာ သူ့ကုမ္ပဏီရဲ့ရေရှည်ပြိုင်ဘက်ဖြစ်တဲ့ Merida Industry ကုမ္ပဏီကိုသွားပြီး အဲဒီကုမ္ပဏီရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုရအောင် လုပ်ခဲ့ပါတယ်။ တခြားအဓိကကျတဲ့ ပစ္စည်းထုတ်လုပ်ပေးသွင်းသူတွေကိုလည်း မဟာမိတ်အဖွဲ့ထဲကို ဝင်လာအောင် သူက စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။

ဒီအုပ်စုကြီးဟာ KMC International ၊ ကမ္ဘာ့ထိပ်တန်းခြေနင်း ထုတ်လုပ်ရေးလုပ်ငန်းကြီး VP Components နဲ့ အကြီးဆုံးစက်ဘီးတာယာပေးသွင်းသူ Kenda Rubber Industrial တို့လို ကမ္ဘာ့ထိပ်တန်း စက်ဘီးပစ္စည်းအရောင်းလုပ်ငန်းကြီးတွေ ပါဝင်လာတဲ့အထိ ကြီးထွားလာခဲ့ပါတယ်။

'ငါး' သီအိုရီ . . .

''King က Giant ရဲ့အကျိုးအမြတ်တစ်ခုတည်းအတွက် အလုပ်လုပ်တာမဟုတ်ဘဲ ထောက်ပံ့ဖြည့်တင်းရေး ကွင်းဆက်ကြီးတစ်ခုလုံးကို အတူတူကြီးထွားလာစေချင်တာ ဖြစ်ပါတယ်။ စက်ဘီးလုပ်ငန်းကြီး တစ်ခုလုံးထဲမှာရှိတဲ့ လူတွေအားလုံးက သူ့အပေါ်အင်မတန်လေးစားကြတာဟာ အဲဒါကြောင့်ပါပဲ'' လို့ VP Components ရဲ့ဥက္ကဋ္ဌ Victor Lin ကပြောပါတယ်။

''လူတိုင်းကငါးတွေကို ဖမ်းပဲဖမ်းချင်ပြီး ငါးတွေကိုအစာကျွေးမယ့်သူမရှိရင် ငါးတွေမျိုးပြုန်းကုန်မှာပေါ့ဆိုတဲ့ လူသိများတဲ့သူ့ရဲ့ 'ငါးမွေးမြူရေးသီအိုရီ' ကို ကျွန်တော်တို့က သဘောကျကြတယ်။ သူက ပြောတဲ့အတိုင်းလည်း လက်တွေ့လုပ်ပါတယ်'' လို့ Lin က ပြောပါတယ်။

Liu ရဲ့ဦးဆောင်မှုနဲ့အတူ ထိုင်ဝမ်စက်ဘီးနဲ့ အပိုပစ္စည်းထုတ်လုပ်သူတွေဟာ စီးပွားတွေဖြစ်နေကြပါတယ်။ ထိုင်ဝမ်စက်ဘီးအသင်းကြီးရဲ့အဆိုအရ ထိုင်ဝမ်က ပြည်ပကိုတင်ပို့တဲ့ စက်ဘီးတစ်စီးရဲ့ပျမ်းမျှဈေးနှုန်းဟာ ၂၀၀၁ ခုနှစ်မှာ ဒေါ်လာ ၁၁၀ လောက်ရှိခဲ့ရာက ၂၀၁၅ ခုနှစ်မှာ ၄၇၃ ဒေါ်လာကျော်အထိ တက်လာခဲ့ပါတယ်။

ထိုင်ဝမ်စီးပွားရေးသုတေသနအဖွဲ့ကြီးက ဒီဈေးနှုန်းကို ၂၀၁၅ ခုနှစ်မှာ တရုတ်နိုင်ငံက တင်ပို့တဲ့ စက်ဘီးတစ်စီးရဲ့ ပျမ်းမျှဈေးနှုန်း ၇၈ ဒေါ်လာနဲ့နှိုင်းယှဉ်ပြထားပါတယ်။

အခုဆိုရင် Giant ဟာ သူ့ရဲ့အလယ်အလတ်စား စက်ဘီးတွေအများစုကို တရုတ်နိုင်ငံမှာ ထုတ်လုပ်နေပေမယ့် ခေတ်အမီဆုံးပုံစံတွေကိုတော့ ထိုင်ဝမ်မှာပဲဆက်ပြီး ထုတ်လုပ်နေတုန်းပါပဲ။ အဲဒီအရည်အသွေးမြင့် ပစ္စည်းတွေရဲ့ဈေးနှုန်းဟာ ဒေါ်လာတစ်သောင်းလောက်အထိ မြင့်တက်သွားနိုင်ပါတယ်။

Giant ဟာ တစ်နှစ်ကို စက်ဘီးအစီးပေါင်း ခြောက်သန်းလောက် ထုတ်လုပ်နေပြီး အဓိကအားဖြင့် တရုတ်နိုင်ငံထဲမှာ ထုတ်လုပ်နေတယ်လို့ဆိုပါတယ်။ ထိုင်ဝမ်မှာ ထုတ်လုပ်တဲ့အရည်အသွေးနဲ့ တန်ဖိုးမြင့်စက်ဘီးက တစ်သန်းလောက်ရှိပြီး တခြားစက်ဘီးလေးသိန်းကိုတော့ နယ်သာလန်နိုင်ငံမှာ ထုတ်လုပ်ပါတယ်။

[caption id="attachment_29469" align="alignnone" width="504"]KingLiu6စက်ဘီးငှားရမ်းလုပ်ငန်းတစ်ခုဖြစ်တဲ့ YouBike လုပ်ငန်းလည်းရှိပါတယ်[/caption]

Giant ဟာ စက်ဘီးစီးတဲ့ယဉ်ကျေးမှုမြှင့်တင်ရေးကိုလည်း အရေးကြီးကိစ္စတစ်ခုလို သတ်မှတ်ပြီး မပျက်မကွက် လုပ်ပါတယ်။ တစ်ကမ္ဘာလုံးမှာရှိတဲ့ စက်ဘီးစီးခရီးစဉ်တွေအတွက် ခရီးသွားလုပ်ငန်းတွေကိုစီမံကွပ်ကဲပြီး ထိိုင်ဝမ်နဲ့တရုတ်နိုင်ငံက မြို့ကြီးခုနစ်မြို့မှာ အများပြည်သူအတွက် စက်ဘီးငှားရမ်းလုပ်ငန်းတစ်ခုဖြစ်တဲ့ YouBike ကိုလည်း လုပ်ကိုင်နေပါတယ်။

၁၉၉၄ ခုနှစ်မှာ ကုမ္ပဏီကို အများပိုင်လုပ်ခဲ့ပြီးတဲ့နောက် ၂၀၁၅ ခုနှစ်မှာ Liu နဲ့ Lo တို့ရဲ့လက်အောက်မှာ Giant ရဲ့ဝင်ငွေဟာ ထိုင်ဝမ်ဒေါ်လာ ၆၀.၄၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၈၉ ဘီလီယံ) အထိ ခုနစ်ဆနီးပါး တက်လာခဲ့ပါတယ်။ အဲဒီကာလအတွင်းမှာပဲ ကုမ္ပဏီရဲ့အသားတင်ဝင်ငွေဟာ ထိုင်ဝမ်ဒေါ်လာ ၃.၈၄ ဘီလီယံအထိ ၁၄ ဆ မြင့်တက်လာခဲ့ပါတယ်။

[caption id="attachment_29470" align="alignnone" width="720"]KingLiu7စက်ဘီးငှားရမ်းလုပ်ငန်းတစ်ခုဖြစ်တဲ့ YouBike လုပ်ငန်းလည်းရှိပါတယ်[/caption]

ဒါပေမဲ့ လုပ်ပိုင်ခွင့်တွေကို လွှဲပြောင်းပေးဖို့ Liu ရဲ့ဆုံးဖြတ်ချက်ဟာ လုပ်ငန်းကြီးရဲ့ အချက်အချာကျတဲ့ကာလမှာပဲ ထွက်ပေါ်လာခဲ့ပါတယ်။

၂၀၀၉ ခုနှစ်ရဲ့နောက်ပိုင်းမှာ အားကောင်းတဲ့ ရောင်းအားတွေနဲ့ နှစ်တော်တော်ကြာခဲ့ပြီးတဲ့နောက် ဒီနှစ်မှာတော့ တရုတ်နိုင်ငံရဲ့ စီးပွားရေးနှေးကွေးမှုကြောင့် ပထမဆုံးအနေနဲ့ ဝင်ငွေကျဆင်းမှုရှိလိမ့်မယ်လို့ Giant က မျှော်လင့်ထားပါတယ်။

၂၀၁၆ ခုနှစ်ရဲ့ ပထမသုံးလပတ်ကာလသုံးခုမှာ ကုမ္ပဏီရဲ့ အသားတင်အမြတ်ဟာ ထိုင်ဝမ်ဒေါ်လာ ၂.၄ ဘီလီယံအထိ ရောက်သွားအောင် တစ်နှစ်အပေါ်မှာ ၂၀ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့ပြီး ဝင်ငွေကတော့ ထိုင်ဝမ်ဒေါ်လာ ၄၄.၂၃ ဘီလီယံအထိ ၆.၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။

Giant ဟာ လက်ရှိမှာ သူ့ရဲ့ဝင်ငွေတွေရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို ဥရောပ၊ မြောက်အမေရိကနဲ့ တရုတ်နိုင်ငံတွေဆီက ရနေတာဖြစ်ပါတယ်။

KingLiu8

တရုတ်နိုင်ငံမှာ စက်ဘီးတွေရောင်းရတဲ့ဝင်ငွေဟာ ၂၀၁၄ ခုနှစ်နဲ့ ၂၀၁၅ ခုနှစ်တွေမှာ စုစုပေါင်းအရောင်းတွေရဲ့  ၂၇ ရာခိုင်နှုန်းနဲ့ ၂၄ ရာခိုင်နှုန်းအသီးသီးရှိခဲ့ရာက စက်တင်ဘာလကစတဲ့ သုံးလကာလအတွင်းမှာ စုစုပေါင်းအရောင်းရဲ့ ၂၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပါတယ်။

KingLiu9

''ကမ္ဘာ့စီးပွားရေး တိုးတက်မှုကြီး နှေးကွေးမှု၊ အထူးသဖြင့် တရုတ်နိုင်ငံရဲ့ စီးပွားရေးသိသိသာသာ နှေးကွေးသွားမှုကြောင့် စက်ဘီးလုပ်ငန်းကြီးတစ်ခုလုံး အထိနာခဲ့တဲ့အတွက် ၂၀၁၅ ခုနှစ် ပထမသုံးလပတ်က စပြီး စက်ဘီးလုပ်ငန်းအတွက် နှေးကွေးလေးလံတဲ့နှစ်တွေဖြစ်ခဲ့ပါတယ်'' လို့ တိုင်ပေမှာရှိတဲ့ Yuanta ရင်းနှီးမြှုပ်နှံမှုအကြံပေးလုပ်ငန်းကြီးရဲ့ သရုပ်ခွဲစိစစ်သူ Peggy Shih က ပြောပါတယ်။

ပြင်သစ်စက်ဘီးပြိုင်ပွဲ နည်းဗျူဟာများ . . .

ဒီလိုအချိန်မှာ Shanghai Phoenix Enterprise နဲ့ Zhonglu တို့လို သူ့ထက်ပိုပြီးသေးငယ်တဲ့ တရုတ်စက်ဘီးထုတ်လုပ်သူတွေက စက်ဘီးချိန်းကြိုးတွေကို အောက်ပိုင်းမှာမထားဘဲ သင့်တော်တဲ့ပုံစံကိုပြောင်းပြီး Giant အပေါ်မှာ ဖိအားတွေ ပိုပြီးပေးလာခဲ့ကြတယ်လို့ ထိုင်ဝမ်စီးပွားရေးသုတေသနဌာနက သရုပ်ခွဲစိစစ်သူ Johnson Wang က ထောက်ပြခဲ့ပါတယ်။

''နှေးကွေးနေတဲ့ဈေးကွက်တစ်ခုထဲမှာ ပြိုင်ဆိုင်မှုက ဆက်ပြီးမြင့်တက်သွားနိုင်ပြီး စီးပွားရေးကျဆင်းမှုရဲ့နောက်ပိုင်းမှာတော့ သေးငယ်တဲ့စက်ဘီးထုတ်လုပ်ရေးလုပ်ငန်းတွေ တော်တော်များများဟာ လုပ်ငန်းထဲကတောင် ထွက်သွားရပါလိမ့်မယ်'' လို့ Wang က ပြောပါတယ်။

Liu ဟာ နည်းပညာကဏ္ဍရဲ့ထုံးစံမဟုတ်တဲ့ ထိုင်ဝမ်ကအလေ့အထတစ်ခုနဲ့ သူ့ရဲ့အရိုက်အရာကို လွှဲပြောင်းပေးဖို့အတွက် ကုမ္ပဏီရဲ့သမ္ဘာရင့်တွေလည်းဖြစ်တဲ့ မိသားစုဝင်တွေကို ရွေးချယ်ခဲ့ပါတယ်။ ဒီဇင်ဘာလ ၁၆ ရက်မှာ ဥက္ကဋ္ဌသစ် Tu က စီမံခန့်ခွဲမှုအစီအစဉ်သစ်ကို Tour de France ပြင်သစ်စက်ဘီးပြိုင်ပွဲရဲ့ အဖွဲ့တစ်ဖွဲ့နဲ့ ဥပမာပေးခဲ့ပါတယ်။ အဲဒီပြိုင်ပွဲရဲ့ အဖွဲ့ဝင်တိုင်းမှာ အဓိကအခန်းကဏ္ဍတစ်ခု ကိုယ်စီရှိကြပါတယ်။ ''ကျွန်မတို့ကုမ္ပဏီရဲ့ခေါင်းဆောင်မှုအသစ်ဟာ ဆယ်စုနှစ်လေးခုအတွင်း ဗဟိုကချုပ်ကိုင်ပြီး အားကောင်းခဲ့တဲ့စီမံခန့်ခွဲမှုဆီက ပညာရှင်ပိုပြီးပီသတဲ့အဖွဲ့ လိုက်လုပ်ဆောင်မှုဆီကို ပြောင်းလဲပါလိမ့်မယ်'' လို့ သတင်းထောက်တွေကို သူက ပြောပါတယ်။

ဇောင်းပေးထားတာက သူ့ရဲ့ဆုံးဖြတ်ချက်ချမှု လုပ်ငန်းစဉ်ကို ပြုပြင်ပြောင်းလဲရေးဖြစ်တဲ့အတွက် Giant ဟာ ကမ္ဘာ့ဈေးကွက်ထဲကပြောင်းလဲမှုတွေနဲ့အလိုက် သင့်ဖြစ်အောင် မြန်မြန်ပြောင်းလဲနိုင်ပါတယ်။

စံနမူနာယူလောက်တဲ့ လုပ်ငန်းရှင်ကြီးတစ်ယောက်ရဲ့သားဖြစ်တဲ့အတွက် အားပေးမှုနဲ့ဖိအားနှစ်မျိုးစလုံးကို သူခံစားရကြောင်းနဲ့ သူ့ရဲ့ပခုံးပေါ်ကို ရောက်လာတဲ့တာဝန်တွေကိုလည်း သူအသိအမှတ်ပြုပါကြောင်း အဲဒီသတင်းစာရှင်းလင်းပွဲမှာပဲ Young Liu က ပြောပါတယ်။ အမှုဆောင်အရာရှိချုပ်အနေနဲ့ အဆောက်အအုံတွေထဲက အရောင်းဆိုင်တွေ၊ အီလက်ထရောနစ်ရောင်းဝယ်ရေး Platform တွေ နှစ်မျိုးစလုံးနဲ့ ကြီးပွားအောင်မြင်တဲ့၊ ဝန်ဆောင်မှုကိုဇောင်းပေးတဲ့ ကုမ္ပဏီတစ်ခုကို ပျိုးထောင်ပေးဖို့ ကြိုးစားမှာ ဖြစ်ပါတယ်လို့ သူက ကတိပြုပါတယ်။

KingLiu10

''စက်ဘီးအင်ပါယာကြီးကို သိမ်းပိုက်ဖို့ဆိုတာဟာ လွယ်ကူတဲ့ လုပ်ငန်းတစ်ခုမဟုတ်တာတော့ သေချာပါတယ်။ အထူးသဖြင့် အလွန်အကျွံအောင်မြင်နေတဲ့အခါနဲ့ မသေချာမရေရာမှုတွေ အများကြီးရှိနေတုန်း အသွင်ပြောင်းလဲမှုတွေ လုပ်တဲ့အခါမျိုးမှာဖြစ်ပါတယ်'' လို့ သူကပြောပါတယ်။

၁၉၇၈ ခုနှစ်မှာ King Liu ရဲ့အထူးလက်ထောက်အဖြစ် လက်မှတ်ထိုးခဲ့တဲ့ Tu ဟာ Giant ရဲ့ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စွန့်စားမှုစီမံခန့်ခွဲရေးကိစ္စတွေကို ကြီးကြပ်ရာမှာ ကာလကြာရှည်စွာအကူအညီပေးခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ကုမ္ပဏီကို အများပိုင်ဖြစ်အောင် ပြောင်းလဲမှုကို အောင်အောင်မြင်မြင် လုပ်ပေးခဲ့ပါတယ်။

၂၀၀၈ ခုနှစ်မှာ Tu ဟာ အမျိုးသမီးတွေအတွက် လိုက်လျောညီထွေဖြစ်အောင် အထူးဖန်တီးထားတဲ့ Giant ရဲ့ ပထမဆုံးစက်ဘီး Liv ကို စပြီး မိတ်ဆက်ပေးခဲ့ပါတယ်။ ပိုပြီးအရောင်အသွေးစုံတဲ့ ဒီဇိုင်းတွေကိုပေးတဲ့ Liv ဟာ ၂၀၁၅ ခုနှစ်မှာ ကုမ္ပဏီရဲ့ စက်ဘီးအရောင်းတွေထဲမှာ ၆ ရာခိုင်နှုန်း ပါဝင်လာပြီး ဖွံ့ဖြိုးရေးကို အဓိကမောင်းနှင်ပေးတဲ့ပစ္စည်း ဖြစ်လာခဲ့ပါတယ်။

Tu ရဲ့အမေ Tu Liu Yue Qiao ဟာ King Liu ရဲ့ အစ်မဖြစ်သလို Giant ထဲမှာ စောစောပိုင်း ရင်းနှီးမြှုပ်နှံသူတွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။

[caption id="attachment_29474" align="alignnone" width="720"]KingLiu11Giant စက်ဘီး တပ်ဆင်ထုတ်လုပ်ပုံ[/caption]

Young Liu ဟာ ၁၉၉၀ ပြည့်နှစ်မှာ ကုမ္ပဏီထဲကို အရည်အသွေး စစ်ဆေးရေးကျွမ်းကျင်သူအဖြစ်နဲ့ဝင်ခဲ့ပြီး စက်ဘီးထုတ်လုပ်မှုရဲ့ အသေးစိတ်တွေထဲမှာ သူ့ကိုယ်သူမြှုပ်နှံထားခဲ့ပါတယ်။ သူဟာ Giant ကို တရုတ်နိုင်ငံထဲကို သွင်းပေးရာမှာ အကူအညီပေးခဲ့ပြီး အဲဒီအချိန်ကတည်းက ကုမ္ပဏီကို အဲဒီနိုင်ငံထဲမှာ ဝက်ဝက်ကွဲကြီးထွားသွားအောင် တွန်းအားပေးခဲ့ပါတယ်။ ထိုင်ဝမ်စီးပွားရေးသုတေသနဌာနရဲ့အဆိုအရ ပြီးခဲ့တဲ့ငါးနှစ်အတွင်းက တရုတ်နိုင်ငံမှာ Giant ဟာ ထိပ်တန်း Brand တစ်ခုဖြစ်လာခဲ့ပါတယ်။

အင်တာဗျူးမှာ King Liu က သူနဲ့ Lo ဘာကြောင့် အနားယူသွားတာလဲဆိုတာနဲ့ပတ်သက်ပြီး အဲဒီလို လုပ်လိုက်တာကြောင့် ကုမ္ပဏီမှာ ဆန်းသစ်တဲ့စတင်မှုအသစ်တစ်ခု ဖြစ်လာပါလိမ့်မယ်လို့ ပြောခဲ့ပါတယ်။

''ဒီနေ့အထိ ကျွန်တော်တို့အောင်မြင်ခဲ့တာတွေဟာ Giant ကို တစ်ကမ္ဘာလုံးကမြင်တွေ့ရဖို့အတွက် ပထမအဆင့်ပဲရှိပါသေးတယ်။ ကျွန်တော့်ရဲ့အန္တိမမျှော်မှန်းချက်က Giant ကို ရာစုနှစ်တွေနဲ့ချီပြီး သက်တမ်းရှည်တဲ့ကုမ္ပဏီတစ်ခုဖြစ်ဖို့နဲ့ ရှေ့ကိုဆက်ပြီးသွားတဲ့အခါ စွန့်ဦးတီထွင်စိတ်ဓာတ်ကို ဆက်ပြီးကိုင်စွဲသွားဖို့ပဲဖြစ်ပါတယ်'' လို့လည်း Liu ကပြောလိုက်ပါသေးတယ်။

Ref: Nikkei Asian Review

ဇော်ဝင်းကြူ (ပျဉ်းမနား)