ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးသမားဖြစ်ခဲ့သူ ဂျော်ဒန်စပိသ် (Jordan Spieth) ၏ ငယ်ဘဝဂေါက်သီးလမ်းကြောင်းအား ပြန်ကြည့်သည့်အခါ သူသည် ၂၀၁၂ ခုနှစ်က ကမ္ဘာ့နံပါတ် ၁ အပျော်တမ်းဂေါက်သီးသမားဖြစ်ခဲ့ကြောင်း တွေ့ရပါသည်။ ထိုနည်းတူစွာ ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့သူ ရော်ရီမက်ကဲလ်ရွိုင်း (Rory McIlroy) သည်လည်း ၂၀၀၇ ခုနှစ်က ပရိုမပြောင်းမီ ကမ္ဘာ့နံပါတ် ၁ ဖြစ်ခဲ့ပါသည်။ နယူးဇီလန်ဂေါက်သီးမယ်လေး လစ်ဒီယာကိုး (Lydia Ko) သည် အပျော်တမ်းသူဘဝက ကမ္ဘာ့နံပါတ် ၁ အပျော်တမ်းဂေါက်သီးမယ်နေရာအား ရက်သတ္တပတ်ပေါင်း ၁၃၀ ပင် စံချိန်တင်၍ ရခဲ့သူလေးဖြစ်ကြောင်း တွေ့ရပါသည်။ ''အစကောင်းမှ အနှောင်းသေချာ'' ဟူသော မြန်မာစကားပုံအတိုင်း အစကောင်းခဲ့သူများဟု ဆိုရပါမည်။
အမျိုးသားများအတွက် ကမ္ဘာ့အပျော်တမ်းဂေါက်သီးသမားအဆင့်ဇယားသည် ၂၀၀၇ ခုနှစ် ဇန်နဝါရီလတွင်မှ စတင်ပေါ်ပေါက်လာခဲ့သည်။ အမျိုသမီးများအတွက်မူ ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလတွင်မှ စတင်ပေါ်ပေါက်ခဲ့ပါသည်။ ယင်းမတိုင်မီကမူ ကမ္ဘာ့အကောင်းဆုံးအပျော်တမ်း ဂေါက်သီးသမားမောင်မယ်ဟူသည် အပျော်တမ်းသမားများအတွက် ကမ္ဘာ့အကြီးကျယ်ဆုံးပြိုင်ပွဲကြီးဖြစ်သော ယူအက်စ်အပျော်တမ်းချန်ပီယံရှစ်ပ်ဗိုလ်စွဲခဲ့သူများဟု သတ်မှတ်ခဲ့ကြပါသည်။
စာရေးသူတို့မီခဲ့သော ယနေ့အထိသက်ရှိထင်ရှားရှိသေးသည့် ကမ္ဘာကျော်ဂေါက်သီးသမားကြီးများတွင် မေဂျာပွဲကြီး ၁၈ ပွဲစံချိန်တင်ဗိုလ်စွဲခဲ့သူ ဂျက်ခ်နစ်ကလပ်စ်သည် ငယ်စဉ်အပျော်တမ်းသမားဘဝက ၁၉၅၉ နှင့် ၁၉၆၁ ခုနှစ်များတွင် ယူအက်စ်အပျော်တမ်းချန်ပီယံရှစ်ပ်ကို အောင်နိုင်ခဲ့သူဖြစ်ပါသည်။ သူ့ခေတ်က The King ဟု အမည်ရခဲ့သော ကွယ်လွန်သွားပြီဖြစ်သည့် ကမ္ဘာကျော်အာနိုးပါးလ်မားသည်လည်း ၁၉၅၄ ခုနှစ်က အပျော်တမ်းသမားဘဝတွင် ထိုပွဲချန်ပီယံဖြစ်ခဲ့ပါသည်။ မေဂျာပွဲကြီး ၁၄ ပွဲအောင်နိုင်ထားပြီး ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးသမားနေရာအား ရက်သတ္တပတ်ပေါင်း ၆၈၃ ပတ်ပင် စံချိန်တင်ရယူခဲ့သူ တိုက်ဂါးသည်လည်း ဤအပျော်တမ်းပြိုင်ပွဲကြီးအား ၁၉၉၄ မှ ၁၉၉၆ အထိ သုံးနှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပါသည်။
အာနိုးပါးလ်မားတို့မတိုင်ခင်က ခေတ်ကိုပြန်ကြည့်ပါသော် အဆိုပါအပျော်တမ်းပြိုင်ပွဲကြီးအနိုင်ရပြီးနောက် ဆက်လက်ကမ္ဘာကျော်ခဲ့သူ အမေရိကန်ဂေါက်သီးသမားကြီးနှစ်ဦးကို ထူးထူးခြားခြား တွေ့ရပါသည်။ ဖရန်စစ်ကွီးမက် (Francis Quimet) (၁၈၉၃-၁၉၆၇) နှင့် ဘော်ဘီဂျုံးစ် (၁၉၀၂-၁၉၇၁) တို့ ဖြစ်ကြပါသည်။
ဖရန်စစ်ကွီးမက်အား အမေရိကန်ပြည်ထောင်စုတွင် အပျော်တမ်းဂေါက်သီးလောက၏ ဖခင်ကြီးဟု ညွှန်းဆိုလေ့ရှိပါသည်။ ထူးခြားချက်တစ်ရပ်မှာ သူသည် ယူအက်စ်အပျော်တမ်းချန်ပီယံမဖြစ်မီ တစ်နှစ်အလိုက ယူအက်စ်အိုးပင်းမေဂျာပွဲကြီးအား အောင်နိုင်ခဲ့ခြင်းပါ။ ၁၉၁၃ ခုနှစ်က သူအသက်နှစ်ဆယ်အရွယ်တွင် မေဂျာပွဲကြီးဗိုလ်စွဲခဲ့ခြင်းဖြစ်ပါသည်။ ထိုနှစ်က ထိုမေဂျာပွဲကြီးအား မက်ဆက်ချူးဆက်စ်ပြည်နယ်၊ ဘရွတ်ကလင်းမြို့ရှိ The Country Club ၌ ကျင်းပခဲ့သည်။ ကွီးမက်သည် ထိုမြို့၌ မွေးဖွားခဲ့သူဖြစ်ပြီး သူ့အိမ်က ထိုဂေါက်ကွင်း၏ ကျင်းအမှတ် ၁၇ နှင့် မျက်နှာချင်းဆိုင်တည့်တည့်တွင် တည်ရှိသည်။ ဆင်းရဲနွမ်းပါးသော မိသားစုဖြစ်ခြင်းကြောင့် ကွီးမက်သည် အသက် ၁၁ နှစ်အရွယ်တွင် ကက်ဒီ အလုပ်လုပ်ခဲ့သည်။ သူ့အစ်ကိုများထံမှ ဂေါက်တုတ်များနှင့် ဂေါက်ကွင်းဝန်းကျင်မှ ရှာတွေ့သောဂေါက်သီးများဖြင့် စမ်းသပ်ဂေါက်ရိုက်ရင်း သူကဂေါက်သီးကို စွဲလမ်းခဲ့သည်။ သူ၏လက်ရည်လက်သွေးအား ကလပ်မင်ဘာများနှင့် ကက်ဒီမာစတာတို့က သတိပြုမိခဲ့သည်။ မကြာမီမှာပင် သူသည်အထက်တန်းကျောင်းသားများအတွင်း အကောင်းဆုံးဂေါက်သီးသမားဖြစ်လာသည်။
၂၀၁၃ ခုနှစ် ယူအက်စ်အပျော်တမ်းချန်ပီယံရှစ်ပ်၌ ကွာတားဖိုင်နယ်တွင် သူရှုံးခဲ့သည်။ သူ့မြို့က ဂေါက်ကွင်းတွင် ထိုနှစ်ယူအက်စ်အိုးပင်းမေဂျာပွဲကြီးကျင်းပမည်ဖြစ်ရာ သူ့လက်ရည်ကိုသိသော ယူအက်စ်ဂေါက်သီးအသင်း (USGA) ဥက္ကဋ္ဌက သူ့အားထိုမေဂျာပွဲကြီးတွင် ပါဝင်ကစားရန် ကမ်းလှမ်းခဲ့သည်။ အပျော်တမ်းပွဲရှုံး၍ ပြန်လာသောသူက ပထမငြင်းခဲ့သေးပါသည်။ ယင်းနောက် သူ့အလုပ်ရှင်က ထောက်ပံ့သဖြင့် ပါဝင်ကစားရန် သူဆုံးဖြတ်ခဲ့သည်။
ထိုနှစ်က ယူအက်စ်အိုးပင်း ဇွန်လတွင် ကျင်းပမည့် အစီအစဉ်အား စက်တင်ဘာလလယ်သို့ ယူအက်စ်ဂျီအေက ရွှေ့ခဲ့ပါသည်။ အကြောင်းမှာ ကမ္ဘာကျော် အင်္ဂလိပ်ဂေါက်သီးသမားကြီးနှစ်ဦးဖြစ်သော ဟယ်ရီဗာဒန် (Harry Vardon) နှင့် တက်ဒ်ရေး (Ted Ray) တို့အား ပါဝင်ယှဉ်ပြိုင်စေလိုသောကြောင့် ဖြစ်ပါသည်။ ဗာဒန်သည် ထိုစဉ်က အသက် ၄၃ နှစ်ရှိပြီး ၁၉၀၀ ပြည့်နှစ် ယူအက်စ်အိုးပင်းကိုဗိုလ်စွဲခဲ့ပြီး ဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီးအား ငါးကြိမ်ပင်အောင်နိုင်ထားသူပါ။ နောက်ပိုင်းတွင် ဗြိတစ်ရှ်အိုးပင်းအား ၁၉၁၄ ခုနှစ်၌ ခြောက်ကြိမ်မြောက်အဖြစ် ဗိုလ်စွဲခဲ့ပါသေးသည်။ ရေးသည် ထိုစဉ်က အသက် ၃၆ နှစ်ရှိနေပြီး ၁၉၁၂ ခုနှစ် ယူအက်စ်အိုးပင်းအား ဗိုလ်စွဲခဲ့သည်။ သူလည်း နောက်ပိုင်း ၁၉၂၀ ပြည့်နှစ် ယူအက်စ်အိုးပင်းအား အောင်နိုင်ခဲ့ပါသေးသည်။
ဗာဒန်သည် ထိုကာလက ကမ္ဘာ့အကောင်းဆုံးဂေါက်သီးသမားဖြစ်ပြီး သူဂေါက်တုတ်ကိုင်တွယ်သော လက်ကိုင်ပုံစံသည် Vardon Grip ဟု နာမည်ကျော်ခဲ့ကာ ယနေ့တိုင် ဂေါက်သီးသမားအများစု သုံးစွဲလျက်ရှိပါသည်။ ဘယ်လက်ညှိုးပေါ်သို့ ညာလက်သန်း တင်ရုံတင်ထားကာ ကိုင်သည့်လက်ကိုင်ပုံစံ ဖြစ်ပါသည်။
အဆိုပါကမ္ဘာ့အကောင်းဆုံး အင်္ဂလိပ်ဂေါက်သီးသမားကြီးနှစ်ဦး လာရောက်ယှဉ်ပြိုင်နိုင်ပါရန် ဇွန်လတွင် စီစဉ်ထားသော ၁၉၁၃ ခုနှစ် ယူအက်စ်အိုးပင်းပွဲကြီးအား စက်တင်ဘာလ ၁၈ ရက်နှင့် ၁၉ ရက်၊ ကြာသပတေးနှင့် သောကြာနေ့များတွင် ကျင်းပခဲ့ပါသည်။ တစ်နေ့လျှင် ကွင်းပတ်နှစ်ခုစီကစားကြရသည်။ ကျင်းပသည့် The Country Club ဂေါက်ကွင်းသည် ''ပါ'' ၇၃ ချက်ကွင်းဖြစ်ပြီး ပထမကော်နာက ''ပါ'' ၃၈ ချက်နှင့် ဒုတိယကော်နာက ''ပါ'' ၃၅ ချက်ဖြစ်သည်။
ပထမနေ့ ၃၆ ကျင်းအပြီးတွင် ဗာဒန်နှင့် ဝီးလ်ဖရက်ဒ်ရိဒ်တို့က တစ်ချက်ပိုစီဖြင့် ပူးတွဲဦးဆောင်ခဲ့ကြသည်။ သောကြာနေ့နံနက်ပိုင်း တတိယကွင်းပတ်အပြီးတွင် ဗာဒန်၊ ရေးနှင့် ကွီးမတ်တို့က ပေါင်းခြောက်ချက်ပိုစီဖြင့် ပူးတွဲဦးဆောင်သူသုံးဦးဖြစ်လာသည်။ မွန်းလွဲပိုင်း နောက်ဆုံးကွင်းပတ်၌ သူတို့သုံးဦးစလုံးခြောက်ချက်ပို ၇၉ ချက်စီရိုက်ခဲ့ကြပြီး သုံးဦးစလုံး ကွင်းပတ်လေးခုပေါင်း ၁၂ ချက်ပိုစီဖြင့် တိုက်နေခဲ့ကြသည်။ ထို့ကြောင့် ယူအက်စ်အိုးပင်းပြိုင်ပွဲများ၏ အစဉ်အလာအတိုင်းနောက်နေ့တွင် ၁၈ ကျင်းကွင်းပတ်တစ်ခု ဆက်ကစားခဲ့ကြရသည်။
စနေနေ့၌ ဆက်ကစားရသော ချန်ပီယံရွေးပွဲ ကွင်းပတ်သည် မိုးတဖွဲဖွဲရွာနေသည့်ကြားမှ ကစားခဲ့ရသော်လည်း ပွဲကြည့်ပရိသတ်အလွန်များပြားခဲ့ပါသည်။ ကမ္ဘာ့အကောင်းဆုံးဂေါက်သီးသမားကြီးနှစ်ဦးနှင့် အသက်နှစ်ဆယ်အရွယ် အမေရိကန်အပျော်တမ်းဂေါက်သီးသမားလေးတို့၏ ယှဉ်ပြိုင်မှုအား အမေရိကန်ဂေါက်သီးပရိသတ်က တစ်ခဲနက်လာရောက်အားပေးလိုက်ပါ ကြည့်ရှုကြခဲ့သည်။ သတင်းစာများတွင်လည်း ခေါင်းကြီးပိုင်းသတင်းအဖြစ် နေ့စဉ်ပါနေခဲ့ပြီး ရေဒီယိုမှလည်း တိုက်ရိုက်အသံလွှင့်ပေးနေခဲ့ပါသည်။ ထိုကာလက ကမ္ဘာ့အကောင်းဆုံးဂေါက်သီးသမားများမှာ ဗြိတိန်မှသာဖြစ်ခဲ့ရာ အမေရိကန်ဂေါက်သီးသမားလေး ထိုးဖောက်ကျော်ကြားလာမည်လားဟု မျှော်လင့်ချက်ကြီးစွာဖြင့် လာရောက်အားပေးသူများပြားလှပေရာ အမေရိကန်ဂေါက်သီးသမိုင်း၌ စံချိန်သစ်တင်လိုက်သော ပရိသတ်အရေအတွက် ဖြစ်ခဲ့ပါသည်။
ဤပြိုင်ပွဲကြီးနှင့် ကွီးမတ်အကြောင်း ရိုက်ကူးထားသည့် The Greatest Game Ever Played ဟူသော ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၀၅ ခုနှစ်က ရုံတင်ပြသခဲ့ပါသည်။ ယနေ့တိုင် ထိုရုပ်ရှင်ကားအား အင်တာနက်တွင် ရှာဖွေကြည့်ရှုနိုင်ပါသည်။
ပြိုင်ပွဲအကြောင်းဆက်ရပါဦးမည်။ စနေနေ့၌ သူတို့သုံးဦးအဆုံးအဖြတ် ကွင်းပတ်ဆက်ကစားခဲ့ကြရာ ပထမကော်နာ၌ သုံးဦးစလုံးအီးဗင်းပါ ၃၈ ချက်စီရိုက်ပြီး တိုက်နေခဲ့ကြပါသည်။ ဒုတိယကော်နာ၌ ဗာဒန်က လေးချက်ပိုနှင့် ရေးက ငါးချက်ပိုသာရချိန်တွင် ကွီးမက်က ဘိုဂီမပါတစ်ချက်လျှော့ရလိုက်သဖြင့် ချန်ပီယံဖြစ်သွားပါတော့သည်။ အမေရိကန်ဂေါက်သီးပရိသတ်တို့ အလွန်ကျေနပ်အားရပါသည်။ တစ်နိုင်ငံလုံးလည်း ဝမ်းသာဂုဏ်ယူခဲ့ကြသည်။ ကွီးမက်သည် ယူအက်အိုးပင်းအား ဗိုလ်စွဲနိုင်သည့် ပထမဆုံးအပျော်တမ်းဂေါက်သီးသမားဖြစ်လာသည်။ ဂေါက်သီးအားကစားသည်လည်း အမေရိကန်အားကစားလောက၌ ကျော်ကြားထင်ရှားလာသော အားကစားတစ်ရပ်အဖြစ် ရောက်လာခဲ့သည်။ ကွီးမက်၏အောင်ပွဲကြောင့် အမေရိက၌ ဂေါက်သီးကစားသူအရေအတွက်နှင့် ဂေါက်ကွင်းအရေအတွက် များစွာတိုးပွားလာခဲ့သည်။ ၁၉၂၃ ခုနှစ် ကိန်းဂဏန်းများအရ ဂေါက်သီးသမားဦးရေသည် ၁၉၁၃ ခုနှစ်ကထက် သုံးဆတိုးလာခဲ့သည်။ ၁၉၁၄ ခုနှစ် ယူအက်စ်အပျော်တမ်းချန်ပီယံရှစ်ပြိုင်ပွဲ၌ ကွီးမတ်အောင်ပွဲရခဲ့ပါသည်။
ကွီးမက်သည် ပရိုပြောင်းခဲ့ခြင်း လုံးဝမလုပ်ခဲ့ပါ။ သူ့ဘဝတစ်သက်တာလုံး အပျော်တမ်းသမားသာ ဖြစ်ချင်ခဲ့သည်။ သို့သော် ယူအက်စ်ဂျီအေက သူ့အားပရိုသတ်မှတ်သည်ဟူသော အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကို ၁၉၁၆ ခုနှစ်က ချမှတ်ခဲ့သည်။ သူက အားကစားပစ္စည်းစီးပွားရေးလုပ်ငန်းလုပ်ကိုင်နေခဲ့ရာ သူ့လုပ်ငန်းအောင်မြင်ရန်အတွက် သူ့ကျော်ကြားမှုကို အသုံးချ၍ဟု အကြောင်းပြသည်။ ၁၉၁၈ ခုနှစ်တွင် အမေရိကန်စစ်တပ်ထဲသို့ သူဝင်ရောက်ခဲ့ပြီးနောက် စစ်ပွဲအပြီး သူက တပ်ထဲမှပြန်ထွက်လာသည့်အခါတွင်မူ သူ့အားအပျော်တမ်းဂေါက်သီးသမားဟူ၍ ပြန်လည်သတ်မှတ်ပေးခဲ့ပါသည်။ ကွီးမက်သည် ယူအက်စ်အပျော်တမ်း ချန်ပီယံရှစ်ပ်ပြိုင်ပွဲကြီးအား ၁၉၃၁ ခုနှစ် အသက် ၃၈ နှစ်အရွယ်တွင် ဒုတိယအကြိမ်ဗိုလ်စွဲနိုင်ခဲ့ပါသည်။ စကော့တ်လန်မှ ကမ္ဘာ့အကျော်ကြားဆုံးဂေါက်ကလပ်ကြီးဖြစ်သော Royal and Ancient Golf Club of St.Andrews က ၁၉၅၁ ခုနှစ်တွင် ကွီးမက်အား ကလပ်ကပ္ပတိန်အဖြစ် ခန့်အပ်ခဲ့ပါသည်။ ကွီးမက်သည် ထိုကလပ်ကြီး၏ ဗြိတိန်လူမျိုးမဟုတ်သော ပထမဆုံးကပ္ပတိန် ဖြစ်လာခဲ့ပါသည်။
ကွီးမက်ထက် ကိုးနှစ်ငယ်သော ဘော်ဘီဂျုံးစ်သည်လည်း ဘဝသက်တမ်းတစ်လျှောက်လုံး ပရိုမပြောင်းခဲ့သော အပျော်တမ်းဂေါက်သီးသမားကြီးဖြစ်ပါသည်။ သူကငယ်ရွယ်လှသော အသက် ၂၈ နှစ်မှာပင် ပြိုင်ပွဲများမှ နားခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် ကျော်ကြားလှသော မာစတာစ်ဂေါက်သီးပြိုင်ပွဲကြီးနှင့် သြဂတ်စ်တာနေရှင်နယ်ဂေါက်ကွင်းတို့ကို တည်ထောင်ပေးခဲ့ပါသည်။ ဂျုံးစ်သည်လည်း ကွီးမက်ကဲ့သို့ပင် ယူအက်စ်အပျော်တမ်းချန်ပီယံရှစ်ပ် ဗိုလ်မစွဲမီတစ်နှစ်တွင် ယူအက်စ်အိုးပင်းမေဂျာပွဲကြီး ဗိုလ်စွဲခဲ့သူဖြစ်ပါသည်။ ဂျုံးစ်သည်လည်း သူ့ခေတ်သူ့အခါက အလွန်နာမည်ကြီးလှသော ကမ္ဘာကျော်ဂေါက်သီးပရိုကြီးများဖြစ်သည့် မေဂျာပွဲကြီးပေါင်း ၁၁ ပွဲ ဗိုလ်စွဲခဲ့သူဝေါ်လ်တာဟေဂင် (Walter Hagen) နှင့် မေဂျာပွဲကြီးပေါင်း ၇ ပွဲဗိုလ်စွဲခဲ့သူ ဂျင်းဆာရာဇင် (Gene Sarazen) တို့အပေါ် အကြိမ်များစွာအောင်နိုင်ခဲ့သူပါ။ ဟေဂင်သည် ယူအက်စ်အိုးပင်းအား ၁၉၁၄ နှင့် ၁၉၁၉၊ ဗြိတစ်ရှ်အိုးပင်းအား ၁၉၂၂၊ ၁၉၂၄၊ ၁၉၂၈၊ ၁၉၂၉ ခုနှစ်များတွင် လည်းကောင်း၊ ဆာရာဇင်က ယူအက်စ်အိုးပင်းအား ၁၉၂၂ နှင့် ၁၉၃၂၊ ဗြိတစ်ရှ်အိုးပင်းအား ၁၉၃၂ ခုနှစ်တွင် လည်းကောင်း ဗိုလ်စွဲနိုင်ခဲ့ကြသူများပါ။
ဂျုံး အသက် ၂၁ နှစ်အရွယ်တွင် ၁၉၂၃ ခုနှစ် ယူအက်စ်အိုးပင်းပြိုင်ပွဲကြီးအား စတင်ဗိုလ်စွဲခဲ့သည်။ ထိုနှစ်ကပွဲတွင် ကွင်းပတ်လေးခုအပြီး၌ ဂျုံးစ်သည် ဘော်ဘီခရွတ်ရှန့်ခ်နှင့် တိုက်နေခဲ့ပြီးနောက်နေ့ ၁၈ ကျင်းကွင်းပတ်ကို အဆုံးအဖြတ်အဖြစ် ဆက်ကစားသည့်အခါတွင်မှ ၇၆ ချက်၊ ၇၈ ချက်ဖြင့် နှစ်ချက်အသာရကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါသည်။ ၁၉၂၄ ခုနှစ်တွင် ယူအက်စ်အပျော်တမ်း ချန်ပီယံရှစ်ပ်ပြိုင်ပွဲကြီး၌ ပထမဆုံးအကြိမ်ဗိုလ်စွဲနိုင်ခဲ့သည်။
ဘော်ဘီဂျုံးစ်အား ဂေါက်သီးသမိုင်းတွင် အကောင်းဆုံးအပျော်တမ်းကစားသမားဟု သတ်မှတ်ကြပါသည်။ အဘယ်ကြောင့်ဆိုသော် သူက ယူအက်စ်အပျော်တမ်းချန်ပီယံရှစ်ပ်အား ငါးကြိမ် (၁၉၂၄၊ ၁၉၂၅၊ ၁၉၂၇၊ ၁၉၂၈၊ ၁၉၃၀)၊ ယူအက်စ်အိုးပင်းကြီးအား လေးကြိမ် (၁၉၂၃၊ ၁၉၂၆၊ ၁၉၂၉၊ ၁၉၃၀) ဗိုလ်စွဲခဲ့သည့်အပြင် ဗြိတိန်သို့ သွားရောက်ကာ ယှဉ်ပြိုင်ခဲ့သည့် ဗြိတစ်ရှ်အပျော်တမ်းချန်ပီယံအား တစ်ကြိမ် ၁၉၃၀၊ ကမ္ဘာ့သက်တမ်းအရှည်ဆုံးနှင့် အကျော်ကြားဆုံး ဗြိတစ်ရှ်အိုးပင်းပြိုင်ပွဲကြီးအား သုံးကြိမ် (၁၉၂၆၊ ၁၉၂၇၊ ၁၉၃၀) အောင်နိုင်ခဲ့၍ ဖြစ်ပါသည်။
၁၉၃၀ ပြည့်နှစ်က ဂျုံးစ်သည် ယူအက်စ်အပျော်တမ်းချန်ပီယံရှစ်ပ်၊ ယူအက်စ်အိုးပင်း၊ ဗြိတစ်ရှ်အပျော်တမ်း ချန်ပီယံရှစ်ပ်နှင့် ဗြိတစ်ရှ်အိုးပင်းလေးပွဲစလုံးအား တစ်နှစ်အတွင်း အနိုင်ရလိုက်ပေရာ ဂေါက်သီးဂရင်းစလမ်း (Grand Slam) ရသူဟု သတ်မှတ်ခဲ့ကြပါသည်။ ဂရင်းစလမ်းဟူသည် ပြက္ခဒိန်တစ်နှစ်အတွင်းကျင်းပသော မေဂျာကြီးလေးပွဲစလုံးအား အောင်နိုင်ခြင်းဖြစ်ပါသည်။ ထိုစဉ်က မာစတာစ်ပွဲကြီးမပေါ်ပေါက်သေးသည့်အပြင် ပီဂျီအေချန်ပီယံရှစ်ပ်ကိုလည်း မေဂျာပွဲကြီးဟု မသတ်မှတ်သေးခဲ့ပါ။ ယူအက်စ်အပျော်တမ်း၊ ယူအက်စ်အိုးပင်း၊ ဗြိတစ်ရှ်အပျော်တမ်းနှင့် ဗြိတစ်ရှ်အိုးပင်းတို့ကိုသာ မေဂျာလေးပွဲ ဟု သတ်မှတ်ခဲ့၍ပါ။ ဂျူံးစ်သည် ဂေါက်သီးရာဇဝင်၌ တစ်ဦးတည်းသော ဂရင်းစလမ်းပိုင်ရှင်ပင် ဖြစ်လာပါတော့သည်။
ဘော်ဘီဂျုံးစ်၏ ဂေါက်သီးဘဝအား ရိုက်ကူးတင်ဆက်ထားသည့် "Bobby Jones: Stroke of Genius" အမည်ရှိ ရုပ်ရှင်ဇာတ်ကားသည် ၂၀၀၄ ခုနှစ်က ပေါ်ထွက်ခဲ့ပါသည်။ ဤရုပ်ရှင်ကားကိုလည်း အင်တာနက်တွင် အလွယ်တကူရှာဖွေကြည့်ရှုနိုင်ပါသည်။
အပျော်တမ်းသမားဘဝက ယူအက်စ်အပျော်တမ်းချန်ပီယံဖြစ်ခဲ့ပြီးနောက် ပရိုပြောင်းလိုက်သည့်အခါ ကျော်ကြားလာသော ဂေါက်သီးသမားစာရင်းတွင် အစပိုင်း၌ ဖော်ပြခဲ့သော အာနိုးပါးလ်မား၊ ဂျက်ခ်နစ်ကလပ် စ်၊ တိုက်ဂါးတို့အပြင် လန်နီဝပ်ဒ်ကင်းစ်၊ ဂရက်ဂ်စတက်ဒ်လာ၊ ဂျက်ရီပိတ်၊ မတ်ခ်အိုမီရား၊ ဟောလ်ဆပ်တန်၊ ဖီးလ်မစ်ကယ်ဆင်၊ ဂျပ်စ်တင်လင်းနပ်ဒ်၊ အစရှိသည့် မေဂျာအောင်ပွဲပိုင်ရှင်များကို တွေ့နိုင်ပါသည်။
အပျော်တမ်းကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယား ပေါ်ပေါက်လာပြီးနောက် အပျော်တမ်းကမ္ဘာ့အဆင့် ၁ ဖြစ်ခဲ့သူ ဂေါက်သီးမောင်မယ်များအား ပြန်ကြည့်သည့်အခါ ယနေ့အခါတွင် ထင်ရှားကျော်ကြားနေကြသူများကို များစွာတွေ့ရပါသည်။ ရော်ရီမက်ကဲလ်ရွိုင်း၊ ရစ်ကီဖောင်လာ၊ ဒင်နီဝီးလက်၊ ဗစ်တာဒူဘစ်ဆင်၊ မက်တီယိုမင်နက်ဆရို၊ ပီတာယူးလိုင်း၊ ဂျော်ဒန်စပိသ်၊ ဟိဒဲခိမာဆုယားမား၊ မက်သရူးဖစ်ဇ်ပက်ထရစ်ခ်နှင့် ဂျွန်ရမ်းတို့သည် ကမ္ဘာ့အပျော်တမ်းနံပါတ် ၁ နေရာကို ရခဲ့ကြသူများပါ။
အမျိုးသမီးများတွင်လည်း ကမ္ဘာ့အပျော်တမ်းနံပါတ် ၁ ဖြစ်ခဲ့သူများဖြစ်ကြသည့် လစ်ဒီယာကိုး၊ အယ်လစ်ဆင်လီး၊ မင်ဂျီလီးနှင့် ဘရွတ်ခ်ဟင်ဒါဆင်တို့သည် ပရိုပြောင်းပြီးနောက် ဆက်လက်အောင်မြင်နေကြသူများ ဖြစ်ကြပါသည်။
ယနေ့နံပါတ် ၁ ဂေါက်သီးသမားဖြစ်နေသူ အသက် ၃၃ နှစ်ရှိ ဒပ်စတင်းဂျွန်ဆင်မှာ သူအပျော်တမ်းဘဝက ကမ္ဘာ့အပျော်တမ်းအဆင့်ဇယားမပေါ်ခဲ့သေးပါ။ သို့သော် သူသည်အမေရိကန်ပြည်ထောင်စု၌ အကောင်းဆုံး ဂေါက်သီးသမားပင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ပရိုမပြောင်းမီ အပျော်တမ်းသမားဘဝက ၂၀၀၇ ခုနှစ်တွင် သူသည် ဝေါ်လ်ကာဖလားအမေရိကန်လက်ရွေးစင်နှင့် ပါးလ်မားဖလား အမေရိကန်လက်ရွေးစင် ဖြစ်ခဲ့သောကြောင့်ပါ။ ဝေါ်လ်ကာဖလား (Walker Cup) ဟူသည် အမေရိကန်အပျော်တမ်း လက်ရွေးစင်အသင်းနှင့် ဂရိတ်ဗြိတိန်-အိုင်ယာလန်မှ အပျော်တမ်းလက်ရွေးစင်အသင်းတို့ နှစ် နှစ်တစ်ကြိမ် ယှဉ်ပြိုင်ကစားသော ပြိုင်ပွဲဖြစ်ပြီး ပါးလ်မားဖလား (Palmer Cup) ဟူသည် အမေရိကန်တက္ကသိုလ်နှင့် ကောလိပ်များလက်ရွေးစင်အသင်းနှင့် ဥရောပတက္ကသိုလ်နှင့် ကောလိပ်များလက်ရွေးစင်အသင်းတို့ နှစ်စဉ်ယှဉ်ပြိုင်ကစားသော ပြိုင်ပွဲဖြစ်ပါသည်။
၂၀၀၇ ခုနှစ် အမေရိကန်ဝေါ်လ်ကာဖလားလက်ရွေးစင်အသင်းတွင် ဒပ်စ်တင်းဂျွန်ဆင်နှင့်အတူ ရစ်ကီဖောင်လာ၊ ဝက်ဘ်ဆင်မ်ဆင်၊ ဘီလီဟောရှဲလ် စသူတို့လည်း ပါဝင်ခဲ့ကြသည်။ ထိုနှစ် ပါးလ်မားဖလားတွင်လည်း ဒပ်စ်တင်းဂျွန်ဆင်နှင့်အတူ ဝက်ဘ်ဆင်မ်ဆင်၊ ဘီလီဟောရှဲလ်တို့ ထပ်မံအရွေးခံခဲ့ရပါသည်။
၂၀၀၇ ခုနှစ် ဂရိတ်ဗြိတိန်အိုင်ယာလန် ဝေါ်လ်ကာဖလားလက်ရွေးစင်အသင်းတွင် ရော်ရီမက်ကဲလ်ရွိုင်းနှင့် ဒင်နီဝီးလက်တို့လည်း ပါဝင်ခဲ့ကြသည်။ ဂျော်ဒန်စပိသ်က ၂၀၁၁ ခုနှစ်တွင်လည်းကောင်း၊ ဂျပ်စ်တင်တွမ်မတ်စ်က ၂၀၁၃ ခုနှစ်တွင်လည်းကောင်း၊ အမေရိကန်ဝေါ်လ်ကာ ဖလားလက်ရွေးစင်အသင်းတွင် ပါဝင်ခဲ့ကြပါသည်။
ယမန်နှစ် နှစ်ကုန်က ကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယား၏ ထိပ်ဆုံးငါးနေရာကို ရယူခဲ့ကြသူများမှာ ဒပ်စ်တင်းဂျွန်ဆင်၊ ဂျော်ဒန်စပိသ်၊ ဂျပ်စ်တင်တွမ်မတ်စ်၊ ဂျွန်ရမ်းနှင့် ဟိဒဲခိမာဆုယားမားတို့ဖြစ်ကြပေရာ သူတို့အားလုံးသည် အပျော်တမ်းသမားဘဝကတည်းက အလွန်ထူးချွန်ခဲ့ကြသူများဖြစ်ကြောင်း တွေ့ရပါသည်။ အစကောင်းခဲ့ကြသူများပါ။ အစကောင်းမှ အနှောင်းသေချာဟူသော စကားပုံနှင့် ကိုက်ညီနေပါတော့သည်။
ဝင်းမြင့်သိန်း