အမြန်ဂေါက်သီးကစားမှုစံချိန်သစ်များ

[caption id="attachment_32531" align="alignnone" width="420"]fitness2018apr1ပါဖိုက်ဂေါက်ကျင်းစံချိန်သစ်ရှင် Steve Jeffs[/caption]

အင်္ဂလန်နိုင်ငံသားစတိဗ်ဂျက်ဖ်စ် (Steve Jeffs) သည် ဇန်နဝါရီလ ၁၆ ရက်နေ့က ကိုက် ၅၀၀ ရှိသော ပါဖိုက်တစ်ကျင်းအား ၁ မိနစ်၊ ၅၀.၆ စက္ကန့်ဖြင့် ပြီးအောင်ရိုက်နိုင်လိုက်သည့်အခါ ဂင်းနစ်ကမ္ဘာ့စံချိန်များမှတ်တမ်း (Guinness World Records) ၌ ကိုက် ၅၀၀ နှင့် အထက်အကွာအဝေးရှိသော ပါဖိုက်ကျင်းအား အမြန်ဆုံးရိုက်နိုင်သူစံချိန်သစ်ကို တင်နိုင်ခဲ့ပါသည်။ ယခင်စံချိန်ဟောင်းမှာ ၂၀၀၅ ခုနှစ်က အင်္ဂလန်နိုင်ငံသားဖီးလ်နေလာတင်ထားသော ၁ မိနစ်၊ ၅၂ စက္ကန့်ဖြစ်ပါသည်။

ဂေါက်သီးအားကစားသည် နှေးကွေးပါသည်။ အမှန်တကယ်တွင်လည်း မြန်မြန်လုပ်ပါက အမှားပါတတ်ပြီး အချက်ရေတွေ ပိုများတတ်သဖြင့် စဉ်းစားချင့်ချိန်ဆုံးဖြတ်ပြီးမှ တစ်ချက်ချင်းရိုက်ကြရသည်။ သို့သော် လွန်ကဲစွာ နှေးလွန်းသူများ ပေါ်လာသဖြင့် ပရိုပြိုင်ပွဲများတွင် ကစားမှုအမြန်နှုန်းစည်းမျဉ်းများကို ချမှတ်ခဲ့ရပါသည်။ ပြိုင်ပွဲဝင်အတွဲတစ်တွဲတွင် ၃ ဦး သို့မဟုတ် ၂ ဦးပါဝင်လေ့ရှိသည်။ တီခုံတွင်ဖြစ်စေ၊ ဒုတိယ တတိယအချက်များ ရိုက်စဉ်တွင်ဖြစ်စေ၊ ဂရင်းပေါ်တွင်ဖြစ်စေ၊ ပထမဆုံးရိုက်မည့်လူက စက္ကန့် ၅၀ အချိန်ရပြီး ထိုအတွဲမှ ကျန်လူများက စက္ကန့် ၄၀ အချိန်ရပါသည်။ လမ်းလျှောက်ချိန်များပါ ထည့်တွက်လျှင် ၃ ဦးတစ်တွဲသည် ပါသရီးကျင်း၌ ၁၀ မိနစ်၊ ပါဖိုးကျင်း၌ ၁၅ မိနစ်နှင့် ပါဖိုက်ကျင်း၌ မိနစ် ၂၀ ခန့် ကြာလေ့ရှိပါသည်။ အချိန်ယူလွန်းပါက အတူတွဲကစားသူများရော၊ ပရိသတ်ပါ စိတ်ပျက်လေ့ရှိသဖြင့် ဂေါက်သီးအာဏာပိုင်များက မြန်ဆန်စွာကစားကြစေရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေရပါသည်။

နှေးကွေးလှသော ဂေါက်သီးကစားပုံအား မနှစ်မြို့သူများစွာပေါ်လာပြီးနောက် Speed Golf ဟုခေါ်သော အမြန်ဂေါက်သီးကစားခြင်းကို စတင်ကျင့်သုံးသည့် ဂေါက်သီးသမားများ ပေါ်ထွက်လာခဲ့ပါသည်။ မှတ်တမ်း မှတ်ရာများအရ အမေရိကန်ပြည်ထောင်စုတွင် ၁၉၇၉ ခုနှစ်က စတင်ပေါ်ပေါက်ခဲ့သည်ဟု ယုံကြည်ရပါသည်။ ထိုနှစ်က ကယ်လီဖိုးနီးယားတွင် တစ်မိုင်အပြေးစံချိန်ရှင်ဟောင်း စတိဗ်စကော့တ်က သံ ၃ ဂေါက်တုတ်တစ်ချောင်းတည်းဖြင့် ၁၈ ကျင်းကွင်းပတ်တစ်ခုအား ၂၉ မိနစ် ၃၃ စက္ကန့်ဖြင့် အပြီးရိုက်နိုင်ခဲ့သည်။ ကွင်းပတ်ရိုက်ချက်မှာလည်း ၉၅ ချက်ဖြစ်သည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် ဂျေးလာဆင်အမည်ရှိ သင်ကြားမှုပရိုသည် ထိပ်သီးအမြန်ဂေါက်သီးကစားသမားဟု ကျော်ကြားခဲ့သည်။ လာဆင်သည် ကိုက် ၆,၅၀၀ ရှိပြီး ဂေါက်ကွင်း၏ Slope Rating-125 (ပရိုကွင်းများကဲ့သို့ခက်ခဲမှု) ရှိသော ဂေါက်ကွင်းတွင် ၇၅ ချက် ကွင်းပတ် စကိုးကို ၃၉ မိနစ်နှင့် ၉ စက္ကန့်အတွင်း ကစားနိုင်ခဲ့သည်။ ထိုစဉ်က စည်းမျဉ်းမှာ ဂေါက်သီးသမားက မစီးနင်းရသော်လည်း ဂေါက်ကားတစ်စီးနှင့် ကက်ဒီတစ်ဦးအသုံးပြုနိုင် သည်။ ကက်ဒီက ဂေါက်ဆက်တင်၍ ဂေါက်ကားမောင်းနိုင်ပြီး ရှေ့ကကြိုသွားကာ ကျင်းပေါက်နှင့် အကွာအဝေးကို တွက်ချက်ပြောပြနိုင်သည်။

၁၉၉၀ ပြည့်လွန်နှစ်များကုန်ခါနီးအချိန်တွင် Speed Golf International အမည်ရှိ အမေရိကန်ကုမ္ပဏီတစ်ခု စတင်ပေါ်ပေါက်ခဲ့ပါသည်။ အစောဆုံးအမြန်ဂေါက်သီးပြိုင်ပွဲကို ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလတွင် မင်နီယာပူးလစ်မြို့၌ ကျင်းပခဲ့ပါသည်။ ကမ္ဘာ့အမြန်ဂေါက်သီးချန်ပီယံရှစ်ပ်ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ နှင့် ၂၁ ရက်နေ့များက အော်ရီဂွန်ပြည်နယ်ရှိ Bandon Dunes ဂေါက်ကွင်းနှင့် Old MacDonald ဂေါက်ကွင်းများတွင် ကျင်းပခဲ့သည်။

ထိုစဉ်က ချမှတ်ခဲ့သော စည်းမျဉ်းများမှာ ဂေါက်သီးစည်းမျဉ်း စာအုပ်ပါစည်းမျဉ်းများအတိုင်းဖြစ်ပြီး ချွင်းချက်အနေဖြင့် အောက်ပါအချက်များကို ခွင့်ပြုပါသည်။

(၁) အလံတိုင်အားဆွဲမဟုတ်ဘဲ ကျင်းစိမ်နိုင်သည်။

(၂) ရိုက်ပြီး ဘန်ကာများကို ပြန်ညှိပေးခြင်း၊ ဂရင်းပေါ်ဂေါက်သီးကျရာ ချိုင့်ငယ်များကိုပြင်ခြင်းနှင့် ပုံမှန်ဂေါက်သီးဝတ်စားဆင်ယင်မှု သတ်မှတ်ချက်များအတိုင်း ဝတ်စားခြင်းများကို ပြုလုပ်ရမည်ဖြစ်သော်လည်း ဂေါက်သီးဖိနပ်များအစား အပြေးဖိနပ်များကို စီးခွင့်ပြုသည်။

(၃) ပျောက်ဆုံးဂေါက်သီးနှင့် အိုဘီကျသော ဂေါက်သီးများအတွက် Lateral Water Hazard ကဲ့သို့ အချက်ပေး၍ ကစားခွင့်ပြုသည်။

အချိန်နှင့် ရိုက်ချက်ကို ပေါင်းစပ်တွက်ချက်၍ စုစုပေါင်းအမြန်ကစားမှု အချိန်အမှတ်ကို တွက်ယူသည်။ ရိုက်ချက်တစ်ချက်အား တစ်မိနစ်ဟုပေါင်းတွက်ခြင်းဖြစ်ပါသည်။ ကစားသူတစ်ဦးသည် ကွင်းပတ်အား ၅၉ မိနစ် ၃၀ စက္ကန့်ဖြင့် ပြီးခဲ့ပြီးသူ၏ စကိုးက အချက် ၉၀ ဖြစ်ပါလျှင် အချက် ၉၀ အတွက် မိနစ် ၉၀ သတ်မှတ်ပြီး ကစားချိန်နှင့်ပေါင်းသည့်အခါရရှိသော ၁၄၉ မိနစ်၊ ၃၀ စက္ကန့်က ထိုသူ၏ အချိန်စကိုးဖြစ်လာပါမည်။ အချိန်စကိုးအနည်းဆုံးလူက အောင်ပွဲရပါသည်။

အဆိုပါ ကမ္ဘာ့ချန်ပီယံရှစ်ပ်အမြန်ဂေါက်သီးပြိုင်ပွဲမှာ နှစ်စဉ်ကျင်းပနေပြီး ပရိုနှင့် အပျော်တမ်းခွဲထားကာ ပရိုများအား ဆုကြေးချီးမြှင့်ပါသည်။ ပြိုင်ပွဲမှာ တစ်ဦးချင်းပွဲသာဖြစ်ပြီး နိုင်ငံအလိုက်ဟူ၍တော့ မကျင်းပနိုင်သေးပါ။ ဤသို့ အမြန်ဂေါက်သီးရိုက်ခြင်း ကစားနည်းသည် သြစတြေးလျနှင့် ဗြိတိန်ကျွန်းသို့လည်း ပြန့်ပွားသွားခဲ့ပါသည်။ ကမ္ဘာ့ချန်ပီယံရှစ်ပ်မှ အကောင်းဆုံးစကိုးမှာ ၁၂၉.၅၈ (၁၂၉ မိနစ်၊ ၅၈ စက္ကန့်) ဖြစ်ပြီး ၈၅ + ၄၄.၅၈ (ရိုက်ချက် ၈၅ ချက်နှင့် ကစားချိန် ၄၄ မိနစ်နှင့် ၅၈ စက္ကန့်) မှ ရလာခြင်းဖြစ်ပါသည်။ ဂင်းနစ်ကမ္ဘာ့စံချိန် ကွင်းပတ်စကိုးကို တင်ထားသူမှာ သြစတြေးလျမှ မစ်ချ်ဝီလျံမ်ဆင်ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၂၉ ရက်နေ့က မဲလ်ဘုန်းမြို့ရှိ Yarra Bend ဂေါက်ကွင်းတွင် ၇၇ ချက်ကွင်းပတ်ကို ၃၁ မိနစ်ဖြင့် ရိုက်နိုင်ခဲ့ခြင်းပါ။ စုစုပေါင်းအချိန်စကိုး ၁၀၈ မိနစ်ဖြစ်ပါသည်။

British Speed Golf ပြိုင်ပွဲများသည် ၂၀၁၄ ခုနှစ်တွင်မှ စတင်ပေါ်ပေါက်ခဲ့ပါသည်။ British Speed Golf အသင်းအဖွဲ့က ၁၈ ကျင်းကွင်းပတ်ပြိုင်ပွဲများအပြင် တစ်ကျင်းထဲ၌ အမြန်ဆုံးရိုက်နိုင်မှုပြိုင်ပွဲကိုလည်း ပြုလုပ်ပေးပါသည်။ တစ်ကျင်းထဲ၌ အမြန်ဆုံးရိုက်နိုင်မှုမှာ ပြိုင်ပွဲသဘောမျိုးထက် စံချိန်ချိုးရန်ဖြစ်ပါသည်။ ဂင်းနစ်ကမ္ဘာ့စံချိန်များ မှတ်တမ်းစာအုပ်တွင် မှတ်တမ်းတင်ထားသော စံချိန်များရှိသည်။ ထိုစံချိန်များကို ချိုးနိုင်ရန် မည်သူမဆို ကြိုးပမ်းနိုင်သည်။ သက်သေအခိုင်အမာဖြင့် တင်ပြနိုင်ပါက မိမိတို့အမည်သည် ကမ္ဘာ့စံချိန်စာအုပ်ထဲ၌ မှတ်တမ်းတင်ခြင်းခံရပါမည်။

ဤဆောင်းပါးအစတွင် ဖော်ပြခဲ့သော ပါဖိုက်ဂေါက်ကျင်းစံချိန်သစ်ရှင် စတိဗ်ဂျက်ဖ်စ်မှာ ထိုသို့ကြိုးပမ်းခဲ့ခြင်းဖြစ်ပါသည်။ အသက် ၃၁ နှစ်ရှိပြီး ကာယပညာ ကျောင်းဆရာတစ်ဦးဖြစ်သော သူသည် ဟင်းဒီကက်ပ် ၉ ဂေါက်သီးသမား တစ်ဦးဖြစ်ပါသည်။ ဤစံချိန်ကိုချိုးရန် ကြိုးပမ်းခဲ့ရာ၌ တတိယအကြိမ်တွင်မှ အောင်မြင်ခဲ့ခြင်းပါ။ အချိန်ကိုတွက်ရာ၌ တီခုံတွင် ဂေါက်သီးစရိုက်မိချိန်မှစကာ ဂရင်းပေါ်က ကျင်းပေါက်ထဲသို့ ဂေါက်သီးကျချိန်တွင် အဆုံးသတ်ပါသည်။ ဂျက်ဖ်စ်သည် သုံးချက်ဖြင့် ဂရင်းပေါ်အွန်ခဲ့ပြီး ဒုတိယကျင်းစိမ်ချက် ကျင်းပေါက်ထဲကျသွားချိန်တွင် မောဟိုက်ပြီး ဒူးထောက်ကျခဲ့သေးပါသည်။ ဇနီးသည်ဖြစ်သူ ကယ်လီက အလံတိုင်ကိုင်ပေးခဲ့သည်။ စံချိန်ချိုးနိုင်ပြီဟု သိရသောအခါ ဇနီးမောင်နှံနှစ်ဦးနှင့် အားပေးသူများ ပျော်ရွှင်မြူးတူးခဲ့ကြသည်။ ဖြစ်စဉ်အစအဆုံးကို ဗီဒီယိုမှတ်တမ်းတင်ထားခဲ့ပါသည်။

ဂျက်ဖ်စ်သည် အမြန်ဂေါက်သီးကစားခြင်းကို ထက်သန်စွာအားပေးသူတစ်ဦးဖြစ်ပါသည်။ သမီးနှစ်ဦးရှိသောသူက ဤအောင်မြင်မှုသည် သူ့သမီးများကို ဤ အားကစားအပေါ် တက်ကြွစွာ စိတ်ပါလာစေရန်နှင့် ဤအားကစားကို ပိုမို၍ လူပေါင်းများစွာ ကစားကြစေဖို့ တွန်းအားပေးရန် မျှော်လင့်ကြောင်းဆိုသည်။ ''အမြန်ဂေါက်သီးသည် ကစားသူများအား သန်စွမ်းပြီး ကျန်းမာစေပါသည်။ British Speed Golf အကြောင်းကိုလည်း လူတွေသိစေချင်ပါသည်။ ဤကစားနည်းပိုမိုဖွံ့ဖြိုးလာသည်နှင့်အမျှ ပိုမိုသန်စွမ်းကျန်းမာသော ဂေါက်သီးသမားများကို ပိုမို၍တွေ့မြင်ကြရပါမည်'' ဟု သူကပြောပြပါသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာလကုန်ပိုင်းကလည်း အင်္ဂလိပ်ပရိုလေးဦးဖြစ်ကြသည့်။ အီယံပေါ်လ်တာ၊ မက်တ်ဖစ်စ်ပက်ထရစ်ခ်၊ တိုင်ရယ်လ်ဟက်တန်နှင့် မက်သရူးဆောက်သ်ဂိတ်တို့က ပါဖိုက်ကျင်းဂင်းနစ်ကမ္ဘာ့အမြန် ရိုက်စံချိန်တင်ရန် ကြိုးပမ်းခဲ့ရာတွင် အောင်မြင်ခဲ့ကြသဖြင့် အင်္ဂလန်နိုင်ငံသားများသည် တစ်ဦးချင်းတွင်ရော အသင်းလိုက်တွင်ပါ လက်ရှိကမ္ဘာ့စံချိန်ရှင်များ ဖြစ်နေကြပါသည်။ အမြန်ဆုံးဂေါက်ကျင်းစံချိန်အား ကိုက် ၅၀၀ ပြည့်သော ပါဖိုက်ကျင်းများတွင် ကြိုးပမ်းနိုင်သည်။ အသင်းလိုက်စံချိန်ယူရာ၌ တီခုံမှ ရိုက်မည့်သူက နေရာယူထားချိန်တွင် ကျန်သုံးဦးကလည်း ထိုကျင်း၏ ဆက်ရိုက်ရမည့်နေရာများ၌ အသင့်နေရာယူထားကြရသည်။ ထိုစဉ်က သူတို့ချိုးရမည့်စံချိန်မှာ ၂၀၁၆ ခုနှစ်က ပြင်သစ်ပရိုလေးဦးတင်ထားသော ၃၄.၈၇ စက္ကန့်ကို ဖြစ်ပါသည်။

[caption id="attachment_32532" align="alignnone" width="420"]fitness2018apr2၂၀၁၇ ခုနှစ်၊ အသင်းလိုက် ကမ္ဘာ့အမြန်ဆုံး ဂေါက်ကျင်းစံချိန်ရှင်များဖြစ်တဲ့ Ian Poulter ၊ Tyrrell Hatton ၊ Matthew Southgate နဲ့ Matthew Fitzpatrick[/caption]

၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂ ရက်နေ့မှ ၅ ရက်နေ့အထိ ဥရောပတိုး၏ Turkish Airlines Open ကို တူရကီ၌ ကျင်းပခဲ့ရာ ထိုပွဲမတိုင်မီ အောက်တိုဘာလကုန်ရက်တွင် စံချိန်ချိုးပွဲကို ကျင်းပခဲ့သည်။ ပထမဆုံးပြင်သစ်ပရိုအသင်းက ယှဉ်ပြိုင်ခဲ့ရာ တိုတောင်းသော ဘာဒီပတ်လွဲခဲ့သဖြင့် စံချိန်မချိုးနိုင်ခဲ့ကြပါ။ စံချိန်ယူသောကျင်းမှာ ၅၀၁ ကိုက်သာရှည်သော ပါဖိုက်ကျင်းဖြစ်သဖြင့် နှစ်ချက်ဖြင့် တူးအွန် သို့မဟုတ် တူးနီးယားရောက်ကြပြီး လေးချက်ဖြင့် ကျင်းထဲဝင်မှသာ စံချိန်ချိုးရန် နီးစပ်ပါမည်။ ပြင်သစ်အသင်းအပြီးတွင် တောင်အာဖရိကအသင်းက ယှဉ်ပြိုင်ခဲ့ရာ စံချိန်အလွန်ကောင်းခဲ့ပြီး ၃၂.၉၆ စက္ကန့်ရခဲ့သဖြင့် နောက်ဆုံးမှ ယှဉ်ပြိုင်ရမည့် အင်္ဂလန်အသင်းအတွက် မလွယ်လှတော့ဟု ယူဆခဲ့ရပါသည်။

အင်္ဂလန်အသင်း၏ အလှည့်တွင် တီရှော့တ်အား ဟက်တန်က ရိုက်လိုက်သည်။ ဖဲဝေးတွင် အသင့်စောင့်နေသူ ဖစ်စ်ပက်ထရစ်ခ်က ဒုတိယအချက်ရိုက်လိုက်ရာ ဂရင်းနားသို့ ရောက်သွားသည်။ ဂရင်းနားမှ အသင့်စောင့်နေသူ ပေါ်လ်တာက ပတ်တာဖြင့် ရိုက်လိုက်ရာ ကျင်းပေါက်နားကပ်သွားပြီးနောက် အသင့်စောင့်နေသူ ဆောက်သ်ဂိတ်က တို့ချရုံသာကျန်ပါသည်။ ထိုနေ့ကပွဲသို့ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းအသင်းအဖွဲ့မှ တာဝန်ရှိသူများလည်း လာရောက်ကြည့်ရှုအကဲဖြတ်ခဲ့ကြပါသည်။ အင်္ဂလန်၏စံချိန်မှာ ၃၂.၇၀ စက္ကန့်ဟု ထွက်ပေါ်လာခဲ့ပေရာ အင်္ဂလန်ပရိုလေးဦးမြူးတူးခုန်ပေါက်ခဲ့ကြသည်။ အသင်းလိုက် ကမ္ဘာ့အမြန်ဆုံး ဂေါက်ကျင်းစံချိန်ရှင် ဖြစ်ခဲ့ကြပါပြီ။

ဝင်းမြင့်သိန်း