တိုက်ဂါးဝွဒ်စ်အိမ်ရှင်လုပ်၍ ကျင်းပသော Hero World Challenge ဂေါက်သီးပြိုင်ပွဲသည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ပြီးစီးခဲ့ပါသည်။ ကမ္ဘာ့အဆင့် ၉ အမေရိကန်ဂေါက်သီးသမားရစ်ကီဖောင်လာက သုံးရက်အပြီး၌ ဦးဆောင်သူနောက် ခုနစ်ချက်ပြတ်ကျန်နေခဲ့ရာမှ နောက်ဆုံးနေ့တစ်နေ့တည်း ၁၁ ချက်လျော့ ၆၁ ချက်ရိုက်နိုင်ခဲ့ရာ ယမန်နေ့က ဦးဆောင်ခဲ့သူ ချာလီဟော့ဖ်မင်န်အပေါ် လေးချက်ပြန်လည်အသာရပြီး ဗိုလ်စွဲသွားခဲ့သည်မှာ အံ့သြလောက်စရာလက်စွမ်းဖြစ်ခဲ့ပါသည်။
၁၉၉၉ ခုနှစ်က စတင်၍ နှစ်စဉ်ကျင်းပခဲ့သော ဤပြိုင်ပွဲသည် Tiger Woods Foundation အတွက် ရန်ပုံငွေရှာပေးသော ပွဲတစ်ပွဲပါ။ ထိုဖောင်ဒေးရှင်းသည် အမေရိကန်ကလေးငယ်များ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုရေးများ တိုးတက်စေမည့် စီမံချက်များကို အကောင်အထည်ဖော်ပေးနေသော လူမှုရေးအဖွဲ့အစည်းဖြစ်ပါသည်။ စပွန်ဆာအဖြစ်ပါဝင်ပံ့ပိုးသူ ကုမ္ပဏီများအပေါ် မူတည်၍ ယခင်က Williams World Challenge ၊ Target World Challenge ၊ Chevron World Challenge ၊ Northwestern World Challenge အမည်များဖြင့် ကျင်းပခဲ့ရာမှ ၂၀၁၄ ခုနှစ်မှစ၍ အိန္ဒိယနိုင်ငံမှ Hero မော်တော်ဆိုင်ကယ်ကုမ္ပဏီက စပွန်ဆာပေးခဲ့သဖြင့် Hero World Challenge အမည်ဖြင့် ယနေ့အထိ ကျင်းပနေပါသည်။ အိမ်ရှင်တိုက်ဂါးသည် ဤပွဲအား ငါးကြိမ် ဗိုလ်စွဲနိုင်ခဲ့သည်။
ပြိုင်ပွဲသို့ ဂေါက်သီးပရို ၁၈ ဦးကိုသာ ဖိတ်ကြားပါသည်။ ၂၀၁၇ ခုနှစ်အတွင်းက မေဂျာပွဲကြီးလေးပွဲ၏ ချန်ပီယံလေးဦး၊ ကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယားမှ ပါဝင်ကစားနိုင်သော ထိပ်ဆုံး ၁၁ ဦး၊ လက်ရှိချန်ပီယံနှင့် အထူးဖိတ်ကြားခံရသူနှစ်ဦးတို့ ဖြစ်ပါသည်။ ကမ္ဘာ့အ ကောင်းဆုံးဂေါက်သီးအကျော်အမော်များအား ဖိတ်ကြားခြင်းပါ။
ယမန်နှစ်ချန်ပီယံမှာ ဟိဒဲခိမာဆုယားမားဖြစ်ပြီး အထူးဖိတ်ကြားခံရသူနှစ်ဦးမှာ ဒင်နီယယ်ဘာဂါနှင့် တိုက်ဂါးတို့ ဖြစ်ကြပါသည်။ မေဂျာပွဲကြီးဗိုလ်စွဲထားသူများအနက် စပိန်မှ ဆာဂျီယိုဂါစီယာမလာနိုင်ပါ။ ကမ္ဘာ့အဆင့် ၁၁ ဦးအနက် မလာရောက်နိုင်သူများ၏ နေရာတွင် ကမ္ဘာ့အဆင့်တန်းစီဇယားအတိုင်း ဆက်လက်ဖိတ်ခေါ်ခဲ့ပါသည်။ ဂျွန်ရမ်း (ကမ္ဘာ့အဆင့် ၄)၊ ရော်ရီမက်ကဲလ်ရွိုင်း (၁၀)၊ ဂျေဆင်ဒေး (၁၁)၊ မတ်ခ်လိရှ်မင် (၁၂)၊ ပေါလ်ကေစီ (၁၃) တို့လည်း အကြောင်းကြောင်းကြောင့် ပါဝင်မကစားနိုင်ခဲ့ကြပါ။ လက်ရှိ ကမ္ဘာ့အဆင့် ၁-၂-၃ ဖြစ် နေကြသည့် ဒပ်စ်တင်းဂျွန်ဆင်၊ ဂျော်ဒန်စပိသ်နှင့် ဂျပ်စ်တင်တွမ်မတ်စ်တို့ သုံးဦးစလုံးကမူ ပါဝင်ကစားခဲ့ကြပါသည်။
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက ဥရောပတိုး၏ Dubai Desert Classic တွင် ပါဝင်ကစားပြီးကတည်းက ပြိုင်ပွဲမဝင်ခဲ့သော တိုက်ဂါးသည် ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၁၁၉၃ သို့ပင် ကျဆင်းနေပါသည်။ ဤမျှအထိ အဆင့်ကျဆင်းရခြင်းမှာ ၂၀၁၆ ခုနှစ် တစ်နှစ်လုံးတစ်ပွဲမျှ ပါဝင်ကစားနိုင်ခြင်းမရှိသည့်အပြင် ၂၀၁၇ ခုနှစ်တွင်လည်း ပီဂျီအေတိုးတစ်ပွဲနှင့် ဥရောပတိုးတစ်ပွဲသာ ပါဝင်ကစားနိုင်ခဲ့သောကြောင့်လည်း ဖြစ်ပါသည်။
နိုဝင်ဘာလ ၃၀ ရက် ကြာသပတေးနေ့တွင် ပထမကွင်းပတ်စတင်ကစားခဲ့ရာ တိုက်ဂါး၏လက်ရည်သည် များစွာကောင်းမွန်လာကြောင်းတွေ့ကြရပါသည်။ လေတိုက်နေသော ထိုနေ့တွင် တိုက်ဂါးက သုံးချက်လျော့ ၆၉ ချက်ရခဲ့ပြီး ဦးဆောင်နေသူ တွမ်မီဖလိဝွဒ်နောက် သုံးချက်အကွာတွင် ရှိနေပါသည်။ ဦးဆောင်သူနှင့် တစ်ချက်အကွာတွင် ရစ်ကီဖောင်လာနှင့် မက်တ်ကူချာတို့ရှိနေပြီး နှစ်ချက်အကွာတွင် ဒပ်စ်တင်းဂျွန်ဆင်၊ ဂျော်ဒန်စပိသ်၊ ဂျပ်စ်တင်ရို့စ်တို့ ရှိနေကြပါသည်။
သောကြာနေ့၌ ဒုတိယကွင်းပတ်ဆက်ကစားခဲ့ကြရာတွင် ပထမကော်နာအား ငါးချက်လျော့ ၃၁ ချက်သာရိုက်ပြီး ထိပ်ဆုံးသို့ရောက်လာသော တိုက်ဂါးအတွက် အားပေးချီးကျူးသံများ ပေါ်ထွက်ခဲ့ပါသည်။ သူက စုစုပေါင်း ရှစ်ချက်လျော့သို့ ရောက်ခဲ့ပြီးမှ ဒုတိယကော်နာတစ်ချက်ပိုသာရတော့ကာ ပေါင်းခုနစ်ချက်လျော့သာ ကျန်ပါသည်။ အားလုံးကစားပြီးသည့်အခါတွင်မူ တိုက်ဂါးသည် ထိုနေ့က ကိုးချက်လျော့ရခဲ့ပြီး နှစ်ရက်ပေါင်း ၁၂ ချက်လျော့သို့ ရောက်နေသည့် ချာလီဟော့ဖ်မင်န်နောက်တွင် ငါးချက်ပြတ်ကျန်နေပါတော့သည်။ ဘိုဂီသုံးကျင်းပါခဲ့သော်လည်း ဘာဒီ ၁၂ ကျင်းရခဲ့သူ ဟော့ဖ်မင်န်သည် အဝင်နောက်ဆုံးငါးကျင်းဆက်တိုက် ဘာဒီများပါခဲ့ပါသည်။ သူက ဒုတိယနေရာရနေသူ စပိသ်နှင့် ဖလိဝွဒ်တို့အပေါ် သုံးချက်သာနေသည်။ ဖောင်လာသည် နှစ်ချက်လျော့သာရခဲ့ပြီး ပေါင်းခုနစ်ချက်လျော့တွင်သာ ရှိနေပါသည်။
စနေနေ့တွင် လေပြင်းတိုက်နေခဲ့ရာ စကိုးများ ပျက်ခဲ့ကြပါသည်။ နှစ်ချက်လျော့ အချက်ခုနစ်ဆယ်ရိုက်နိုင်ခဲ့သူ ဟော့ဖ်မင်န်၏ စကိုးက ထိုနေ့တွင် အကောင်းဆုံးဖြစ်ခဲ့သည်။ ထိုနေ့က ''ပါ'' အောက်ရိုက်နိုင်ခဲ့သူဟူ၍ အခြားသုံးဦးသာ ရှိခဲ့ပါသည်။ ဟော့ဖ်မင်န်က ပေါင်း ၁၄ ချက်သို့ ရောက်သွားပြီး ဒုတိယနေရာရနေကြသူ စပိသ်နှင့် ရို့စ်အပေါ် ငါးချက်ဖြတ်ထားနိုင်ခဲ့သည်။ ဖောင်လာက အီးဗင်းပါသာရခဲ့ပြီး ပေါင်းခုနစ်ချက်လျော့တွင်သာ ရှိနေပါသည်။ တိုက်ဂါးမှာ သုံးချက်ပိုသာရိုက်နိုင်သဖြင့် စုစုပေါင်းလေးချက်လျော့သာ ကျန်တော့ကာ ဦးဆောင်သူနှင့် ဆယ်ချက်ပင် ပြတ်ထွက်သွားပါသည်။
ဟော့ဖ်မင်သည် ၄၁ နှစ်ရှိပါပြီ။ ပီဂျီအေတိုး၌ လေးကြိမ်ဗိုလ်စွဲနိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်ထဲ၌ စတုတ္ထမြောက် အောင်ပွဲကိုရခဲ့သည်။ ၂၀၁၇ ခုနှစ်တွင် ဗိုလ်မစွဲနိုင်ခဲ့သော်လည်း ဒုတိယနှစ်ကြိမ်၊ တတိယနှစ်ကြိမ်ရခဲ့ကာ ကမ္ဘာ့အဆင့်တွင် လက်ရှိအမှတ်စဉ် ၂၆ သို့ ရောက်နေသူဖြစ်ပါသည်။ ၂၀၁၇ ခုနှစ်အတွင်း လက်ရည်ကောင်းနေသည့်အတွက် သမ္မတများဖလားပြိုင်ပွဲ ၂၀၁၇ တွင် အမေရိကန်လက်ရွေးစင်အဖြစ် အရွေးခံခဲ့ရပါသည်။ ၂၀၁၇ ဧပြီလ မာစတာစ်မေဂျာပွဲကြီးတွင် ဟော့ဖ်မင်သည် ပထမနေ့က ၆၅ ချက် ရိုက်နိုင်ခဲ့ပြီး ဒုတိယနေရာမှ လူများအပေါ်လေးချက်ပင်ဖြတ်ထားနိုင်ခဲ့သည်။ လွန်ခဲ့သော ၇၆ နှစ်အတွင်း ပထမကွင်းပတ်၌ ဖြတ်နိုင်မှုစံချိန်သစ်ပင်ဖြစ်ပါသည်။ သို့သော် သူသည်နောက်နေ့များတွင် ၇၅+ ၇၂ + ၇၈ သာ ရိုက်နိုင်ခဲ့ကာ အဆင့်ပူးတွဲ ၂၂ သာချိတ်ခဲ့သည်။
ဟော့ဖ်မင်သည် စနေနေ့တတိယကွင်းပတ်၌ ကျင်း ၁၀ တွင် တီရှော့တ်ခြုံပုတ်ထဲ ရောက်သွားကာ အချက်ပေးကစားခဲ့ရပြီး ဒပ်ဘယ်ဘိုဂီပါသွားခဲ့သေးပါသည်။ ထိုအချိန်တွင် ဟော့ဖ်မင်၊ တိုက်ဂါး အပါအဝင် ခြောက်ဦးက ပူးတွဲဦးဆောင်သူတွေ ဖြစ်ကုန်ကြသည်။ လေထန်၍ စကိုးများပျက်ကြစဉ်တွင် နောက်ဆုံးငါးကျင်း၌ သူက ဘာဒီသုံးကျင်းရခဲ့သောကြောင့် ငါးချက်အသာရခဲ့ခြင်း ဖြစ်ပါသည်။
တနင်္ဂနွေနေ့၌ နောက်ဆုံးကွင်းပတ်ကစားခဲ့ကြ သည်။ ဦးဆောင်သူနှင့် ခုနစ်ချက်ကွာဟနေသော ရစ်ကီဖောင်လာက ထွက်ထွက်ချင်း ခုနစ်ကျင်းဆက်တိုက် ဘာဒီများရကာ ဦးဆောင်သူဖြစ်လာသည်။ သူက ရှစ်ကျင်းပြီးသည့်အခါတွင် ထိုအချိန်က နောက်ဆုံးအတွဲမှ ကစားနေသည့် ယမန်နေ့က ဦးဆောင်သူ ဟော့ဖ်မင်န်မှာ ဘာဒီတစ်ကျင်းရသော်လည်း ကျင်း ၄ နှင့် ၅ တွင် ဘိုဂီများပါသွားသဖြင့် ဖောင်လာက တစ်ချက်အသာရနေပါသည်။
ဖောင်လာက ထွက်ထွက်ချင်း နှစ်ကျင်းတွင် ၁၂ ပေခန့်ကွာဝေးသော ဘာဒီပတ်များဝင်ခဲ့သည်။ တတိယကျင်းပါဖိုက်၌ သူ၏တတိယရိုက်ချက်က ကျင်းပေါက်နှင့် သုံးပေသာကွာခဲ့၍ အလွယ်တကူ ဘာဒီရခဲ့သည်။ ကျင်း ၄ ၌ ၁၅ ပေအကွာမှ မလွယ်ကူလှသော ဘာဒီပတ်ဝင်ခဲ့ပြန်သည်။ ကျင်း ၅ ပါသရီး၌ သူက ဘာဒီလွတ်မည့် အနေအထားဖြစ်ခဲ့သည်။ ဘန်ကာထဲကျခဲ့၍ပါ။ သို့သော် ဘန်ကာထဲမှ တန်းဝင်ကာ ဘာဒီရပြန်သည်။ ကျင်း ၆ ပါဖိုက်၌ သူ၏ဝက်ဂျ်ရှော့တ် တတိယရိုက်ချက်က ကျင်းပေါက်နှင့် တစ်ပေသာကွာတော့ကာ ဘာဒီရပြန်သည်။ ကျင်း ၇ ၌ ခုနစ်ပေအကွာမှ ဘာဒီရခဲ့သည်။ ကျင်း ၉ ၌ ဘာဒီထပ်ရသည့်အခါ ပထမကော်နာအား ရှစ်ချက်လျော့ ၂၈ ချက် ရိုက်နိုင်သူဖြစ်လာသည်။ ဒုတိယကော်နာ၌ ကျင်း ၁၁၊ ၁၃ နှင့် ၁၅ တို့တွင် ဘာဒီများထပ်ရခဲ့သည်။ ဘိုဂီလည်း တစ်ကျင်းမျမပါခဲ့သဖြင့် ၁၁ ချက်လျော့ ကွင်းပတ်ကိုရခဲ့ခြင်းဖြစ်ပါသည်။ လေးရက်ပေါင်း ၁၈ ချက်လျော့ဖြင့် ဗိုလ်စွဲသွားပါသည်။
ဟော့ဖ်မင်က ဤနေ့၌ အီးဗင်းပါသာရခဲ့သော်လည်း ပေါင်း ၁၄ ချက်လျော့ဖြင့် ဒုတိယတော့ ရလိုက်ပါသည်။ စပိသ်နှင့် ဖလိဂွတ်တို့က ပေါင်း ၁၂ ချက် လျော့စီဖြင့် ပူးတွဲတတိယရကြသည်။ ဥရောပတိုး၏ ၂၀၁၇ ခုနှစ် Race to Dubai အမှတ်ဇယားတွင် နှစ်ကုန်၌ အမှတ်အများဆုံးရကာ အပိုဆောင်းဆုကြေး ဒေါ်လာတစ်သန်းရခဲ့သူ ဖလိဝွတ်သည် ဤပြိုင်ပွဲကျင်းပနေသည့် ဘဟားမားစ်၌ လာမည့်အင်္ဂါနေ့တွင် လက်ထပ်ရန် စီစဉ်ထားသူဖြစ်ပါသည်။
တိုက်ဂါးသည် နောက်ဆုံးနေ့၌ လေးချက်လျော့ရိုက်နိုင်ခဲ့သဖြင့် လေးရက်ပေါင်း ရှစ်ချက်လျော့ဖြင့် အဆင့်ပူးတွဲ ၉ ချိတ်ခဲ့ပါသည်။ သူသည် ကိုယ်ခန္ဓာနာကျင်မှုများရှိပုံမရဘဲ ကျန်းမာသန်စွမ်းစွာဖြင့် ကစားနိုင်ခဲ့ပါသည်။ သူသည် ဖောင်လာထက် ဒရိုက်ဖ်အကွာအဝေးများ မလျော့ခဲ့ပါ။ သူ၏ဂေါက်တုတ်အမြန်နှုန်းလည်း အလွန်ကောင်းနေပြီး တစ်နာရီ မိုင် ၁၈၀ နှုန်းဟု တိုင်းတာ၍ ရခဲ့သည်။ ကျင်းအမှတ် ၇ ပါဖိုး၌ တီခုံမှ ဂရင်းသို့အရောက် တစ်ချက်တည်းဖြင့် ရိုက်နိုင်ခဲ့ပြီး ၂၅ ပေ အီဂယ်ပတ်လည်း ဝင်ခဲ့သည်။ ပထမကော်နာ၌ ၃၁ ချက်ရခဲ့ရာ ဤပွဲ၌ ဒုတိယအကြိမ်ရခြင်းဖြစ်ပါသည်။ ဒုတိယကော်နာ၌မူ သူက တစ်ချက်ပိုသာ ရိုက်နိုင်ခဲ့သည်။
တိုက်ဂါးနှင့်အတူ ပထမနေ့နှင့် နောက်ဆုံးနေ့များ၌ အတူတွဲကစားခဲ့ရသော ၂၀၁၇ ခုနှစ် အကောင်းဆုံး ဂေါက်သီးသမားဆုရှင် ဂျပ်စ်တင်တွမ်မတ်စ်က တိုက်ဂါးမှာ ပြန်လည်ကျန်းမာလာပြီး ခွန်အားများလည်း ပြန်လည်ရရှိလာကြောင်း၊ မနှစ်ကနှင့်မတူကြောင်းချီးကျူးခဲ့ပါသည်။ ဤရက်သတ္တပတ်၌ တိုက်ဂါး၏ လက်ရည်လက်သွေးအရ ၂၀၁၈ ခုနှစ်တွင် သူ့ကို ပြိုင်ပွဲများ၌ ပြန်လည်မြင်တွေ့ရပါတော့မည်။ တိုက်ဂါးက မေဂျာပွဲကြီး ၁၄ ပွဲဗိုလ်စွဲထားသူဖြစ်ပေရာ စံချိန်တင်ဗိုလ်စွဲထားသူ ဂျက်ခ်နစ်ကလပ်စ်၏ ၁၈ ပွဲဟူသည့် အရေအတွက်အား မီရန် စိတ်ဝင်စားလျက်ရှိနေသေးကြောင်း ပြောထားပါသည်။
ဖောင်လာမှာ ၂၀၁၇ ခုနှစ်အတွင်း Honda Classic ဗိုလ်စွဲထားခဲ့ပြီးဖြစ်ရာ ဤအောင်ပွဲမှာ ထိုနှစ်အတွင်း ဒုတိယမြောက်ပါ။ အသက် ၂၈ နှစ်ရှိပြီဖြစ်သည့် သူသည် ပီဂျီအေတိုးပွဲပေါင်းလေးပွဲ ဗိုလ်စွဲထားပြီးဖြစ်ပါသည်။ အခြားအောင်ပွဲများမှာ ဥရောပတိုးနှစ်ပွဲ၊ ကိုးရီးယားတိုးတစ်ပွဲနှင့် ယခုတိုက်ဂါးပွဲတို့ ဖြစ်ကြသည်။
အမှန်တော့ ဖောင်လာသည် ၂၀၀၇ ခုနှစ်က ရော်ရီမက်ကဲလ်ရွိုင်း ကမ္ဘာ့အပျော်တမ်းနံပါတ် ၁ ဂေါက်သီးသမားနေရာကို ရခဲ့ပြီးနောက် ကမ္ဘာ့အပျော်တမ်းနံပါတ် ၁ ဖြစ်ခဲ့သူပါ။ မက်ကဲလ်ရွိုင်းက ရက်သတ္တတစ်ပတ်သာ ထိုနေရာကိုရခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပရိုပြောင်းခဲ့သည်။ ဖောင်လာမှာ ၂၀၀၇ နှင့် ၂၀၀၈ ခုနှစ်များအတွင်း စုစုပေါင်း ၃၇ ပတ်ကြာပင် အပျော်တမ်းနံပါတ် ၁ ဖြစ်ခဲ့သူပါ။ သူသည် အမေရိကန်ဂေါက်သီးပရိသတ်၏ မျှော်လင့်ချက်ဖြစ်သည်။ သူ့အနေဖြင့် ဂေါက်သီးမေဂျာပွဲကြီး ဗိုလ်စွဲရန်အချိန်တန်နေပါပြီ။
မေဂျာပွဲကြီးလေးပွဲနောက်တွင် အကြီးကျယ်ဆုံးဟု သတ်မှတ်ထားသည့် The Players Championship ကိုမူ ၂၀၁၅ ခုနှစ်က သူဗိုလ်စွဲနိုင်ခဲ့သည်။ ၂၀၁၄ ခုနှစ်က မေဂျာပွဲကြီးလေးပွဲစလုံး၌ ထိပ်ဆုံးငါးဦးအတွင်း အဆင့်ချိတ်ခဲ့သည်။ ဤသို့ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း မေဂျာလေးပွဲစလုံး၌ အဆင့် ၅ အပြင် မရောက်အောင် စွမ်းဆောင်နိုင်သူဟူ၍ ဖောင်လာအပါအဝင် သုံးဦးသာ ထိုအချိန်က ရှိခဲ့ပါသေးသည်။ ထိုနှစ်က ဖောင်လာရသော အဆင့်များမှာ မာစတာစ်၌ ပူးတွဲပဉ္စမ၊ ယူအက်စ်အိုးပင်း၌ ပူးတွဲဒုတိယ၊ ဗြိတစ်ရှ်အိုးပင်း၌လည်း ပူးတွဲဒုတိယနှင့် ပီဂျီအေချန်ပီယံရှစ်ပ်၌ ပူးတွဲတတိယများဖြစ်ရာ စွမ်းဆောင်ရည် အလွန်ကောင်းလှပြီး ချန်ပီယံမဖြစ်ရုံတစ်မည်သာ ကျန်ရှိနေပါသည်။
၂၀၁၈ ခုနှစ်သည်ကား ဖောင်လာမေဂျာပွဲကြီး ပိုင်ရှင်ဖြစ်မည့်နှစ်ဟု မှန်းဆထားကြပါသည်။ ဤအောင်ပွဲကြောင့် ကမ္ဘာ့အဆင့် ၇ ဖြစ်လာသော သူသည် ဆက်လက်၍ အဆင့်တက်ဦးမည်ဟုလည်း မှန်းဆကြပါသည်။
နောက်ဆုံးကွင်းပတ်၌ ဖောင်လာ ၁၁ ချက်လျော့ဖြင့် ထိုနေ့၏အကောင်းဆုံးစကိုးကို ရချိန်တွင် ဒုတိယအကောင်းဆုံးလူဖြစ်သော ဖလိဝွတ်၏ စကိုးက ငါးချက်လျော့သာဖြစ်ပါသည်။ လေးချက်လျော့ဖြင့် တတိယအကောင်းဆုံးစကိုး ရသူပေါင်းမှာ တိုက်ဂါးအပါအဝင် လေးဦးသာရှိပါသည်။ ပြိုင်ပွဲဝင်များ၏ အဆင့်များနှင့် ရိုက်ချက်များအား ဇယားတွင် ဖော်ပြလိုက်ရပါသည်။
ဝင်းမြင့်သိန်း