ထိုင်းနိုင်ငံမှာ ယခင်ကဆိုပါလျှင် မြန်မာထက်ပင် ဂေါက်သီးအဆင့်အတန်း နိမ့်ကျခဲ့သောနိုင်ငံပါ။ ပူထရာဖလား ပြိုင်ပွဲတွင် မြန်မာတို့ ၁၉၈၀ ပြည့်နှစ်က ဗိုလ်စွဲခဲ့သည့်အချိန်အထိ ထိုင်းဂေါက်သီးအသင်း ပူထရာတွင် မနိုင်ဘူးခဲ့သေးပါ။ ၁၉၈၅ ခုနှစ်တွင်မှ ဘွန်ချူးပါဝင်သော တိုင်းအသင်း ပူထရာအောင်ပွဲ စတင်ရရှိခဲ့သည်။ အာရှပတ်လည်ပွဲများတွင် မြအေးတို့ အောင်မြင်ခဲ့စဉ်က ထိုင်းမှ ဂေါက်သီးကျော် မပေါ်ထွက်ခဲ့သေးပါ။ စင်ကာပူအိုးပင်းဂေါက်သီးပြိုင်ပွဲကြီး၌ မြအေး၊ ကြည်လှဟန်၊ ဇော်မိုးတို့ ချန်ပီယံဖြစ်ချိန်အထိ နာမည်ကျော်ထိုင်းဂေါက်သီးသမားဟူ၍ တစ်ဦးမျှ မတွေ့ခဲ့ရသေးပါ။
ယခုအခါတွင်မူ ထိုင်းမှနာမည်ကျော် အမျိုးသားဂေါက်သီးပရိုများသည် ကမ္ဘာ့အဆင့်အထိ တက်လှမ်းနေကြပါပြီ။ ဂျိုင်ဒီးသည် ကမ္ဘာ့အဆင့် ၅၀ အတွင်းသို့ ရောက်နိုင်ခဲ့သော ပထမဆုံးထိုင်းပရိုဖြစ်လာသည်။ ဂျိုင်းဒီးနှင့် ကီရာဒက်တို့က ဥရောပတိုးတွင် အောင်ပွဲများ ရနေချိန်တွင် ပရာယတ်မတ်စိန်ကလည်း ဂျပန်တိုးတွင် အောင်ပွဲများရနေခဲ့သည်။ အာရှတိုးပြိုင်ပွဲများ၌ မြန်မာပရိုများ တစ်ဦးမျှ မတွေ့ရသော ယနေ့အချိန်တွင် ထိုင်းလူသစ်ဂေါက်သီးသမားများက ချန်ပီယံနေရာများ၊ အဆင့်မြင့်နေရာများအား ရယူထားနိုင်ခဲ့ကြသည်။
ထိုင်းအမျိုးသားများသည် ဥရောပတိုး၌ အောင်ပွဲများစွာရခဲ့ကြသော်လည်း ပီဂျီအေတိုး၌မူ အောင်ပွဲမရခဲ့ကြပါ။ အမေရိကန်ပြည်ထောင်စု၌ အခြေစိုက်သော ကမ္ဘာ့အကျော်ကြားဆုံး ပီဂျီအေတိုးတွင် အချိန်ပြည့်ပါဝင်ခွင့်ရသော ထိုင်းပရိုဟုပင် မတွေ့ရသေး ပါ။ ၂၀၁၆ ခုနှစ်တွင် အယ်လ်ပီဂျီအေခေါ် အမေရိကန် ပြည်ထောင်စု၌ အခြေစိုက်သော ကမ္ဘာ့အကောင်းဆုံး အမျိုးသမီးတိုး၌ ဗိုလ်စွဲခဲ့သော ထိုင်းဂေါက်သီးမယ်လေး တစ်ဦးပေါ်လာ၍ တစ်ကမ္ဘာလုံးက အံ့အားသင့်ခဲ့ကြရသည်။ ထိုင်းအမျိုးသမီးပရိုများက ထိုင်းအမျိုးသား ပရိုများထက် ခြေလှမ်းသာသွားခဲ့ပါတော့သည်။
အဆိုပါထိုင်းဂေါက်သီးမယ်လေးက အယ်လ်ပီဂျီအေတိုး၏ ကမ္ဘာကျော်များကို ကျော်ဖြတ်ကာ ပထမဆုံးအကြိမ် အောင်ပွဲရစဉ်၌ အားလုံးက အံ့သြခဲ့ကြရပြီးနောက် ဆက်လက်ယှဉ်ပြိုင်သော ဒုတိယပွဲတွင်ပါ နိုင်လိုက်ပြန်သည့်အခါ ပို၍ပင်အံ့သြချီးကျူးခဲ့ကြရသည်။ ယင်းနောက်ဆက်လာသော ရက်သတ္တပတ်တွင်ပါ သုံးပွဲဆက်တိုက်နိုင်လိုက်သည့်အခါ ကမ္ဘာ့အကောင်းဆုံးဂေါက်သီးမယ်များအဆင့်ထဲသို့ ဝင်လာပြီဟု နေရာပေး ဂုဏ်ပြုခဲ့ကြသည်။ ယင်းနောက်တွင် သူကလေးသည် အမျိုးသမီးမေဂျာပွဲကြီးတစ်ပွဲဖြစ်သော Women's British Open အား ဗိုလ်စွဲလိုက်သည့်အခါ ကမ္ဘာ့အဆင့်တွင်ပင် ထိပ်ဆုံးဆယ်ဦးအတွင်းသို့ ရောက်ရှိလာခဲ့ပါသည်။ သူကလေးသည်ကား ထိုအောင်ပွဲများရစဉ်က အသက် ၂၀ သာရှိသေးသော အာရီးယားဂျူတာနုဂန်း (Ariya Jutanugarn) ပင် ဖြစ်ပါသည်။
ဤသို့အောင်မြင်လာရန်မှာ ငယ်စဉ်ကတည်းက ဂေါက်သီးကစားခွင့်ရခဲ့ပြီး နည်းစနစ်များ ပြည့်စုံကောင်းမွန်မှလည်း ဖြစ်ပါမည်။ ထို့အပြင် အလွန်သန်စွမ်း၍ ရိုက်ချက်များ အဝေးကြီးရောက်ရန်ကလည်း အရေးကြီးလှသည်။ အာရီးယားတွင် သူ့ထက်တစ်နှစ်နှင့် လေးလသာကြီးသော မောရီးယားဂျူတာနုဂန်းအမည်ရှိ အစ်မတစ်ဦးရှိသည်။ ညီအစ်မနှစ်ဦးသည် အမြဲအတူတွဲ၍ ဂေါက်သီး လေ့ကျင့်နေကျဖြစ်သည်။ မောရီးယားက အကြီးဖြစ်သော်လည်း အရပ် ၅ ပေ ၁ လက်မသာရှိ၍ အငယ်အာရီးယားက ၅ ပေ ၇ လက်မရှိသည်။ အာရီးယားက အလွန်သန်စွမ်းသည်။ သံတုတ် ၂ ရိုက်ချက်က ၂၆၅ ကိုက်ရောက်ပြီး ဝွဒ်သရီးရိုက်ချက်က ၂၇၅ ကိုက် ရောက်သည်။ ပြိုင်ပွဲများတွင် သူကလေးက ဒရိုက်ဗာ ယူလာလေ့မရှိပါ။ သူမ၏သံ ၂ က အခြားလူများ၏ ဒရိုက်ဗာရိုက်ချက်ထက်ပင် ရှေ့ရောက်နေတတ်ပါသည်။
သူတို့ညီအစ်မနှစ်ဦးစလုံးသည် ဘန်ကောက်အနီးရှိ Rose Garden Golf Club ရှိ ပရိုရှော့ပ်ကို ပိုင်ဆိုင်သော မိဘနှစ်ပါးမှ မွေးဖွားလာသူများဖြစ်၍ မိဘများ အားပေးသည့်အတိုင်း ဂေါက်သီးကို ငယ်စဉ်ကတည်းက ကစားဖြစ်သည်သာမက အမေရိကန်ပြည်ထောင်စုသို့ပင် သွားရောက်နေထိုင်ကာ ဂျူနီယာတန်း ပြိုင်ပွဲများ ယှဉ်ပြိုင်ဖြစ်ခဲ့ပါသည်။ ၂၀၁၁ ခုနှစ်က အာရီးယား ၁၅ နှစ်သမီးအရွယ်တွင် US Girls Junior Championship ၊ Rolex Girls Junior Championship နှင့် Junior PGA Championship ပြိုင်ပွဲများ၌ ဗိုလ်စွဲခဲ့သည်။ US Girls Junior Championship မှာ အသက် ၁၆ နှစ်ထက် မကျော်သေးသူ မိန်းကလေးများအတွက် အမြင့်ဆုံးပြိုင်ပွဲဖြစ်ပါသည်။ ထိုနှစ်က အမေရိကန်ဂျူနီယာ ဂေါက်သီးအဖွဲ့အစည်း၏တစ်နှစ်တာ အကောင်းဆုံးဂေါက်သီးမယ်ဆုကို သူကလေးက ရရှိခဲ့သည်။
၂၀၁၂ ခုနှစ်၊ အာရီးယား ၁၆ နှစ်သမီးအရွယ်တွင်လည်း Thunderbird International Junior ၊ Rolex Girls Junior Championship ၊ Junior PGA Champion –ship ၊ Women's Western Championship နှင့် Canadian Amateur Championship ပြိုင်ပွဲများ အောင်နိုင်ခဲ့ပြန်သည်။ ထိုနှစ်တွင်လည်း အမေရိကန် ဂျူနီယာ ဂေါက်သီးအဖွဲ့အစည်း၏ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်ဆုကို ဆက်လက်ရရှိခဲ့ပြန်သည်။
အပျော်တမ်းပြိုင်ပွဲများတွင် ကမ္ဘာပေါ်၌ အကြီးအကျယ်ဆုံးပြိုင်ပွဲမှာ US Amateur Championship ဖြစ်ပါသည်။ အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲများရှိ သည်။ အပျော်တမ်းသမားဆိုပါက အသက်အရွယ်မရွေး ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ အမျိုးသားပြိုင်ပွဲ ဗိုလ်စွဲသူကမ္ဘာကျော်များမှာ ဘော်ဘီဂျုံးစ်၊ အာနိုးပါးလ်မား၊ ဂျက်ခ်နစ်ကလပ်စ်၊ ဖီးလ်မစ်ကယ်ဆင်၊ တိုက်ဂါးတို့ ပါဝင်ကြသည်။ အမျိုးသမီးပြိုင်ပွဲဗိုလ်စွဲသူများစာရင်း တွင်လည်း ပက်တီဘာ့ဂ်၊ ဘော့ဘ်ဇာဟားရီးယတ်စ်၊ ဘတ်သ်ဒင်နီယယ်လ်၊ ဂျူလီအင့်စ်စတာ၊ မော်ဂင်ပရက်စ်တို့ ပါဝင်ကြပါသည်။ အာရီးယားသည် ၁၆ နှစ်သမီးအရွယ်က ထိုပြိုင်ပွဲကြီးတွင် ဆီမီးဖိုင်နယ်သို့ ရောက်ခဲ့ပြီးမှ လစ်ဒီယာကိုးအား ရှုံးနိမ့်ခဲ့သည်။ ယနေ့ ကမ္ဘာ့နံပါတ်တစ်ဖြစ်နေသော ကိုးသည် ထိုစဉ်ကလည်း ကမ္ဘာ့အပျော်တမ်းအမျိုးသမီး နံပါတ်တစ်ဖြစ်ခဲ့သူပါ။ ထိုနှစ်က ကိုးပင် US Women's Amateur တံခွန်စိုက်ဖလားကြီး ရသွားပါသည်။ ကိုးက အာရီးယားထက် တစ်နှစ်ငယ်သည်။ သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက ပြိုင်ဘက်များ ဖြစ်ခဲ့ကြပါသည်။ အာရီးယားသည် ၁၆ နှစ်သမီးအရွယ်တွင်ပင် ပရိုပြောင်းခဲ့ပါသည်။
အာရီးယားသည် ၂၀၀၇ ခုနှစ်၏ အယ်လ်ပီဂျီအေပြိုင်ပွဲတစ်ပွဲဖြစ်သော ထိုင်းနိုင်ငံ၌ ကျင်းပသည့် Honda LPGA Thailand ပြိုင်ပွဲသို့ ဝင်ခွင့်ရရန် လက်ရည်စစ်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်ပြီး ပြိုင်ပွဲဝင်ခွင့်ရခဲ့ပါသည်။ ထိုစဉ်က သူကလေးအသက်မှာ ၁၁ နှစ်သာရှိသေးရာ အယ်လ်ပီဂျီအေတိုးရာဇဝင်တွင် အသက်အငယ်ဆုံး ပြိုင်ပွဲဝင်ခွင့်ရသူ စံချိန်ရှင်ဖြစ်လာခဲ့သည်။
[caption id="attachment_28513" align="alignnone" width="720"]အာရီးယားနဲ့ လစ်ဒီယာကိုး[/caption]
သူတို့ညီအစ်မနှစ်ဦးအနက် ပရိုဘဝတွင် မောရီးယားက အစပိုင်းတွင် ပိုမိုအောင်မြင်ခဲ့ပါသည်။ ၂၀၁၃ ခုနှစ်က မောရီးယား အယ်လ်ပီဂျီအေတိုးတွင် စတင်ခြေချခွင့်ရသောနှစ်၌ အယ်လ်ပီဂျီအေတိုး၏ တစ်နှစ်တာအကောင်းဆုံး လူသစ်ဂေါက်သီးမယ်ဆု ရခဲ့သောကြောင့်ပါ။ အလွန်ရခဲလှသောထိုဆုအား ထိုင်းဂေါက်သီးမယ်လေးက ရသွားခဲ့ခြင်းပါ။
၂၀၁၃ ခုနှစ်တွင် ညီမဖြစ်သူ အာရီးယားသည် ထိုင်းနိုင်ငံ၌ ဖေဖော်ဝါရီလက ကျင်းပသော Honda LPGA Thailand ပွဲဝင်ခွင့်ရခဲ့ပြန်ပါသည်။ အဆိုပါ အယ်လ်ပီဂျီအေတိုးပွဲဝင်ကစားသောနှစ်က သူကလေး၏ အသက်မှာ ၁၇ နှစ်သာရှိပါသေးသည်။ ထိုပွဲ၌ သူကလေးက သေချာပေါက်ဗိုလ်စွဲမည့်အခြေအနေကို ရခဲ့သည်။ နောက်ဆုံးနေ့တွင် နောက်ဆုံးအတွဲအဖြစ် ကစားရသောသူကလေးက ၁၇ ကျင်းအပြီးတွင် ဒုတိယနေရာ၌ ရှိနေသူ ထိုစဉ်က ကမ္ဘာ့နံပါတ်တစ် အင်ဘီပတ်ခ်အပေါ် နှစ်ချက်အသာရနေခဲ့သည်။ အင်ဘီပတ်ခ်က ကစား၍ ပြီးသွားခဲ့ပါပြီ။ နောက်ဆုံးကျင်းမှာ နှစ်ချက်နှင့်ရောက်နိုင်သော ပါဖိုက်ဖြစ်ပေရာ လွယ်ကူပြီး 'ပါ' လွတ်ရန် အကြောင်းမရှိသောကျင်းပါ။
သူကလေးက နှစ်ချက်နှင့် ဂရင်းအနီး ဘန်ကာထဲသို့ ရောက်ခဲ့သည်။ ဘန်ကာထဲက ဂေါက်သီးအနေအထားမှာ ဂရင်းဘက်သို့ရိုက်၍ မရသဖြင့် သူ့ကက်ဒီ အကြံပေးသည့်အတိုင်း ပြစ်ဒဏ်တစ်ချက်ပေးကာ ဘန်ကာထဲတွင် ဒရော့ပ်လုပ်၍ စတုတ္ထအချက်ကို ဂရင်းသို့ရိုက်ခဲ့သည်။ မှားယွင်းသောဆုံးဖြတ်ချက်ပါ။ အချက်မပေးဘဲ နဘေး၊ သို့မဟုတ် နောက်ဘက် ဖဲဝေးသို့ထုတ်ထားကာ စတုတ္ထအချက်အား ဖဲဝေးမှရိုက်ခြင်းက ပိုလွယ်ပါသည်။ အယ်လ်ပီဂျီအေတိုးတွင် ပထမဆုံးဗိုလ်စွဲနိုင်သော ထိုင်းဂေါက်သီးမယ်လေးအဖြစ် ရာဇဝင်တွင်နိုင်သည့် သူကလေးအား ထိုင်းပရိသတ်ထုကြီးကလည်း တစ်ခဲနက် အားပေးနေခဲ့ကြသည်။ သူကလေးက ခြောက်ချက် ဘိုဂီရလျှင်ပင် ဗိုလ်စွဲပါတော့မည်။
အချက်ပေး၍ ရိုက်လိုက်သော ဘန်ကာထဲမှ စတုတ္ထအချက်က ဂရင်းအား ၁၅ ပေခန့် ကျော်သွားပါသည်။ ဝမ်းချစ်ပ်ဝမ်းပတ်ရလျှင် ဗိုလ်စွဲပါမည်။ ဂရင်းက သူကလေးရိုက်မည့်ဘက်မှ အဝေးဘက်သို့ နိမ့်ဆင်းနေသဖြင့် သူကလေးက များသွားမည်ကို စိုးရိမ်စိတ်ဖြင့် ရိုက်လိုက်ရာ ဂရင်းပေါ်သို့ ရောက်ရုံလေးသာရခဲ့သည်။ ငါးချက်နှင့်မှ အွန်ခြင်းပါ။ တူးပတ်ရလျှင် အင်ဒီပတ်ခ်နှင့် တိုက်ပါမည်။ ခြောက်ချက်မြောက်ကျင်းစိမ်ချက်က ကျင်းပေါက်အား ခြောက်ပေခန့်ကျော်သွားပြန်ပါသည်။ ခုနစ်ချက်ဖြင့်ဝင်လျှင် အင်ဘီပတ်ခ်နှင့် ကျင်းပြတ်ကျင်း ပိုဆက်ကစားရပါမည်။ မဝင်ပါ။ လွဲခဲ့ပြီး ရှစ်ချက်ကျမှ ဝင်တော့သည်။ လွယ်ကူလှသော ပါဖိုက်အား သုံးချက်ပိုရိုက်မိကာ ချန်ပီယံဆုနှင့် လွဲခဲ့ရရှာသည်။ သူကလေးလည်း မျက်ရည်မဆည်နိုင်ဖြစ်ခဲ့ရပြီး ထိုင်းပရိသတ်ကြီးလည်း ယူကျုံးမရဖြစ်ခဲ့ကြသည်။
အဆိုပါ ၂၀၁၃ ခုနှစ်က အစ်မဖြစ်သူ မော်ရီးယားက အမေရိကန်အယ်လ်ပီဂျီအေတိုးတွင် ကစားခွင့်ရနေချိန်က အာရီးယားမှာ ဥရောပတိုးတွင်သာ ကစားခွင့်ရနေပါသေးသည်။ ထိုနှစ်က ထိုင်းနိုင်ငံတွင် ဒုတိယသာရပြီးနောက် တစ်လအကြာတွင် ဥရောပအမျိုးသမီးတိုး၏ပြိုင်ပွဲဖြစ်သော မော်ရိုကို၌ ကျင်းပသည့် Lalla Meryem Cup ၌ ဗိုလ်စွဲကာ ဆုကြေးယူရိုငွေ ၃၂၅,၀၀၀ ဆွတ်ခူးရရှိခဲ့သည်။
သူကလေးက မြန်မြန်ရိုက် မြန်မြန်ကစားတတ်ပြီး ကြောက်လန့်စိတ်မရှိဘဲ ကွင်းအားတိုက်စစ်ဆင် ကစားလေ့ရှိသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ၌ အာရီးယားသည် တောင်ကုန်းငယ်တစ်ခုတွင် ခြေချော်လဲကျမှုဖြစ်ပြီး ပခုံးဒဏ်ရာရခဲ့ပေရာ ရှစ်လကြာနားခဲ့ရပြီး ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းမှ ပြန်လည်ကစားနိုင်ခဲ့ပါသည်။
အယ်လ်ပီဂျီအေတိုး လက်ရည်စစ်ပွဲသို့ ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းတွင်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အောင်မြင်ပြီး ၂၀၁၅ ခုနှစ်၌ သူကလေးအား အယ်လ်ဂျီပီအေတိုးတွင် အချိန်ပြည့်တွေ့ရပါတော့သည်။ ၂၀၁၅ ခုနှစ်၌ သူကလေး လက်စွမ်းမပြနိုင်ခဲ့ပါ။ အယ်လ်ပီဂျီအေတိုး ၂၉ ပွဲ ပါဝင်ကစားခဲ့ရာ ၁၇ ပွဲ၌ နှစ်ရက်နှင့်ပြုတ်ခဲ့ပြီး နှစ်ကုန်၌ ဆုကြေးဇယားတွင် အဆင့် ၃၅ သာ ချိတ်နိုင်ခဲ့သည်။ ပြိုင်ပွဲများနှင့် ရှစ်လကြာဝေးကွာခဲ့စဉ်က ကမ္ဘာ့အဆင့်တွင် ၁၂၄ အထိ ကျဆင်းခဲ့သော သူကလေးသည် ၂၀၁၅ နှစ်ကုန်တွင်မူ အဆင့် ၃၂ အထိ ရောက်ရှိလာခဲ့ပါသည်။ ၂၀၁၅ ခုနှစ်၌ အယ်လ်ပီဂျီအေတိုး၏ အကောင်းဆုံးလူသစ်ဂေါက်သီးမယ်ဆုကိုလည်း သူကလေး မရရှိခဲ့ပါ။
၂၀၁၆ ခုနှစ်သည်ကား ကမ္ဘာ့အဆင့်သို့ သူကလေး ထိုးဖောက်နိုင်သောနှစ်ဖြစ်လာပါသည်။ မတ်လကုန်တွင် ကျင်းပခဲ့သော ဤနှစ်၏ ပထမဆုံးအမျိုးသမီးမေဂျာပွဲကြီးဖြစ်သည့် ANA Inspiration ပြိုင်ပွဲကြီးတွင် ဗိုလ်စွဲမလို စတင်ဖြစ်ခဲ့ပါသည်။ အာရီးယားသည် နောက်ဆုံးနေ့ သုံးကျင်းသာကျန်ချိန်တွင် ကမ္ဘာ့အဆင့်တစ် လစ်ဒီယာကိုးအပေါ် နှစ်ချက်အသာဖြင့် ပြိုင်ပွဲကို ဦးဆောင်နေခဲ့ပါသည်။ ကျင်း ၁၆၊ ၁၇၊ ၁၈ နောက်ဆုံး သုံးကျင်းစလုံး ဘိုဂီများ ဆက်တိုက်ပါသွားကာ စတုတ္ထသာ ချိတ်နိုင်ခဲ့သည်။
မေလ ၈ ရက်နေ့တွင် အပြီးသတ်သည့် Yoko-hama Tire LPGA Classic တွင် သူကလေး၏ ပထမဆုံးအောင်ပွဲကို ရရှိခဲ့ပါသည်။ တတိယနေ့၌ သူ့တစ်သက်တာအကောင်းဆုံး ကွင်းပတ်စကိုး ကိုးချက်လျော့ ၆၃ ချက်ကို ရိုက်နိုင်ခဲ့ပြီး ဦးဆောင်သူနေရာကို ရခဲ့သည်။ နောက်ဆုံးနေ့တွင် နှစ်ကျင်းသာလိုချိန်၌ နှစ်ချက်အသာဖြင့် သူကလေးက ဦးဆောင်နေခဲ့ရာမှ ကျင်း ၁၇ တွင် ဘိုဂီပါသွားသည့်အခါ တစ်ချက်သာ အသာရပါတော့သည်။ ယခင်ပွဲကလို ပြိုကွဲသွားဦးမလားဟု သူ့ပရိသတ်က စိတ်ပူခဲ့ကြရသည်။ စိတ်လှုပ်ရှားနေသော သူကလေးက နောက်ဆုံးပါဖိုးကျင်းတွင် ဖဲဝေးသို့ ရောက်အောင် မရိုက်နိုင်ခဲ့ပါ။ ဒုတိယအချက်လည်း ဂရင်းပေါ် မအွန်ခဲ့ပါ။ သရီးအွန်သာရခဲ့ပြီး ငါးပေ 'ပါ' ပတ်ဝင်မှ ဗိုလ်စွဲပါမည်။ သူကလေးက ခြေတွေလက်တွေ တုန်လျက်က သွင်းခဲ့ရာ ဝင်သွားပြီး ဗိုလ်စွဲခဲ့ခြင်းပါ။ ဤပွဲမတိုင်မီ ကမ္ဘာ့အဆင့် ၃၂ မှ ဤပွဲအပြီးတွင် အဆင့် ၂၁ သို့ ရောက်ရှိလာသည်။
ယင်းရက်သတ္တပတ်အပြီး ဆက်လာသောအပတ်တွင် အယ်လ်ပီဂျီအေတိုးပြိုင်ပွဲမရှိဘဲ နောက်တစ်ပတ်တွင်မှ Kingsmill Championship ပြိုင်ပွဲရှိပါသည်။ အားလပ်သောထိုအပတ်တွင် ဘန်ကောက်သို့ ခေတ္တပြန်ခဲ့ရာတွင် အမေရိကန် အယ်လ်ပီဂျီအေတိုး၌ ပထမဆုံးအောင်ပွဲရသူလေးအား ထိုင်းဝန်ကြီးချုပ်ကပင် ခေါ်ယူတွေ့ဆုံချီးကျူးဂုဏ်ပြုခဲ့ပါသည်။ ယင်းနောက် အမေရိကန်မြေသို့ ပြန်လာပြီး Kingsmill Championship ပြိုင်ပွဲဝင်ကစားခဲ့ရာ ဗိုလ်စွဲခဲ့ပြန်ပါသည်။ သုံးရက်အပြီး၌ ဦးဆောင်သူဖြစ်လာသောသူကလေးက နောက်ဆုံးနေ့တွင် အမှားအယွင်းမရှိ လေးချက်လျော့ရိုက်နိုင်ခဲ့ကာ ကိုရီးယားနွယ်ဖွား သြစတြေးလျ ဂေါက်သီးမယ်လေး ဆူအိုးအပေါ် တစ်ချက်အသာဖြင့် ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါ သည်။ ကမ္ဘာ့အဆင့်တွင် အဆင့် ၂၁ မှ အဆင့် ၁၃ သို့ တက်ရောက်လာခဲ့ပြန်ပါသည်။
ယင်းနောက် ဆက်လာသောရက်သတ္တပတ်တွင် မေလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ LPGA Volvik Championship ပြိုင်ပွဲကျင်းပခဲ့ရာ အာရီးယား ပါဝင်ကစားခဲ့ပြန်ပါသည်။ အာရီးယားက ကမ္ဘာ့အဆင့်တစ် လစ်ဒီယာကိုး၊ အဆင့်နှစ် အင်ဘီပတ်ခ်တို့နှင့်အတူ ပထမနှစ်ရက် အတူတွဲကစားခဲ့ရသည်။ အာရီးယားက ဒုတိယနေ့မှစ၍ ဦးဆောင်သူဖြစ်လာရာ တတိယနေ့တွင်လည်း ဆက်လက်ဦးဆောင်နိုင်ခဲ့ပါသည်။ နောက်ဆုံးနေ့တွင် ဒုတိယရသူအား ငါးချက်ဖြတ်၍ ဗိုလ်စွဲနိုင်ခဲ့ပါသည်။ အယ်လ်ပီဂျီအေတိုးတွင် သုံးပွဲဆက်တိုက် ဗိုလ်စွဲသူများစွာရှိခဲ့သော်လည်း ပထမဆုံးအောင်ပွဲသုံးပွဲအား ဆက်တိုက်ရခဲ့သူဟူ၍ အာရီးယားတစ်ဦးသာ ရှိပါသေးသည်။ ကမ္ဘာ့အဆင့်တွင် အဆင့်တစ်ဆယ်သို့ ရောက်လာပြီး တစ်နှစ်တာရပြီး ဆုကြေးပေါင်းတွင်လည်း ဒုတိယအများဆုံးရနေသူနေရာသို့ ရောက်ရှိလာခဲ့သည်။
မေလအတွင်း သုံးပွဲဆက်တိုက် ဗိုလ်စွဲပြီးနောက် သူကလေး ဆက်လက်ပါဝင်ကစားသောပွဲမှာ ၂၀၁၆ ခုနှစ်၏ တတိယမြောက်အမျိုးသမီးမေဂျာပွဲကြီးဖြစ်သော Women's PGA Championship ဖြစ်ပါသည်။ အာရီးယားသည် လေးပွဲဆက်တိုက် ဗိုလ်စွဲလုနီးပါးဖြစ်ခဲ့ပါသည်။ လေးရက်အပြီးတွင် စုစုပေါင်းခြောက်ချက်လျော့ဖြင့် ပူးတွဲပထမနေရာကို ရနေသူ လစ်ဒီယာကိုးနှင့် ဘရွတ်ခ်ဟင်ဒါဆင်တို့နောက်ဝယ် တစ်ချက်ကလေးအလိုဖြင့် ကျင်းပြတ်ကျင်းပို ဆက်ကစားရမည့်အခွင့်အရေးနှင့် လွဲခဲ့ရသည်။ ထိုပွဲ၌ ဟင်ဒါဆင် ဗိုလ်စွဲသွားပါသည်။
စတုတ္ထမြောက် အမျိုးသမီးမေဂျာပွဲကြီးဖြစ်သော Women's British Open က ဇူလိုင်လကုန်ပိုင်းတွင် ကျင်းပခဲ့ရာ အာရီးယားအောင်ပွဲရခဲ့ပါတော့သည်။ ဤပွဲတွင်လည်း သူကလေးက သုံးရက်အပြီးကတည်းက ဦးဆောင်သူနေရာကို ရခဲ့ရာမှ နောက်ဆုံးရက်တွင်လည်း ဆက်လက်ဦးဆောင်ကာ ဗိုလ်စွဲနိုင်ခဲ့ခြင်းပါ။ ထိုင်းလူမျိုးများထဲမှ ပထမဆုံးမေဂျာဂေါက်သီးပြိုင်ပွဲကြီး အောင်ပွဲရသူဖြစ်လာသည်။ ထိုစဉ်က သူကလေး၏အသက်မှာ ၂၀ နှစ်နှင့် ၈ လသာရှိသေးပေရာ ထိုပြိုင်ပွဲရာဇဝင်၌ ဒုတိယအသက်အငယ်ဆုံးဗိုလ်စွဲသူလည်း ဖြစ်ခဲ့ပါသည်။ ကမ္ဘာ့အဆင့်တွင် လစ်ဒီယာကိုးနောက် ဒုတိယနေရာသို့ ရောက်ရှိလာသည်။ ၂၀၁၆ ခုနှစ်အတွင်းတွင် အာရီးယားရော လစ်ဒီယာကိုးပါ အောင်ပွဲလေးပွဲရသူများဖြစ်လာသည်။ နှစ်ဦးစလုံးတွင် မေဂျာအောင်ပွဲကလည်း တစ်ပွဲစီပါဝင်နေကြသည်။
ယင်းကာလနောက်ပိုင်းဝယ် အယ်လ်ပီဂျီအေတိုးပြိုင်ပွဲများသည် ရီယိုအိုလံပစ်အားကစားပွဲတော်ကြောင့် ရပ်နားခဲ့ပါသည်။ အာရီးယားအိုလံပစ်ပြိုင်ပွဲဝင်ခဲ့ရာ ပထမနေ့က ပြိုင်ပွဲဦးဆောင်သူပင်ဖြစ်ခဲ့ပါသေးသည်။ သို့သော် ဘယ်ဘက်ဒူးနာကျင်မှုကြောင့် တတိယနေ့တွင် ပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရသည်။ ယင်းနောက် အယ်လ်ပီဂျီအေတိုးပြိုင်ပွဲများသည် သြဂုတ်လ နောက်ဆုံးပတ်၌ Canadian Pacific Women's Open ဖြင့် ပြန်လည်စတင်ခဲ့ပါသည်။ အာရီးယားက ပါဝင်ကစားခဲ့ရာ သုံးရက်အပြီးတွင် ဦးဆောင်သူဖြစ်ခဲ့ပြန်ပါသည်။ နောက်ဆုံးနေ့တွင်လည်း ဆက်လက်၍ လက်စွမ်းပြကာ စုစုပေါင်း ၂၃ ချက်လျော့ဖြင့် ဗိုလ်စွဲခဲ့ပါသည်။ ဒုတိယရသူအပေါ် လေးချက်ဖြတ်နိုင်ခဲ့သည်။ ၂၀၁၆ ခုနှစ်အတွင်း အောင်ပွဲစုစုပေါင်းငါးပွဲဖြစ်သွားပြီး လစ်ဒီယာကိုးထက် အောင်ပွဲတစ်ပွဲ ပိုလာပါသည်။ သို့သော် တစ်နှစ်တာဆုကြေးဇယား၊ Race to CME Globe အမှတ်ဇယား (နှစ်ကုန်၌ အမှတ်အများဆုံးရသူအား အပိုဆောင်းဆုကြေး ဒေါ်လာတစ်သန်းပေးမည့် အမှတ်ဇယား) နှင့် တစ်နှစ်တာ အကောင်းဆုံးဂေါက်သီးမယ်အမှတ်ဇယားစသော အရေးပါလှသည့် အမှတ်ဇယားသုံးခုစလုံးတွင် လစ်ဒီယာကိုးက ဦးဆောင်ဆဲဖြစ်ပါသည်။
အယ်ပီဂျီအေတိုး၏ ၂၀၁၆ ရာသီနောက်ဆုံးပိတ်ပြိုင်ပွဲမှာ နိုဝင်ဘာလ ၁၇ ရက်နေ့မှ ၂၀ ရက်နေ့အထိ ကျင်းပသည့် CME Group Tour Championship ဖြစ်ပါသည်။ ထိုပြိုင်ပွဲအပြီးတွင် တစ်နှစ်တာ အမှတ်ဇယားများဖြတ်မည်ဖြစ်ပြီး တစ်နှစ်တာအကောင်းဆုံး မည်သူဆိုသည့်အဖြေ ထွက်ပေါ်လာပါတော့မည်။
အဆိုပါနောက်ဆုံးပွဲမတိုင်မီအထိ အယ်လ်ပီဂျီအေတိုးပြိုင်ပွဲပေါင်းကိုးပွဲ ကျန်နေသေးရာ ထိုကိုးပွဲအနက် ခုနစ်ပွဲသို့ အာရီးယားက ဝင်ကစားခဲ့ပြီး ကိုးက ခြောက်ပွဲဝင်ကစားခဲ့ပါသည်။ အာရီးယားချိတ်နိုင်ခဲ့သော အဆင့်များမှာ ပူးတွဲ ၅၊ ပူးတွဲ ၉၊ ၆၊ ပူးတွဲ ၁၃၊ ၃၊ ပူးတွဲ ၄၃ နှင့် ပူးတွဲ ၁၀ များဖြစ်ပြီး ရလိုက်သော ဆုကြေးက ဒေါ်လာ ၃၉၈,၃၀၄ ဖြစ်ပါသည်။ ကိုးချိတ်ခဲ့သော အဆင့်များမှာ ပူးတွဲ ၅၊ ပူးတွဲ ၄၃၊ ပူး တွဲ ၂၀၊ ပူးတွဲ ၅၁၊ ပူးတွဲ ၁၂ နှင့် ပူးတွဲ ၄၃ များဖြစ်ပြီး ရလိုက်သော ဆုကြေးငွေမှာ ဒေါ်လာ ၁၃၁,၃၆၁ ဖြစ်ပါသည်။
အထက်ဖော်ပြပါပွဲများ၏ ရလဒ်များကြောင့်ဆိုခဲ့သော အမှတ်ဇယားသုံးခုစလုံးတွင် အာရီးယားက ကိုးထက်သာသွားခဲ့ပါသည်။ သို့သော် နှာတစ်ဖျားခန့်သာဟု ဆိုရပါမည်။ ဆုကြေးဇယားတွင် ဒေါ်လာ နှစ်သောင်းခန့်၊ Race to CME Globe အမှတ်ဇယားတွင် ငါးရာမှတ်နှင့် တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးမယ်အမှတ်ဇယား၌ ၁၄ မှတ်သာ သာလွန်ခြင်းပါ။ အဆုံးအဖြတ်မှာ အပြီးသတ်ပြိုင်ပွဲ၏ရလဒ်အပေါ် မူတည်လျက်ရှိနေပါသည်။
[caption id="attachment_28516" align="alignnone" width="720"]လစ်ဒီယာကိုးရဲ့ ကစားဟန်[/caption]
နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အပြီးသတ်ပြိုင်ပွဲကြီး၏ ပထမကွင်းပတ်စတင်ခဲ့ရာ ခြောက်ချက်လျော့ဖြင့် ရှန်ရှန်ဖန်းက ဦးဆောင်နေပြီး ကိုးက နှစ်ချက်လျော့ဖြင့် အဆင့်ပူးတွဲ ၁၆၊ အာရီးယားက အီးဗင်းပါသာရကာ အဆင့် ပူးတွဲ ၃၂ ၌သာ ရှိနေပါသည်။ ဒုတိယနေ့၌ ကိုးက ပြိုင်ပွဲစံချိန်သစ် ဆယ်ချက်လျော့ ၆၂ ချက် ကွင်းပတ်ကို ရခဲ့ကာ ပေါင်း ၁၂ ချက်လျော့ဖြင့် တစ်ဦးတည်းဦးဆောင်သူဖြစ်လာသည်။ ဒုတိယရနေသူများအပေါ် သုံးချက်ပင်သာနေခဲ့သည်။ အာရီးယားက နှစ်ရက်ပေါင်း လေးချက်လျော့တွင်သာ ရှိနေပါသည်။ ကိုးသာ ဤပွဲနိုင်လိုက်ပါက ဇယားသုံးခုစလုံးကို ဦးဆောင်သူပြန်ဖြစ်လာကာ ဒေါ်လာတစ်သန်း အပိုဆောင်းဆုကြေးအား သုံးနှစ်ဆက်တိုက်အဖြစ် ဆွတ်ခူးတော့မည့် အနေအထားပါ။
သို့သော် တတိယနေ့၌ ကိုးက တစ်ချက်ပို ၇၃ ချက်သာ ရိုက်နိုင်ခဲ့ပြီး အာရီးယားက ခုနှစ်ချက်လျော့ ရိုက်နိုင်ခဲ့ပေရာ သူတို့နှစ်ဦးစလုံး သုံးရက်ပေါင်း ၁၁ ချက်လျော့စီဖြင့် အဆင့်ပူးတွဲ လေးနေရာသို့ ရောက်လာကြသည်။ ချာလီဟားလ်က ပေါင်း ၁၃ ချက်လျော့ဖြင့် ဦးဆောင်နေပါသည်။ ဇယားသုံးခု၏ ထိပ်ဆုံးနေရာ မည်သူရမည်ဟူသည်မှာ နောက်ဆုံးနေ့၏ရလဒ်အပေါ် မူတည်နေပါတော့သည်။
နောက်ဆုံးနေ့တွင် ချာလီဟားလ်ကပင် ဦးဆောင်နိုင်ခဲ့ကာ စုစုပေါင်း ၁၉ ချက်လျော့ဖြင့် ဗိုလ်စွဲသွားပါသည်။ ကိုးက အီးဗင်ပါသာ ရိုက်နိုင်ခဲ့ပြီး အာရီးယားက သုံးချက်လျော့ရခဲ့သဖြင့် အာရီးယားက ပေါင်း ၁၄ ချက်လျော့ဖြင့် ပူးတွဲအဆင့် လေးချိတ်ခဲ့ပြီး ကိုးကမူ ပေါင်း ၁၁ ချက်လျော့ဖြင့် အဆင့်ပူးတွဲ တစ်ဆယ်သာ ချိတ်နိုင်ခဲ့ပါသည်။ ဇယားသုံးခုစလုံး၌ ထိပ်ဆုံးနေရာများအား အာရီးယားက ရရှိသွားပါတော့သည်။ ဤပွဲမှရသည့် ပူးတွဲစတုတ္ထဆုကြေး ဒေါ်လာ ၇၅,၇၁၀ ကြောင့် တစ်နှစ်တာ ဆုကြေးပေါင်းတွင် ဒေါ်လာ ၂ ဒသမ ၅၅ သန်းဖြင့် ပထမနေရာသို့ ရောက်ခဲ့ပြီး ဒေါ်လာ ၂ ဒသမ ၄၉ သန်းရသူ ကိုးက ဒုတိယနေရာသာ ရခဲ့ပါသည်။
Race to CME Globe အမှတ်ဇယားတွင်လည်း အာရီးယားက အမှတ် ၆,၈၀၀ ဖြင့် ပထမနေရာ၊ ကိုးက အမှတ် ၅,၀၅၀ ဖြင့် ဒုတိယနေရာရခဲ့ပါသည်။ တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမယ်အမှတ်ဇယားတွင် အာရီးယားက ၂၆၈ မှတ်၊ ကိုးက ၂၄၈ မှတ်ဖြင့် ပထမနှင့် ဒုတိယနေရာများ ရခဲ့ပါသည်။
ကမ္ဘာ့အဆင့်တွင် အမျိုးသမီး ဗြိတစ်ရှ်အိုးပင်းပြီးကတည်းက ဒုတိယနေရာသိုY ရောက်လာခဲ့သော အာရီးယားသည် ဒုတိယနေရာ၌ ဆက်လက်တည်မြဲလျက် ရှိနေပါသည်။ လစ်ဒီယာကိုးမှာ လွန်ခဲ့သော နှစ်နှစ်အတွင်း အယ်လ်ပီဂျီအေတိုးပြိုင်ပွဲပေါင်း ကိုးပွဲပင် ဗိုလ်စွဲထားသူဖြစ်၍ အမှတ်တွင်တော့ အပြတ်သာလွန်နေပါသေးသည်။ သူတို့နှစ်ဦး၏အမှတ်များမှာ အမျိုးသမီးဗြိတစ်ရှ်အိုးပင်းပြီးစက ၁၄ ဒသမ ၈၂ မှတ်နှင့် ၈ ဒသမ ၂၅ မှတ်ဖြစ်ပြီး နိုဝင်ဘာလရာသီပိတ်ပြိုင်ပွဲကြီး အပြီးတွင် ၁၂ ဒသမ ၆၅ မှတ်နှင့် ၈ ဒသမ ၄၂ မှတ်တို့ဖြစ်ကြပေရာ နီးကပ်၍တော့ လာနေပါသည်။ တစ်နှစ်တာအကောင်းဆုံးဂေါက်သီးမယ်ဆုရခဲ့သော ထိုင်းဂေါက်သီးမယ်လေး ကမ္ဘာ့အဆင့်တစ်ဖြစ်နိုင်မည်လားဆိုလျှင် ဖြစ်နိုင်သည်ဟု ဆိုရပါမည်။ လာမည့်နှစ်များတွင် မေဂျာပြိုင်ပွဲကြီးများ အပါအဝင် ပြိုင်ပွဲများ ထပ်မံဗိုလ်စွဲရန် လိုအပ်ပါသည်။
ထိုင်းနိုင်ငံတစ်ရပ်လုံးကတော့ သူတို့၏ နိုင်ငံ့ဂုဏ်ဆောင် ထိုင်းဂေါက်သီးမယ်လေးအတွက် များစွာဂုဏ်ယူမဆုံး ဖြစ်နေကြပါတော့သည်။
ဝင်းမြင့်သိန်း