News
ASEAN
BRICS
Events
MEF
Seminar
International News
Local News
Articles
Feature
Health
Profile
Interviews
New Business
Tourism
Trade & Investment
Property
Management
Technology
Books
Leisure
Opinion
About Us
Contact
Advertise With Us
ရန်ကုန်နဲ့နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာ-အီးယူလုပ်ငန်းအဖွဲ့အစည်းအဝေး EU-Myanmar Task Force
Editorial
January 20, 2014
Interview
Profile
EU-Myanmar Task Force (မြန်မာ-အီးယူလုပ်ငန်းအဖွဲ့အစည်းအဝေး) ကို ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နဲ့ ၁၅ ရက်တို့မှာ ရန်ကုန်နဲ့နေပြည်တော်မှာ အသီးသီး ကျင်းပခဲ့ပါတယ်။ နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ UMFCCI မှာ ပထမနေ့ကျင်းပစဉ် သမ္မတရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ပြည်သူ့လွှတ်တော် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr Roland Kobia ၊ European Commission ဒုတိယဥက္ကဋ္ဌ Catherine Ashton၊ EU ဒုတိယဥက္ကဋ္ဌ Antonio Tajani ၊ European Commissioner များဖြစ်ကြတဲ့ Andris Piebalgs နဲ့ Dacian Ciolos တို့အပြင် EU က စီးပွားရေးလုပ်ငန်းရှင်တစ်ရာခန့် တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ ရန်ကုန်မြို့မှာ ကျင်းပတဲ့အစည်းအဝေးမှာ Business Forum, Civil Society Forum နဲ့ Development Forum တွေ ပါဝင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေပြည်တော် MICC ခန်းမမှာကျင်းပတဲ့ EU-Myanmar Task Force ဖွင့်ပွဲအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်တက်ရောက် ပြီး အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ အဲဒီနေ့အစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲများနဲ့ EU က အဆင့်မြင့်အရာရှိကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဧည့်သည်တော်များက စီးပွားရေး၊ နိုင်ငံရေးနဲ့ ပါလီမန်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ Forum တွေမှာ ပါဝင်ဆွေးနွေးခဲ့သလို သဘောတူစာချုပ်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
EU ရဲ့ မြန်မာနိုင်ငံမှာ ပူးပေါင်းဆောင်ရွက်သွားမယ့် အစီအစဉ်
EU အနေနဲ့ မြန်မာနိုင်ငံနဲ့ ၂၀၁၄ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း အတူပူးပေါင်းကာ ဖွံ့ဖြိုးမှုအတွက် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အဓိက အတူ လက်တွဲဖော်ဆောင်သွားမယ့်ကဏ္ဍတွေကတော့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့ အုပ်ချုပ်မှုပိုင်းတို့ ဖြစ်ပါတယ်။ EU အနေနဲ့ မြန်မာနိုင်ငံကို ထောက်ပံ့တဲ့ပမာဏကိုလည်း တစ်နှစ်ကို မြန်မာကျပ်ငွေ ၁၂၀ ဘီလီယံအထိ တိုးသွားဖို့လည်း ရှိလာနိုင်တယ်လို့ သိရပါတယ်။
EU က မြန်မာနိုင်ငံတွင်း လက်ရှိဆောင်ရွက်မှုများ
မြန်မာနိုင်ငံအတွက် EU က ၁၉၉၆ ခုနှစ်ကတည်းက ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာကျပ်ငွေလေးရာ ဘီလီယံကျော်သုံးကာ ကူညီသွားဖို့ အစီအစဉ်ချမှတ်ထား ခဲ့တာဖြစ်ပါတယ်။ ၂၀၁၂-၂၀၁၃ ခုနှစ်အတွင်း မြန်မာကျပ် ငွေနှစ်ရာဘီလီယံခန့် ထောက်ပံ့မှုတွေ လုပ်ဆောင်သွားမယ်လို့ ၂၀၁၂ ခုနှစ်အတွင်းက ကြေညာခဲ့ပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ အိုးအိမ်မဲ့ပြည်သူများအရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ ရာသီဥတုအပြောင်းအလဲနဲ့ ကုန်သွယ်မှုနဲ့ ပုဂ္ဂလိက ကဏ္ဍတွေ အတွက် ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ ၂၀၁၃ ခုနှစ်ထဲမှာကြေညာခဲ့ပါတယ်။ EU မြန်မာTask Force နောက်ပိုင်းမှာလည်း လူသားချင်း စာနာမှု အကူ အညီပေးရေး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေးတို့အတွက် ဆက်လက်အကူအညီပေးသွားမှာ ဖြစ်ပါတယ်။
ဦးသိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ အတွင်း ဥရောပနိုင်ငံများရဲ့ တိုးတက်အောင်မြင်မှုတွေဟာ မိမိတို့နိုင်ငံ အတွက် ရှေ့ဆောင်လမ်း ပြသင်ခန်းစာကောင်းတစ်ခုဖြစ်ပါတယ်။ ဥရောပနိုင်ငံတွေက ပေးတဲ့ သင်ခန်းစာကို မိမိတို့နိုင်ငံရဲ့ နိုင်ငံရေးအရှိတရားပေါ် အခြေခံပြီး ရရှိထားတဲ့ နိုင်ငံရေးဖြစ်စဉ်နဲ့အတူ လိုက်လျော ညီထွေ ဖြစ်အောင်ပြုလုပ်ကာ ပြုပြင်ပြောင်းလဲမှုတွေ ဖော်ဆောင်သွားရမှာ ဖြစ်ပါတယ်။
ဦးစိုးသိန်း
ပြည်ထောင်စုဝန်ကြီး
သမ္မတရုံးဝန်ကြီးဌာန
မြန်မာ့သမိုင်းမှာ အရေးပါတဲ့အလှည့်အပြောင်းကာလမှာ ဥရောပသမဂ္ဂရဲ့ အကူအညီတွေဟာ အရေးကြီးလှပါ တယ်။ ယခုလို ပူးပေါင်းဆောင်ရွက်မှုကို မိမိတို့က တန်ဖိုးထားကာ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားနိုင်ရေး အတွက် မျှော်လင့်ထားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့လွှတ်တော်
တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီ ဥက္ကဋ္ဌ
တာဝန်ယူတတ်တယ်လို့ ပြောတဲ့အခါ CSR ဆိုတဲ့ လူမှု တာဝန်ယူမှုလောက်ကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ နိုင်ငံရေး အရ တာဝန်ယူမှု၊ ဥပဒေကြောင်းအရ တာဝန်ယူမှုတွေ ပါဝင်ပါတယ်။ တာဝန်ယူမှုဆိုတဲ့စကားမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ပါတယ်။
Catherine Ashton
EU High Representative/Vice President of the European Commission
ကျွန်မတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုအင်အားကနေ အောင်မြင်မှုများစွာ ရရှိနိုင်မယ်၊ ရရှိလိမ့်မယ်လို့ အလေးအနက် ယုံ ကြည်ထားသလို ကျွန်မတို့ အခုကာလနဲ့ နောင်ကာလတွေမှာ ယူဆောင်လာမယ့် အတွေ့အကြုံတွေ၊ အသိပညာတွေဟာ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးများအတွက် အထူးပဲ အကျိုးပြု နိုင်ပါလိမ့်မယ်။
Andris Piebalgs
EU Commissioner for
Development
ရှေ့လျောက်ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကို ကျွန်တော်တို့ မေ့ထားလို့မရပါဘူး။ EU က အဓိက အလှူရှင်တစ်ဦးအနေနဲ့ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေဆက် လက်ဆောင်ရွက်သွားဖို့ ဆက်လက်အားပေး ပံ့ပိုးရပ်တည်ပေးသွားမှာ ဖြစ်ပါတယ်။
Conor Fahy
Regional Director Latin America & High Growth Markets
Enterprise Ireland
ကျွန်တော်က အိုင်ယာလန်နိုင်ငံကပါ။ SME တွေကို ကူညီဖို့အတွက် ဆောင်ရွက်ပေးတဲ့ အိုင်ယာလန်အစိုးရ အဖွဲ့အစည်းကို ကိုယ်စားပြုပြီး တက်ရောက်တာဖြစ်ပါတယ်။ အခုလို အစည်းအဝေးမျိုးကျင်းပတဲ့အတွက် အဆက်အသွယ် တွေများလာတယ်။ နိုင်ငံသစ်တစ်ခုအကြောင်း၊ အင်မတန်စိတ် ဝင်စားစရာ ဖွံ့ဖြိုးတိုးတက် မှုတွေအကြောင်း သိလာပါတယ်။ ကျွန်တော်တို့ အိုင်ယာလန်နိုင်ငံက သင်ခန်းစာတွေကိုလည်း မြန်မာနိုင်ငံက မိတ်ဆွေတွေနဲ့ မျှဝေပေးနိုင်မှာပါ။ ကျွန်တော်တို့နိုင်ငံဟာ နှစ်ပေါင်း ၂၀၊ ၃၀ လောက် လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ စီးပွားရေးကနေမှ နည်းပညာ အခြေခံ စီးပွားရေးဘက်ကို ကူးပြောင်းလာတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဟာ လူဦးရေ လေးသန်းလောက်ရှိတဲ့ နိုင်ငံငယ်လေးဖြစ်ပါတယ်။ ကျွန်တော်တို့မှာ မျှဝေပေးစရာ အတွေ့ အကြုံတွေရှိသလို၊ ကျွန်တော်တို့ဆီက စိတ်ကူးစိတ်သန်းတွေက မြန်မာနိုင်ငံအတွက် အကျိုးရှိနိုင်မှာပါ။
Andrea Pinna
European Investment Bank
Luxembourg
မြန်မာ--EU ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီး အခိုက်အတန့်တစ်ခုပါပဲ။ အခုအစည်းအဝေးတွေ မှာ နှစ်နိုင်ငံအကြား ပိုမိုကောင်းမွန်တဲ့ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေါ်လာစေဖို့ ဆွေးနွေးမှုတွေ ပါဝင်ပါတယ်။ ရေ၊ စွမ်းအင်၊ သန့်ရှင်းရေးနဲ့ မီးရထားလမ်း စတဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေမှာ ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ် က ရင်းနှီးမြှုပ်နှံမယ့်၊ ငွေကြေးပံ့ပိုးမယ့်အစီအစဉ်တွေလည်း ပါဝင်ပါတယ်။ မြန်မာနိုင်ငံဟာ အခုလို ပွင့်လင်းလာ သလို ဥရောပရင်းနှီးမြှုပ်နှံမှုဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကတိကဝတ်ပြုလိုက်ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်ချဲ့ထွင်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ ဖွံ့ဖြိုးမှုမရှိရင် ကြီးပွားချမ်းသာရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးတို့ မရှိနိုင်ပါဘူး။ ဖွံ့ဖြိုးတိုးတက် မှုဟာ စွမ်းအင်၊ ပညာရေး၊ ကျန်းမာရေး၊ သယ်ယူပို့ဆောင်ရေး၊ ပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်လိုမျိုး အခြား အရေးပါတဲ့အခြေခံအဆောင်အအုံတွေအတွက် အဓိကဖြည့်ဆည်းမှုတစ်ခု ဖြစ်ပါတယ်။
Marc Thill
Ambassador of Luxembourg
Embassy in Thailand
ကျွန်တော်က မြန်မာနိုင်ငံဆိုင်ရာ လူဇင်ဘတ်နိုင်ငံ သံအမတ်ကြီးပါ။ ဒီအစည်းအဝေးကို လာတာက လူဇင်ဘတ် နဲ့ မြန်မာစီးပွားရေးဆောင်ရွက်မှုတွေရှိနေတဲ့အတွက် ဖြစ်ပါတယ်။ အခုတစ်ကြိမ်မှာတော့ ခရီးသွားလုပ်ငန်း၊ အသက်မွေးဝမ်းကျောင်းမှုပညာသင်တန်းပေးရေးနဲ့ ကျေးလက်ဖွံ့ဖြိုးရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့ ရှိ ပါတယ်။ အဲဒီထဲက အချို့လုပ်ငန်းတွေကို ၂၀၁၄ ခုနှစ် အစောပိုင်းမှာ စတင်နိုင်ပါလိမ့်မယ်။ အခုအထူးလုပ်ငန်းအဖွဲ့အစည်းအဝေးဟာ အလွန်အရေးကြီးသလို EU က မြန်မာနိုင်ငံအပေါ် စိတ်ဝင် တစားရှိပြီး နှစ်ဦးနှစ်ဖက်ရှေ့လျှောက်ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားဖို့ လိုလိုလားလားရှိနေတာကို ဖော်ပြ လိုက်တာလည်း ဖြစ်ပါတယ်။ နောက်ပြီး သဘောတူညီမှုတွေ အများကြီးလက်မှတ်ရေးထိုးမှာပါ။ ဒီအစည်းအဝေး မှာ EU ရဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ရာကျော် ပါဝင်ပါတယ်။ ဝန်ကြီးတွေ၊ တာဝန်ရှိသူတွေ၊ ကုမ္ပဏီတွေနဲ့ စီးပွားရေး ဆွေးနွေးပွဲမှာ ဆွေးနွေးပါမယ်။ အထူးလုပ်ငန်းအဖွဲ့ဟာ ရရှည်ဆောင်ရွက်ရမှာဆိုတော့ အဆက်မပြတ် အကဲဖြတ်မှုတော့ လိုပါတယ်။
Jean-Claude VERSQUE
Head of International Trade
International Department
Chambre de Commerce Luxembourg
ကျွန်တော်က လူဇင်ဘတ်နိုင်ငံကပါ။ စီးပွားရေးဖိုရမ်မှာ ပါဝင်ဆွေးနွေးခဲ့ပါတယ်။ ကျွန်တော်တို့က လူဇင်ဘတ် စီး ပွားရေးအသိုင်းအဝိုင်းကို ကိုယ်စားပြုပါတယ်။ လူဇင်ဘတ် ကုမ္ပဏီတွေက ဒီမှာဘယ်လိုလုပ်ကိုင်နိုင်မလဲ အခွင့်အလမ်း တွေ ရှာဖွေပါမယ်။ မြန်မာနိုင်ငံဟာ အဖိုးတန် သဘာဝရင်းမြစ်တွေ အများကြီးရှိတဲ့ နိုင်ငံကြီး တစ်ခု ဖြစ်ပါတယ်။ မြန်မာ စီးပွားရေးသမားတွေဟာ စိတ်ကူးသစ်တွေကို လမ်းဖွင့်ပေးထားရမယ်။ လုပ်နည်းလုပ် ဟန်တွေ၊ အသိပညာတွေ၊ အတတ်ပညာတွေ သင်ယူလိုစိတ်ရှိရမယ်။ မြန်မာနိုင်ငံက ပို့ကုန်တွေနဲ့ ကမ္ဘာမှာစီး ပွားရေးလုပ်ပုံကိုင်ပုံတွေကို EU ဆီက နေသင်ယူနိုင်ပါတယ်။ ဥရောပကုန်သည်များအသင်းဟာ မကြာခင် မြန် မာနိုင်ငံမှာ ရုံးခန်းဖွင့်လှစ်နိုင်ဖွယ်ရှိ ပါတယ်။ အဲဒီလိုဖွင့်လှစ်နိုင်ပြီဆိုရင်တော့ ဥရောပကုမ္ပဏီတွေ ကို မြန်မာနိုင်ငံမှာလုပ်ငန်းတွေ ဘယ်လိုထူထောင်ရ မယ်ဆိုတာ အကြံပေးနိုင်ပါလိမ့်မယ်။ မြန်မာအစိုးရကိုလည်း သင့်တော်တဲ့ရင်းနှီးမြှုပ်နှံမှုဥပဒေတွေ ထုတ်ပြန်နိုင်အောင်၊ မြန်မာကုမ္ပဏီတွေ ဥရောပကိုဝင်ရောက်နိုင်အောင် အကူအညီပေးသွားနိုင်မှာ ဖြစ်ပါတယ်။
KNDREAS LIST
Delegation of the European Union
EU-Myanmar Task Force ဟာ အတူလက်တွဲလုပ်ဆောင် မယ်ဆိုတဲ့သဘောထားကို မြင်သာစေတာကြောင့် အလွန်အရေးကြီးပါတယ်။ ဒါက EU နဲ့ မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေးမှာ စာမျက်နှာအသစ်တစ်ခု ဖွင့်လှစ် လိုက်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့အတွက် ကောင်းမွန် တဲ့နေရာ တစ်ခုဖြစ်ကြောင်း ပြသခွင့်ရခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှုအပိုင်းမှာဆိုရင် ခရီးသွားလုပ်ငန်းကိုပဲဆိုပါစို့။ ဒါဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအရ အကြီး ဆုံးလုပ်ငန်းတစ်ခုဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့လည်း တာဝန်သိသိ သေချာပုံစံဆွဲထားတဲ့အစီအစဉ်တွေ နဲ့သာ ရှေ့ဆက်သွားမယ်ဆိုရင် အကျိုးအမြတ်ရှိမယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ အတူ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာမယ်ဆိုရင် အလုပ်အကိုင်တွေ ဖန်တီးပေးသလို၊ နိုင်ငံဖွံ့ဖြိုး စည်ပင်လာမှာ လည်းဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ မြန်မာနိုင်ငံက SME တွေအနေနဲ့ ကိုယ်တိုင်အခြေအနေတွေ ဖြစ် ထွန်းလာအောင် ဖန်တီးယူပြီး မြန်မာနိုင်ငံအပြင်ဘက်ကိုကျော်ပြီး ဈေးကွက်ချဲ့ထွင်လာနိုင်စေချင်ပါတယ်။
Robert Cooper
Special Advisor to EU High Representative
စီးပွားရေး၊ နိုင်ငံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာတွေက တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေတာပါ။ စီးပွားရေးလုပ်ချင် တဲ့သူတစ်ယောက်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အကြောင်းကိစ္စတွေကို မသိလို့မရသလို ဖွံ့ဖြိုမှုပိုင်းကို အလေးထားဖို့လည်း လိုအပ်ပါသေးတယ်။ ဒါကြောင့် EU ကလူတွေကို မြန်မာနိုင်ငံအကြောင်း ပိုသိစေချင်ပြီး သူတို့ကို ဒီမှာကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်စေချင်ပါတယ်။ သူတို့ထဲက တချို့က မကြာမီအချိန်အတွင်း မှာပဲ ငွေရေးကြေးရေးအရရော၊ ခေတ်မီ ဖွံ့ဖြိုးအောင် လုပ်တဲ့နေရာမှာရော ပါဝင်ကူညီတာ၊ ရင်းနှီးမြှုပ်နှံ တာတွေ ပြုလုပ်လာပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ကြီးမားတဲ့ပြောင်းလဲမှုတွေ ဖြစ်ပျက်နေတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ဒါပေမဲ့ ဒီထက် နည်းနည်းပိုပြီး ပြောင်းလဲဖို့၊ အဓိကကတော့ အစိုးရပိုင်းက ဒီထက်ပိုမြန်မြန် ပြောင်း လဲသင့်တယ်လို့ထင်ပါတယ်။ အုပ်ချုပ်ရေးပိုင်းကနေ ရင်းနှီးမြှုပ်နှံချင်သူတွေရဲ့ အသံတွေကို ဒီထက်ပိုပြီး နားထောင်ပေးတာလိုမျိုးပါ။ ရင်းနှီးမြှုပ်နှံသူတွေဘက်ကလည်း နိုင်ငံရေးအခြေအနေ ရေရှည်တည်ငြိမ်မှုကို လို ချင်ကြပါတယ်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက်ဆိုရင်တော့ အဓိကလုပ်ဆောင်သင့်တဲ့ အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမအဆင့်က သင့်လျော်တဲ့အခြေခံနဲ့ မြေယာရပိုင်ခွင့်တွေကို ထုတ်ပြန်ပေးရမှာပါ။ ဒါမှ တောင်သူလယ်သမားတွေအနေနဲ့ လုံခြုံမှုရှိမှာဖြစ်ပြီး သူတို့စိုက်ချင်တဲ့ကောက်ပဲသီးနှံကို စိုက်ခွင့်ရတာမျိုး၊ သင့်တင့်လျှောက်ပတ်တဲ့ အတိုးနှုန်းထား နဲ့ ချေးငွေရရှိနိုင်တာမျိုး အပါအဝင် သူတို့ရဲ့ရပိုင်ခွင့်တွေကို ကာကွယ်ပေးပြီးသားဖြစ်ပါမယ်။ ဒုတိယအဆင့်ကတော့ ချေးငှားဖို့နဲ့ လယ်ယာစိုက်ပျိုးရေး လုပ်ထုံးလုပ် နည်းတွေ တိုးတက်စေဖို့ Agricultural Bank တစ်ခု တည်ထောင်ဖို့ ဖြစ်ပါတယ်။ ဒါတွေပြီးရင်တော့ အရည်အသွေး အဆင့်မြှင့်တင်ပြီး ဥရောပကို ကုန်ပစ္စည်းအမြောက် အမြားတင်ပို့နိုင်မှာပါ။
ဒေါက်တာမျိုးသန့်
CEC Member, UMFCCI
ဒီ Task Force က မြန်မာနိုင်ငံအတွက် အင်မတန် အကျိုးရှိပါတယ်။ သူတို့လာတာက စီးပွားရေးလုပ်မယ့်သူတွေ အများကြီးကိုခေါ်လာတာပါ။ သူတို့ မြန်မာနိုင်ငံကိုစိတ်ဝင်စားပြီး အလုပ်လုပ်လို့ရှိရင် ကျွန်တော်တို့ တိုင်းပြည် အတွက် အများကြီး အကျိုးရှိပါတယ်။ ဝင်ငွေလည်းရမယ်၊ အလုပ်အကိုင်လည်းရမယ်ပေါ့။ ကျွန်တော်တို့ရဲ့ ရင်းနှီးမြှုပ်နှံမှု အနေအထားကို တချို့ကတော့ အဆင်မပြေဘူး၊ မပြည့်စုံသေးဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ နေရာတိုင်းမှာတော့ Perfect ဖြစ်ဖို့ စောင့်နေလို့ မရဘူးလေ။ ၁၀၀ ရာခိုင်နှုန်း Perfect ဖြစ်မှလာ မယ်ဆိုရင်တော့ တအားနောက်ကျနေလိမ့်မယ်။ EU ကနေပြီး မြန်မာပြည်နဲ့ အလုပ်မလုပ်ဖူးတဲ့ လူတွေကလည်း မြန်မာပြည် အကြောင်းကိုသိပြီး မြန်မာပြည်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့လည်း အဆက်အသွယ်တွေရပြီးတော့ ကန်ထရိုက်တွေ၊ Business Connection တွေ တဖြည်းဖြည်းနဲ့ ရလာမှာပါ။
Frank Janmaat
MD, Light House
ကျွန်တော်က EU Myanmar Task Force မှာ ခရီးသွားလာရေးကဏ္ဍကိုပဲ တက်ရောက်ဆွေးနွေးခဲ့တာ ပါ။ နိုင်ငံတကာ ကုမ္ပဏီတွေ မြန်မာနိုင်ငံကိုလာရောက်ဖို့ လွန်ခဲ့တဲ့နှစ်နှစ် လောက်ကတည်းက စိတ်ဝင်စားခဲ့ကြ တာဖြစ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီလိုစိတ်ဝင်စားတဲ့ Trade Mission တွေကို ကူညီခဲ့ဖူးပါတယ်။ အဲဒီ Trade Mission တွေ ကို တိုက်ရိုက်အကောင်အထည်ဖော်တာက သိပ်နည်းနေသေးတာကြောင့် စိတ်ပျက် ဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ငန်းလုပ်ဖို့က မသဲကွဲတဲ့နေရာတွေ (Grey Areas) ရှိနေတုန်းပါပဲ။ FDI Law ၊ Banking System တွေမှာ ဖြစ်ပါတယ်။ အရာရာက အဆင်သင့်မဖြစ်သေးပါ ဘူး။ မြန်မာနိုင်ငံက SME တွေအနေနဲ့ အတုယူလုပ်ဆောင်ရမယ့်အရာတွေ အများကြီးရှိနေပါသေးတယ်။ သူတို့ရဲ့ အုပ်ချုပ်မှုပိုင်းဟာ အနည်းငယ်ပဲဖွံ့ဖြိုးသေးတာဖြစ်ပြီး ဒါကလည်း ပြီးခဲ့တဲ့ဆယ်စုနှစ်တွေက သူတို့မှာ ပြင်ပနဲ့ထိတွေ့မှုမရှိသလို၊ ယှဉ်ပြိုင်စရာမရှိခဲ့လို့ဖြစ်ပါတယ်။ ဥပမာ - ဟိုတယ်လုပ်ငန်းတွေပါပဲ။ မြန်မာနိုင်ငံအတွင်းမှာ ယှဉ်ပြိုင်စရာ အနည်း အကျဉ်းမျှသာရှိခဲ့သလို၊ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နိုင်ငံခြားသားဧည့်သည် အဝင်နည်းခဲ့တာကြောင့် လည်းဖြစ်ပါတယ်။ အနာဂတ်မှာ နိုင်ငံတကာလုပ်ငန်းခွဲတွေ ဝင်လာပြီဆိုရင်တော့ သူတို့ရဲ့စံပုံစံ လုပ်ငန်း ဆောင်ရွက်မှုအစဉ်အလာတွေကြောင့် အရာရာက ပြောင်းလဲသွားပါလိမ့်မယ်။ အဲဒီလို ဟိုတယ်တွေက ပိုကောင်းတဲ့အရည်အသွေး၊ ပိုကောင်းတဲ့ဝန်ဆောင်မှုတွေနဲ့ သူတို့ရဲ့အခန်းတွေကလည်း ယှဉ်ပြိုင်နိုင် တဲ့ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုပေးလာကြမှာပါ။ လယ်ယာကဏ္ဍနဲ့ပတ်သက်လို့ ကျွန်တော်ကျွမ်းကျင်တဲ့အပိုင်း မဟုတ်ပေမယ့် ကျွန်တော့်အမြင်ကို ပြောရ ရင်တော့ မြန်မာနိုင်ငံအနေနဲ့ အမျိုးအစားစုံလင်ပြီး အရည်အသွေးမြင့်တဲ့ ထုတ်ကုန်တွေကို အာရုံစိုက်သင့်တယ်လို့ထင်ပါတယ်။ ပို့ကုန်တွေမှာ ထပ်မံအရည် အသွေး မြှင့်တင်သင့်ပါတယ်။
ဦးကံထွန်း
CEO
Paramai Energy Group of Companies
ကျွန်တော်တို့နိုင်ငံက ဒေသတွင်းနဲ့ အဆက်အသွယ် ရှိထားသလို ရင်းမြစ်တွေလည်းရှိပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အသက်ငယ်ရွယ်တဲ့သူက အနည်းဆုံး ၅၀ ရာခိုင်နှုန်းလောက် ရှိတာကြောင့် Workforce ကလည်း ကောင်းတယ်။ အဲဒီလို Market မျိုးမှာ ကုမ္ပဏီတစ်ခုကဖြစ်ဖြစ်၊ အဖွဲ့အစည်း တစ်ခုကဖြစ်ဖြစ် အခြေ ချဖို့ အင်မတန်အလားအလာ ကောင်းနေပါတယ်။ Asia ၊ Europe နဲ့ North America Group တွေထဲမှာ ဖွံ့ဖြိုးမှု အမြင့်ဆုံး Group က Asia ပါ။ Asia ထဲမှာမှ South East Asia က တက်တော့မှာ။ Strategically ရော၊ Business Growth အရရော ကြည့်လိုက်ရင် Asia က ကမ္ဘာကြီးတစ်ခုလုံးရဲ့ Growth ကို ဦးဆောင်နေပါတယ်။ ဒါကြောင့် လည်း မြန်မာနိုင်ငံကို EU က လာတာဖြစ်ပါတယ်။ သူတို့ဘက်မှာက Growth က နှေးသွားပါပြီ။EU ဘက်က ရင်းနှီးမြှုပ်နှံမှုတွေလာပြီဆိုရင် မြန်မာနိုင်ငံမှာ အရင်တုန်းက ရှိခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခုအသစ်လာမယ့် ရင်းနှီးမြှုပ်နှံမှုတွေကို နှိုင်းယှဉ်တဲ့အခါမှာ ကျွန်တော်တို့ အစိုးရက ဘယ်လိုမျိုးတော့ ဖြစ်သင့်တယ်ဆိုတာကို ဆုံးဖြတ်ပေးရင် ကောင်းပါမယ်။ မြန်မာနိုင်ငံရဲ့Investment Climate က Investor တွေအတွက်ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်လူမျိုးတွေ အတွက်ကောင်းဖို့တော့ လိုပါသေးတယ်။ ကိုရီးယား၊ ဂျပန်နဲ့ ထိုင်းနိုင်ငံတွေက Samsung ၊ Sony ၊ Flying Thai တို့လို ကျွန်တော်တိုနိုင်ငံမှာ Pride of the Nation တစ်ခုခု ရှိဖို့လိုပါသေးတယ်။ ဒါကိုကျွန်တော်တို့ လုပ်ရမှာပါ။ ကျွန်တော်တို့ရဲ့ စီးပွားရေးသမားတွေအနေနဲ့ National Brand စိတ်ဓာတ်နဲ့ စီးပွားရေးလုပ်၊ Invest လုပ် မှ အောင်မြင်မှာ၊ အသက်ရှင်နိုင်မှာဖြစ်ပါတယ်။ ပြီးတော့ ဒီ EU-Myanmar Task Force လို ပွဲတွေလုပ်ပြီး အသိဉာဏ်တွေ ရတာကို ကျွန်တော်တို့ Level တွေနဲ့ တင်ရပ် ထားလို့မရပါဘူး။ ပို Open လုပ် ဖွင့်ချပြီးတော့ တကယ်အလုပ်လုပ်နေတဲ့ ၃၀ ရာခိုင်နှုန်း Urban People တွေ၊ ၇၀ ရာခိုင်နှုန်း Rural People တွေ ပိုသိအောင် လုပ် သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က တကယ် အလုပ်လုပ်နေတဲ့သူတွေဖြစ်လို့ပါ။
Luca Appino
General Manager
TREEA S.E. Asia Co. Ltd.
မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အစီအစဉ်ရှိတာကြောင့် မြန်မြန်နဲ့ လုံခြုံစိတ်ချစွာ ဘယ်လိုလုပ်နိုင်မလဲဆိုတာ သိရဖို့ ဒီ EU-Myanmar Task Force ကို လာတက်တာဖြစ်ပါတယ်။ ဒီ Task Force က မြန်မာနိုင်ငံအတွက်ရော၊ EU အတွက်ပါ အရေးကြီးပါတယ်။ ကျွန်တော်ပါဝင်ဆွေးနွေးခဲ့တဲ့ အစည်းအဝေးမှာ ဆိုရင်တော့ မြန်မာ အစိုးရပိုင်းက ခရီးသွားလုပ်ငန်းအပေါ်ထားတဲ့ သဘောထားကိုလည်း သေချာသိရှိခဲ့ရပါတယ်။ ဒီပွဲကို စီစဉ်ပေးတဲ့အတွက်လည်း ကျေးဇူးတင်ပြီး အောင်မြင်တဲ့ပွဲတစ်ခုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လာမယ့်နှစ်နှစ် သုံးနှစ်အတွင်းမှာ ခရီးသွားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ အရေးပါ တဲ့ နိုင်ငံတစ်ခုဖြစ်တယ်လို့ ပြောချင်ပါတယ်။ အခုအချိန်မှာ တွေ့ရတဲ့ ပြဿနာကတော့ ရင်းနှီးမြှုပ်နှံသူတွေကို ဒီမှာသက်သောင့်သက်သာ လုံခြုံစိတ်ချစွာနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အကူအညီတွေပေးမယ့် အဖွဲ့အစည်းတွေ လိုအပ်နေသေးတာပါပဲ။ ပြီးတော့ သက်ဆိုင်ရာအရာရှိတွေအများကြီးနဲ့ စကားပြောဖို့လည်း လိုပါသေးတယ်။ ဒါက တစ်ခါတလေတော့ ရင်းနှီးမြှုပ်နှံသူတွေကို လမ်းပျောက်စေပါတယ်။ ပြည်တွင်းလုပ်ငန်းတွေကိုပြောချင်တာကတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဒီနိုင်ငံမှာ သူတို့ချည်းပဲလာပြီး ရင်းနှီးမြှုပ်နှံတာမျိုး မလုပ်စေဘဲ ပြည်တွင်းလုပ်ငန်းတွေနဲ့အတူ Joint Venture ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်ဖို့ ကြိုးစားစေချင်ပါတယ်။ အတူတကွ ပူးပေါင်းလုပ်ကိုင်တာမျိုးကို ပိုအားပေးဖို့ ဖြစ်ပါတယ်။
SMART Myanmar
Project
ပြည်တွင်းနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေ ပူးပေါင်း အကောင်အထည်ဖော်သွားမယ့် SMART (SMEs For Environmental Accountability, Responsibility and Transparency) Project အကြောင်း ကို နိုဝင်ဘာလ ၁၄ ရက်နေ့က သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။ အဝတ်အထည် လုပ်ငန်းပိုင်း မှာရှိတဲ့ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို နိုင်ငံတကာနဲ့ယှဉ်ကာ အဝတ်အထည်တွေ ထုတ်လုပ် သွားနိုင်အောင် ကူညီပံ့ပိုးသွားမယ့် ဒီစီမံကိန်းဟာ သုံးနှစ်စီမံကိန်း တစ်ခုဖြစ်ပြီး မြန် မာကျပ်ငွေ ၂.၇ ဘီလီယံအကုန်အကျခံ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ SMART Project ဟာ စွမ်းရည် တည်ဆောက်ဖို့နဲ့ ကျွမ်းကျင်မှု၊ ဗဟုသုတတွေ တိုးလာစေဖို့ ပြည်တွင်းမှာရှိတဲ့ ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းတွေနဲ့ အနီးကပ်လက်တွဲကာ လုပ်ဆောင် သွားဖို့ ရည်ရွယ်ထားပြီး ဈေးကွက်ရှာဖွေမှုနဲ့ ပြည်ပ တင်ပို့မှုအပိုင်းတွေအတွက်လည်း ဝန်ဆောင်မှုတွေ ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်သွယ်မှုနဲ့ ပုဂ္ဂလိက လုပ်ငန်းတွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး ဆင်းရဲမှုနှုန်းကိုလျှော့ချသွားနိုင်ဖို့လည်း ရည်ရွယ်တာဖြစ်ပါတယ်။
Facebook
Twitter
LinkedIn
RELATED POSTS
Starbucks ကော်ဖီကုမ္ပဏီရဲ့စီအီးအိုအသစ် Laxman Narasimhan
Posted On October 2, 2022, By Editorial
အမြတ်ရာခိုင်နှုန်းတိုးတက်လာတဲ့ Singtel
Posted On August 29, 2022, By Editorial
နာမည်ကျော် ဂျပန်လူမျိုးဖက်ရှင်ဒီဇိုင်းနာ Issey Miyake ကွယ်လွန်
Posted On August 11, 2022, By Editorial
JobNet.com.mm ရဲ့ MD Matt De Luca နှင့် အင်တာဗျူး
Posted On August 6, 2022, By Editorial
Our Channel
CEO Business and Management Magazine
CEO စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဂ္ဂဇင်း
၉ ဂဏန်းသမားများ (၉, ၁၈, ၂၇ ရက်နေ့မွေးဖွားသူများ) အတွက် ၂၀၂၅ ခုနှစ် တစ်နှစ်စာ ဟောစာတမ်း