ပညာရေးနဲ့ မိဘလုပ်ငန်းအကြောင်းအကျဉ်း . . .
ကျွန်တော်က ဆရာဝန်ဘွဲ့ကို ၂၀၁၁ ခုနှစ်မှာ ရခဲ့တယ်။ ကျောင်းပြီးတဲ့အချိန်မှာ သူငယ်ချင်းတွေအားလုံးက ဆေးပညာကို ဆက်လိုက်ခဲ့တယ်။ ကျွန်တော်က မိသားစုလုပ်ငန်းကိုလွှဲပြောင်းပြီး တာဝန်ယူရဖို့ အခြေအနေဖြစ်ခဲ့ပါတယ်။ ဖြစ်လာတဲ့အချိန်မှာ မိသားစုလုပ်ငန်းက ကောက်ပဲသီးနှံတွေဖြစ်တဲ့ ပဲတွေ၊ နှမ်းတွေကို တရုတ်ပြည်နဲ့ ရန်ကုန်ကို Export လုပ်ပေးရတဲ့ လုပ်ငန်းပါ။
ငရုတ်သီးကို ပြည်ပတင်ပို့တဲ့ လုပ်ငန်းစတင်ဖြစ်ပုံ . . .
ကျွန်တော်တို့နဲ့ အဖေတို့ ရည်ရွယ်ထားတဲ့အရာတစ်ခုက တန်ဖိုးမြှင့်ထုတ်ကုန်တွေ Value-added Products တွေကို ကျွန်တော်တို့က ထုတ်ချင်တာ။ အခက်အခဲရှိတာက နည်းပညာဘယ်ကရမလဲမသိဘူး။ မသိတဲ့အခါ ကျွန်တော်က ဆရာဝန်ဆက်မလုပ်ဘဲနဲ့ ဒီနည်းပညာဘယ်ကရမလဲဆိုတာ ကျွန်တော်လိုက်ရှာတယ်။ လိုက်ရှာတော့ ကျွန်တော် ထိုင်းကို သွားတွေ့တယ်။ ကျွန်တော်ထိုင်းမှာ M.Sc ၊ Master ဘွဲ့ကို Food Science and Technology ယူပြီးတော့ အဲဒါကို သုံးနှစ်ခွဲလေ့လာခဲ့တယ်။ လေ့လာနေတဲ့ အချိန်အတွင်းမှာပဲ ကျွန်တော်က ထိုင်းနိုင်ငံရဲ့ တန်ဖိုးမြှင့်စားသောက်ကုန်ကို နိုင်ငံခြားတွေကို Export သွားနေတယ်၊ ဘယ်လိုတွေစားသောက်နေတယ်ဆိုတာ အဲဒီဈေးကွက်ကြီးကို ကျွန်တော်လေ့လာခွင့်ရခဲ့တယ်။ လေ့လာခွင့်ရတဲ့အခါ အဲဒါနဲ့ မြန်မာနိုင်ငံနဲ့ ချိန်ထိုးလိုက်တဲ့အခါ ကွာဟချက်တွေအများကြီး တွေ့လိုက်ရတယ်။ အဲဒီတော့ Quality ပစ္စည်းတွေကို စားချင်တဲ့ ဈေးကွက်ကရှိနေသလို အဲဒီဈေးကွက်ကိုလည်း ဖြည့်ဆည်းမပေးနိုင်သေးတဲ့ ပြည်တွင်းစားသောက်ကုန်လုပ်ငန်းရှင်တွေရဲ့ အခြေအနေကိုလည်း ကျွန်တော်တွေ့လိုက်တယ်။ ကျွန်တော် အဲဒါကိုလေ့လာပြီးတဲ့နောက် ဈေးကွက်မှာလည်း လိုအပ်ချက်က ရှိနေတယ်။ အဲဒါကို ဖြည့်ဆည်းပေးနိုင်တဲ့ လူကလည်းမရှိသေးတဲ့ ဒီငရုတ်သီးကို သွားတွေ့တယ်။ သွားတွေ့တော့ အသည်းကင်ဆာပိုးဖြစ်စေတဲ့ ဒီမှိုကိစ္စက မြန်မာနိုင်ငံတင်မဟုတ်ဘူး၊ ကျန်တဲ့နိုင်ငံတွေမှာလည်း ဖြစ်နေတယ်။ ကျန်တဲ့နိုင်ငံတွေမှာ သူ့နည်းသူ့ဟန်နဲ့ ဖြေရှင်းနေတဲ့ဟာတွေ ရှိတယ်။ နည်းပညာတွေရှိတယ်။ မြန်မာနိုင်ငံမှာ မလုပ်ပေးနိုင်သေးဘူး။ အဲဒီတော့ ဒါကို ကျွန်တော်လုပ်မယ်။ ဘယ်လောက်ပဲ လက်ဝင်လက်ဝင် သူများမလုပ်တဲ့ဟာကို ကျွန်တော်ရအောင်လုပ်မယ်ဆိုပြီး စလုပ်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဒီငရုတ်သီးလုပ်ငန်းကိုဝင်ရဖို့အတွက် အဓိက Idea ရခဲ့တာက ဒီဈေးကွက်လေ့လာရင်း ကျွန်တော်ရခဲ့တာ။ တကယ်တမ်း ကျွန်တော့်မှာတော့ နည်းပညာရှိတယ်၊ လုပ်ချင်တာကလည်း အများကြီး။ ဒါပေမဲ့ အဲဒီထဲကမှ အလုပ်သင့်ဆုံးဟာ တစ်ခုကို ကျွန်တော်ရွေးချယ်ပြီးတော့ First Priority ပေးပြီးတော့ လုပ်ခဲ့တာပါ။ ကျွန်တော်က ငရုတ်သီးတစ်ခုတည်းတင် မဟုတ်ပါဘူး၊ ကျွန်တော်က တန်ဖိုးမြှင့်ထုတ်ကုန်ဖြစ်တဲ့ သီးနှံခြောက်မျိုးလုပ်သွားမှာပါ။ လက်ရှိ ကျွန်တော် ငရုတ်၊ ချင်းနဲ့ နနွင်းလုပ်တယ်။ နောက်နှစ်ဆိုရင် ကျွန်တော် သရက်သီးလုပ်တော့မယ်။
ဈေးကွက်တင်ဖို့ ပြင်ဆင်မှုအပိုင်း . . .
ကျွန်တော် အသည်းကင်ဆာရောဂါပိုး Aflatoxin ကင်းအောင်လုပ်ရမယ်ဆိုတာကို ကျွန်တော်က ဒီကြားထဲမှာ ထိုင်းကိုဘွဲ့ရပြီးတော့မှ သုံးလေးခေါက်လောက် ကျွန်တော်ပြန်သွားရတယ်။ ပြန်သွားပြီးတော့ အဲဒီမှာရှိတဲ့ Professor တွေနဲ့ တိုင်ပင်တယ်။ ဒီဟာကို Mass Scale သွားနိုင်တဲ့ စက်ရုံပုံစံကို ဘယ်လိုလုပ်ရမလဲဆိုတာ Research ပြန်လုပ်တယ်။ လက်ရှိရှိနေတဲ့ သူများနိုင်ငံက လုပ်ထားတာနဲ့ ဘာကွာမလဲ။ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဘယ်လိုလုပ်လို့ရမလဲ၊ အဲဒါကို ပြင်ဆင်တယ်။ ပြင်ဆင်ပြီးတာနဲ့ တစ်ပြိုင်နက် ပြီးခဲ့တဲ့နှစ် ငါးလပိုင်းကနေ စက်တွေပြင်ဆင် တည်ဆောက်ပါတယ်။ စက်တွေကို ထိုင်းက ပညာရှင်တစ်ယောက်နဲ့ ကျွန်တော်ကိုယ်တိုင် တီထွင်ဒီဇိုင်းလုပ်ထားတာ ဖြစ်ပါတယ်။
ကြားထဲမှာ ငရုတ်သီးကို Organic လည်း စိုက်တယ်၊ Conventional လည်းစိုက်တယ်။ စိုက်ပြီးတော့ ဒါတွေအကုန်လုံးကို ဆက်တိုက်သုတေသနလုပ်နေတယ်။ အခုချိန်ကျတော့ တစ်နှစ်ပြည့်သွားတဲ့အခါ ကျွန်တော်လိုချင်တဲ့ အဖြေတစ်ခုကိုရတယ်။ ရလာတော့ ဆက်တိုက်ကို Customer တွေလိုချင်တဲ့ Quality အမျိုးမျိုးကို ကျွန်တော်ထောက်ပံ့ပေးနိုင်တဲ့ အနေအထားတစ်ခုကို ရောက်လာပြီ။ ဒါပေမဲ့ သူတို့လိုချင်တဲ့ပမာဏကို ဖြည့်နိုင်တဲ့အနေအထားတော့ ကြိုးစားနေဆဲပါ။ ကျွန်တော်က လက်ရှိက စက်ရုံအသစ်လည်း တည်နေတယ်။ FDA ရဲ့ ခွင့်ပြုချက်တင်ထားပြီး Brand တပ်ဖို့လည်း မူပိုင်ခွင့်နဲ့ လိုင်စင်တွေ လျှောက်ထားပြီးပါပြီ။
လက်ရှိ Product တွေ . . .
ကျွန်တော် ငရုတ်သီးအနေနဲ့ နှစ်မျိုးကိုင်ပါတယ်။ Conventional နဲ့ Organic ပါ။ Organic ဆိုတာကျတော့ သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်ထားတာပါ။ မြေသြဇာ၊ ပိုးသတ်ဆေး၊ အားဆေး၊ ဘာဆေးမှလည်း မသုံးဘူး။
အဲဒါကိုတော့ လုံး၀ Organic နဲ့သွားတယ်။ လက်ရှိလည်း ဥရောပကနေပြီးတော့မှ အသိအမှတ်ပြုတဲ့ Certificate လည်း ရထားပြီးပြီ။ ကျွန်တော့်ပစ္စည်းတွေက ဥရောပကို တိုက်ရိုက်တင်ပို့ခွင့်ရှိသလို ကျွန်တော့်ပစ္စည်းတွေကို ဝယ်ယူတဲ့ အခြားလူတစ်ယောက်ယောက်ကလည်း ဥရောပကို တင်ပို့မယ်ဆိုရင် တိုက်ရိုက်တင်ပို့ခွင့်ရှိပါတယ်။
Conventional ကတော့ လက်ရှိမြေသြဇာထည့်မယ်၊ ပိုးသတ်ဆေးတွေ ဖျန်းမယ်။ ဒါတွေကို Conventional Product တွေလည်း ကျွန်တော် ထုတ်တယ်။ မတူတာက ပြည်တွင်းမှာ ပြဿနာဖြစ်နေတဲ့ အသည်းကင်ဆာ ပိုးမပါအောင် ကျွန်တော်လုပ်နိုင်တယ်။ EU က လက်ခံတဲ့ အဆင့်က အသည်းကင်ဆာရောဂါပိုးပါဝင်နှုန်းက တစ်ဆယ်ထက် နည်းရမယ်။ ကျွန်တော့်ဟာတွေ အကုန်လုံးက တစ်ဆယ်ထက် နည်းပါတယ်။ ဒါကြောင့် ကျွန်တော့် ငရုတ်သီးတွေကို အဖြေနဲ့အတူတူ ထိုင်း၊ အိန္ဒိယ၊ ဂျာမနီ၊ သီရိလင်္ကာ စတာတွေကိုပို့ပြီး ကမ္ဘာ့ဈေးကွက်ကို စသွားနေပါတယ်။ ပြည်တွင်းဈေးကွက်ကို သွားနိုင်ဖို့အတွက်ကျတော့ တံဆိပ်ရဖို့အတွက်ကို ပြည်တွင်းရဲ့ FDA ရဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ သူတို့ရဲ့ တောင်းဆိုချက်လေးတွေကို ပြည့်မီအောင် လုပ်ရမှာဖြစ်တဲ့အတွက်ကြောင့် အချိန်ကတော့ စောင့်ရပါဦးမယ်။ ဒီကိုယ်ပိုင်တံဆိပ်တပ်ခွင့်ရတာနဲ့ FDA ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ခွင့်ရတာနဲ့ သိပ်မကြာခင် စားသုံးသူတွေ တကယ့်ကို သူတို့အတွက်ကို ကျန်းမာရေးအရ ကောင်းမွန်ပြီးတော့ အစားအသောက် ဘေးအန္တရာယ်ကင်းရှင်းတဲ့ ပိုကင်းစင်တဲ့ ငရုတ်သီးကို သူတို့လက်ထဲကို ပို့ဆောင်နိုင်တော့မှာပါ။
ပြည်ပတင်ပို့နေတဲ့ တန်ချိန်ဘယ်လောက်ရှိပါသလဲ . . .
ကျွန်တော်က ဒီ ၂၀၁၇ ခုနှစ်မှာ တန်ချိန်ကို ထိုင်းကိုကျတော့ Conventional Product အနေနဲ့ တစ်လ ၃၂ တန် တင်ပို့ဖို့ လျာထားပါတယ်။ Organic အနေနဲ့တော့ တစ်နှစ်ကို တန်ချိန် ၁၂၀ တင်ပို့ဖို့ လျာထားပါတယ်။ အဲဒါပြီးတော့ နောက်သုံးနှစ်ကြာတဲ့ အချိန်ကျရင်တော့ ကျွန်တော်က တောင်သူတွေနဲ့ လက်တွဲလုပ်ပြီးတော့ ဒီရိုးရိုးငရုတ်သီး Conventional ဆိုရင်တော့ တန်ချိန် ၁,၅၀၀ နဲ့ Organic ဆိုရင်တော့ တန်ချိန် ၂၅၀ နဲ့ သုံးရာကြားရောက်အောင် သွားဖို့လျာထားပါတယ်။ ကျွန်တော်တို့က သုံးလတစ်ခါ Order နဲ့ သွားတယ်ဗျ။ အဲဒီ Order အတိုင်း ပြည့်မီအောင် လုပ်ပေးရတယ်။ သူတို့က ထပ်တက်ချင်လည်း ကျွန်တော် လက်မခံနိုင်သေးပါဘူး။
ကျွန်တော်တင်ပို့တဲ့ တန်ချိန် ၁၂၀ ဆိုတာ ငရုတ်သီးအစိုအနေနဲ့ဆိုရင် တန် ၄၈၀ ရှိပါတယ်။ ကုန်ခြောက်တဲ့အချိုးနှုန်းကလည်း ပုံမှန်တောင်သူတွေဆီကနေ ခြောက်လာတဲ့ ငရုတ်သီးနဲ့လည်း မတူဘူး။ သူတို့က သုံးပိဿာကို (ငရုတ်သီးရဲ့ထွက်တဲ့ဒေသနဲ့ ငရုတ်သီးမျိုးပေါ် မူတည်ပြီးတော့မှ အခြောက်ခံနှုန်းက နှစ်ပိဿာ ၈၀ နဲ့ သုံးပိဿာ ၃၀ ကြားထဲမှာ) အစိုထည့်လိုက်တယ်ဆိုရင် အခြောက်က တစ်ပိဿာရတယ်။ ကျွန်တော်လုပ်နေတဲ့ ငရုတ်သီးအခြောက်က လေးပိဿာထည့်မှ အခြောက်တစ်ပိဿာရတယ်။ အဲဒီတော့ ကျွန်တော့်ဟာက လုံးဝကို အထဲမှာ Moisture က မကျန်တော့ မှိုတွေ ဘာတွေလည်းမပေါက်နိုင်ဘူး။
အနာဂတ်အစီအစဉ် . . .
ကျွန်တော်က တောင်သူတွေကို အလုပ်ပေးချင်တယ်။ တောင်သူတွေကို အမာခံဈေးကွက်တစ်ခုကို ဖန်တီးပေးချင်တယ်။ ဖန်တီးပေးတဲ့အခါ ငရုတ်ပြီးသွားရင် ဒီမြေကြီးက ဒီအတိုင်းထားလို့မရဘူး။ သူတို့အတွက် ဒီမြေကြီးက တစ်ခုခုစိုက်နေရမယ်။ ကျွန်တော်က သူတို့ကို ချင်းရယ်၊ နနွင်းရယ်၊ ကြက်သွန်နီရယ်၊ ကြက်သွန်ဖြူရယ် ကျွန်တော်ဒါတွေ အများကြီးဆက်ပြီး လုပ်သွားမှာပါ။
ငရုတ်သီးနဲ့ပတ်သက်တဲ့ Export ဈေးကွက်အနေအထား . . .
Export ဈေးကွက်မှာ နှစ်စဉ် Demand က တက်နေပါတယ်။ ဒါပေမဲ့ ပြည်တွင်းထုတ်လုပ်မှုအနေအထားအရ အရေအတွက်သာပေးနိုင်ပြီး Quality Control မလုပ်ပေးနိုင်ဘူး ဖြစ်နေပါတယ်။
မြန်မာနိုင်ငံမှာက ထောက်ပြစရာတစ်ခုရှိပါတယ်။ အခုဆိုရင် ကျွန်တော်ထိုင်းနိုင်ငံကို ငရုတ်သီး Export သွားတော့မယ်ဆိုတော့ ထိုင်းနိုင်ငံက ငရုတ်သီးထွက်တဲ့ ရာသီဖြစ်တဲ့အတွက်ကြောင့်မို့ ထိုင်းအစိုးရက သူတို့ရဲ့ လယ်သမားတွေရဲ့ ငရုတ်သီးဈေးကွက်ကို ပျက်မသွားအောင်ဆိုပြီးတော့ Import လိုင်စင်အကုန်လုံးကို ပိတ်လိုက်တယ်။ လောလောဆယ် ထိုင်းကိုငရုတ်သီးသွင်းလို့မရဘူး။ သူ့နိုင်ငံက လယ်သမားတွေအတွက်ကို ဥပဒေအရ ကာကွယ်ထားတယ်။ တစ်နှစ်တစ်ခါမှာ လိုင်စင်ကိစ္စအဖွင့်အပိတ်လုပ်တယ်။ ကျွန်တော်တို့ဆီမှာကျတော့ အထွက်ကို လိုင်စင်ခံထားပြီးတော့ အဝင်တွေကိုကျတော့ လိုင်စင်အပိတ်အဖွင့် မလုပ်ထားပါဘူး။
ကျွန်တော်တို့ မြန်မာနိုင်ငံဆိုတာက ငရုတ်သီး တင်ပို့ရောင်းချနေတဲ့ ထိပ်ဆုံးငါးနိုင်ငံထဲမှာပါတယ်။ အဲဒီအခါကျတော့ လွပ်လွတ်လပ်လပ် Export သွားရမယ်။ အမှန်က အသွင်းတွေကို တတ်နိုင်သလောက် ပိတ်ရမယ်။ ဒါမှပြည်တွင်းမှာ ခိုင်မာတဲ့ ဈေးကွက်တစ်ခု ဖြစ်လာမယ်။ ပြည်တွင်းက ငရုတ်သီးထွက်တဲ့အချိန်မှာ အပြင်ကပေးသွင်းလိုက်မယ်ဆိုရင် ပြည်တွင်းက ငရုတ်သီးဈေးနှုန်းက ကျသွားမယ်။ ပြည်တွင်းရဲ့ လက်ရှိဈေးကွက်အနေအထားက ဘာတွေမှီခိုနေရသလဲဆိုတော့ အိန္ဒိယဝယ်လက်၊ တရုတ်ဝယ်လက်၊ ထိုင်းဝယ်လက် ဒါတွေကို မှီခိုရတယ်။ နောက်ပြီးတော့ ပြည်တွင်းစားသုံးတဲ့ ဈေးကွက်၊ ပြည်တွင်းဝယ်လက်နဲ့ လှောင်သမားတွေ ဒီဟာတွေရဲ့ ဈေးကွက်ကို မှီခိုနေရတဲ့အခါကျတော့ နိုင်ငံတော်အစိုးရအနေနဲ့ မူဝါဒတွေကို ပြောင်းလဲပေးသင့်တယ်လို့ ထင်ပါတယ်။
ဖြူလဲ့မွန်