Deloitte Consulting Southeast Asia ရဲ့ Executive Director ဦးချစ်ထွန်းဖေ

uchithtunphay2

Deloitte Consulting USA မှာ Business Analyst က စတင်ခဲ့ပြီး ထိပ်ဆုံး Position ဖြစ်တဲ့ Executive Director (Partner) နေရာကို ဆယ်နှစ်ဆိုတဲ့ အချိန်တိုအတွင်းမှာ ရောက်ရှိတက်လှမ်းနိုင်တဲ့ ဦးချစ်ထွန်းဖေကို သူ့ရဲ့လုပ်ငန်းခွင်ဖြတ်သန်းမှု၊ တာဝန်ယူထားတဲ့အပိုင်းနဲ့ ကိုယ်ပိုင်အနာဂတ်အစီအစဉ်တွေကို တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံနဲ့ သိပ်မရင်းနှီးသေးတဲ့ Professional Consulitng Firm အကြောင်းနဲ့ Services တွေကိုလည်း ထဲထဲဝင်ဝင် သိခွင့်ရခဲ့ပါတယ်။

uchithtunphay1

နောက်ခံပညာရေး . . .

၈၈ မှာ ရန်ကုန်တက္ကသိုလ်မှာ ဒုတိယနှစ်တက်နေတာကနေ ထိုင်းနိုင်ငံကို ထွက်သွားခဲ့ပါတယ်။ အဲဒီကနေတစ်ဆင့် စင်ကာပူ Informatics မှာ Computer Science တက်ခဲ့ပါတယ်။ ပြီးတော့ University of Southern Queensland ကနေ Information Systems ဘာသာရပ်နဲ့ MBA ယူခဲ့တယ်။ နောက်တော့ အမေရိကားရောက်တဲ့အခါ University of Boston ကနေ Master of Science ယူခဲ့ပါတယ်။ Specialization ကတော့ Project Management ပါ။

လုပ်ငန်းအတွေ့အကြုံ . . .

ကျွန်တော့်လုပ်ငန်းခွင်အတွေ့အကြုံက နှစ် ၂၀ ရှိပါပြီ။ ပထမဆုံး IT လုပ်ငန်းတွေ လုပ်ဖြစ်ခဲ့တယ်။    မြန်မာနိုင်ငံပြန်လာပြီးတော့လည်း Inforithm-Maze ဆိုတဲ့ IT Company ထူထောင်ခဲ့တယ်။ ၂၀၀၁ ခုနှစ်မှာ အမေရိကားကို ရောက်သွားတဲ့အခါ Management Consulting ထဲကို ရောက်သွားခဲ့တယ်။ ပထမဆုံး US  မှာရှိတဲ့ KPMG (Bearing Point) မှာ စဝင်ဖြစ်ခဲ့တယ်။ ပြီးတဲ့အခါ Deloitte မှာ ဝင်ဖြစ်ခဲ့တယ်။ Consulting Career ကို ဝင်တဲ့အခါမှာ အောက်ကနေပဲ အဆင့်ဆင့်ဖြတ်သန်း လုပ်ကိုင်ခဲ့တာပါ။ စဝင်တုန်းက Management Analyst က စခဲ့ပြီး အခု Partner ဖြစ်တဲ့အထိ လုပ်ဖြစ်ခဲ့ပါတယ်။

IT Profession ဆက်မလုပ်ဖြစ်ဘဲ Business Management Consulting ပိုင်းကို ဝင်ရောက်ဖြစ်ခဲ့တဲ့အကြောင်းကိုလည်း ပြောပြပေးပါ . . .

ဒါက Good Combination ပါ။ Business Consulting ကိုလာတဲ့ Track က အများအားဖြင့် နှစ်ခုရှိပါတယ်။ Engineering နဲ့ IT က လာတဲ့သူများတယ်။ Engineering နဲ့ IT က First Degree နဲ့ MBA နဲ့ပေါ့။ ဘာကြောင့်လဲဆိုတော့ Consultant လုပ်တဲ့အခါ Structured Thinking ဖြစ်ဖို့လိုပါတယ်။ ကျွန်တော်က IT လုပ်ရင်းနဲ့ Management တွေ ပါလာတဲ့အခါမှာ သူ့သဘာဝအရ Management ကိုပြောင်းသွားတယ်။ ကျွန်တော်က အရင်တုန်းက Technical ဆိုပေမဲ့ Management ပိုင်း၊ Strategy ပိုင်းကို ပိုအားသန်တယ်။ IT လုပ်ခဲ့ကတည်းက သူများ Project တွေ Manage လုပ်တာတို့၊ ကိုယ်တိုင် Entrepreneur လုပ်တာတို့ကို ငယ်ငယ်လေးကတည်းက အားသန်ခဲ့တယ်။

Inforithm-Maze ထူထောင်ခဲ့ပုံနဲ့ အဲဒီကရရှိခဲ့တဲ့ အတွေ့အကြုံတွေကိုလည်း ပြောပြပေးပါ . . .

ပထမတစ်ခေါက် စင်ကာပူသွားပြီးပြန်လာတဲ့ ၁၉၉၇ ခုနှစ်မှာ MIT ရယ်၊ Inforithm ရယ်ထူထောင်ဖြစ်ခဲ့တယ်။ MIT ကို ကိုထွန်းသူရသက်ရယ်၊ ကျွန်တော်ရယ်၊ ကိုကျော်မြတ်စိုးရယ် ပူးပေါင်းပြီးလုပ်ခဲ့တယ်။ Inforithm-Maze ကိုတော့ ကျွန်တော်နဲ့ ကိုသောင်းစုငြိမ်းတို့ပူးပေါင်းပြီး ၂၀၀၀ ပြည့်နှစ်မှာ လုပ်ခဲ့တယ်။ အဲဒီအချိန်က မြန်မာနိုင်ငံမှာ အင်တာနက် စတင်ခဲ့တဲ့အချိန်ဆိုတော့ ကျွန်တော်တို့ Website တွေလုပ်ကြတာပေါ့။ ကျွန်တော် ၂၀၀၁ ခုနှစ်မှာ အမေရိကားရောက်သွားပြီး ပြန်မလာဖြစ်တော့ သူတို့ကိုပဲ လွှဲလိုက်တာပေါ့။

ပထမဆုံးပြန်လာတဲ့အချိန်မှာ  ကျွန်တော့်အသက် ၂၅-၂၆ ပေါ့။ လူငယ်တွေထဲက ကျွန်တော်တို့က Technology ပိုင်း IT ပိုင်းနဲ့ပတ်သက်ရင် Pioneer လို့ ပြောလို့ရတယ်။ ကိုယ်စုထားတဲ့ငွေကိုရင်းနှီးပြီး ကိုယ်တိုင် Product တွေ ထုတ်ခဲ့ရတယ်။ Multimedia Software တွေဖြစ်တဲ့ Easy Learning MS Office 97 တို့၊ Family Encyclopedia တို့၊ ဗုဒ္ဓဝင် (Life of Buddha) တို့ လုပ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့မှာ Technology နဲ့ လုပ်ချင်တဲ့အိုင်ဒီယာပဲရှိခဲ့တယ်။ Market ကို ဒီလောက်ကြီးနားမလည်ခဲ့ဘူး။ အဲဒီခေတ်မှာ Business အရ ဒီလုပ်ငန်းတွေဟာ Survive ဖြစ်ဖို့ တော်တော်ခက်ခဲပါတယ်။ ကျွန်တော် ပြန်ထွက်တဲ့ ၂၀၀၁ ခုနှစ်မှာတောင် မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲတဲ့သူ ၁၁ ဦးပဲ ရှိပါသေးတယ်။ Financially တော့ အကျိုးအမြတ်မရခဲ့ပေမဲ့ တော်တော်ပျော်ဖို့ကောင်းခဲ့ပါတယ်။

ရခဲ့တဲ့အတွေ့အကြုံကတော့ Business မှာ နံပါတ်တစ်အရေးကြီးဆုံးက Understanding the Market ပေါ့။ ဘယ်လောက်အိုင်ဒီယာကောင်းကောင်း ဈေးကွက်မရှိရင် မအောင်မြင်ပါဘူး။ ဒုတိယကတော့ Timing ပေါ့။ Timing ဆိုရင် သိပ်စောလို့လည်း မကောင်းဘူး။ နောက်ကျလို့လည်းမရဘူး။ တတိယအရေးကြီးတာကတော့ Financing ပါ။ အဲဒီတုန်းက စုဆောင်းထားတဲ့ အရင်းအနှီးနည်းနည်းလေးနဲ့ လုပ်တာပေါ့။ အမှန်က ဒီလို  Technology Business ကို ငွေနည်းနည်းနဲ့ လုပ်လို့မရဘူး။ ရေရှည် Funding ရှိမှ ဒီ Business တွေက အောင်မြင်မှာဖြစ်တယ်။ အိန္ဒိယက Infosys တို့ဆိုရင်လည်း ကျွန်တော်တို့ထက် သုံးလေးနှစ်လောက်ပဲ စောပါတယ်။ သူတို့အောင်မြင်ပြီး ကျွန်တော်တို့ ဘာကြောင့် မအောင်မြင်ခဲ့လဲဆိုရင် ကျွန်တော်တို့က Invest လုပ်နိုင်တာနည်းတယ်။ နိုင်ငံရေးပြဿနာတွေလည်းရှိတော့ နိုင်ငံခြားက Investment တွေလည်း မရှိခဲ့ဘူး။ Infrastructure တွေကလည်း တော်တော်ဆိုးတယ်။ ဒါကြောင့် IT ဟာ တော်တော်ပြတ်ကျန်ခဲ့တာပါ။

လက်ရှိ Deloitte Consulting Southeast Asia မှာ တာဝန်ယူထားတဲ့အပိုင်း . . .

ကျွန်တော်က Deloitte Consulting Southeast Asia မှာ Partner ပါ။ ကျွန်တော် ဒီပြန်မရောက်ခင်က Deloitte USA မှာလုပ်ခဲ့တယ်။ Deloitte က Big 4 Firm ထဲက တစ်ခုပေါ့။ KPMG ၊ PWC ၊ E&Y နဲ့ Deloitte ပါ။ Professional Service Firm တွေပေါ့။

Deloitte မှာ Executive Director တစ်ယောက်ရဲ့ Role နဲ့ Responsibility ကိုလည်း သိချင်ပါတယ် . . .

Executive Director ဆိုတာက Partner ကိုပြောတာပဲ ဖြစ်ပါတယ်။ Management Role ရော၊ Ownership Role ပါပါတယ်။ အဓိက Responsibility ကတော့ သုံးပိုင်းရှိပါတယ်။ ပထမပိုင်းက Practice Development ပါ။ Consultant တွေကို Develop လုပ်နိုင်ဖို့၊ Firm ရဲ့ Intellectual Property တွေဖြစ်တဲ့ White Paper တွေ၊ Conference  တွေမှာ ပြောတာတွေကိုလည်း ထုတ်ဖို့လိုတယ်။ ဒါတွေကို Thoughtware လို့လည်းခေါ်တယ်။ ဒါတွေထုတ်လုပ်နိုင်ဖို့ ကျွန်တော်က ဦးဆောင်ပေးရတယ်။ ဒုတိယပိုင်းကတော့ Business Development ပါ။ ဒါကတော့ Project ရအောင် Client တွေရှာရတာပါ။ နံပါတ်သုံးကတော့ Deloitte ဆိုတဲ့ Brand ကို Government နဲ့၊ International အဖွဲ့အစည်းတွေနဲ့ Relationship ကောင်းအောင်၊ ကျွန်တော်တို့ကုမ္ပဏီရဲ့ Reputation ကို Protect လုပ်ပြီးတော့ ပြောရတာတွေရှိတယ်။ လိုအပ်လို့ရှိရင် တွေ့ဆုံရှင်းလင်းမှုတွေ လုပ်ရတယ်။ Day to Day Operation ကတော့ ကျွန်တော်လုပ်တာ နည်းပါတယ်။ Finance ပိုင်းကိုလည်း Malaysia မှာ Back Office အနေနဲ့လုပ်ထားတာ ရှိပါတယ်။ ဒီတော့ ကျွန်တော် Review လုပ်ရတာလောက်ပဲ ရှိပါတယ်။

uchithtunphay3

Deloitte ရဲ့ Partner ဖြစ်ဖို့ ဘယ်လို Qualification တွေ လိုအပ်ပါသလဲ . . .

ကျွန်တော်တို့ဆီမှာ Career Path ရှိပါတယ်။ စဝင်မယ်ဆိုရင် Business Analyst က စမယ်။ နှစ်နှစ်သုံးနှစ် အတွင်းမှာ Consultant ဖြစ်မယ်။ နောက်နှစ်နှစ် သုံးနှစ်မှာ Senior Consultant ဖြစ်မယ်။ နောက် နှစ်နှစ် သုံး နှစ်မှာတော့ Manager ဖြစ်မယ်။ ပြီးရင် Senior Manager ဖြစ်မယ်။ ပုံမှန်အားဖြင့်ကတော့ ပျမ်းမျှ ၁၂ နှစ် - ၁၅ နှစ် ကြာတဲ့အခါ Partner Principal ဖြစ်မယ်။ Executive Director လို့လည်းခေါ်တယ်။ Partner ဆိုတာကတော့ Equity Sharing ဖြစ်သွားတာပေါ့။ လခအပြင် Share ပိုင်ဆိုင်ခွင့်ပါရပါတယ်။ Consulting    တွေမှာတော့ ၂ ရာခိုင်နှုန်းလောက်ပဲ Partner ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က ဒီ Career မှာတော့ ဂိတ်ဆုံးသွားပြီ။ ဆယ်နှစ်နဲ့ Partner ဖြစ်လာပါတယ်။ နိုင်ငံတကာမှာတော့ Performance Based ပဲ။ ကိုယ်လုပ်နိုင်ရင်လုပ်နိုင်သလောက် အပေါ်တက်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ Deloitte ရဲ့ Client တွေက ဘယ်သူတွေဖြစ်မလဲ . . .

Client ဆိုရင် သုံးပိုင်းရှိပါတယ်။ တစ်ပိုင်းက Deloitte ရဲ့ World Partner ဖြစ်တဲ့ Global Client တွေက မြန်မာနိုင်ငံမှာ လာလုပ်တဲ့အခါ Deloitte ကပဲ Service ပေးတယ်။ Market Entry Strategy သုံးတာများတယ်။ ဂျပန်ဆိုရင် Sumitomo Corporation တို့၊ Kirin တို့ရှိတယ်။ ဒုတိယက Donor Agency တွေပါ။ ADB တို့၊ World Bank တို့၊ USAID တို့က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးအတွက် Consulting Service ပေးတာရှိတယ်။ YESB ကနေ YESC ဖြစ်အောင် Cooperatization လုပ်ပေးရတာတွေရှိတယ်။ တတိယ အမျိုးအစား Client ကတော့ Local Conglomerate တွေပါ။ မနှစ်ကတော့  YTP Teleport ကို လုပ်ပေးတာရှိတယ်။ Local ကတော့ အမှန်အတိုင်းပြောရရင် သိပ်မများဘူး။ ဒီနိုင်ငံမှာ အဖွဲ့အစည်းအများစုက Consultant သုံးတာ နည်းပါသေးတယ်။ ERP လို Technology ပိုင်းကိုတော့ စိတ်ဝင်စားကြတယ်။ Strategy  ပိုင်းတွေမှာတော့ စိတ်ဝင်စားမှု သိပ်မရှိသေးဘူး။ နိုင်ငံတကာမှာတော့ အမြဲတမ်း Consultant နဲ့ပဲ သွားတာပေါ့။ ဒီမှာတော့ အဲဒီ Culture သိပ်မရှိသေးဘူး။

Deloitte ရဲ့ Competitor တွေကကော ဘယ်သူတွေဖြစ်မလဲ . . .

Big Four ဆိုတော့ ကျန်တာ Big Three ပဲပေါ့။ မြန်မာနိုင်ငံမှာ KPMG ၊ PWC နဲ့ E&Y ရော ရှိနေပါပြီ။ Outlook မှာ Competitor ဆိုပေမဲ့ တကယ်တမ်းက Collaborate လုပ်ကြတာများပါတယ်။ အားလုံးက Professional Service Firm တွေဆိုတော့ Standard ၊ Integrity နဲ့ Ethics ရှိရတယ်။ ဘယ်ကုမ္ပဏီရယ်လို့မဟုတ်ဘဲ နိုင်ငံ Develop ဖြစ်အောင် ပူးပေါင်းပြီးလုပ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ Consultant ထားတာကို မဖြစ်မနေလိုအပ်ချက်တစ်ခုလို့ မသိကြသေးဘူးဆိုတော့ တကယ်တမ်း Consultant ရှိခြင်းရဲ့ အားသာချက်တွေကိုလည်း ပြောပြပေးပါ . . .

Asia ရဲ့ သဘာဝမှာကိုက ကုမ္ပဏီတွေက Family  Owned များတယ်။ Family တွေများတော့ Family ကပဲ သူ့ Owned Decision နဲ့၊ Owned Governance နဲ့ပဲ လုပ်တယ်။ သူကြိုက်တဲ့သူကို External Advisor အဖြစ် ခေါ်ခန့်တာမျိုး ရှိတယ်။ အမေရိကားမှာကျတော့ Corporation တွေ များတယ်။ Public Company အဖြစ် သွားကြတာတွေလည်း များတယ်။ Corporation တွေမှာ CEO တွေ၊ CFO တွေ၊ Vice President တွေကို သုံးလတစ်ကြိမ် Performance ကို Monitor လုပ်တယ်။ ဒါတွေကို မြန်ဆန်တဲ့ Speed နဲ့ လုပ်နိုင်ဖို့ဆိုတာ Internally စဉ်းစားဖို့ အချိန်မရှိဘူး။ Market ကလည်း အပြောင်းအလဲမြန်နေတယ်။ ဒါကြောင့် Outsource ကိုအပ်ရတယ်။ ဥပမာ - Sales တွေကျနေတယ်ဆိုရင် မြန်မာပြည်လိုလည်း အချိန်မရှိဘူး။ ဒါကျနေပေမဲ့ ကျန်တာတွေက ကောင်းနေလို့ ဒါကိုဂရုမစိုက်ဘူးဆိုတာမျိုးလည်း လုပ်လို့မရဘူး။ တကယ် Competitive ဖြစ်လာတဲ့အချိန်မှာ Every Opportunity ၊ Every Challenge ကို Address လုပ်ဖို့ လိုတယ်။ ဒီတော့ Consultant ငှားတာက အချိန်တိုတယ်။ Risk နည်းတယ်။ Cost အရ များကောင်းများနိုင်ပေမယ့် အောင်မြင်မှုရဖို့အတွက် Drive လုပ်လို့ရတယ်။

ဒီမှာကတော့ Consultant အတွက် ဒေါ်လာ တစ်သိန်း၊ နှစ်သိန်း သုံးဖို့တွန့်ကြတယ်။ အရှေ့တောင်အာရှမှာ Consultant သုံးတာ အားနည်းသေးတယ်။ Develop ဖြစ်တဲ့ ဂျပန်တို့၊ ကိုရီးယားတို့ကတော့ အမေရိကန်အတိုင်းကို လိုက်လာပြီ။

ဒါဆို မြန်မာနိုင်ငံမှာ Consultant မဖြစ်မနေ လိုအပ်လာမယ့် အပိုင်းဆိုရင် . . .

ကျွန်တော်တို့ဆီမှာလည်း Capital Market ရှိလာပြီ။ Capital Market ထဲဝင်လာပြီဆိုရင် Financial Report တွေ ထွက်ရမယ်၊ သုံးလတစ်ကြိမ် Performance KPI တွေ ကြည့်ရမယ်။ Competitive ဖြစ်လာပြီဆိုရင် အချိန်နည်းလာတယ်။ နောက် Business Culture လည်း ပြောင်းလာပြီ။ ဒါကြောင့် လူတစ်ယောက်က Decision လုပ်တဲ့ Family Business ကနေ Corporation တွေ ဖြစ်လာမယ်၊ BOD တွေ ရှိလာမယ်။ Stock Exchange မှာ ပြိုင်ဖို့ဆိုရင် Family Business နဲ့ သွားလို့မရတော့ဘူး။ အဲဒီတော့ Executive CEO Team က သတ်သတ်ရှိမယ်။ Board of Chairman နဲ့ Board of Director အဖွဲ့က သတ်သတ်ရှိမယ်။ အဲဒါရဲ့အပေါ်မှာမှ Public က Share ဝယ်ထားတဲ့ Share Holder တွေရှိမယ်။ Share Holder ကနေမှ Board of Director ကိုရွေးမှာ၊ BOD တွေကမှ CEO ကို ခန့်မှာဖြစ်တယ်။ ဒါတွေတစ်ခုနဲ့ တစ်ခုကလည်း Independent ဖြစ်ရတော့မယ်။ Decision တစ်ခုတည်းနဲ့ မပြီးတော့ဘူး။ ဒီတော့ Corporation တွေ မှာ Consultant တွေက မဖြစ်မနေ လိုလာတော့မယ်လို့ ကျွန်တော်မြင်ပါတယ်။

လုပ်ငန်းတူတွေကို Consult လုပ်ပေးရတဲ့အခါ ထားရှိရတဲ့ Ethics ပိုင်းကကော ဘယ်လိုရှိပါသလဲ . . .

Ethics အရ လူတစ်ယောက်တည်းကိုတော့ Project နှစ်ခုမခိုင်းဘူး။ တချို့ Project တွေဆိုရင် Disclosed လုပ်ရတယ်။ တချို့မှာ NDA (Non Disclosement Agreement) ထိုးတယ်။ Project လုပ်နေတဲ့အချိန်မှာတော့ One of the Ethics က Independent ပဲ။ မိန်းမလည်း ပြောလို့မရဘူး။ သူငယ်ချင်းလည်း ပြောလို့မရဘူး။ ဒါတင်မကဘူး၊ ဒီရုံးမှာ Consultent ထဲမှာ ကျွန်တော်အကြီးဆုံးပဲ။ ဒါပေမဲ့ ကျွန်တော့်အောက်က လူတွေတချို့ Project တွေအကြောင်းကို ကျွန်တော့်ကိုမပြောဘူး။ ကျွန်တော်လည်း မေးခွင့်မရှိဘူး။ အပေါ်ယံလောက်ပဲ ကျွန်တော်သိထားတယ်။ တစ်ခုပြီးသွားရင်လည်း Client ကို Data တွေ အကုန်ပြန်အပ်ရပါတယ်။

Consultancy Field ကို စိတ်ဝင်စားတဲ့ လူငယ်တွေအတွက်လည်း ဘာတွေလိုအပ်သလဲဆိုတာ လမ်းညွှန်ပြောပြပေးပါ . . .

Consulting က Theory နဲ့လာတာဆိုတော့ Academic ပိုင်းလည်း စိတ်ဝင်စားဖို့လိုတယ်။ Entrepreneur လို Self-starter လည်းပါတယ်။ နောက်တစ်ခုက Executive Mindset ပါ။ ကုမ္ပဏီတစ်ခုရဲ့ Strategic Position ကို လုပ်မယ်ဆိုရင် Executive Decision တွေလုပ်ဖို့ ကျွန်တော်တို့က ပြင်ဆင်ပေးရတယ်။ တစ်ခါတလေ ခက်ခဲတဲ့ Decision တွေ ဝင်လုပ်ပေးရတယ်။ Consultant ဆိုတာ တစ်ပတ်မှာ ၅၀ - ၆၀ နာရီ အလုပ်လုပ်ရတယ်ဆိုတာ ပုံမှန်ပါပဲ။ အဲဒီတော့ ကျွန်တော်မြင်တာက Consultant ဖြစ်ဖို့ Academic က ၃၃ ရာခိုင်နှုန်း၊ Entrepreneur က ၃၃ ရာခိုင်နှုန်း၊ Executive Mindset က ၃၃ ရာခိုင်နှုန်း လိုအပ်ပါတယ်။

CSR လုပ်ငန်းတွေ၊ အခြားအဖွဲ့အစည်းတွေမှာ ပါဝင်တာတွေကိုလည်း ပြောပြပေးပါ . . .

ကျွန်တော်တို့ NGO တစ်ခုဝိုင်းထောင်ပေးတာ တစ်နှစ်ခွဲလောက် သက်တမ်းရှိသွားပါပြီ။ Inclusive Myanmar Development Initiative (IMDI) ဖြစ်ပါတယ်။ မြန်မာလိုနာမည်ကတော့ ပေါင်းစည်းဝေဆာပြည်မြန်မာပါ။ ကျွန်တော်တို့က ၈၈ မှာ ဒုတိယနှစ်ကျောင်းသားဆိုတော့ သူငယ်ချင်းတွေထဲမှာ ထောင်ကျသွားတာတွေ ရှိတယ်၊ တောခိုသွားတာတွေရှိတယ်။ နိုင်ငံခြားမှာ Activist လုပ်တာတွေရှိတယ်။ အဓိကကတော့ ဒီလူတွေ ပေါင်းပြီး နိုင်ငံရေးတင်မကဘဲ Development  ပါ လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ပါ။ ၈၈ မျိုးဆက်တွေတင်မကဘဲ Professional  တွေရော၊ လူငယ်တွေရော၊ တိုင်းရင်းသားတွေပါပါတယ်။ စလုပ်ခဲ့တဲ့အချိန်ကတည်းက ကျွန်တော်က Political Economy ၊ Communication တို့၊ Leadership အကြောင်းအရာတွေကို နှစ်ပတ်တစ်ခါ သင်တန်းပေးတာတွေ လုပ်တယ်။ အခုဆိုရင် အဖွဲ့ဝင် ၅၀၊ ၆၀ လောက်ထိကြီးလာပြီးတော့ Professional တွေလည်း များလာတယ်။ အဓိကကတော့ Capacity Building is the Nation Building ပါ။ ကျွန်တော့်အချိန် ၁၀-၂၀ ရာခိုင်နှုန်းလောက်က အဲဒီမှာသုံးပါတယ်။

နောက်ပြီး ကျွန်တော် MBA အတန်းတွေကို Strategic Management သင်ဖြစ်တယ်။ Strategy က လူတစ်ဦးချင်းစီရော၊ ကုမ္ပဏီအဖွဲ့အစည်းအတွက်ရော၊ နိုင်ငံအတွက်ရော အရေးကြီးပါတယ်။ လူတစ်ယောက်မှာ လုပ်စရာ Option တွေက အများကြီးရှိတယ်။ Strategy ဆိုတာက ဖြစ်နိုင်တဲ့ Option တွေကို Rational ဖြစ်တဲ့ အကြောင်းအရာပေါ်မှာ အခြေခံစဉ်းစားပြီး အကောင်းဆုံးကိုလုပ်နိုင်အောင် ရွေးချယ်စဉ်းစားတာပါ။ ကျွန်တော်တို့ဆီမှာက ကြည့်ကြက်လုပ်တဲ့ Management နဲ့၊ ဖြစ်လာတဲ့ အကျိုးဆက်ကိုလည်း ကံတရားပဲဆိုပြီး လက်ခံလိုက်တာတွေ များပါတယ်။ ကျွန်တော်ကတော့ Strategic Thinking အလေ့အကျင့် ဖြစ်လာစေချင်ပါတယ်။

၂၀၁၆ ခုနှစ်မှာ Business Sector အတွက် ဘာတွေ Expectation လုပ်ထားပါသလဲ . . .

အစိုးရပိုင်းကတော့ အပြောင်းအလဲတော်တော်လေးရှိမယ်လို့ ကျွန်တော်ထင်ထားပါတယ်။ ကျွန်တော်မြင်တာ ကတော့ ကျွန်တော်တို့နိုင်ငံမှာ မှန်ကန်တဲ့ Entrepreneur တွေ လိုအပ်ပါတယ်။ ပြီးတော့ ၂၀၁၆ ခုနှစ်မှာ Entrepreneur တွေအတွက် Opportunity တွေ ရလာမယ်လို့ မြင်ပါတယ်။ Sanction တွေ ရုတ်သိမ်းသွားမယ်။ Infrastructure တွေ၊ ရေတွေမီးတွေ ကောင်းလာမယ်။ Entrepreneur တွေအတွက် ပိုပြီးကောင်းတဲ့ Environment ဖြစ်လာမယ်လို့ ထင်ပါတယ်။ ဒါကြောင့် မှန်ကန်တဲ့ Entrepreneur တွေကို Develop လုပ်ပေးနိုင်ဖို့၊ သူတို့ လိုအပ်တဲ့ Capital တွေမှာ Assist လုပ်ပေးဖို့တွေ ရှိမယ်။

Business လုပ်ဖို့ဆိုတာ Business Ecosystem ကြီး ရှိပါတယ်။ Business သင်ပေးနေတဲ့ ကျောင်းကောင်းတွေ၊ MBA ကျောင်းတွေ လိုတယ်။ အလုပ်လုပ်တဲ့အခါ အတွေ့အကြုံကောင်းတွေပေးနိုင်မယ့် Corporation တွေ လိုတယ်။ ကျွန်တော်တို့လို ဘေးကနေ ကြည့်ပေးနေတဲ့ Professional Consulting Firm တွေလည်း လိုတယ်။ Business Research တွေ၊ Institution တွေ လိုတယ်။ Financial System ပိုင်းတွေ လိုတယ်။ အစိုးရကလည်း ဒါတွေကို လွယ်ကူတဲ့ Process ဖြစ်အောင် Support လုပ်ပေးဖို့လိုတယ်။ ဥပဒေပိုင်းတွေကို ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ပေးဖို့လိုတယ်။ အဲဒီလို Ecosystem ကြီးတစ်ခုလုံးကို ကျွန်တော်တို့ပြင်ဖို့ လိုပါတယ်။ ၂၀၁၆ ခုနှစ်ဟာ ဒီ Ecosystem ပြင်ဖို့ စတင်မယ့်နှစ်လို့ ယူဆပါတယ်။

ဖတ်ဖြစ်နေတဲ့ စာအုပ်အကြောင်းလည်း Sharing လုပ်ပေးပါဦး . . .

ကျွန်တော်အခုဖတ်ဖြစ်နေတဲ့စာအုပ်က နိုင်ငံရေးစာအုပ် ဖြစ်နေတယ်။ Pentagon's New Map ဆိုတဲ့စာအုပ်ပါ။ အမေရိကန်ရဲ့ Foreign Policy နဲ့ Security ကို အခြေခံထားတာပါ။ စီးပွားရေးနဲ့လည်းဆိုင်တယ်။ ဒီစာအုပ်ဖတ်ပြီး ကျွန်တော်တို့နိုင်ငံရဲ့ ကျောက်ဖြူစီးပွားရေးဇုန်တွေနဲ့ ပတ်သက်ပြီးစဉ်းစားမိတယ်။ ပင်လယ်ဒေသကို စိုးမိုးရေးဆိုတဲ့ Asia Pacific Strategy ဆိုတာရှိတယ်။ ပစိဖိတ်ကို စိုးမိုးနိုင်ရင် ကမ္ဘာ့ရဲ့သုံးပုံတစ်ပုံကို စိုးမိုးနိုင်ပြီပေါ့။ ဒီတော့ ရေနက်ဆိပ်ကမ်းဆိုတာက စီးပွားရေးတွေ ကောင်းလာမယ်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးလာမယ်ဆိုတာမှန်တယ်။ ဒါပေမဲ့ နိုင်ငံရဲ့ Strategic အရ မှန်လား၊ မှားလားဆိုတာ သိဖို့လိုတယ်။ အခုဆိုရင် ကျွန်တော်တို့ဆီကို နိုင်ငံပေါင်းများစွာက လာတယ်။ ဒီအချိန်မှာ ကျွန်တော်တို့တုံးလို့တော့ မရဘူး။ ကိုယ့်ရဲ့အရင်းအမြစ်ပိုင်ဆိုင်မှု၊ ကိုယ့်နိုင်ငံရဲ့ Identity ၊ ကိုယ့်နိုင်ငံရဲ့လုံခြုံရေးနဲ့ ငြိမ်းချမ်းမှုတွေက Balance ဖြစ်ဖို့ လိုပါတယ်။ ဒါကြောင့် ဒါတွေကို သိဖို့လိုပါတယ်။ နိုင်ငံရေးအတွေးအခေါ်၊ အယူအဆတွေကိုလည်း စီးပွားရေးသမားတွေ သိဖို့လိုတယ်လို့ ထင်ပါတယ်။

နောက်ပြီး Millionaire Mind ဆိုတဲ့ စာအုပ်ဖတ်တဲ့အခါမှာ Millionaire တွေမှာ ဘယ်လို Traits (အကျင့်) တွေ ရှိလဲဆိုတာကို သိခွင့်ရခဲ့တယ်။ Stephen Covey ရဲ့ The Seven Habits of Highly Effective People ကို ဖတ်တဲ့အခါ Dos and Don'ts တွေ သိခွင့်ရတယ်။ Strategy ဆိုရင်တော့ Six Thinking Heads စာအုပ်တွေနဲ့ ကြီးပြင်းလာခဲ့တယ်။ စာဖတ်တာနဲ့ပတ်သက်ပြီး အကြံပေးချင်တာက အချိန်လည်းသိပ်မပေးနိုင်ကြတော့ ရွေးချယ်ဖတ်ဖို့၊ စုံအောင်ဖတ်ကြဖို့ပါ။ နောက်တစ်ခုအကြံပေးချင်တာက အခုဆိုရင် အင်တာနက်လည်း ကောင်းလာပြီဆိုတော့ အမေရိကန်တက္ကသိုလ်တွေကနေ သူတို့ရဲ့ Course တွေကို Online ကနေ Free ပေးနေတဲ့ Coursera လို Website တွေရှိတယ်။ ကျွန်တော် အဲဒီ Course တွေကို နားထောင်တယ်။ သင်ယူရတာမြန်တယ်။

နောက်ဆုံးမေးခွန်းအနေနဲ့ အနာဂတ် Life Plan ၊ Career Plan ကို ပြောပြပေးပါ . . .

Life Plan ကတော့ ကျွန်တော်အခု အသက် ၄၄ နှစ် ဆိုတော့ Midlife ရောက်လာပြီပေါ့။ ကျွန်တော် အဓိက သုံးခုစဉ်းစားတယ်။ ကျွန်တော့် Life ကို Balance ဖြစ်စေချင်တယ်။ ပိုက်ဆံတွေချည်းပဲလည်း မရှာချင်ဘူး။ ပညာတွေပဲ ရှာပြီးတော့လည်း လက်တွေ့ကျကျမလုပ်နိုင်တဲ့သူ မဖြစ်ချင်ဘူး။ ဒီတော့ ကျွန်တော် Balance  လုပ်ထားတာ သုံးခုရှိတယ်။ အတ္တ၊ ပရဖြစ်တဲ့ ကိုယ့်အကျိုးနဲ့သူများအကျိုးကို မျှအောင်လုပ်ဖို့၊ နောက်တစ်ခုက လောကီ၊ လောကုတ္တရာပါ။ လက်ရှိဘဝနဲ့ နောက်ဘဝအတွက်ကို မျှတအောင်လုပ်ပါတယ်။ နောက်ဆုံးတစ်ခုက ပညာ၊ ဥစ္စာပါ။ ဒီသုံးခုနဲ့ Life ကို Balance ဖြစ်အောင်လုပ်ပါတယ်။ Career ကတော့ ဒီ Consulting မှာ Benchmark တစ်ခုကို ကျော်လာပြီ။ အခု Partner ဆိုတော့ နောက်ထပ်တက်စရာလည်း မရှိတော့ဘူး။ ဒီတော့ Career အပြင် ကျွန်တော့်အတွေ့အကြုံနဲ့ ပေါင်းစပ်ပြီး ကျွန်တော်ဝါသနာလည်းပါတဲ့အလုပ်ဖြစ်တဲ့ စာသင်ချင်တယ်၊ စာရေးချင်တယ်။ အခုလုပ်နေတဲ့အလုပ်က ဆယ်နှစ်လောက်ရှိလာပြီဆိုတော့ ဒီအလုပ်ကိုပဲ ဆက်လုပ်သွားပါမယ်။ နောက်ဆုံးတစ်ခုကတော့ Investment ပေါ့။ ကျွန်တော့်ရဲ့အချိန်၊ အိုင်ဒီယာ၊ ငွေတွေကို ကောင်းတဲ့ Business မှာ Invest လုပ်ချင်ပါတယ်။ စာရေးခြင်းနဲ့ Coach လုပ်ပေးခြင်းတို့နဲ့ အောင်မြင်တဲ့၊ Ethics နဲ့ညီတဲ့ Entrepreneur တစ်ထောင်ကို မွေးထုတ်ချင်တယ်၊ ကူညီပေးချင်ပါတယ်။

နန္ဒာနေဝင်း