အလုပ်အားလပ်ရက်အတွက် အပန်းဖြေခရီးစဉ်လေးများ

decpleasure1

အလုပ်ကိုပဲ အမြဲတမ်းစိတ်နှစ်ပြီးလုပ်နေရင် ကြာလာတဲ့အခါ ဦးနှောက်က အကြံကောင်း၊ ဉာဏ်ကောင်း၊ အကြံသစ်၊ ဉာဏ်သစ်တွေကို ပေးနိုင်တော့မှာ မဟုတ်ပါဘူး။ ခရီးသွားတာဟာ နေ့စဉ်မွန်းကျပ်မှုတွေကနေ လွတ်မြောက်ပြီး ဆန်းသစ်တဲ့အတွေးအမြင်၊ အတွေးအခေါ်တွေ၊ အကြံဉာဏ်တွေကို ရစေတဲ့အပြင်  စိတ်ကြည်လင်လန်းဆန်းမှုလည်း ရစေတဲ့အတွက် နေ့စဉ်အလုပ်ထဲမှာပဲ စိတ်ကိုနှစ်ထားတဲ့လူတွေ၊ လုပ်ငန်းဦးဆောင်သူတွေအနေနဲ့ တစ်နှစ်ကို အနည်းဆုံးတစ်ခါလောက်တော့ ခရီးသွားသင့်ပါတယ်။

မြန်မာပြည်တွင်းမှာ ခရီးသွားမယ်ဆိုရင် . . .

လုပ်ငန်းဦးဆောင်သူတွေအနေနဲ့နေရာအသစ်အဆန်းတွေကို ခရီးသွားချင်ရင်တောင် ကိုယ့်လုပ်ငန်းရဲ့ အနေအထားအရ ဆက်သွယ်ရေး၊ တည်းခိုရေး၊ လမ်းပန်း ဆက်သွယ်ရေးနဲ့ ငြိမ်းချမ်းမှုမရှိတဲ့ နေရာတွေကို သွားဖို့က အဆင်မပြေပါဘူး။ လည်ပတ်လို့လည်း ကောင်းပြီး၊ လွတ်လွတ်လပ်လပ်၊ အေးအေးချမ်းချမ်းနဲ့ အနားယူနိုင်မယ့် မြန်မာပြည်တွင်းမှာတင်ရှိနေတဲ့ နေရာကောင်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

[caption id="attachment_28035" align="alignnone" width="720"]decpleasure2ခေါ်နူးသုဝ် (ခေါ်) ဝိတိုရိယတောင်[/caption]

ချင်းပြည်နယ် . . .

ချင်းပြည်နယ်မှာရှိတဲ့ ကန်ပက်လက်ဒေသဟာ လမ်းပန်းဆက်သွယ်ရေး၊ တည်းခိုရေးနဲ့ ဆက်သွယ်ရေးလည်း အဆင်ပြေလာတဲ့အပြင် ငြိမ်းငြိမ်းချမ်းချမ်းလည်း ရှိတာကြောင့် ခရီးသွားဖို့ အဆင်ပြေတဲ့နေရာတစ်ခု ဖြစ်လာပါတယ်။ ကန်ပက်လက်မှာ အနားယူရတာဟာ အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းလည်းရှိတဲ့အပြင် ပတ်ဝန်းကျင်မှာကလည်း မြူတွေဆိုင်းနေတတ်တာကြောင့် ဆွဇ်ဇာလန်ရောက်နေသလို ခံစားမှုမျိုးကို ရရှိစေပါတယ်။ ချင်းလူမျိုးတွေရဲ့ ရိုးရာအစားအစာတွေကို ခံစားနိုင်မယ့်အပြင် သူတို့ရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကိုလည်း လေ့လာနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ခေါ်နူးသုဝ်လို့ခေါ်တဲ့ ဝိတိုရိယတောင်ဟာလည်း ပွင့်လင်းရာသီမှာဆိုရင် နိဗ္ဗာန်ဘုံလို့တောင် တင်စားခေါ်ဝေါ်ရလောက်တဲ့အတွက် ခရီးသွားဖို့အတွက် သင့်လျော်တဲ့ နေရာတစ်ခုလို့ ပြောချင်ပါတယ်။ ချင်းပြည်နယ်ဟာ ခေါင်တယ်လို့ လူတော်တော်များများက ပြောခဲ့ကြပေမဲ့ အခုအခါမှာတော့ ဆက်သွယ်ရေး၊ တည်းခိုရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကလည်း အဆင်ပြေပြီး အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်း ရှိနေပြီဖြစ်တဲ့အတွက် အားလပ်ရက် အနားယူချင်တဲ့ လူတွေအဖို့တော့ နေရာကောင်းလေးတွေ ဖြစ်ပါတယ်။

decpleasure3

တနင်္သာရီတိုင်း၊ မြိတ်ကျွန်းစု . . .

ငွေကြေးတတ်နိုင်ပြီး တောထဲမှာနေရတဲ့ အရသာမျိုးကို ခံစားချင်ရင်တော့ Adaman Resort ပုံစံအတိုင်း မြိတ်ကျွန်းစု၊ ညောင်ဦးဖီးကျွန်းမှာ ဆောက်ထားတဲ့ Royal Cliff Resort က အပန်းဖြေခရီးသွားဖို့အတွက် သင့်တော်တဲ့နေရာတစ်ခုလို့ ညွှန်းချင်ပါတယ်။

decpleasure4

ဝန်ထမ်းတွေနဲ့ခရီးထွက်သင့် . . .

လုပ်ငန်းကို ဦးဆောင်နေတဲ့လူတွေအနေနဲ့ ကိုယ့်ဝန်ထမ်းတွေနဲ့လည်း တစ်နှစ်တစ်ခေါက်လောက်တော့ ခရီးသွားသင့်ပါတယ်။ ဝန်ထမ်းတွေနဲ့ ခရီးအတူသွားရင်း Team Building တွေ၊ Gala Dinner တွေ၊ ဂိမ်းကစားတာမျိုးတွေ လုပ်ပေးတာက အလုပ်ရှင်နဲ့ ဝန်ထမ်းတွေကြား ခိုင်မာတဲ့ရင်းနှီးမှုတည်ဆောက်ပြီးသား ဖြစ်စေသလို အလုပ်မှာ ဝန်ထမ်းတွေမြဲစေဖို့လည်း အထောက်အပံ့တစ်ခုဖြစ်ပါတယ်။

အမှန်တကယ် အပန်းပြေစေဖို့ဆိုရင် . . .

တကယ်တော့ နိစ္စဓူ၀ အလုပ်နဲ့လက်မပြတ်အောင် လုပ်နေရသူတွေအတွက် ခရီးသွားတဲ့အခါမှာ ဆက်သွယ်ရေး မရတဲ့နေရာမျိုးက ပိုပြီးကောင်းပါတယ်။ ကိုယ့်ကို ဘယ်သူမှ အလွယ်တကူ ဆက်သွယ်လို့ မရတာကြောင့် စိတ်ရောကိုယ်ပါ ကောင်းကောင်းအနားယူနိုင်သလို လုပ်ငန်းအတွက်လည်း အကြံဉာဏ်ကောင်းတွေ ရရှိစေနိုင်ပါတယ်။ မိသားစုနဲ့သွားရင်လည်း နွေးထွေးတဲ့ မိသားစုဘဝကို ပြန်ပြီးရရှိလာစေနိုင်ပါတယ်။ အခုခေတ်မှာက တယ်လီဖုန်းတွေ၊ အင်တာနက်တွေ၊ ဖျော်ဖြေရေးတွေ၊ ဂိမ်းတွေက တအားအားကောင်းလာတော့ မိသားစုနဲ့ အဆက်အသွယ်ပြတ်သလို ဖြစ်နေတာကြောင့် ဒါတွေမရှိတဲ့နေရာကို ခရီးထွက်တာက တကယ်အပန်းပြေစေပြီး မိသားစုဝင်တွေကိုလည်း စည်းစည်းလုံးလုံး ဖြစ်လာစေမှာပါ။ နိုင်ငံတကာက ဈေးကြီးပါတယ်ဆိုတဲ့ Resort တချို့ဆို အခန်းထဲမှာ တီဗီ၊ ဖုန်း၊ မီနီဘား စတာတွေ မပံ့ပိုးပေးထားဘဲ ကိုယ်လိုအပ်မှသာ ခေါင်းလောင်းတီးပြီး လိုအပ်တာမှာရတဲ့ စနစ်ကို ကျင့်သုံးနေတာတွေ ရှိပါတယ်။

အယ်ဒီတာအဖွဲ့

ဤဆောင်းပါးအတွက် ကူညီပေးသော ဦးသက်လွင်တိုး၊ Managing Director ၊ Myanmar Voyages International Tourism Co Ltd ကို ကျေးဇူးတင်ရှိပါသည်။