အမေရိကန်၊ အင်္ဂလန်စတဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ခဲ့ပြီး မြန်မာနိုင်ငံရဲ့ ဦးဆောင်ကုမ္ပဏီတစ်ခုဖြစ်တဲ့ YOMA Strategic and Holding Co Ltd မှာလည်း တာဝန်ထမ်းဆောင်ခဲ့တဲ့ Sandanila Co Ltd ရဲ့ Co-founder ဒေါ်သီရိသန့်မွန်နဲ့တွေ့ဆုံခိုက်မှာ Corporate ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်တာနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်တာ၊ နိုင်ငံခြားမှာ အလုပ်လုပ်တာနဲ့ မြန်မာနိုင်ငံမှာ အလုပ်လုပ်တဲ့အခါမှာ ဘယ်လိုကွာခြားချက်တွေ ရှိလဲဆိုတာနဲ့ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့ပါတယ်။
ပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံ . . .
ကျွန်မမြန်မာပြည်မှာ ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ်တွေက ပိတ်ထားတာကြာတဲ့အတွက် မတက်ဖြစ်သေးဘဲ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်းမှာ International School Yangon ကို တက်ခဲ့ပြီး SAT ၊ TOFEL တို့ ဖြေဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်တက်ဖို့ နှစ်နှစ်ကျော်ကြာ စောင့်ခဲ့ပေမဲ့ မဖွင့်သေးတာကြောင့် အမေရိကန်ကို တက္ကသိုလ်ဆက်တက်ဖို့ ထွက်ဖြစ်ခဲ့ပါတယ်။ အဲဒီက William & Mary တက္ကသိုလ်မှာ Development Economic ကို တက်ခဲ့ပြီး ဘွဲ့ရတော့ Capital One ဆိုတဲ့ ငွေချေးတဲ့ဘဏ်မှာ Credit One Risk အနေနဲ့အလုပ်စဝင်ခဲ့ပါတယ်။ အမေရိကန် Capital One မှာ နှစ်နှစ်လုပ်ခဲ့ပြီး အင်္ဂလန်ကို Transfer ကျတဲ့အတွက် အဲဒီမှာလည်း နှစ်နှစ်အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီမှာလုပ်နေတုန်း အလုပ်က Sponsorship ပေးတဲ့အတွက် London Business School မှာ Business တက်ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်မှာ ကျွန်မက Wall Street ကို စိတ်ဝင်စားရာကနေ MBA တက်တာကြောင့် Morgan Stanley ဘဏ်မှာ Intership ဆင်းရချိန်မှာ ကုမ္ပဏီက သဘောကျပြီး Capital One က Sponsorship ပေးထားတဲ့ ငွေကိုလျော်ပေးပြီး အလုပ်ဝင်စေတာကြောင့် MBA ပြီးကတည်းကစပြီးတော့ Morgan Stanley မှာ အလုပ်ဝင်ဖြစ်ခဲ့ပါတယ်။
ဒါပေမဲ့ မြန်မာပြည်ပြန်ချင်တဲ့စိတ်က အမြဲရှိနေတာကြောင့် ဦးသိန်းစိန်အစိုးရတက်လို့ မြန်မာပြည်က လမ်းကြောင်းပွင့်လာတော့ ကိုယ်ပိုင်အလုပ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ပြန်လာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာပြည်က ၁၈ နှစ်သမီးအရွယ်ကတည်းက ထွက်သွားပြီး ၁၇ နှစ်လောက် နိုင်ငံခြားမှာနေခဲ့တာဆိုတော့ လူကြီးဘဝတစ်လျှောက်လုံး မြန်မာပြည်မှာ မရှိခဲ့တာဖြစ်တဲ့အတွက် ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့အခါမှာ ကိုယ့်တိုင်းပြည်ကိုယ် သေချာနားလည်ပါ့မလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် သံသယဝင်ခဲ့ပါတယ်။ အဲဒီမှာ ကံကောင်းစွာနဲ့ YOMA Strategic မှာ Mr Serge Pun က အခွင့်အရေးပေးတာနဲ့ ကိုယ်တိုင်ကလည်း သဘောကျ၊ ပညာလည်း ယူချင်တဲ့အတွက် အဲဒီမှာ နှစ်နှစ်အနည်းဆုံးလုပ်မယ်၊ ပြီးရင်တော့ ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုပြီး အလုပ်ဝင်ဖြစ်ခဲ့ပါတယ်။ ဒီနှစ်နှစ်မှာ ဝါရင့်စီးပွားရေးပညာရှင်ဘေးမှာ လက်ပွန်းတတီးလုပ်ရတာဖြစ်တဲ့အတွက် အများကြီး အကျိုးရှိခဲ့ပါတယ်။ YOMA မှာ နှစ်နှစ်ပြည့်တော့ ကိုယ်ပိုင်လုပ်ငန်း လုပ်ချင်တာကြောင့် Sandanila ကို စပြီးတည်ထောင်ဖြစ်ခဲ့ပါတယ်။
ဝန်ထမ်းလုပ်ရာကနေ ကုမ္ပဏီထောင်ဖို့ ဘယ်လို Idea ရခဲ့လဲ။ ဘာကြောင့် စဖြစ်ခဲ့တာလဲ . . .
ကျွန်မက ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ မိသားစုကနေ မွေးဖွားလာတာကြောင့် မိဘ၊ ဘိုးဘွားတွေလို ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ စိတ်ထဲမှာ ငယ်ငယ်လေးကတည်းက ရှိခဲ့ပါတယ်။ ဝန်ထမ်းဖြစ်သွားတာက နိုင်ငံခြားထွက်သွားမိတာကြောင့်နဲ့ နိုင်ငံခြားမှာ ပညာယူတဲ့အနေနဲ့ နှစ်နှစ်၊ သုံးနှစ်လုပ်မယ်ဆိုပြီး အချိန်ကြာသွားတာ ဖြစ်ပါတယ်။ ပြီးတော့ အင်္ဂလိပ်လို ပြောသလို Better Late the Never ဆိုသလို အခုမှမစရင် ဘယ်အချိန်စဖြစ်မလဲဆိုပြီး လုပ်ငန်းကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။
ကျွန်မအနေနဲ့ အမှန်အတိုင်းပြောရရင် အလုပ်က ကောင်းတဲ့အတွက် နိုင်ငံခြားမှာနေလည်း အဆင်ပြေတယ်။ မြန်မာပြည်မှာဆိုလည်း ရာထူးကြီးကြီး ရနိုင်ကိန်းရှိတယ်။ လခကောင်းကောင်းယူပြီး၊ အပူကင်းကင်းနဲ့ စိတ်အေးလက်အေး ဝန်ထမ်းပဲလုပ်နေလို့လည်း ရတယ်ဆိုပေမဲ့ အဲဒီအတိုင်းဆိုရင် ကိုယ့်ရဲ့ Dream က ဘယ်တော့မှဖြစ်လာမှာ မဟုတ်တော့ပါဘူး။ ကိုယ်ပိုင်အလုပ်ဆိုတာ Risky ဖြစ်တယ်။ လုပ်ငန်းပျက်တာတို့ ၊ ဘာတို့ဆိုတာ လူတိုင်းကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီ Risky ကို ယူနိုင်လား၊ မယူနိုင်ဘူးလားဆိုတာ စဉ်းစားတဲ့အခါမှာ အခုမှမယူရင် ဘယ်အချိန်သွားယူမလဲဆိုပြီး ကိုယ်ပိုင်အလုပ်လုပ်ဖို့ ရွေးချယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
ကုမ္ပဏီက ဘယ်လိုလုပ်ငန်းကို လုပ်တာလဲ၊ လက်ရှိမှာ ဘယ်သူတွေကို ဝန်ဆောင်မှုပေးနေလဲ . . .
ကျွန်မတို့ကတော့ ကုမ္ပဏီတွေကို Capital ရှာပေးတဲ့ ဝန်ဆောင်မှုကို အဓိကလုပ်တာဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်မတို့က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခေါ်ပေးတာဖြစ်ပါတယ်။
နိုင်ငံခြားသားက ဘယ်လိုမျိုး ဘယ်လိုအခြေအနေမျိုးမှာ ရင်းနှီးမြှုပ်နှံမှုလာလုပ်ချင်တယ်ဆိုတာကို ကျွန်မတို့ နားလည်တယ်။ ဒီကကုမ္ပဏီတွေကိုလည်း ပြပေးလို့ ရတယ်။ ကိုယ့်ကုမ္ပဏီအကြောင်းကို နိုင်ငံခြားသား နားလည်အောင်လို့ ရှင်းပြတာတို့ ကြားထဲမှာ လုပ်ပေးတယ်။ ဒါအပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရတဲ့ အချိန်မှာလည်း မြန်မာကုမ္ပဏီတွေ မနစ်နာအောင် ဘယ်လိုဆွေးနွေးရမလဲဆိုတာတွေ လုပ်ပေးတယ်။
နောက်တစ်ချက်က ကျွန်မတို့ဆီမှာရှိတဲ့ Funding နဲ့ ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမှုလုပ်တယ်။ ကိုယ်တိုင်ကုမ္ပဏီတွေကို သွားပြီး ရှယ်ယာဝင်တယ်၊ ရင်းနှီးမြှုပ်နှံတယ်၊ ဒါကိုတော့ ကြည့်နေတုန်းပဲ ရှိသေးတယ်။ ဒီကဏ္ဍက ပိုပြီးထိရောက်တယ်ဆိုရင် Fund ထောင်ပြီး အရင်းအနှီးထပ်ထည့်ဖို့လည်း ရှိပါတယ်။ အခုလောလောဆယ်မှာတော့ ဒီကဏ္ဍက သိပ်ပြီးမတိုးတက်သေးတဲ့အတွက် စောင့်ကြည့်နေတယ်။ အဓိကအနေနဲ့ ဒီနှစ်ချက်ကို လုပ်ပါတယ်။ နောက်ပြီး Merger & Acquisition Advisory လို့ ခေါ်တဲ့ ကုမ္ပဏီနှစ်ခုပေါင်းတာ၊ ကုမ္ပဏီတစ်ခုက နောက်တစ်ခုကို ဝယ်တာစတာတွေကို Advisory ပေးတဲ့ ဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပါတယ်။ ပြီးတော့ မြန်မာပြည်ကို Foreign Direct Investment ဝင်လာတဲ့ အချိန်ကျရင် ပြည်တွင်းကုမ္ပဏီတွေအနေနဲ့ ဘယ်လိုပြင်ဆင်ထားရမယ်၊ ဘယ်လို Negotiate လုပ်ရမယ်ဆိုတာတွေကိုလည်း အကြံပေးပါတယ်။
နောက်ပြီး ကျွန်မအနေနဲ့ ဘက်စုံအကြံပေးကိုလည်း လုပ်ချင်ပါတယ်။ ဘက်စုံအကြံပေးဆိုတာ ကဏ္ဍတစ်ခုတည်း မဟုတ်ပါဘူး။ မြန်မာပြည်က စီးပွားရေးပညာရှင်တွေဟာ ကိုယ့်ကဏ္ဍမှာ တအားတော်တယ်။ မြန်မာပြည်အကြောင်းလည်း နောကျေနေတယ်။ ဒါပေမဲ့ တိုင်းပြည်ပွင့်လာတဲ့အခါမှာ အခြေအနေတွေက ပြောင်းသွားတော့ နိုင်ငံခြားက လူတွေလည်းဝင်လာပြီ၊ ကိုယ့်တိုင်းပြည်ကလည်း တဖြည်းဖြည်းနဲ့ အသွင်ပြောင်းလာပြီဆိုတဲ့အချိန်မှာ ဘယ်လိုလုပ်ရမလဲဆိုတာတွေ ကိုယ့်ကုမ္ပဏီရဲ့ Strategy ကို ဘယ်လိုပြောင်းသင့်လဲ။ လုပ်ငန်းတွေ အများကြီးဖြစ်လာပြီဆိုရင် တချို့လုပ်ငန်းတွေက အာရုံများတာပဲရှိတယ်၊ ဘာမှဖြစ်မလာဘူးဆိုရင် ရောင်းဖို့သင့်လား စတာမျိုး အကြံပေးတဲ့အပိုင်းကိုလည်း လုပ်ချင်ပါတယ်။
နိုင်ငံခြားမှာ အလုပ်ဝင်တော့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေ . . .
နိုင်ငံခြားမှာ အလုပ်လုပ်ရတာက အလုပ်ချိန်က တအားများသလို အလုပ်ကို တအားခွန်အားစိုက်ပြီး လုပ်ရတယ်။ ကျွန်မ ပထမစတဲ့အလုပ်ဆို မနက် ၈ နာရီမှာ စတယ်။ တစ်ခါတလေကျရင် မနက် ၂ နာရီ ၊ ၃ နာရီလောက်မှ ပြီးတယ်။ စနေ ၊ တနင်္ဂနွေဆိုရင်လည်း Deal ရှိနေရင် လုပ်ရတယ်။ ဒါပေမဲ့ ကိုယ်ကငယ်သေးတယ်ဆိုတော့ ငယ်တဲ့အချိန်မှာ အခုလိုအတွေ့အကြုံမျိုးရတာ ကောင်းတယ်လို့ ခံယူပြီးလုပ်ဖြစ်ခဲ့ပါတယ်။ နောက်အလုပ်ကျတော့ Stock and Share ဈေးကွက်မဖွင့်ခင် မနက်ကို ၆ နာရီခွဲ အရောက်သွားရတယ်။ ဈေးကွက်က ၄ နာရီခွဲ၊ ၅ နာရီလောက်ဆိုပိတ်တော့ ၆ နာရီ၊ ၆ နာရီခွဲလောက်ဆို ပြန်လို့ရတယ်။ အဲတော့ အလုပ်ချိန်က မနက်ခြောက်နာရီခွဲကနေ ညခြောက်နာရီခွဲဖြစ်တဲ့အတွက် အနည်းဆုံး ၁၂ နာရီလောက် အလုပ်လုပ်ရပါတယ်။ ဒါပေမဲ့ ပျော်တယ်။ စိတ်ဝင်စားစရာလည်း ကောင်းတယ်။
မြန်မာပြည်မှာ အလုပ်လုပ်တာနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်တာရဲ့ ကွာခြားချက်တွေ . . .
မြန်မာပြည်မှာ အလုပ်လုပ်တာနဲ့ နိုင်ငံခြားမှာ အလုပ်လုပ်တာ ဘာကွာလဲဆိုရင် အများကြီးကွာခြားတယ်လို့ ပြောချင်ပါတယ်။ ဘာလို့လဲဆိုရင် အခြေအနေချင်းက လုံးဝမတူဘူး။ နိုင်ငံခြားမှာက ဘယ်လောက်တာဝန်ကြီးကြီး ဘယ်လောက်အလုပ်များများ ဘေးကနေကူညီပေးမယ့်လူတွေ၊ ကူညီပေးနိုင်တဲ့လူတွေ အများကြီးရှိတယ်။ ကိုယ့်အလုပ်ကို ကိုယ့်ဘောင်ထဲမှာ လုပ်သွားရုံပဲ။ ဘေးက လူတွေက သူ့အလုပ်သူပြီးပြတ်အောင် လုပ်သွားတဲ့အတွက် အခက်အခဲတွေ ရှိတယ်ဆိုပေမဲ့ လုပ်ရကိုင်ရတာ လွယ်တယ်။ ဒီမှာကျတော့ ကိုယ်ဘာလုပ်ရမလဲဆိုတာ သိနေပေမဲ့ ဘေးကလူတွေက ဒီလိုမျိုး အတွေ့အကြုံမရှိတဲ့အတွက် တစ်ခါတလေကျရင် ကိစ္စသေးသေးလေးတွေကအစ ကိုယ်ကဝင်ပါရတယ်။ ဥပမာ - တစ်နာရီမှာ ကုမ္ပဏီတစ်ခုလုံးရဲ့ Strategy အကြောင်းကို ကိုယ်က အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆွေးနွေးရင် ဆွေးနွေးနေပေမယ့် နောက်တစ်ချိန်ကျရင် Email တစ်ခု စာလုံးပေါင်းမမှားအောင် ကိုယ်ကပဲ ကြည့်နေရတာမျိုးတွေ ရှိတယ်။
နောက်တစ်ခုကွာတာက အရင်က Investment Banker အနေနဲ့ ကဏ္ဍတစ်ခုဆိုတစ်ခုပဲ လုပ်ရတယ်။ ကျွန်မက Debt Capital Market ဆိုတော့ Bond လုပ်တယ်။ နောက်ပိုင်းကျတော့ Interest Rate Derivitive ဆိုတာလုပ်တယ်။ ဒါပေမဲ့ YOMA Strategic ကျတော့ Conglomorate ဖြစ်တဲ့အတွက် လုပ်ငန်းတွေအများကြီး ရှိတယ်။ လုပ်ငန်းတစ်ခုနဲ့တစ်ခုက ဘာမှလည်း အဆက်အစပ်မရှိဘူး။ Conglomorate ဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာ Management တစ်ခုအနေနဲ့နေရတဲ့အခါကျတော့ စီးပွားရေးကဏ္ဍတွေ အများကြီးကို စဉ်းစားရတယ်။
မြန်မာပြည်မှာကလည်း ဒီလိုမျိုးကုမ္ပဏီတွေ များပါတယ်။ မြန်မာပြည်မှာက လုပ်ငန်းမခွဲလို့ မရဘူး။ ဘာလို့လဲဆိုတော့ လုပ်ငန်းတစ်ခုတည်း ဇောက်ချလုပ်မယ်ဆိုရင် အဲဒီလုပ်ငန်းက အစိုးရပေါ်လစီပြောင်းတာတို့၊ ဘာတို့နဲ့ လုပ်ငန်းကပြတ်သွားရင် ဘာဖြစ်မလဲဆိုတာကို ကြိုတင်မသိနိုင်တာရယ်၊ လုပ်ငန်းမခွဲရင်အနာဂတ်မှာ ဘာဖြစ်မယ်ဆိုတာ မသေချာတဲ့အတွက် အားလုံးက လုပ်ငန်းခွဲကြတယ်။ စိတ်ဝင်စားစရာကောင်းတာက လုပ်ငန်းတွေအများကြီးဆိုတော့ ကိုယ့်ဦးနှောက်က တစ်ချိန်လုံးမျိုးစုံတွေးနေရတယ်။ လုပ်ငန်းတစ်ခုရဲ့ လိုအပ်ချက်နဲ့ နောက်လုပ်ငန်းတစ်ခုရဲ့ လိုအပ်ချက်က မတူတဲ့အတွက် အများကြီးစဉ်းစားရတယ်။ ပညာလည်း အများကြီးရပါတယ်။
ဝန်ထမ်းလုပ်တာနဲ့ ကိုယ်ပိုင်လုပ်ငန်းလုပ်တာရဲ့ ကွာခြားချက်တွေ . . .
လုပ်ငန်းရှင်ဆိုတာ အောင်မြင်သွားတဲ့အချိန်ကျမှသာ ကြားကောင်းတာဖြစ်ပါတယ်။ မအောင်မြင်သေးချိန် Start Up အချိန်မှာတော့ အခက်အခဲတွေက အများကြီးပဲ ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ မိဘ၊ အဘိုးအဘွားတွေက ကိုယ်ပိုင်လုပ်ငန်းတွေ လုပ်ခဲ့တယ်ဆိုပေမဲ့ ကိုယ်ကိုယ်တိုင်ကျတော့ ကိုယ်ပိုင်လုပ်ငန်းကို အခုမှပထမဆုံး စလုပ်တာဖြစ်တဲ့အတွက် ကိုယ်ပိုင်လုပ်ငန်းထောင်ရတာ ကြောက်လားဆိုရင်တော့၊ ကြောက်တယ်လို့ ပြောချင်ပါတယ်။
နောက်ပြီး ကျွန်မကိုယ်ကိုယ်တိုင်က လခနဲ့ပဲ အလုပ်လုပ်နေခဲ့ပြီး လခကအမြဲကောင်းခဲ့တာဖြစ်တဲ့အတွက် လကုန်ရင်လခရပြီး အေးအေးဆေးဆေးနေလို့ရ တယ်ဆိုပေမဲ့ ကိုယ်ပိုင်လုပ်ငန်း လုပ်တဲ့အခါကျတော့ လကုန်ကျရင် လခမရဘဲ ကိုယ်ကလခပေးရတယ်။ ဝန်ထမ်းလခတွေ၊ ရုံးခလခတွေ စတဲ့ စရိတ်တွေအကုန်လုံး ကိုယ်ပဲခံရတယ်ဆိုတော့ စီးပွားရေးလုပ်ငန်းရှင်ဖြစ်လာတဲ့အခါကျတော့ ခေါင်းပူတာတွေက မတူဘူး။ ဒါပေမဲ့ လခစားသမားပူတဲ့အပူနဲ့ လုပ်ငန်းရှင်ပူရတဲ့ အပူက မတူဘူး။ ကျွန်မအနေနဲ့ စလုံးရေးစ လုပ်ငန်းရှင်ဖြစ်တဲ့အတွက် လုပ်ငန်းရှင်ပူရတဲ့ အပူတွေကို ခံစားနေရပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ခုသေချာတာက လုပ်ငန်းအောင်မြင်ရင် အောင်မြင်တဲ့ရလဒ်တွေက ကိုယ်ပဲရမှာ။ လခစားဆိုရင်တော့ လခမှာတင် ပြီးသွားတယ်။ လခကနေ ထပ်ပြီးရစရာမရှိဘူး။ ရှုံးစရာလည်း အကြောင်းမရှိဘူး။ လုပ်ငန်းရှင်အနေနဲ့ကျတော့ ရရင်လည်း ကိုယ်ပဲရတယ်။ အပေါ်က Ceiling မရှိဘူး။ ဒါပေမဲ့ ရှုံးရင်လည်း ရှုံးနိုင်ပါတယ်။
နောက်ပြီး ဝန်ထမ်းက ကိုယ်ဘာလုပ်ရမယ်ဆိုတာကို ကိုယ့်အထက်လူကြီးက ပြောတယ်။ နိုင်ငံခြား ကုမ္ပဏီတွေ၊ YOMA တို့လို ကုမ္ပဏီတွေကတော့ နိစ္စဓူ၀ ကိုယ့်ဟာကိုယ် လုပ်ရပါတယ်။ ကိုယ်ဘာဖြစ်လို့ ဒီအလုပ်မှာ ရှိနေတာလဲ၊ ကိုယ့်ရဲ့ Objective တွေ၊ Key Performance Indicator တွေကို သိနေတဲ့အတွက် ရုံးရောက်ရင် ဘာလုပ်ရမယ်ဆိုတာကို သိနေတယ်။ ဒါပေမဲ့ မြန်မာပြည်မှာကတော့ လုပ်ငန်းရှင်က ခိုင်းတာကို လိုက်လုပ်နေရတာမျိုးတွေလည်း ရှိပါတယ်။ ကုမ္ပဏီကြီးမှာ ဝန်ထမ်းလုပ်တဲ့အခါကျတော့ ကိုယ်ကကိုယ့်ကဏ္ဍ ကိုယ်ရှိတယ်။ ကိုယ်ကအုပ်ချုပ်မှုအကြီးအကဲ ဖြစ်ရင်လည်း ကိုယ့်အောက်မှာ လူတွေအများကြီးရှိတယ်။ ကုမ္ပဏီရဲ့ယန္တရားက လည်နေပြီးသား။ လည်နေတဲ့ ယန္တရားထဲမှာ ကိုယ်ကဝင်သွားတဲ့ သဘောမျိုး ဖြစ်ပါတယ်။
ကိုယ်ပိုင်အလုပ်မှာကျတော့ ဒါတွေကို ကိုယ်ကစရတာ ဖြစ်ပါတယ်။ Website ရေးတာကအစ၊ လခထုတ်ပေးတာကအစ၊ Office ပြင်တာကအစ အကုန်လုံးကို ဂဃဏန လိုက်ကြည့်ရတယ်။ နောက်ပြီး ကိုယ်က လုပ်ငန်းရှင်ဖြစ်လာတဲ့အခါမှာ ကုမ္ပဏီရဲ့ဦးတည်ချက်၊ Strategy ကိုလည်း ကိုယ်ပဲချရတယ်။ ဝန်ထမ်းတွေကိုလည်း Manage လုပ်ရပါတယ်။ ပစ္စည်းကိရိယာဝယ်ဖို့၊ Raw Material ကုန်ကြမ်းဝယ်ဖို့ စတာတွေအတွက် Financing လုပ်ဖို့ကလည်း ကိုယ့်ခေါင်းပေါ်မှာပဲဆိုတော့ လုပ်ငန်းရှင်လုပ်ရတယ်ဆိုတာ General Management ကို လုပ်ရတာဖြစ်ပါတယ်။ ပြီးတော့ ကိုယ့်လုပ်ငန်းဆိုတော့ မိတ်ဖွဲ့တာတို့ တခြားလုပ်ငန်းရှင်တွေနဲ့ ပြေလည်အောင် နေရတာတို့၊ Client ရှာတာတို့အားလုံးက ကိုယ့်ခေါင်းပေါ်မှာ ဖြစ်တာကြောင့် တော်တော်ကြီးကို ကွာခြားတယ်လို့ ပြောလို့ရပါတယ်။
ကုမ္ပဏီတည်ထောင်ဖို့အတွက် Finance ပိုင်းအတွက် ဘယ်လိုစီမံခန့်ခွဲခဲ့ပါသလဲ . . .
ကိုယ်အရင်က လုပ်ခဲ့တာကို စုထားတဲ့ငွေနဲ့ပဲ လုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်မနဲ့ ကျွန်မရဲ့ပါတနာနဲ့နှစ်ယောက် စုထားတဲ့ငွေတွေကို အချိုးကျထည့်ပြီးတော့ လုပ်တာဖြစ်ပါတယ်။ ကျွန်မတို့က Service Business ဖြစ်တာကြောင့် ရုံးခန်းစရိတ်၊ သွားတဲ့လာတဲ့ စားစရိတ်လောက်ပဲ ကုန်ကျပါတယ်။ ပြီးတော့ ကျွန်မတို့က ကိုယ့်ကိုယ်ကိုယ် လခမယူထားဘူး။ အဲဒီလိုနဲ့ စလုပ်တာ ဖြစ်ပါတယ်။ နောက်ပိုင်း လုပ်ငန်းချဲ့လို့ ဝန်ထမ်းတိုးလာတယ်၊ ဝင်ငွေက မရသေးဘူးဆိုရင်တော့ Investor ရှာဖို့ အစီအစဉ်ရှိတယ်။
အခက်အခဲတွေကို ဘယ်လိုဖြေရှင်းနေပါသလဲ . . .
အခုလောလောဆယ်မှာတော့ ကိုယ်စဉ်းစားတာနဲ့ ရှိတဲ့ ရင်းနှီးငွေဟာ ဘယ်လောက်ထိ ခံမယ်ဆိုတာကို တွက်ထားတယ်။ ဒီကြားထဲမှာ ဝင်ငွေဝင်အောင်လည်း စဉ်းစားရတယ်။ ဝင်ငွေမဝင်ဘူးဆိုလည်း Cover ဖြစ်အောင်လို့ Investor တွေနဲ့ စကားပြောထားတာတွေ ရှိတယ်။
အခက်အခဲက ဘာရှိလဲဆိုရင် ကျွန်မတို့ရဲ့ အခက်အခဲက တခြားစီးပွားရေးလုပ်ငန်းရှင်တွေရဲ့ အခက်အခဲနဲ့ သိပ်မခြားပါဘူး။ စီးပွားရေးလုပ်ငန်းရှင်တွေ တော်တော်များများ စလုံးရေးစတဲ့လူတွေက အခက်အခဲတွေ ကြုံနေရပါတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကတည်းကစပြီး Run နေတဲ့ လူတွေကလည်း အခုအချိန်မှာ အဆင်ပြေနေတယ်ဆိုပေမဲ့ Financing တို့ ဘာတို့ကခက်တဲ့အတွက် တက်သင့်သလောက်မတက်တဲ့ လုပ်ငန်းတွေလည်းရှိတယ်။
မြန်မာနိုင်ငံကို ဘယ်လိုနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ ဝင်လာမယ်လို့ ခန့်မှန်းထားပါသလဲ . . .
မြန်မာနိုင်ငံဟာ အစိုးရဥပဒေရဲ့ ပေါ်လစီပေါ် မူတည်ပြီးတော့ တက်ကိန်းပဲ ရှိပါတယ်။ ဘယ်လောက်မြန်မြန် တက်မလဲဆိုတာပဲ ပြောဖို့ရှိပါတယ်။
မြန်မာပြည်က လိုအပ်ချက်တွေက တော်တော်များများက Private Sector က လုပ်ပေးနိုင်တဲ့ကိစ္စတွေ ရှိသလို အစိုးရဘက်က ပြင်ပေးရမယ့် ကိစ္စတွေကလည်း ရှိပါတယ်။ အစိုးရဘက်ကနေ လျှပ်စစ်မီးရဖို့တွေ၊ Export ၊ Import တွေကို လုပ်ငန်းရှင်တွေ ပိုပြီးလွယ်လွယ်ကူကူ လုပ်လို့ရအောင်တွေ၊ အစိုးရရုံးတွေ၊ ဘာတွေသွားရင် တစ်နာရီနဲ့ ပြီးရမယ့်ကိစ္စက နှစ်ရက်လောက်ကြာရင် ကြာတတ်တဲ့ Bureacracy ယန္တရားလိုဟာတွေကို မြန်မြန်လုပ်နိုင်ဖို့ လုပ်ပေးမယ်ဆိုရင် စီးပွားရေးလုပ်ငန်းတွေအနေနဲ့ အလုပ်လုပ်ရတာပိုအဆင်ပြေလာပြီး လုပ်ငန်းတွေက တိုးတက်လာမှာ ဖြစ်ပါတယ်။ စင်ကာပူတို့မှာဆို အစိုးရပိုင်ကုမ္ပဏီတွေက ပုဂ္ဂလိကကုမ္ပဏီတွေ ပုံစံအတိုင်းပဲ အလုပ်လုပ်တဲ့အတွက် မြန်မြန်ကြီးပွားသွားတာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလိုမျိုးတွေလည်း ပြောင်းဖို့လိုတယ်။ အစိုးရအနေနဲ့ ပုဂ္ဂလိကစီးပွားရေးကို တိုးတက်အောင် မြှင့်ပေးရမယ့်တာဝန်ရှိတယ်လို့ ထင်တယ်။
ကိုဒီ