ဒေါ်နန်းတင်မိုးသူဟာ Yangon Institute of Professionals သင်တန်းကျောင်းကို ဖွင့်လှစ်ထားသလို တစ်ဖက်မှာလည်း Lady Grace Diamond Land Co Ltd ကို တည်ထောင်ကာ Founder & Chairman အဖြစ် ဦးစီးလုပ်ဆောင်နေတာဖြစ်ပါတယ်။ Lady Grace Diamond Land ဟာ စိန်ထည်ပစ္စည်း လက်ဝတ်ရတနာတွေကို Social Media Platform တစ်ခုဖြစ်တဲ့ Facebook ကနေ စွန့်ဦးတီထွင် ရောင်းချခဲ့တာကြောင့်လည်း နာမည်ကြီးပါတယ်။
တာဝန်ယူလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ပညာရေးအတွေ့အကြုံ
--------------------------
ကျွန်မက Lady Grace Diamond Land ရဲ့ Founder & Chairman တစ်ဦးဖြစ်ပါတယ်။ Yangon Institute of Professional ကျောင်းတည်ထောင်ထားပြီး Principal တာဝန်ယူထားပါတယ်။ ကျွန်မက ကွန်ပျူတာတက္ကသိုလ် (University of Computer Studies Yangon) ကနေ B. C. Sc ဘွဲ့ရခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ အင်္ဂလိပ်စာမာစတာဘွဲ့ ယူထားပါတယ်။ MPA ဘွဲ့ကို စီးပွားရေးတက္ကသိုလ်ကနေ ရခဲ့ပါတယ်။ ပိုလန်နိုင်ငံ၊ UITM ကနေ Master of International Business Management ဘွဲ့နဲ့ ဆွစ်ဇာလန်နိုင်ငံ၊ Victoria University, Neuchatel ကနေ Master of Business Administration ဘွဲ့တွေကို ရယူထားပါတယ်။
ကျွန်မက Yangon Institute of Professionals ကို တည်ထောင်ကာ ကျောင်းအုပ်အနေနဲ့ တာဝန်ယူလုပ်ကိုင်နေသလို တစ်ဖက်မှာလည်း Lady Grace Diamond Land Co Ltd မှာ Founder & Chairman အဖြစ်တည်း တာဝန်ယူထားပါတယ်။
Lady Grace Diamond Land ဟာ စိန်ထည်လက်ဝတ်ရတနာပစ္စည်းတွေကို Online ကနေ ရောင်းချတဲ့နည်းလမ်းနဲ့ ဈေးကွက်ကိုဖောက်ခဲ့ပါတယ်။ Online ဆိုတဲ့နေရာမှာ Social Media Platform တစ်ခုဖြစ်တဲ့ Facebook ကနေ ဒီလိုရတနာပစ္စည်းတွေကို ရောင်းချခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ Online Shopping Culture စဖြစ်လာပြီဆိုပေမယ့် လက်ဝတ်ရတနာ၊ တန်ဖိုးကြီးပစ္စည်းကို Online ကနေ ဝယ်တာရှားပါတယ်။ အဲဒီလိုအချိန်မှာ မြန်မာနိုင်ငံမှာ တန်ဖိုးကြီး စိန်ထည်ပစ္စည်း၊ လက်ဝတ်ရတနာတွေကို Online ကနေ ယုံယုံကြည်ကြည် ဝယ်ယူလို့ရတယ်ဆိုတဲ့ Jewellery Shop တစ်ခုအဖြစ်နဲ့ Brand ကို ဖောက်ထွက်ခဲ့ပါတယ်။ Facebook ကနေ ဝယ်ယူသူတွေအတွက် ဝန်ဆောင်မှုနဲ့ အာမခံချက် အပြည့်အဝပေးတာကြောင့် နာမည်ကောင်းတစ်ခုကိုလည်း ရယူနိုင်ခဲ့ပါတယ်။
Online မှာ လက်ရှိမှာတော့ သဘာဝတွင်းထွက်တွေထဲက မြန်မာနိုင်ငံမှာလည်း မထွက်တာကြောင့် အထူးကုန်စည်ခွန်ကင်းလွတ်တဲ့ စိန်နဲ့မြကို အဓိကထားပြီး ရောင်းချနေပါတယ်။
YIP ကျောင်းစတင်ခဲ့ပုံနဲ့ ပူးတွဲတည်ထောင်သူက
-------------------------
YIP ကို ကျွန်မနဲ့အတူ ငယ်သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ ဒေါ်နေခြည်မင်းလွင်နဲ့ ပူးပေါင်းတည်ထောင်တာပါ။ ကျွန်မတို့နှစ်ယောက် ကျောင်းဖွင့်ဖို့ စီစဉ်နေတာတော့ကြာ ပါပြီ။ စတင်တည်ထောင်ထားတာကတော့ မကြာသေးပါဘူး။
YIP ကျောင်းရဲ့ ရည်ရွယ်ချက်
-----------------
အဓိကရည်ရွယ်ချက်ကတော့ လုပ်ငန်းခွင်မှာ အမှန်တကယ်အသုံးချနိုင်မယ့်၊ စီးပွားရေးနဲ့ပတ်သက်တဲ့ အသိပညာ၊ အတတ်ပညာတွေကို ကာလတိုအတွင်း တတ်မြောက်နိုင်အောင် အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံး သင်ကြားပို့ချပေးတဲ့ သင်တန်းတစ်ခုဖြစ်စေချင်လို့ပါ။ ကျွန်မတို့ဆို ကျောင်းတွေအများကြီးတက်ခဲ့ရတယ်။ စာတွေအများကြီးဖတ်ခဲ့ရတယ်။ အဲဒီအတွက် အချိန်တွေ ငွေတွေအများကြီးရင်းခဲ့ရတယ်။ ဒါပေမဲ့ တချို့တွေအနေနဲ့ကျတော့ လုပ်ငန်းခွင်ကိုအမြန်ဝင်ဖို့၊ အလုပ်တစ်ခုအမြန်ရဖို့၊ စီးပွားရေးတစ်ခုအမြန်စလုပ်ဖို့ အချိန်အများကြီးမပေးနိုင်ကြဘူး။ အဲဒီလိုလူတွေအတွက် အချိန်တိုအတွင်း ထိရောက်မယ့် သင်တန်းမျိုးတွေ ဖွင့်ပေးချင်တယ်။ ကျွန်မတို့သင်ခဲ့တဲ့ပညာတွေထဲက လက်တွေ့အသုံးဝင်တာလေးတွေ၊ အမှန်တကယ် လိုအပ်တာလေးတွေကို ပြန်မျှဝေချင်တဲ့သဘောပါ။ YIP ရဲ့သင်တန်းတွေမှာ သီအိုရီကို သင်တာထက် ကျွန်မတို့သင်ခဲ့တဲ့သီအိုရီတွေထဲက တကယ့်လက်တွေ့လုပ်ငန်းခွင်မှာ အများဆုံးအသုံးချနိုင်မယ့် သီအိုရီတွေကို ထုတ်နုတ်ပြီးသင်ပါတယ်။ ကျွန်မတို့ကိုယ်တိုင် ကိုယ့်လုပ်ငန်းခွင်မှာ အသုံးချခဲ့တာတွေ၊ Problem Solving လုပ်တာတွေကို သင်ကြားပြသပြီး ကိုယ့်လုပ်ငန်းခွင်မှာ ပြန်လည်အသုံးချနိုင်မယ့် အသက်မွေးမှုပညာရပ်တွေကို အချိန်တိုအတွင်း အထိရောက်ဆုံးသင်ပေးသွားမှာဖြစ်ပါတယ်။
YIP ရဲ့ လုပ်ငန်းပုံစံ၊ ပေးနေတဲ့ သင်တန်း၊ ဝန်ဆောင်မှုတွေ
---------------------
YIP မှာ လောလောဆယ်သွားနေတဲ့ လုပ်ငန်းပုံစံနှစ်မျိုးရှိပါတယ်။ သင်တန်းတွေဖွင့်လှစ်တာနဲ့ သင်တန်းခန်းမ ငှာရမ်းတာတွေပါ။ လက်ရှိဖွင့်လှစ်နေတဲ့ သင်တန်းတွေက Business Planning ၊ Marketing Management ၊ Market Ponetration ၊ Digital Marketing ၊ Accouting Business Planning ၊ Professional Personal Grooming နဲ့ Public Relationship တွေပါ။ နောက်ပိုင်း HRM နဲ့ Project Management သင်တန်းတွေကိုပါ ထပ်ချဲ့သွားဖို့ အစီအစဉ်ရှိပါတယ်။
သင်တန်းခန်းမငှားရမ်းတဲ့ ဝန်ဆောင်မှုအနေနဲ့ကတော့ လက်ရှိမှာ လူဦးရေသုံးဆယ်အထိဆံ့တဲ့ သင်တန်း/ အစည်းအဝေးခန်းနဲ့ လူတစ်ရာအထိဆံ့တဲ့ အခန်းဆိုပြီး အခန်းနှစ်မျိုးကို ငှားရမ်းပေးနေပါတယ်။ ရည်ရွယ်ချက်ကတော့ သင်တန်းတွေဖွင့်ချင်၊ ဟောပြောပွဲအစည်းအဝေးပွဲတွေ လုပ်ချင်ပေမယ့် ကာလရှည်အခန်းငှားရမ်းပြီး ငွေလုံးငွေရင်းနဲ့ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒမရှိတဲ့သူတွေအတွက် Facility ကောင်းကောင်းနဲ့ သင်တန်းတွေကို စရိတ်သက်သာစွာ ငှားရမ်းနိုင်အောင်ပါ။ သင်တန်းခန်းမမှာ မီး၊ Projector ၊ Air-con ၊ Water-cooler ၊ Whiteboard ၊ Flip-chart ၊ Sound-system စတာတွေအပြင် အစားအသောက် ထည့်သွင်းကျွေးမွေးချင်ရင်လည်း အသက်သာဆုံးဖြစ်အောင် စီစဉ်ပေးပါတယ်။
သင်တန်းတွေက ဘယ်လိုလူတွေကိုတက်စေဖို့ ရည်ရွယ်တာပါလဲ
------------------
YIP ရဲ့ သင်တန်းတွေက အမှန်တကယ် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်မယ့်သူတွေ၊ လုပ်ငန်းခွင် ဝင်ရောက်ချင်သူတွေ၊ မိမိရဲ့ကိုယ်ရည်ကိုယ်သွေးကို မြှင့်တင်ပြီး ထက်မြက်တက်ကြွသူတွေအဖြစ် ရပ်တည်လိုသူတွေအတွက် အဓိက ရည်ရွယ်ပါတယ်။ နောက်ပြီး ဘာစီးပွားရေးမှ မလုပ်တတ်လို့ သူများကိုအားကိုးနေရသူတွေ၊ စိတ်ဓာတ်ကျဆင်းနေသူတွေလည်း တက်ရောက်သင့်ပါတယ်။
ဆရာ ဆရာမတွေက
----------------------
အဲဒါကတော့ YIP ရဲ့ ထူးခြားချက်လို့ ပြောရမှာပါ။ YIP မှာ သင်ကြားပေးနေတဲ့ ဆရာ၊ ဆရာမအများစုက သင်တန်းဆရာအနေနဲ့ အောင်မြင်ရုံသာမကဘဲ လက်ရှိသင်ဆိုင်ရာ စီးပွားရေးနယ်ပယ်အသီးသီး၊ လုပ်ငန်းခွင်အသီးသီးမှာပါ အောင်မြင်နေသူတွေဖြစ်ပါတယ်။ ဘာလို့ အဲဒီလိုဆရာ၊ ဆရာမတွေက သင်ကြားပေးစေတာလဲဆိုတော့ ကျွန်မတို့ယူဆတာက သင်တန်းသားတွေ စိတ်ဝင်တစားထိရောက်စွာ သင်ယူနိုင်ဖို့၊ Professional Teaching Skills ပြည့်ဝတဲ့ ဆရာ၊ ဆရာမတွေဖြစ်ဖို့ လိုအပ်သလို သင်တန်းသားတွေမေးတဲ့ Problem တွေကို Solution လုပ်ပေးနိုင်ဖို့ အဲဒီဆရာ၊ ဆရာမတွေအနေနဲ့ သူတို့သင်ကြားပေးနေတဲ့ သီအိုရီတွေကို သူတို့အမှန်တကယ် Apply လုပ်နေတဲ့သူတွေဖြစ်ရင် ပိုကောင်းမယ်လို့ ထင်လို့ပါ။ ဥပမာ- Business Planning သင်တဲ့ဆရာမဆိုရင် ILO (International Labour Organization) က တရားဝင်အသိအမှတ်ပြု Licensed Trainer ဖြစ်တဲ့အပြင် MBA ရထားတယ်။ နောက်ပြီး အောင်မြင်နေတဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်ဖြစ်တယ်။ အဲဒီလိုသက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင်နေတဲ့ ဆရာ၊ ဆရာမတွေ စုစည်းထားတာပါ။
YIP ရဲ့ဆောင်ပုဒ်
-------------------
Dream the best, learn the best, try your best, all the best things are waiting for you.
အပြိုင်အဆိုင်သင်တန်းတွေ များတဲ့ခေတ်မှာ YIP အနေနဲ့ ဘယ်လိုရပ်တည်သွားမလဲ
------------------------
ကျွန်မအနေနဲ့ အပြိုင်အဆိုင်သင်တန်းတွေလို့ မသုံးနှုန်းလိုပါဘူး။ ဒီနေ့ခေတ်မှာ စီးပွားရေး ၊ လူမှုရေး အစစအရာရာက ပြောင်းလဲမှုနှုန်းအတော်မြန်ပါတယ်။ အဲဒီလိုပြောင်းလဲမှုနှုန်းမြန်တဲ့ အနေအထားကို အမီလိုက်ပြီးလေ့လာနိုင်မှ လူတိုင်းကိုယ့်ရဲ့လုပ်ငန်းခွင်မှာ သူများနောက်မကျဘဲ လက်မထောင်ပြီး မားမားမတ်မတ်ရပ်တည်နိုင်မှာပါ။ လူတိုင်းခေတ်နဲ့အညီ ပြောင်းလဲနေတဲ့ စီးပွားရေးပညာရပ်တွေကို လေ့လာနိုင်ဖို့ သင်တန်းကျောင်းတွေအများကြီးလိုအပ်ပါတယ်။ ခုလက်ရှိဈေးကွက်ထဲမှာ သင်တန်းကျောင်းတွေ များလာတာမှန်ပေမယ့် မြန်မာနိုင်ငံရဲ့ လူဦးရေအချိုးအစားနဲ့နှိုင်းယှဉ်ရင် နည်းသေးတယ်လို့ပြောရမှာပါ။
ပွင့်ပွင့်လင်းလင်းပြောရရင် စီးပွားရေးလုပ်ငန်း လိုအပ်ချက်တွေအကြောင်း၊ လုပ်ငန်းခွင်အသိပညာ၊ အတတ်ပညာတွေအကြောင်းကို တကယ်ကျွမ်းကျင်တတ်မြောက်ပြီး အသုံးချနိုင်သူ အလွန်နည်းပါးနေပါသေးတယ်။ အဲဒါရဲ့အကျိုးဆက်က ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်စွမ်း လျော့နည်းလာတယ်။ တစ်ဆက်တည်းမှာ အမှားအမှန် ခွဲခြားနိုင်မှုနဲ့ ဆင်ခြင်စဉ်းစားနိုင်မှုလျော့နည်းလာပြီး တစ်ပါးသူအပေါ် မှီခိုလိုစိတ်တွေပိုများလာတယ်။ သူများပြောသမျှ ယုံလွယ်လာကြတယ်။ အဲဒါတွေကြောင့်သာ လိမ်လည်မှုဆိုတာတွေဖြစ်လာပြီး အလိမ်ခံရတာတွေ များများလာတယ်။ ဒါတွေရဲ့အဖြေက ရှင်းရှင်းလေးပါ။ အဓိက Educate များများလုပ်နိုင်မယ်၊ လူတိုင်း အသိပညာ၊ အတတ်ပညာကိုယ်စီရှိနေမယ်ဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး သူများကိုလွယ်လွယ်နဲ့ ယုံတော့မှာ မဟုတ်ကြတော့ဘူး။ ဒါကြောင့် အသိပညာ၊ အတတ်ပညာ မျှဝေနိုင်တဲ့ ကျောင်းတွေ ဒီထက်ပိုပြီး လိုအပ်နေပါသေးတယ်။ ကျွန်မတို့အနေနဲ့ ကျောင်းတွေများလာတာကို အပြိုင်အဆိုင်တွေများလာနေတယ်လို့ သဘောမထားပါဘူး။ လိုအပ်နေတဲ့ Education Sector ကို နိုင်တဲ့ဘက်က ဝိုင်းပြီးဖြည့်ပေးနေကြတယ်လို့ပဲ ယူဆပါတယ်။ သင်တန်းတိုင်းမှာ ထူးခြားချက်၊ အားသာချက်ကိုယ်စီ ရှိနေကြပါတယ်။ အဲဒါကြောင့် ကျွန်တို့ကတော့ အခုလက်ရှိမှာ Win-Win ပဲ သွားနေပါတယ်။ တချို့ကျောင်းတွေနဲ့ လည်းအချင်းချင်း Link ရှိသလို Owner အချင်းချင်း၊ ဆရာအချင်းချင်း ရင်းနှီးတာတွေလည်းရှိတဲ့အတွက် တစ်ခါတလေ အချင်းချင်းရိုင်းပင်းကူညီပေးကြတာတွေတောင်ရှိပါတယ်။ ဘယ်လိုရပ်တည်သွားမလဲဆိုတာလေးကိုဖြေရရင် YIP ကတော့ ကိုယ့်လမ်းကြောင်းပေါ်မှာပဲ ဖြည်းဖြည်းမှန်မှန်နဲ့ ဆက်လျှောက်သွားမှာပါ။ တခြားသင်တန်းတွေကို ယှဉ်ပြိုင်တိုက်ခိုက်မယ့်အစား ကိုယ့်အားနည်းချက်တွေကိုရှာပြီး ပိုပြီးကောင်းသထက်ကောင်းအောင်ပဲ ကြိုးစားသွားမှာပါ။
ဆွေဆွေလတ်