Dr.Jonathan Doerr ဟာ Daraz Asia မှာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ Mr Bjarke Mikkelsen နဲ့အတူ CEO အဖြစ် ပူးတွဲတာဝန်ယူ လုပ်ကိုင်လျက်ရှိတာပါ။ သူနဲ့တွေ့ဆုံခိုက်မှာ လက်ရှိလုပ်ငန်းလုပ်ကိုင်လျက်ရှိတဲ့ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတွေက အွန်လိုင်းဈေးဝယ်မှုဈေးကွက်အကြောင်း၊ သူတို့လုပ်ငန်းအကြောင်း၊ Shop.com.mm ရဲ့ Business Model စသဖြင့် မေးမြန်းခဲ့ပါတယ်။
Daraz Asia နဲ့ လက်ရှိဈေးကွက် . . .
Daraz Group က Online Shopping Mall လုပ်ငန်းဖြစ်ပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့မှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။ ပါကစ္စတန်မှာတော့ ကျွန်တော်တို့ လွန်ခဲ့တဲ့ သုံးနှစ်ခွဲလောက်က စတင်ပြီး လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်မှာကတော့ လုပ်ငန်းစတင်ခဲ့တာ တစ်နှစ်ကျော်ပါပြီ။ ကျွန်တော်တို့က ဒီသုံးနိုင်ငံလုံးမှာ အကြီးဆုံး Online Shopping Mall ဖြစ်ပါတယ်။ ကျွန်တော်တို့က ကုန်ပစ္စည်းပေါင်း ထောင်နဲ့ချီတဲ့အပေါ်မှာ အတန်ဆုံးဈေးနှုန်းတွေနဲ့ Offer လုပ်တာဖြစ်ပါတယ်။ ပြီးတော့ Daraz ကနေ မှာသမျှ ကုန်ပစ္စည်းတွေအားလုံးကိုလည်း အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးတာ ဖြစ်ပါတယ်။
ပါကစ္စတန်၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ရဲ့အွန်လိုင်း Shopping လုပ်ငန်းခြေအနေ . . .
ကျွန်တော်တို့ ပါကစ္စတန်မှာ လုပ်ငန်းစတင်ခဲ့တာ သုံးနှစ်ခွဲကျော်ပြီဖြစ်တာကြောင့် ဟိုမှာက မြန်မာနိုင်ငံက Shop.com.mm ထက်စာရင် Daraz ကို လူပိုသိပြီး နာမည်ပိုကျော်နေပါပြီ။ ပါကစ္စတန်က ဈေးကွက်ကလည်း မြန်မာနိုင်ငံကဈေးကွက်ထက် အနည်းငယ်ပိုပြီး ဖွံ့ဖြိုးပြီးသားဖြစ်နေပါပြီ။ ဒါက အဲဒီမှာ အင်တာနက်ကို မြန်မာနိုင်ငံထက် ပိုစောပြီး အသုံးပြုခဲ့တာကြောင့်လည်းပါပါတယ်။ Online Shopping က လူပိုသိနာမည် ပိုကြီးနေပါပြီဖြစ်တာကြောင့် Daraz.pk ရဲ့ ဈေးကွက်အရွယ်အစားကလည်း မြန်မာနိုင်ငံထက် ပိုကြီးနေပါပြီ။ မြန်မာနိုင်ငံကို ဘင်္ဂလားဒေ့ရှ်နဲ့ နှိုင်းယှဉ်ပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ လုပ်ငန်းစတင်ခဲ့ချိန်ကလည်း အတူတူလောက်ပဲဖြစ်နေတာကြောင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်က မြန်မာနိုင်ငံဈေးကွက်နဲ့ ယှဉ်လို့ရပါတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ်မှာက မြန်မာနိုင်ငံမှာထက် အင်တာနက် ထိုးဖောက်ဝင်ရောက်မှုနှုန်းက မြင့်နေပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ဘင်္ဂလားဒေ့ရှ်ဈေးကွက်က မြန်မာနိုင်ငံဈေးကွက်ထက် အနည်းငယ်ပိုကြီးတယ်လို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံမှာက ကျွန်တော်တို့အတွက် အထူးခြားဆုံး အချက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ Website မှာ မိုဘိုင်းလ်ကနေ ဝင်ရောက်ကြည့်ရှုသူ အရမ်းများပြားတာပါပဲ။ Website ပေါ်က Traffic ကိုကြည့်တဲ့အခါမှာ User အများစုက Mobile Device ၊ Mobile Browser ကနေ သာမန်ဝင်ရောက်ကြည့်ရှုကြသလို ကျွန်တော်တို့ App ကို Mobile Device ထဲ Download လုပ်ထည့်ထားပြီး အဲဒီကနေလည်း ဝင်ရောက်ကြည့်ရှုကြပါတယ်။
shop.com.mm က သုံးနေတဲ့ ငွေပေးချေမှုပုံစံတွေ . . .
လက်ရှိမှာတော့ ကျွန်တော်တို့ Website ကို အသုံးပြုတဲ့သူတွေက Cash On Delivery ပုံစံကို ရွေးချယ်ကြပါတယ်။ ဒါက အသုံးပြုသူတွေ အယုံကြည်ဆုံး ငွေပေးချေမှုပုံစံတစ်ခုလည်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အွန်လိုင်းကနေ ဈေးဝယ်တာက ဒါက ပထမဆုံးအကြိမ်လည်း ဖြစ်နိုင်ပါတယ်။ သူတို့မှာလိုက်တဲ့ပစ္စည်းကို လက်ခံရရှိတော့မှသာ ပစ္စည်းလည်း မှန်တယ်၊ ဈေးကိုလည်း ကြိုက်တယ်ဆိုတော့မှ ငွေချေနိုင်တာကြောင့်ပါ။ ကျွန်တော်တို့ ငွေပေးချေမှု ပုံစံအမျိုးမျိုးကိုလည်း နောက်ပိုင်းထပ်ဖြည့်သွားမှာပါ။ Debit Card ၊ Credit Card နဲ့ Mobile Payment Option တွေကိုလည်း အနာဂတ်မှာ ထပ်မံပေါင်းထည့်သွားမှာပါ။ ကျွန်တော်တို့က လုပ်ငန်းကို နေ့စဉ်နဲ့အမျှ တိုးတက်အောင် ဆောင်ရွက်နေတာဖြစ်လို့ မကြာခင်ကာလတွေမှာ ငွေပေးချေမှုပုံစံအသစ်တွေ၊ App ကိုပိုမိုကောင်းမွန်အောင် ပြုလုပ်နေမှုတွေလိုအရာတွေကို အသုံးပြုသူတွေ တွေ့မြင်ရမှာပါ။ မြန်မာနိုင်ငံမှာရှိတဲ့ အသုံးပြုသူတွေအနေနဲ့ ကျွန်တော်တို့ဆီကနေ နိုင်ငံတကာအွန်လိုင်း ဈေးဝယ်သူတွေရရှိတဲ့ ဝန်ဆောင်မှုတွေအားလုံးကို မျှော်လင့်ထားနိုင်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။
Online Shopping နဲ့ ပတ်သက်လို့ User တွေကို Educate လုပ်တဲ့ အပိုင်း . . .
ကျွန်တော်တို့က အမြတ်အစွန်းရအောင် သက်သက်ပဲလုပ်တဲ့ ကုမ္ပဏီတစ်ခုမဟုတ်ဘူးလို့ ကိုယ့်ကိုယ်ကိုယ် သတ်မှတ်ထားတာပါ။ ဈေးကွက်တစ်ခုလုံးကို E-commerce နဲ့ပတ်သက်ပြီး ပညာပေးနိုင်အောင် ကြိုးစားနေတာ ဖြစ်ပါတယ်။ အင်တာနက်နဲ့ပတ်သက်လို့လည်း ဈေးကွက်ကို ပညာပေးဖို့ကြိုးစားနေပါတယ်။ လူတွေက Facebook တို့ Google တို့နဲ့ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ပြီး အဲဒီပေါ်က ရှာဖွေမှုရလဒ်တွေမှာ Product အမျိုးမျိုးကိုတွေ့လို့ ဖုန်းဆက်မှာကြားမှု ပြုလုပ်တဲ့ပုံစံနဲ့လည်း ရင်းနှီးပြီးသားဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း အဲဒီအတိုင်း မှာကြားနိုင်အောင်လုပ်ပေးထားပါတယ်။ တကယ်လို့ ကျွန်တော်တို့ Website ပေါ်မှာ ကုန်ပစ္စည်းတစ်ခုခုတွေ့ရင် Customer Service ကိုဖုန်းဆက်ပြီး မှာကြားရင်လည်း ရနိုင်ပါတယ်။ Website နဲ့ App မှာလည်း စာသား၊ ပုံ၊နဲ့ Video တွေကို အသုံးပြုကာ ကျွန်တော်တို့ Website ဘယ်လိုအလုပ်လုပ်သလဲ၊ အွန်လိုင်းပေါ်က ဘယ်လိုနည်းနဲ့ ဈေးဝယ်ရသလဲဆိုတာတွေနဲ့ပတ်သက်လို့ အတတ်နိုင်ဆုံးရှင်းပြပေးပါတယ်။ ကျွန်တော်တို့မှာ Offline Event တွေလည်း လုပ်လေ့ရှိပါတယ်။Shopping Mall တွေကို သွားပြီး Stand လေးတွေထားပြီး လူတွေ ကျွန်တော်တို့ဆီလာမေးနိုင်အောင် လုပ်ပေးပါတယ်။ ဒီလိုနည်းလမ်းတွေကိုသုံးပြီး ဈေးကွက်ကို Online Commerce နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရှင်းပြပေးလေ့ရှိပါတယ်။ ပြီးတော့ တခြားဈေးကွက်တွေဖြစ်တဲ့ အာဖရိကနဲ့ တခြားနိုင်ငံတွေကိုလည်း စောင့်ကြည့်လေ့လာပါတယ်။ ကျွန်တော်တို့ တွေ့ရတာတစ်ခုကတော့ လူတွေအင်တာနက်ကို အတိုင်းအတာတစ်ခုအထိ အသုံးပြုလာကြပြီးရင် သူတို့တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အတွေ့အကြုံတွေကို ဖလှယ်စကားပြောကြရင်းနဲ့ပဲ တစ်ယောက်နဲ့တစ်ယောက် Educate လုပ်သွားတတ်တယ်ဆိုတာပါပဲ။ အခုလောလောဆယ်မှာက မြန်မာနိုင်ငံမှာ အင်တာနက် ထိုးဖောက်ဝင်ရောက်မှုနှုန်းက ၄ ကနေ ၆ ရာခိုင်နှုန်းပဲ ရှိသေးတာကြောင့် ကျွန်တော်တို့အနေနဲ့ စိတ်ရှည်ဖို့ပဲလိုပါတယ်။ အလျင်အမြန်ပဲ ဒီရာခိုင်နှုန်းတွေ တိုးတက်လာမယ်လို့ ကျွန်တော်တို့ အသေအချာ သိနေပါတယ်။ အလားအလာရှိတဲ့ အသုံးပြုသူပေါင်း ၃၅ သန်းလောက်က မကြာမီအချိန်အတွင်းမှာ အင်တာနက်အသုံးပြုဖို့ စောင့်ကြည့်နေကြတာ ဖြစ်ပါတယ်။ ဒါက ကျွန်တော်တို့အတွက် အလားအလာကောင်း တစ်ခုဖြစ်သလို နိုင်ငံအတွက်လည်း E-commerce တစ်ခုတည်းတင်မဟုတ်ဘဲ၊ တခြား အင်တာနက်နဲ့ပတ်သက်တဲ့ လုပ်ငန်းတွေနဲ့သာ ဘာလို့အခွင့်အလမ်းကောင်း တစ်ခုပါ။
မြန်မာနိုင်ငံက shop.com.mm ရဲ့ ဈေးကွက်အခြေအနေ . . .
Daily Order နဲ့ပတ်သက်လို့တော့ ကျွန်တော်တို့ အတိအကျထုတ်ပြောလေ့မရှိပေမယ့် တစ်လထက် တစ်လတော့ Order Volume နဲ့ NMV(Numbers of Monthly Visitors) ၊ Revenue စတာတွေက Double Digit Percentage Number တက်လာတာကို တွေ့ရပါတယ်။ ဒါတွေကပဲ ကျွန်တော်တို့အတွက် အရေးကြီးတာဖြစ်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့က Startup တစ်ခုအနေနဲ့ပဲ ရှိနေသေးပေမဲ့ အလျင်အမြန်ပဲ တိုးတက်လာနေပြီး အခွင့်အလမ်းတွေရှိနေတာပါ။ ဒါကြောင့် ကျွန်တော်တို့ မြန်မာနိုင်ငံဈေးကွက်ကို စိတ်အားထက်သန်စွာနဲ့ အားစိုက်နေတာဖြစ်ပါတယ်။
shop.com.mm က မြန်မာနိုင်ငံမှာ Alibaba နဲ့ Amazon တို့လိုဖြစ်ဖို့ ကြိုးစားသွားမှာလား . . .
ဒါက စိတ်ဝင်စားဖို့ကောင်းတဲ့ မေးခွန်းတစ်ခုပါပဲ။ Alibaba နဲ့ T-Mall တို့၊ Taobao တို့ရဲ့ Business Model ကို ကြည့်တဲ့အခါမှာ ရုတ်တရက်တော့ ဆင်တူတာကိုတွေ့ရမှာပါ။ shop.com.mm ကT-Mall နဲ့ ပိုပြီးဆင်တူပါတယ်။ T-Mall မှာလိုပဲ shop.com.mm မှာ Brand ကြီးကြီးတွေ အတော်များများရှိပါတယ်။ Maybelling New York ၊ Ooredoo နဲ့ Philips တို့လို Black Friday Event မှာ Sponosr ပေးခဲ့တဲ့ Client တွေ ကိုကြည့်ရင် ဒါက သိသာပါတယ်။ ပစ္စည်းမှန်၊ ဈေးမှန်နဲ့ Brand တွေနဲ့ လက်တွဲပူးပေါင်းမှုအပေါ်မှာ ကျွန်တော်တို့ အခိုင်အမာရပ်တည်တာဖြစ်ပါတယ်။ ဒါကြောင့် မကြာခင်ကာလတွေအတွင်းမှာလည်း အဲဒီလို Brand တွေရဲ့ Official Shop တွေကို shop.com.mm ပေါ်မှာ ပိုပြီးတွေ့လာရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ Sister Companay တစ်ခုဖြစ်တဲ့ Kaymu.com.mm ကိုကြည့်မယ်ဆိုရင်တော့ Taobao နဲ့ ပိုတူပါတယ်။ Small Vendor တွေလည်း ဝင်ရောက်ရောင်းချနိုင်အောင်လုပ်ပေးထားတဲ့ Marketplace ကြီးတစ်ခုအဖြစ် တွေ့ရမှာ ဖြစ်ပါတယ်။
Online Shopping Logistics က စိန်ခေါ်မှုတစ်ခုပါ။ ဒါကို shop.com.mm ကို ဘယ်လိုဖြေရှင်းနေပါသလဲ . . .
Logistics က စိန်ခေါ်မှုတစ်ခု ဖြစ်တယ်ဆိုတာမှန်ပါတယ်။ Daraz အနေနဲ့ ကျွန်တော်တို့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Jumia နဲ့ အာဖရိကဈေးကွက်ကို အတူဝင်တုန်းက အဲဒီဈေးကွက်တွေကလည်း Logistics Services တွေနဲ့ ပတ်သက်လို့ ဖွံ့ဖြိုးမှုနည်းသေးတဲ့ ဈေးကွက်ဖြစ်နေခဲ့ပါတယ်။ အဲဒီလို ဈေးကွက်တွေမှာဆိုရင်တော့ ကျွန်တော်တို့အနေနဲ့ ကိုယ်ပိုင် Logistics ကုမ္ပဏီကို တည်ထောင်လိုက်ပါတယ်။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ကိုယ်ပိုင် Logistics ကုမ္ပဏီ ရှိပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့တွင်းပဲ အဲဒီကုမ္ပဏီကနေ ပို့ပေးနေပေမယ့် နောက်ပိုင်းမှာ တိုးချဲ့သွားဖို့ ရှိပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒါက ဒီလိုလုပ်ငန်းထဲမှာ အရေးကြီးအချက်တစ်ချက်အဖြစ် ရှိနေတာကြောင့်ပါ။ Customer Exprience လို့ ပြောတဲ့အခါ Live Experience ဖြစ်ပါတယ်။ ပို့ပေးမယ်လို့ ပြောထားတဲ့နေ့မှာ အသုံးပြုသူဆီကို ပစ္စည်းလက်ခံနိုင်အောင် လုပ်ပေးဖို့ လိုပါတယ်။ Logistics ဝန်ဆောင်မှုတွေပေးတဲ့အခါမှာ စိန်ခေါ်မှုတွေရှိနေတယ်ဆိုပေမယ့် ကျွန်တော်တို့မှာ ဒါနဲ့ပတ်သက်ပြီး ဘယ်လိုအကောင်းဆုံးလုပ်ရမလဲ၊ Daraz နဲ့ shop.com.mm အတွင်းမှာ Optimize လုပ်ပြီး ဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ အတွေ့အကြုံရှိပြီးသားဖြစ်ပါတယ်။ လက်ရှိမှာ ကျွန်တော်တို့ကို ကူညီလုပ်ကိုင်ပေးတဲ့ မြန်မာနိုင်ငံအတွင်း ပစ္စည်းပို့ပေးနေတဲ့ 3PLS (Third Party Logistic Services Company) ဆိုတဲ့ ကုမ္ပဏီလည်း ရှိပါတယ်။ လက်ရှိမှာ ဒီလိုဝန်ဆောင်မှုတွေက စိန်ခေါ်မှုဖြစ်နေတယ်ဆိုပေမဲ့ နိုင်ငံအတွက်လည်း ကောင်းတဲ့အခွင့်အလမ်းတွေ ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ သိပါတယ်။
ဖြူလဲ့မွန်