လူငယ်တွေရဲ့ဘဝတိုးတက်ရေးအတွက် ပညာသင်ဆုတွေနဲ့ ကျောင်းတက်နိုင်ဖို့ ကိုယ်ဝါသနာပါတဲ့ ဘာသာရပ်တွေကို သင်ကြားနိုင်ဖို့ ကျောင်းလျောက်ပေးတဲ့ Education Consulting Company တွေ များစွာရှိနေကြပါတယ်။ အဲဒီအထဲကမှ နိုင်ငံအသီးသီးက ချီးမြှင့်တဲ့ဆုများစွာနဲ့ ပညာရေးနယ်ပယ်ထဲမှာ အောင်မြင်စွာရပ်တည်နေတဲ့ Crown Education အကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ ပညာရေးလိုအပ်ချက်လေးတွေကို Crown Education ရဲ့ MD ဖြစ်သူ ဦးအောင်ကျော်ဆန်းနဲ့ ဆွေးနွေးမေးမြန်းဖြစ်ခဲ့ပါတယ်။
ကျွန်တော်က ဧရာဝတီတိုင်း၊ ဇလွန်ဇာတိပါ။ ကျွန်တော်က ဧရာဝတီတိုင်းက ချင်းကုန်းဆိုတဲ့ရွာလေးမှာ ဆယ်တန်းအောင်ခဲ့ပါတယ်။ ဆယ်တန်းကို သုံးနှစ်ဖြေခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က အနုပညာကိုလည်း ဝါသနာပါတော့ တီးဝိုင်းတွေမှာ လိုက်တီးဖြစ်တယ်။ ကျွန်တော်ကို ဘွဲ့ရမယ့် လူငယ်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ နယ်မှာ ဘယ်သူမှ မထင်ကြဘူး။ တအားဆိုးသွမ်းနေတာမဟုတ်ပေမဲ့ လူငယ်ဘာသာ ဘာ၀ အရာရာကို အလေးအနက်မထားဘူး။ ခုချိန်မှာ ကျွန်တော်သိလာတာက ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အနီးကပ်လမ်းညွှန်မှု မရှိဘူး။ နောက်တစ်ခုက စိတ်ဓာတ်ပိုင်းဆိုင်ရာ စေ့ဆော်ပေးမယ့် Motivation လည်း မရှိဘူး။ အနားပတ်ဝန်းကျင်မှာလည်း အားကျအတုယူစရာ တည့်မတ်လမ်းညွှန်ပေးမယ့်သူမရှိဘူး။
ကျွန်တော်က ကံကောင်းစွာနဲ့ ဆယ်တန်းအောင်ပြီးတော့ ဆရာမတစ်ယောက်ကို သွားတိုင်ပင်လိုက်တော့ ဆရာမကလည်း နယ်မှာဖြစ်တော့ သူတတ်နိုင်သလောက် စဉ်းစားပေးတယ်။ အဲဒါနဲ့စီးပွားရေး တက္ကသိုလ်ဝင်ခွင့်ရပြီး တက်ခဲ့တယ်။ သူများတွေလို ကျူရှင်တွေ ဘာတွေတောင် မယူနိုင်ပါဘူး။ ကျောင်းပြီးတဲ့အချိန်မှာ စာရင်းစစ်အဖွဲ့တစ်ခုမှာ အလုပ်ဝင်လုပ်တယ်။
ငါးနှစ်လောက် လုပ်ပြီးတဲ့အခါမှာ နောက်ထပ်အတွေ့အကြုံတွေ လေ့လာချင်တာနဲ့ စင်ကာပူကို ထွက်ခဲ့တယ်။ အဲဒီကြားထဲမှာလည်း ဖြတ်သန်းခဲ့ရတာတွေ အများကြီးပဲ။ စင်ကာပူရောက်တော့ ကံကောင်းတာက Business Development Executive Job မှာ ကျွန်တော်တို့ ဘာလုပ်ရလဲဆိုတော့ ကုမ္ပဏီကြီးတွေကလိုတဲ့ ဝန်ထမ်းတွေကို ကျွန်တော်တို့က First Interview လုပ်ပေးရတယ်။ လုပ်ပြီးတော့မှ ကုမ္ပဏီတွေရဲ့ HR Department တွေကို ချိတ်ဆက်ပေးတယ်။ အဲဒီမှာဘာတွေတွေ့ရလဲဆိုတော့ မြန်မာလူငယ်တွေ တော်တော်များများက အောက်ခြေအလုပ်တွေမှာ ဝင်လုပ်နေကြတာတွေ့ရတယ်။ ပညာသိပ်မပါတဲ့ ဆောက်လုပ်ရေးတွေ၊ သင်္ဘောကျင်းတွေမှာ လုပ်ကြတာတွေ့ရတယ်။ နောက်တစ်ချက်က မြန်မာနိုင်ငံမှာ ဘွဲ့တွေရထားရဲ့သားနဲ့ နိုင်ငံတစ်ခုမှာ လုပ်ရရေးအတွက် သူတို့ရဲ့ဘဝကို စတေးပြီးတော့ ရတဲ့အလုပ်တွေမှာ ဝင်လုပ်ကြတယ်။ တကယ့်ကုမ္ပဏီကြီးတွေကခေါ်တဲ့ စီမံခန့်ခွဲမှုအလုပ်တွေကို ကြည့်လိုက်တဲ့အခါ တချို့တွေက အရည်အချင်းရှိရဲ့သားနဲ့ကို ဒီအလုပ်တွေကို မရနိုင်ဘူးဖြစ်နေတယ်။
ကျွန်တော်တို့ခေတ်က နိုင်ငံခြားထွက်ဖို့ရော ကျောင်းတက်ဖို့ရော တအားကို ခက်ခဲတယ်။ အဲဒီအချိန်မှာစပြီး ဒီဘွဲ့ယူသင့်တယ်၊ ဒီကျောင်းလျှောက်သင့်တယ် ဆိုတာကို လမ်းညွှန်ဖြစ်လာတယ်။ နောက်ပိုင်းမှာ ပညာရေးအတိုင်ပင်ခံဖြစ်လာတယ်။ စလုပ်တဲ့အချိန်မှာ ကြုံရတာက အေးဂျင့်တွေက နာမည်ပျက်နေတယ်။ ကျွန်တော်တို့ရဲ့အလုပ်ကို အေးဂျင့်ဆိုပြီး အမြင်မကြည်တဲ့သူတွေရှိတယ်။ အဲဒါကလည်း တချို့သော ကျင့်ဝတ်မစောင့်စည်းဘဲနဲ့ ပိုက်ဆံတစ်ခုထဲကိုကြည့်ပြီး လုပ်တဲ့သူတွေကြောင့် ကျွန်တော်တို့ကို အမြင်မကြည်တဲ့သူတွေ ရှိကြတယ်။ ဒါပေမယ့် ကျွန်တော့်အနေနဲ့ ဒါကိုတိုက်ဖျက်ချင်တယ်။ တကယ်တမ်း နိုင်ငံတကာ Conference တွေတက်တဲ့အခါမှာ တွေ့ရတာက တကယ့် Education Consultant တွေက ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေမှာ လုပ်ကိုင်ကြတာတွေ့ရတယ်။
၂၀၀၆ ခုနှစ်မှာ ကျွန်တော် မြန်မာပြည် ပြန်ရောက်လာတယ်။ ၂၀၀၈ ခုနှစ်မှာ စင်ကာပူအစိုးရက ပေးတဲ့ Best Singapore Education Specialist Award ဆုကိုရတယ်။ ၂၀၀၈ ခုနှစ်မှာ Crown Education ကို စပြီးဖွင့်ခဲ့တယ်။ မြန်မာနိုင်ငံကိုပြန်လာပြီး စီးပွားရေးလုပ်ဖို့ စီစဉ်တဲ့အချိန်မှာ အခက်အခဲတွေ တော်တော်ကြုံရတယ်။ ခက်ခဲတာမှ အိမ်တစ်လုံး ကုန်တယ်။ တော်တော်ကို ပြန်ကြိုးစားရတယ်။ ပထမဆုံး ကျောင်းသားဆီက ပိုက်ဆံမယူဘဲ ဝန်ဆောင်မှုပေးမယ်ဆိုတာမျိုးကို ကျွန်တော်စခဲ့တယ်။ ကျွန်တော်တို့က တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ Representative Fees တွေရတဲ့ အတွက် ကျောင်းသားဆီက မယူဘူး။ ကလေးနဲ့ သင့်တော်တဲ့ကျောင်းက ကျွန်တော်တို့နဲ့ချိတ်ဆက်မထားရင်တောင် ငွေရေးကြေးရေးအရ ပိုက်ဆံတစ်စုံတစ်ရာ မရရင်တောင် ကလေးရဲ့ပညာရေးလမ်းကြောင်း မှန်မှန်ရောက်အောင် လမ်းညွှန်ခဲ့တယ်။ အဲဒီလိုရပ်တည်ခဲ့တဲ့ အသီးအပွင့်လေးတွေ စပြီးခံစားရတယ်။ ကျွန်တော့် ဝန်ထမ်းတွေကိုလည်း ဒီနှစ်မှာကျောင်းသား ဘယ်လောက်ရရမယ်လို့ တစ်ခါမှ Pressure မပေးဖူးဘူး။ ကျွန်တော်တို့ရဲ့ First Priority က ကျောင်းသားတွေရဲ့အနာဂတ်ပါ။ အခါအားလျော်စွာ ပညာရေးနဲ့ပတ်သက်တဲ့ အသိပညာတွေ ဖြန့်ဖြူးပေးပါတယ်။ အသက်မွေးဝမ်းကြောင်းနဲ့ပတ်သက်တဲ့ Career ကို Advice လုပ်ချင်တယ်။ ခုနောက်ပိုင်းမှာ ကိုယ်တိုင်လည်း အနောက်နိုင်ငံတွေမှာ ပညာဆက်လက်သင်ယူနေတယ်။ စိတ်ပညာပိုင်းဆိုင်ရာတွေလည်း လေ့လာနေတယ်။ လူငယ်တွေကို ကျောင်းအပ်ပေးတယ်ဆိုတာထက် Career Consultant လုပ်ပေးပါတယ်။ Crown ကိုလာတဲ့အခါမှာ သူ့ဘဝအတွက်အကျိုးရှိမယ့် အသိပညာတစ်ခုခု ရသွားစေချင်တယ်။
ဗြိတိန်အစိုးရကပေးတဲ့ ပညာသင်ဆုဆိုတာက နည်းနည်းနဲ့အကြာကြီးရခဲ့တာမျိုးပါ။ ကျွန်တော်တို့ခေတ်က Bursary လို့ခေါ်တယ်။ ၂၀၀၂ ခုနှစ်လောက်မှာ ဗြိတိန်သံရုံးက ပေးတာပါ။ British Council မှာ စဉ်ဆက်မပြတ် ပညာသင်နိုင်တဲ့ဆုပါ။ နိုင်ငံခြားအတွက် မဟုတ်ပါဘူး။ ကျွန်တော်တို့တက်ခဲ့တုန်းက နှစ်နှစ်လောက်ကြာတယ်။ Canegrate ကပေးတဲ့ First Certificate In English အဆင့်အထိ တက်ခဲ့တယ်။ အဲဒီမှာ ဘဝအတွက် အကြီးအကျယ် အပြောင်းအလဲလေးတစ်ခု ကြုံရတာက ဗြိတိသျှ သံရုံးကစာကြည့်တိုက်နဲ့စပြီး ရင်းနှီးခဲ့တယ်။ ကျွန်တော်က Myself ဆိုတာကိုတောင် မပြောနိုင်ခဲ့ဘူး။ Bursary ဝင်ခွင့်ရတာကလည်း လှည်းတန်းက ဆရာဦးဝင်းနိုင်ရဲ့ အင်္ဂလိပ်စာသင်တန်းမှာ ဗြိတိန်သံရုံးက ဒီဆုတွေပေးနေတယ်။ သွားလျောက်လို့ရတယ်ဆိုတာနဲ့ လျောက်လွှာဖြည့်ပြီးတင်လိုက်တော့ ရခဲ့တယ်။ အဲဒါကြောင့် လူငယ်တွေကို ပြောချင်တာက Environment က အရေးကြီးတယ်ဆိုတာ သိစေချင်တယ်။ သံရုံးစာကြည့်တိုက်တွေ သွားပြီးစာတွေဖက်တဲ့အတွက် ကိုယ်မသိသေးတာတွေကို သိချင်လာတယ်။ ပတ်ဝန်းကျင်မှာလည်း အမြင်ကျယ်လာတယ်။ အဲဒါနောက်မှာမှ စင်ကာပူထွက်ဖြစ်ခဲ့တာပါ။ နောက်ပိုင်းမှာ ပညာရေးလုပ်ငန်းလုပ်တဲ့သူတွေကို British Council က ပေးတာက အင်္ဂလန်ပညာရေးစနစ်ကို ဘယ်လောက်ကျွမ်းကျင်လဲဆိုတာနဲ့ အတိုင်ပင်ခံလက်မှတ်ပေးဖို့လုပ်ပြီး မြန်မာနိုင်ငံတစ်ဝန်းလုံးကို ခေါ်လိုက်တယ်။ လျောက်ပြီး ရွေးတယ်။ ပြီးတော့ Training ပေးတယ်။ ပထမဆုံး Batch မှာ ကျွန်တော်တစ်ယောက်တည်း အောင်တယ်။ British Council Education UK Certificate ရခဲ့တယ်။
တချို့ကျောင်းသားတွေက ကျွန်တော်တို့ရဲ့ ယုံကြည်မှုကို ချိုးဖောက်တယ်။ တချို့ကျောင်းသားတွေက Visa ရလည်းရသွားရော ပိုက်ဆံမသွင်းဘဲ ပျောက်သွားတာတွေရှိတယ်။ အဲဒါမျိုးကို သတိထားရတယ်။ အခုနောက်ပိုင်းမှာ ကျောင်းသားကို ရွေးလာတယ်။ အဲဒါကလည်း ရည်ရွယ်ချက်နှစ်ခု ရှိတယ်။ ဟိုတုန်းက မြန်မာပြည် မဖွံဖြိုး မတိုးတက်ခင်တုန်းက နိုင်ငံခြားကိုရောက်ရင် ဘဝတစ်ခုလို့ ထင်ကြတယ်။ ပညာရေးနဲ့ပတ်သက်ပြီး Short-term Goal ကို မကြည့်ဘဲ Long-term Goal ကို ကြည့်ဖို့ ပြောချင်တယ်။ ပညာရအောင်ယူကြပါ။ ပညာရအောင်ယူတယ်ဆိုတာ ဘွဲ့လက်မှတ်တစ်ခုတည်းကို ပြောတာမဟုတ်ဘူး။ သူတို့ဘာလုပ်နေတယ်၊ ဘယ်လိုကြိုးစားနေကြတယ်၊ သူတို့နိုင်ငံ ဘာကြောင့် တိုးတက်နေတယ်ဆိုတာကို လေ့လာပါ။ အဲဒီမှာရှိတဲ့ အပေါင်းအသင်းတွေနဲ့ Connection တွေယူပါ။ အဲဒီနိုင်ငံမှာ ရွေးချယ်တဲ့ ဘာသာရပ်က သူတို့နိုင်ငံမှာ အလုပ်ရရုံ၊ ရပ်တည်နိုင်ရုံလောက်နဲ့ဆိုရင် ရတဲ့ဝင်ငွေကလည်း မတက်လာရင် ဒီလမ်းကြောင်းမျိုးက အဆင်မပြေဘူး။ အခုနောက်ပိုင်း လူငယ်တွေကို လမ်းညွန်ဖြစ်တာက နိုင်ငံတွေကို အထင်ကြီးလေးစားတာထက် ကိုယ့်ဘဝလမ်းကြောင်းအတွက် ဘာအကောင်းဆုံးဖြစ်မလဲဆိုတာကို ရွေးချယ်ပြီး ကိုယ်သွားတဲ့နိုင်ငံတွေကို ရွေးချယ်စေချင်တယ်။
အခုကျွန်တော်တက်နေတဲ့ MBA Programme က အင်္ဂလန်မှာရှိတဲ့ University of Strathclyde က Executive Programme ပါ။ ဒီ MBA ကို တက်တဲ့အခါ ဘာသာရပ်တချို့ကို မလေးရှား၊ ဟောင်ကောင်၊ အင်္ဂလန်မှာ တက်ရတယ်။ တချို့မေဂျာတွေကို စင်ကာပူမှာ ယူရတယ်။ Part Time Executive Programm တက်တဲ့သူတွေဟာ ပုံမှန်အားဖြင့် ကုမ္ပဏီတစ်ခုရှိရတယ်။ ပြီး တော့ Executive Level မှာ အနည်းဆုံး ငါးနှစ်ရှိသူ ဖြစ်ရမယ်။ ဒီ MBA က ဘာသာရပ် ၁၂ ခု ရှိတယ်။ ကျွန်တော် ရှစ်ခုသင်ပြီးပါပြီ။ လူငယ်တွေကို အကြံပေးချင်တာက တချို့ MBA တွေက Regional မှာတက်တာ ကောင်းတယ်။ ယိုးဒယားက Stanford International မှာ MBA တက်တာက တကယ်အလုပ်ဖြစ်တယ်။ Practical ကျတယ်။ MBA တက်တယ် ဆိုတာက Leader Level ကိုသွားဖို့၊ Decision Making လုပ်ဖို့အတွက် တက်တာပါ။
ခေတ်ကတော့ Knowledge Driving Society ကို သွားတာဖြစ်တဲ့အတွက် ပညာရေးနဲ့ ရင်းနှီးမြှုပ်နှံတာက ချက်ချင်းလက်ငင်း အကျိုးခံစားခွင့် ရချင်မှရမယ်။ ပညာရေးကို ဈေးတွက် တွက်လို့မရဘူး။ ဘယ်လောက်ရင်းနှီးရမှာလဲ ဘွဲ့ရသွားပြီဆို ဘယ်လောက်ပြန်ရမှာလဲ။ နှစ်သုံးဆယ်လောက်လုပ်မှ ပြန်ရမှာလား။ အဲဒီလို မေးကြတယ်။ အဲဒီလိုရင်းနှီးမြှုပ်နှံရင် ပိုက်ဆံကိုဘဏ်ထဲမှာထည့်ပြီး အတိုးယူမှာပေါ့။ ပညာရေးဆိုတာ မျိုးဆက်တစ်ခုလုံးအတွက် သွားတာပါ။ အဲဒီလို ပညာတက်ဖြစ်လာတဲ့အတွက် အမူအကျင့်တွေပြောင်း၊ အမြင်တွေကျယ်လာတဲ့အတွက် Level တစ်ခုကို သွားတာဖြစ်တယ်။ အခုတစ်ကမ္ဘာလုံးမှာ Made in China ပဲ။ အမေရိကန်က Production အားလုံးကို တရုတ်ကိုပဲ အပ်တယ်။ ဒါပေမယ့် ဒေါ်လာတစ်ရာလောက်ပဲ အရင်းအနှီးရှိတဲ့ iPhone ကို တရုတ်က ဒေါ်လာတစ်ထောင်နဲ့ ပေးဝယ်နေရတယ်။ အဲဒါက Knowledge နဲ့ ပညာကို ဝယ်နေရတာ။ တရုတ်ကပဲ ထုတ်ပေးပြီး ပြန်ဝယ်နေရတယ်။ အနောက်နိုင်ငံက လူတွေက ပညာနဲ့သွားနေတာ။ လူတစ်ဦးချင်း ပညာတက်တာက သူ့ရဲ့ပတ်ဝန်းကျင်ကို အကျိုးပြုတယ်။ ပညာတစ်ခုတည်းကနေ တိုက်ရိုက်အကျိုးအမြတ်လို့တော့ ပြောဖို့ခက်တယ်။ ပညာကို မရင်းနှီးရင် ပိုဆိုးလိမ့်မယ်။ ပိုက်ဆံကိုရင်းနှီးမြှုပ်တိုင်း ပညာတက်ရမယ်လို့ မဆိုလိုပါဘူး။ သူများထက်ပို ပိုက်ဆံရချင်ရင် သူများထက် ပိုပြီးအသေးစိတ်သိအောင် သင်၊ အဲဒါနဲ့ Service ပေး၊ အဲဒီရဲ့ Return အနေနဲ့ ပြန်ရပါလိမ့်မယ်။
အဲဒီအပိုင်းကို ကျွန်တော် တအားစိတ်ဝင်စားတယ်။ ကျွန်တော်က Jack Ma ကိုကံကောင်းလို့သာ အောင်မြင်လာတယ်လို့ ထင်ခဲ့တယ်။ ဒါပေမယ့် သူ့ရာဇဝင်ကို ကြည့်လိုက်တဲ့အခါ အင်မတန်စိတ်ဝင်စားဖို့ ကောင်းတယ်။ Jack Ma ပြောတဲ့အထဲမှာ အသက် ၂၀ မှာ ပညာတစ်ခုခုကို သင်ပါ။ အသက် ၂၀ နဲ့ ၃၀ ကြားမှာ အလုပ်လုပ်ပါ။ လူတစ်ယောက်နောက်ကို လိုက်ပါ။ အလုပ်လုပ်တဲ့အခါမှာလည်း Cooperation အကြီးကြီးတွေကို မလိုက်ပါနဲ့။ ဖြစ်နိုင်ရင် Family Trend လေးတွေလုပ်ပါ။ အသက် ၃၀ နဲ့ ၄၀ ကြားမှာ ကိုယ့်လမ်းကြောင်း ကိုယ်ဖောက်ဖို့ကြိုးစားပါ။ အသက် ၄၀ နဲ့ ၅၀ ကြားမှာ ကိုယ်လုပ်နေတဲ့အလုပ်မှာ ထိပ်ကိုရောက်အောင်လုပ်ပါ။ ၆၀ ကျော်ရင်တော့ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါ။ ဒါကြောင့် လုပ်ငန်းခွင်က လူငယ်တွေကို အကြံပေးချင်တာက လူတစ်ယောက်ဟာ ဘဝမှာ အနည်းဆုံးတော့ ငါးခါအလုပ်ပြောင်းရတယ်။ ကိုယ့်ကိုယ်ကိုယ် Reposition ပြန်လုပ်ဖို့ လိုတယ်။ ခေတ်အရ တောင်းဆိုမှုတွေ ပြောင်းနေတဲ့အတွက် အဲဒီပြောင်းလဲမှုတွေကိုလည်း Update ဖြစ်နေဖို့လိုတယ်။ တစ်သက်လုံး ကိုယ်ရဲ့ Career နဲ့ပတ်သတ်ပြီး Life-long Learning လုပ်နေဖို့ လိုတယ်။
စင်ကာပူနိုင်ငံမှာ သူ့ရဲ့ပညာရေးစနစ်က သူ့နိုင်ငံရဲ့ စီးပွားရေးနဲ့ချိတ်ဆက်ထားတယ်။ သူ့ရဲ့စီးပွားရေးပေါ် မူတည်ပြီး ပညာရေးကို အကောင်အထည်ဖော်တယ်။ စီးပွားရေးမူဝါဒတွေနဲ့ အချိုးကျတယ်။ ဒါကို အတုယူသင့်ပါတယ်။ မြန်မာပြည်မှာက ကဏ္ဍတိုင်းအသီးသီးက ကျွမ်းကျင်မှုလိုနေတာ။ မကျွမ်းကျင်ဘူးလို့လဲ မပြောလိုဘူး။ ဒါပေမယ် သူများတွေနဲ့ယှဉ်ရင် ကျွမ်းကျင်မှုအဆင့်က တော်တော်ကိုကျန်ခဲ့တယ်။ အဓိကက ဖန်တီးမှု မရှိတော့တာ။ Creative မရှိတော့ အကုန်ကျန်ခဲ့ပါတယ်။ ဒါကြောင့် ပညာရပ်တိုင်းကတော့ လိုအပ်နေတယ်လို့ ပြောရပါမယ်။
Singapore Education Website ကြီးကို မြန်မာနိုင်ငံမှာ ကျွန်တော်ပထမဦးဆုံးလုပ်တာပါ။ ipad Application တွေကို ကျွန်တော်ကိုယ်တိုင် ဘာသာတွေပြန်တယ်။ အခုဆိုရင် ကျွန်တော်က မြန်မာနိုင်ငံအတွက် Online University Application လုပ်နေပါတယ်။ အဲဒီဟာက ကိုယ့်မှာရှိတဲ့ အရည်အချင်းတွေကို ရိုက်ချလိုက်တာနဲ့ သူနဲ့ပတ်သက်ပြီး ဘာတွေလုပ်သင့်တယ်၊ ဘယ်ဘာသာရပ်တွေ ထပ်တက်လို့ရတယ်၊ ဘယ်တက္ကသိုလ်တွေမှာ တက်လို့ရတယ်ဆိုတာတွေ ကျလာလိမ့်မယ်။ ဒါကို ကျွန်တော်လုပ်နေတာ သုံးနှစ်ကျော်ကြာပါပြီ။ ထည့်ရတဲ့ Data တွေကလည်းများတော့ မပြီးသေးပါဘူး။ မြန်မာနိုင်ငံအတွက် သီးသန့်ရည်ရွယ်ပြီး လုပ်တာပါ။
Inspiration နဲ့ ပတ်သက်ပြီး ကျွန်တော်မှာ သီးသန့်စုထားတာရှိတယ်။ Motivational Talk တွေကို ဝါသနာ ပါတယ်။ မြန်မာနိုင်ငံမှာ တအားကြီး ပေါသွားမှာလည်း စိုးရိမ်တယ်။ လုပ်လည်း လုပ်ချင်တယ်။ Right Time လေးကို စောင့်နေတယ်။ ခုလောလောဆယ်မှာတော့ ပညာရေးဘက်မှာပဲ ရှိနေမှာပါ။
ကျွန်တော် ဘဝမျိုးစုံ ကျင်လည်ခဲ့ရဖူးတယ်။ နောင်တတော့မရဖူးဘူး။ ကိုယ့်ကိုယ်ကိုယ် တဖြည်းဖြည်းချင်း ကြိုးစားပြီးလုပ်ခဲ့တယ်။ ကျွန်တော်ဘဝက ဘာကိုမှ လွယ်လွယ်ကူကူမရခဲ့ဘူး။ သူများတွေလို တစ်ခါတည်း ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာမဟုတ်ဘူး။ ဘဝတစ်လျောက်လုံး ရုန်းကန်ခဲ့ရတယ်။
ကျွန်တော်စာပေပညာရှင်ကြီးတွေကို လေးစားတယ်။ ဆရာကြီးဒေါက်တာအောင်ထွန်းသက်၊ ဆရာကြီး ဦးမော်သန်း၊ ဆရာကြီးဦးဝင်းသင်၊ MIT က ကိုထွန်းသူရသက်တို့ကိုလည်း လေးစားတယ်။ ကျွန်တော့်ရဲ့ Role Model က အဆင့်ဆင့်ပြောင်းလာတယ်။ ကိုယ်နေတဲ့ပတ်ဝန်းကျင်မှာ ကိုယ် Setting လုပ်တဲ့ Role Model က အရေးကြီးတယ်။ Role Model ကို ကိုယ်နေတဲ့ပတ်ဝန်းကျင်အလိုက် ပြောင်းတာကိုလည်း သဘောကျတယ်။ လူငယ်တွေကိုလည်း အဲဒီလိုဖြစ်စေချင်တယ်။
တကယ်တော့ ကျွန်တော်က Public Listed Company အကြီးကြီး လုပ်လိုက်ချင်တယ်။ ဒါပေမယ့် မြန်မာပြည်မှာ အချက်နှစ်ချက်ကို သိပ်အားမရသေးဘူး။ တစ်ချက်က တကယ့် Public ကို သွားဖို့ Infrastructure တွေ အဆင်သင့် မဖြစ်သေးဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း စီမံခန့်ခွဲမှုနဲ့ပတ်သက်ပြီး လိုသေးတယ်လို့ ထင်တယ်။ ရင့်ကျက်ဖို့လည်း လိုသေးတယ်။ တကယ် Public Listed ကို သွားဖို့အတွက် တကယ်ကို အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်ကောင်းဖြစ်ဖို့ လိုအပ်ပါတယ်။
နန္ဒာနေဝင်း ၊ ဝါဝါနိုင်