Cloud 31 လို့ အမည်ပေးဖြစ်ခဲ့ပုံ . . .
Cloud 31 ကို ၂၀၁၄ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး မဇ္စိုမလှိုင်းတေးဂီတအဖွဲ့ရဲ့ အမှတ်တရပုံရိပ်များပွဲနဲ့ စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဒီပန်းချီပြခန်းကို Cloud 31 လို့ နာမည်ပေးဖြစ်ခဲ့ပုံကတော့ ပန်းချီဆရာဝေချစ်ကို(ခ)သော်ဒီဝေက ပေးခဲ့တာဖြစ်ပြီး တိမ်တွေကို ဓာတ်ပုံရိုက်မိရာကနေ ပန်းချီပြခန်းအတွက် နာမည်ပေးရန် လိုအပ်သောကြောင့် တိမ်ဆိုသည်မှာ အင်္ဂလိပ်လို Cloud ၊ Cloud ဆိုသည်မှာလည်း တချို့က ပျော်ရွှင်မှုကို ကိုယ်စားပြုခြင်းဖြစ်ပြီး၊ 31 ဆိုသည်မှာ ၃၁ ဘုံကို ကိုယ်စားပြုသည့် စာသားဖြစ်သည့်အတွက် အတိတ်နိမိတ်ယူပြီး ပန်းချီဆရာသော်ဒီေ၀ နှင့် ပန်းချီဆရာကိုရဲလေးတို့မှ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။
ပြုလုပ်လေ့ရှိတဲ့ ပြပွဲတွေ . . .
ဒီ Cloud 31 ပန်းချီပြခန်းမှာ ပန်းချီဆရာများစွာရဲ့ ပန်းချီအစုံကို ပြသလေ့ရှိပါတယ်။ တက်သစ်စ ပန်းချီဝါသနာရှင်များနှင့် ကျွမ်းကျင်တဲ့ပန်းချီနယ်ပယ်မှာ နာမည်ရနေတဲ့ ပန်းချီဆရာကြီးများရဲ့ ပန်းချီများကိုလည်း ပြသပါတယ်။ တချို့နယ်မှ ပန်းချီဆရာများလည်း လာရောက်ပြသတတ်ပါတယ်။
ဒီပန်းချီပြခန်းမှာ ပန်းချီ၊ ဂီတ၊ အနုပညာနဲ့ ပတ်သက်တဲ့ Work Shop များကိုလဲ ပြုလုပ်လေ့ရှိပါတယ်။ ပန်းချီဆရာ၊ အဆိုတော်၊ သီချင်းရေးဆရာလည်းဖြစ်တဲ့ ကိုခင်ဝမ်းရဲ့ တမ်းချင်းအမှတ်တရပွဲလဲ ပြုလုပ်ခဲ့ဖူးပါတယ်။ တခါတလေမှာဆိုရင်တော့ စာအုပ်မိတ်ဆက်ပွဲမျိုးလေးတွေလဲ ပြုလုပ်ပါတယ်။ တချို့စာအုပ်မိတ်ဆက်ပွဲတွေမှာတော့ ပန်းချီဆရာလဲဖြစ်၊ စာရေးဆရာလဲဖြစ်တဲ့ ပုဂ္ဂိုလ်မျိုးတွေလဲ လာရောက်ပြသလေ့ရှိပါတယ်။ မြန်မာပြည်ရဲ့ ရှားရှားပါးပါး လူငယ်ဂီတတယောပညာရှင် မောင်စံဝင်းထိုက်ရဲ့ ဂန္တဝင်ဂီတ Workshop ကို Cloud 31 မှာ ပြုလုပ်ခဲ့ဖူးပါတယ်။ ကလေးပန်းချီပြပွဲတွေကိုလည်း ပြုလုပ်ချင်သူရှိပါက နောင်များမှာ ပြုလုပ်သွားပါမယ်။
ယခုနှစ် ၂၀၁၇ ခုနှစ်အတွင်း ပြီးခဲ့တဲ့လက မင်္ဂလာပါ 72 အမည်ဖြင့် ပန်းချီဆရာဦးရဲမြင့်မှ ပြသခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၂ နှစ်ပြည့်မွေးနေ့ကို ဂုဏ်ပြုခဲ့ပါတယ်။
ဖွင့်ချိန်၊ ပိတ်ချိန် . . .
Cloud 31 ပန်းချီပြခန်းကို နေ့စဉ်မနက် ၉ နာရီမှာ ညနေ ၅နာရီအထိ ဖွင့်လှစ်ပြသလျက်ရှိပြီး ပိတ်ရက်မရှိ ဖွင့်လှစ်ပြသပါတယ်။ Cloud 31 ပန်းချီပြခန်းအနေနဲ့ ခေတ်ပြိုင်ပန်းချီများဘက်ကို ဇောင်းပေးပြီး ဆက်လက်သွားမှာ ဖြစ်ပါတယ်။ နောင်တွင်လည်း ပန်းချီပြပွဲတွေကို ပြုလုပ်သွားရန်လဲရှိပြီး နောင်လာမည့် ရက်သတ္တပတ်တွင် ပန်းချီဆရာဇာနည်ရဲမြင့်မှ တစ်ကိုယ်တော် Nude ပန်းချီပြပွဲကို ပြသသွားဖို့ ရှိပါတယ်။ ခု ဇူလိုင်လ ၂၃ ရက်နေ့မှာ ပန်းချီဆရာအောင်ထက်လွင်ရဲ့ Water Colour ရေဆေးပန်းချီပြပွဲတစ်ခုလဲ ရှိပါတယ်။
လိပ်စာနှင့် ဆက်သွယ်ရန်ဖုန်း၊ အီးမေးလ် . . .
အမှတ် ၄၉-၅၁ (ပထမထပ်)၊ ၃၁လမ်း(အောက်)၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလလမ်းကြား၊ ရန်ကုန်မြို့။
ဖုန်း - ၀၉ ၇၈၅၁၀၄၂၃၁၊ ၀၉ ၅၁၀၄၂၃၁
အီးမေးလ် - [email protected]