တရုတ်နိုင်ငံ၏အကြီးဆုံး ငွေကြေးနည်းပညာကုမ္ပဏီ Ant Financial

chinaant1

တရုတ်နိုင်ငံ Hangzhou မြို့မှာ ရုံးစိုက်တဲ့ Ant Financial ကုမ္ပဏီဟာ ငွေကြေးနည်းပညာလုပ်ငန်းမှာ ဒေါ်လာဘီလီယံနဲ့ချီပြီး တန်ဖိုးရှိတဲ့ ကုမ္ပဏီသစ်တစ်ခုအဖြစ် ကြီးထွားလာခဲ့ပါပြီ။ ဒီကုမ္ပဏီက တည်ဆောက်ခဲ့တဲ့ ငွေကြေးနည်းပညာအင်ပါယာကြီးထဲမှာ တခြားလုပ်ငန်းတွေနဲ့အတူ လက်ကိုင်ဖုန်းနဲ့ အွန်လိုင်းငွေပေးချေလုပ်ငန်း (Alipay) ၊ ငွေကြေးဈေးကွက် ရန်ပုံငွေလုပ်ငန်း (Yu'e Bao) ၊ ဓနစီမံခန့်ခွဲမှုလုပ်ငန်း (Ant Fortune) ၊ ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း (MYbank) ၊ ငွေချေးလုပ်ငန်း (Zhima Credit) နဲ့ စားသုံးသူချေးငွေပေါ်တယ်လုပ်ငန်း (Ant Credit Pay) တွေ ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့မှာလုပ်ခဲ့တဲ့ ကမ္ဘာလုံးဆိုင်ရာဈေးရောင်းပွဲတော်မှာ Alibaba ကုမ္ပဏီကြီးနဲ့အတူ အရောင်းစံချိန် တင်ခဲ့ပြီးတဲ့နောက် Ant Financial ရဲ့ မဟာဗျူဟာအရာရှိချုပ် Lung Chen ဟာ ကျေးလက်ဒေသတွေက ငွေကြေးကိစ္စနဲ့ စဉ်းမျဉ်းစည်းကမ်းပိုင်း မရေရာမှုတွေအပါအဝင် ကုမ္ပဏီရဲ့ နိုင်ငံတကာမှာ လုပ်ငန်းတိုးချဲ့မှုနဲ့ ဆက်စပ်နေတဲ့ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုအမျိုးမျိုးတွေကို ချင့်ချိန်စဉ်းစားနေပါတယ်။

Ant Financial ကုမ္ပဏီနှင့်ပတ်သက်၍ သိထားသင့်တဲ့ အချက် ၅ ချက် . . .

တရုတ်နိုင်ငံရဲ့ တန်ဖိုးအကြီးမားဆုံးနည်းပညာကုမ္ပဏီဖြစ်တဲ့ Ant Financial Services Group ဟာ မကြာသေးခင်က ရန်ပုံငွေအသစ်စုဆောင်းမှုကြီးမှာ ဒေါ်လာ ၄.၅ ဘီလီယံရသွားတဲ့အခါမှာ အကြမ်းဖျင်းအားဖြင့် သူ့ရဲ့တန်ဖိုးဟာ ဒေါ်လာဘီလီယံခြောက်ဆယ် ဖြစ်သွားခဲ့ပါတယ်။ ဧရာမ အွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းကြီး Alibaba Group Holding ရဲ့ ငွေကြေးဝန်ဆောင်မှုအဖွဲ့ဝင်အနေနဲ့ စုဆောင်းခဲ့တဲ့ ဒီရန်ပုံငွေအသစ်ဟာ ကမ္ဘာပေါ်က အင်တာနက်ကုမ္ပဏီတွေအားလုံးထဲမှာ အကြီးမားဆုံး ပုဂ္ဂလိကရန်ပုံငွေစုဆောင်းမှုကြီးပဲ ဖြစ်ပါတယ်။ Ant Financial နဲ့ပတ်သက်ပြီး သင်သိထားဖို့ လိုအပ်တာတွေကို အောက်မှာဖော်ပြလိုက်ပါတယ်။

chinaant2

၁။ Ant Financial ဆိုတာဘာလဲ . . .

Ant Financial ဟာ တရုတ်နိုင်ငံရဲ့ အွန်လိုင်းငွေပေးချေမှုဈေးကွက်မှာ PayPal နဲ့ နှိုင်းယှဉ်လို့ရတဲ့ သူ့ရဲ့ Alipay ဝန်ဆောင်မှုလုပ်ငန်းနဲ့ လုပ်ငန်းဆောင်ရွက်နေတဲ့ အင်အားကြီးမားတဲ့ အဖွဲ့အစည်းကြီး တစ်ခုဖြစ်ပါတယ်။ ဒီကုမ္ပဏီဟာ Yu’e Bao လို့ခေါ်တဲ့ ငွေကြေးဈေးကွက်ရန်ပုံငွေလုပ်ငန်းတစ်ခုနဲ့ MYbank လို့ခေါ်တဲ့ အွန်လိုင်းဘဏ်တစ်ခုကိုလည်း လုပ်ကိုင်နေပါတယ်။ ဒီကုမ္ပဏီဟာ Ant ဆိုတဲ့ သူ့ရဲ့နာမည်ကို Alibaba ကတစ်ဆင့် ကုန်ပစ္စည်းတွေ ရောင်းနေတဲ့ကုန်သည်ကလေးတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနေတဲ့ သူ့ရဲ့အရင်းအမြစ်တွေကို အစွဲပြုပြီး ပေးထားတာဖြစ်ပါတယ်။ ဒီနေ့ဆိုရင် Ant Financial ကို တက်တက်ကြွကြွ သုံးစွဲနေတဲ့ သုံးစွဲသူပေါင်းသန်း ၄၅၀ ကျော်ရှိနေပါပြီ။ တရုတ်နိုင်ငံက အွန်လိုင်းနဲ့ ငွေပေးချေမှုတွေအားလုံးရဲ့ ၅၈ ရာခိုင်နှုန်းကို Alipay နဲ့ လုပ်နေကြပြီလို့ Credit Suisse ကုမ္ပဏီကြီးက ခန့်မှန်းထားပါတယ်။

၂။ Alibaba နှင့်ဆက်နွှယ်မှုများ . . .

Ant Financial ဟာ အရင်က Alipay လို့သိထားတဲ့ Alibaba ရဲ့ အွန်လိုင်းငွေပေးချေမှုလုပ်ငန်း ဖြစ်ပါတယ်။ ဒီလုပ်ငန်းဟာ နည်းပညာကိုလည်းပေးတဲ့အတွက် Taobao အပါအဝင် Alibaba ရဲ့ အွန်လိုင်းရောင်းဝယ်ရေး Site တွေပေါ်က Customer တွေဟာ ဝယ်ယူမှုတွေကို လုပ်နိုင်ပါတယ်။ Alipay ကို အငှားယာဉ်စီးခပေးချေတာကစပြီး ကုန်စုံပစ္စည်းဝယ်တာတွေအထိပါဝင်တဲ့ အွန်လိုင်းပြင်ပဝန်ဆောင်မှုတွေအတွက် တိုးတိုးပြီး သုံးနေပါတယ်။ Ant Financial ဟာ ဧရာမအွန်လိုင်းရောင်းဝယ်ရေးလုပ်ငန်းကြီး Alibaba ရဲ့ ရှယ်ယာတွေကို ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၂၅ ဘီလီယံရအောင် ပထမဆုံးစံချိန်တင်ထုတ်မရောင်းခင် ဘေးပန်းရလဒ်အဖြစ် ထွက်ပေါ်လာခဲ့တဲ့ လုပ်ငန်းဖြစ်ပါတယ်။ Alibaba နဲ့ Ant Financial နှစ်ခုစလုံးကို Alibaba ရဲ့ အမှုဆောင်ဥက္ကဋ္ဌ Jack Ma ထိန်းချုပ်ထားပါတယ်။ Ant Financial ဟာ Ele.me ဆိုတဲ့ တရုတ်အစားအသောက်ပေးပို့ရေး App လို ရင်းနှီးမြှုပ်နှံမှုတချို့မှာလည်း Alibaba နဲ့ ပူးပေါင်းထားပါတယ်။

၃။ နိုင်ငံတော်ကို ကျောထောက်နောက်ခံပြုထားသော အစုရှယ်ယာရှင်များ . . .

Alibaba ဟာ နိုင်ငံတော်ငွေကြေးအဖွဲ့အစည်းတွေရဲ့ စာရင်းတစ်ခုကို Ant Financial မှာ ရင်းနှီးမြှုပ်နှံသူတွေအဖြစ် ပါဝင်လာအောင် ထည့်ထားခဲ့ပါတယ်။ Ant Financial က ပြင်ပရင်းနှီးမြှုပ်နှံသူတွေကို စပြီးမိတ်ဆက်ပေးပြီးတဲ့နောက်ပိုင်းမှာတော့ ဒေါ်လာ ၇၄၀ ဘီလီယံတန်ဖိုးရှိတဲ့ China Investment Corp ဆိုတဲ့ အစိုးရရင်းနှီးမြှုပ်နှံမှုရန်ပုံငွေလုပ်ငန်းကြီးနဲ့ နိုင်ငံရဲ့အမျိုးသားလူမှုရေး လုံခြုံမှုရန်ပုံငွေလုပ်ငန်းတို့ဟာ အခုအခါ သူ့ရဲ့အကြီးဆုံးရှယ်ယာရှင်ကြီးတွေထဲမှာ ပါဝင်နေပါပြီ။ မနှစ်တုန်းက ဒေါ်လာ ၄၅ ဘီလီယံနဲ့ တန်ဖိုးသင့်ခဲ့တဲ့ Ant Financial ရဲ့တန်ဖိုးဟာ နောက်ဆုံးအကြိမ် ရန်ပုံငွေစုဆောင်းပြီးတဲ့နောက်မှာတော့ အကြမ်းဖျင်းအားဖြင့် ဒေါ်လာဘီလီယံခြောက်ဆယ်ကို ရောက်သွားခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့ ငွေကြေးနည်းပညာလုပ်ငန်းမှာ အဓိကလုပ်ကိုင်သူဖြစ်ဖို့ဆိုတဲ့ သူ့ရဲ့မျှော်မှန်းချက်ဟာ စီလီကွန်တောင်ကြားကနေ တရုတ်နိုင်ငံအထိ နီးနီးကပ်ကပ် ချည်နှောင်ထားတဲ့ နည်းပညာကုမ္ပဏီတွေအတွက် ရန်ပုံငွေစုဆောင်းမှုပိုမိုခက်ခဲတဲ့ ပတ်ဝန်းကျင်ဖြစ်လာမယ့် အလားအလာကို တော်လှန်ခဲ့ပါတယ်။

chinaant3

၄။ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များ . . .

Ant Financial ဟာ သူ့ရဲ့အနာဂတ်လုပ်ငန်း မဟာဗျူဟာကို ပုံဖော်ဖို့အတွက် သူ့ရဲ့အထူးရန်ပုံငွေကို အသုံးပြုပြီး တရုတ်နိုင်ငံက အိန္ဒိယနိုင်ငံအထိ ဝယ်ယူမှုတွေကို လုပ်ခဲ့ပါတယ်။ Ant Financial ဟာ နောက်ဆုံးအကြိမ်စုဆောင်းရရှိခဲ့တဲ့ ရန်ပုံငွေတွေကို တရုတ်နိုင်ငံရဲ့ ကျေးလက်ဒေသတွေမှာ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတိုးချဲ့မှု၊  ဆက်သွယ်ရေးနည်းပညာလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ပြည်ပလုပ်ငန်းဝယ်ယူမှုတွေမှာ အသုံးပြုဖို့ စီစဉ်နေပါတယ်။ ဒီကုမ္ပဏီဟာ ဟောင်ကောင်မှာ အများပြည်သူကို အစုရှယ်ယာတွေ ဒေါ်လာ ၁၀ ဘီလီယံဖိုးထုတ်ရောင်းဖို့ မစီစဉ်ခင် မနှစ်တုန်းက တရုတ်နိုင်ငံစာတိုက်လုပ်ငန်း ငွေစုဘဏ်မှာ အစုရှယ်ယာတွေကို ဝယ်ယူခဲ့ပါတယ်။ မတ်လတုန်းက ဟောင်ကောင်မှာ တရုတ် Zheshang ဘဏ်ကြီးရဲ့ အစုရှယ်ယာတွေ ပထမဆုံးရောင်းချမှုမှာ ဒီကုမ္ပဏီဟာ အရေးအပါဆုံး ရင်းနှီးမြှုပ်နှံသူဖြစ်လာခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့ အကြီးဆုံးလက်ကိုင်ဖုန်း ပိုက်ဆံအိတ်ဝန်ဆောင်မှုပေးတဲ့ Paytm ကုမ္ပဏီထဲမှာလည်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဒီကုမ္ပဏီဟာ Caixin Media ကုမ္ပဏီရဲ့ အစုရှယ်ယာတွေကို ဝယ်ဖို့လည်း ဆွေးနွေးနေပါတယ်။

၅။ အနာဂတ်တွင်ပြုလုပ်မည့် IPO . . .

Ant Financial ဟာ အနာဂတ်မှာ အများပိုင်အဖြစ် အစုရှယ်ယာတွေ ထုတ်ရောင်းဖို့ ကြိုတင်ပြင်ဆင်နေပြီး အဲဒီရောင်းချမှုဟာ မျှော်လင့်စောင့်စားမှုအခံရဆုံး အရောင်းအဝယ်ကြီးဖြစ်မယ့် အလားအလာရှိနေပါတယ်။ ကုမ္ပဏီဟာ အဲဒီရှယ်ယာရောင်းချမှုအတွက် အချိန်ဇယားမပေးရသေးပေမယ့် တရုတ်နိုင်ငံတွင်း စတော့ရှယ်ယာဒိုင်တစ်ခုနဲ့ ပြည်ပဒိုင်နှစ်မျိုးစလုံးမှာ ရှယ်ယာတွေ ထုတ်ရောင်းဖို့ ကုမ္ပဏီက စီစဉ်နေပါတယ်လို့ Ant Financial အမှုဆောင်တစ်ယောက်က ပြောပါတယ်။ Ant Financial ရဲ့ ပြည်တွင်း IPO ကို အရင်လုပ်မှာဖြစ်ပြီး ဖြစ်နိုင်ရင် လာမယ့်နှစ်အတွင်းမှာ စောနိုင်သမျှ စောစောလုပ်လိမ့်မယ်လို့ သူတို့မျှော်လင့်ကြောင်း ဘဏ်လုပ်ငန်းရှင်တွေက ပြောကြပါတယ်။ အခြေအနေတစ်ခုခုနဲ့ အဲဒီ IPO ဖြစ်လာတဲ့အခါ ထွက်ပေါ်လာမယ့်ငွေတွေအများကြီးကို Alibaba က လက်ခံရရှိနိုင်ပါတယ်။

တရုတ်နိုင်ငံ၏ ငွေပေးချေမှုလုပ်ငန်းကြီးကို Ant Financial က ဘယ်လိုအသွင်ပြောင်းနေသလဲ . . .

- Ant Financial ဟာ ငွေကြေးနည်းပညာမှာ အကြီးအကျယ်ကင်းမဲ့နေတဲ့ အရာနှစ်ခုဖြစ်တဲ့ တစ်ကိုယ်ရေသုံးငွေပေးချေမှုတွေနဲ့ သတင်းအချက်အလက်တွေကို အပြည့်အဝအာရုံစိုက်ပြီး ငွေကြေးလုပ်ငန်း ဂေဟစနစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။

- Ant Financial ဟာ တရုတ်နိုင်ငံရဲ့ စီးပွားရေးအဆောက်အအုံကြီးတစ်ခုလုံး ပိုပြီးကောင်းသွားဖို့ ဂေဟစနစ်နဲ့ စီးပွားရေးလုပ်ငန်းသစ်တစ်ခုထဲကို Customer တွေ ပိုပြီးဝင်လာအောင် ဒစ်ဂျစ်တယ်ငွေကြေးနဲ့ ရွေးချယ်စရာအချက်အလက်တွေက ဘယ်လိုအထောက်အကူပြုနိုင်တယ်ဆိုတဲ့ သာဓကတစ်ခု ဖြစ်ပါတယ်။

- Alibaba ရဲ့ ငွေကြေးဆိုင်ရာ တွဲဖက်လုပ်ကိုင်တဲ့အုပ်စုဟာ တရုတ်နိုင်ငံမှာရှိတဲ့ဘဏ်တွေဆီက အထောက်အကူမရတဲ့ လုပ်ငန်းတွေကိုကူညီဖို့ လက်ကမ်းပေးနေပါတယ်။

- Ant Financial လုပ်ငန်းအုပ်စုဟာ ဒစ်ဂျစ်တယ်ငွေပေးချေမှုတွေကို အခုရှိနေတဲ့ အွန်လိုင်းရောင်းဝယ်ရေးနဲ့ လူမှုကွန်ရက် Platform တွေထဲကို ထည့်ပေးကာ ဝင်ငွေနည်းပြီး ငွေချေးတဲ့သမိုင်းကြောင်းမရှိခဲ့တဲ့လူတွေကို ငွေကြေးကွန်ရက်ထဲကို ဆွဲသွင်းခဲ့ပါတယ်။

- အဲဒီရောင်းဝယ်မှုတွေဆီကရတဲ့ Customer တွေရဲ့ အချက်အလက်တွေကိုအသုံုးပြုပြီး Customer တွေကို သူဖန်တီးထားတဲ့ တခြားငွေကြေးဝန်ဆောင်မှုတွေကို ရအောင် Ant က လုပ်ပေးနိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ Better Than Cash အဖွဲ့ချုပ်ကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။ အဲဒီငွေကြေးဝန်ဆောင်မှုတွေဟာ စုဆောင်းအပ်နှံငွေစာရင်း၊ ချေးငွေအကဲဖြတ်မှု၊ စားသုံးသူနဲ့ လုပ်ငန်းငယ်ကလေးတွေအတွက် ချေးငွေဆိုတဲ့ အဓိကပုံမှန်ဘဏ်ဝန်ဆောင်မှုတွေနဲ့ အများကြီးဆင်တူပါတယ်။

- ''အခု Ant Financial က အဲဒီအချက်အလက်တွေအားလုံးကို သရုပ်ခွဲစိစစ်ပြီး ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတွေကို ချေးငွေတွေတိုးချဲ့ဖို့ Platform ကို ကောင်းကောင်းအသုံးချနိုင်ပြီဆိုတဲ့ အချက်ဟာ လုပ်ငန်းသစ်တွေကို သူတို့ဖော်ထုတ်တဲ့ နည်းလမ်းအပေါ်မှာ ကြီးမားတဲ့သက်ရောက်မှုတစ်ခုရှိခဲ့ပါတယ်'' လို့ ကုလသမဂ္ဂ Better Than Cash အဖွဲ့ချုပ်ကြီးရဲ့ သုတေသနအကြီးအကဲနဲ့ အစီရင်ခံစာပြုစုရေးအဖွဲ့ခေါင်းဆောင် Camilo Tellez က ပြောပါတယ်။

- Ant Financial ဟာ အမေရိကမှာအခုရှိနေတဲ့ Application တွေနဲ့ဆင်တူတဲ့ ငွေကြေးရရှိမှုနဲ့ အဲဒါကို ကောင်းအောင်လုပ်ဖို့ လက်နက်ကိရိယာတွေကို အရွယ်အစားပြောင်းဖို့ နည်းလမ်းတစ်ခုကို အခြေခံအားဖြင့် တွေ့ခဲ့ပါတယ်။ အဲဒီလိုပြောင်းရာမှာ ဖမ်းဆုပ်ဖို့ ရုန်းကန်ကြိုးစားပြီးဖြစ်ဖြစ်၊ ဒါမှမဟုတ် Digit ဆိုတဲ့ ငွေစုတဲ့ Application နဲ့ Acorns ဆိုတဲ့ အသေးစားရင်းနှီးမြှုပ်နှံမှု Application တို့လို လက်ရှိတခြားပေးနေတဲ့အရာတွေနဲ့ အမှန်တကယ်မပေါင်းဘဲဖြစ်ဖြစ် ပြောင်းပေးတာဖြစ်ပါတယ်။

- ကုလသမဂ္ဂအစီရင်ခံစာအရ Ant Financial ဟာ ၂၀ ၁၄ ခုနှစ်မှာ စအလုပ်လုပ်ခဲ့ပြီး ၂၀၁၆ ခုနှစ် စက်တင်ဘာလက ဒီနေ့အထိ အသေးစားစီးပွားရေးလုပ်ငန်းပေါင်း လေးသန်းကျော်ကို သူ့ရဲ့ Alipay platform က တစ်ဆင့်ချေးငွေအဖြစ် ဒေါ်လာ ၁၀၇.၃ ဘီလီယံကို ထုတ်ချေးထားပြီးပါပြီ။ ငြိမ်းချမ်းရေးနိုဘယ်ဆုရ အသေးစားငွေချေးအဖွဲ့အစည်းနဲ့ အစုအဖွဲ့ဖွံ့ဖြိုးရေးဘဏ်ဖြစ်တဲ့ Grameen ဘဏ်ဟာ သူ့ကိုစပြီးဖွင့်ခဲ့တဲ့ ၁၉၇၆ ခုနှစ်ကစပြီး ဒီနေ့အထိ ဒေါ်လာ ၁၇ ဘီလီယံသာ ထုတ်ချေးထားခဲ့တာပါ။

- Ant ရဲ့ လူမှုရေးချေးငွေရရှိရေးစနစ်ဖြစ်တဲ့ Sesame Credit ဆီမှာ အခုဆိုရင်မှတ်ပုံတင်ထားတဲ့ သုံးစွဲသူပေါင်းသန်း ၃၅၀ ကျော်နဲ့ အသေးစားစီးပွားရေးလုပ်ငန်းပေါင်း ၃၇ သန်းကျော်ရှိနေပါပြီ။ အဲဒီလုပ်ငန်းကလေးတွေဟာ Alibaba အုပ်စုရဲ့ ဈေးကွက်တွေမှာ အရောင်းအဝယ်လုပ်နေကြတာ ဖြစ်ပါတယ်။ Sesame ဟာ Customer တွေရဲ့ ချေးငွေသမိုင်းကြောင်း၊ ငွေကြေးဆိုင်ရာအပြုအမူ၊ ရောင်းဝယ်ရေးစွမ်းအား၊ ကိုယ်ပိုင်လက္ခဏာနဲ့ သုံးစွဲသူတွေရဲ့ လူမှုကွန်ရက်တွေကို စစ်ဆေးပါတယ်။

- လူတွေအတွက် သူတို့ရဲ့ငွေတွေကိုစုပြီး ရင်းနှီးမြှုပ်နှံလို့ရနိုင်တဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ Alibaba ရဲ့ Yu’e bao ဟာ Customer တွေကို ဒစ်ဂျစ်တယ်ပိုက်ဆံအိတ်တွေထဲမှာ ကျန်နေတဲ့ငွေတွေကို ငွေကြေးဈေးကွက်ရန်ပုံငွေတစ်ခုထဲကို ရင်းနှီးမြှုပ်နှံခွင့်ပေးပါတယ်။ သူတို့အနေနဲ့ အဲဒီငွေအပေါ်မှာ အတိုးနေ့စဉ်ရရှိသလို ဆန္ဒရှိတဲ့အခါ အဲဒီငွေတွေကို ပြန်ထုတ်ဖို့လည်း လွတ်လပ်ခွင့်ရှိနေပါသေးတယ်။ Ali-pay ဟာ ရန်ပုံငွေမန်နေဂျာတစ်ယောက်အဖြစ်နဲ့ ထိထိရောက်ရောက်အရေးယူဆောင်ရွက်ပေးပေမယ့် စည်းမျဉ်းစည်းကမ်းရှုထောင့်ကတော့ သူ့ကိုဖြန့်ဖြူးရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုအဖြစ် ဆက်ဆံကြပါတယ်။ Customer တွေဟာ အွန်လိုင်းရောင်းဝယ်ရေးနဲ့ ပစ္စည်းတွေဝယ်ယူရာမှာလည်း Yu’e bao ရန်ပုံငွေကို အသုံးပြုနိုင်ကြပါတယ်။ အခုအခါမှာ Customer ပေါင်း ၁၅၂ သန်းကျော်ကို ဝန်ဆောင်မှုပေးနေတဲ့ Yu’e bao ဟာ ၂၀၁၃ ခုနှစ်တုန်းက သူ့ရဲ့စီမံခန့်ခွဲမှုအောက်မှာ ပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာ ၂၉ သန်း ရှိခဲ့ရာက ၂၀၁၆ ခုနှစ်မှာ ဒေါ်လာ ၁၁၇ ဘီလီယံအထိ တိုးတက်လာခဲ့ပါတယ်။

- တရုတ်နိုင်ငံမှာ ကုန်သည်တွေအနေနဲ့ လက်ကိုင်ဖုန်းနဲ့ ငွေပေးချေမှုကိုလက်ခံဖို့ သတ်မှတ်ထားပါတယ်။ ရောင်းတဲ့နေရာတစ်ခုစီမှာ တစ်ပါတည်းပါလာတဲ့ NFC Technology ရှိဖို့ လိုအပ်ပါတယ်။ အဲဒါကြောင့် အဲဒီပေးချေမှုတွေကို ပိုပြီးသုံးလို့ရပြီး၊ သုံးလို့လည်း ပိုလွယ်ပြီး၊ ဒီအခွင့်အလမ်းကို အကျိုးရှိအောင် အသုံးချနိုင်တဲ့ လူတွေပိုများလာပြီး ပိုပြီးများပြားတဲ့ အချက်အလက်တွေဝင်လာဖို့နဲ့ အဲဒီစနစ်ထဲမှာ ဖြတ်စီးသွားဖို့ အဲဒီနည်းပညာက ခွင့်ပြုထားပါတယ်။

chinaant4

Ant Financial ရင်ဆိုင်ရသော အဓိကစိန်ခေါ်မှု . . .

အရင်က Alipay ဖြစ်ခဲ့တဲ့ Ant Financial Group ဟာ Alibaba ရဲ့ အဓိကတွဲဖက်လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဒီကုမ္ပဏီမှာ အကြမ်းဖျင်းအားဖြင့် Alibaba ဆီက ရင်းနှီးမြှုပ်နှံမှု ၃၃ ရာခိုင်နှုန်းလောက်နဲ့ စီမံခန့်ခွဲမှုနဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီက အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိပါတယ်။ Ant Financial ဟာ ထိပ်တန်းကမ္ဘာလုံးဆိုင်ရာ ငွေကြေးနည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီကုမ္ပဏီမှာ ငွေပေးချေမှုအတွက် တက်ကြွတဲ့ သုံးစွဲသူပေါင်း နှစ်စဉ် သန်း ၄၅၀ ရှိတဲ့အတွက် တက်ကြွတဲ့သုံးစွဲသူပေါင်း သန်း ၁၈၀ ရှိတဲ့ Paypal ကုမ္ပဏီနဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။ Alipay မှာ နေ့စဉ်လုပ်နေကြတဲ့ အပေးအယူတွေရဲ့ အရေအတွက်ဟာ သန်း ၁၅၀ ကျော် ရှိပါတယ်။ အဲဒီလို အပေးအယူတွေက Master Card မှာ သန်း ၁၈၀ ရှိပြီး Visa မှာ သန်း ၂၆၀ ရှိနေတာ ဖြစ်ပါတယ်။

အလားတူပဲ Ant Financial မှာ ဓနစီမံခန့်ခွဲမှု Platform မှာ နှစ်စဉ်တက်ကြွတဲ့ သုံးစွဲသူပေါင်း သန်း ၁၅၀ ကျော်၊ သူ့ရဲ့အာမခံလုပ်ငန်းမှာ တက်ကြွတဲ့သုံးစွဲသူ စုစုပေါင်းသန်း ၃၈၀ နဲ့ သူ့ရဲ့ချေးငွေအညွှန်းဝန်ဆောင်မှုလုပ်ငန်းမှာ သုံးစွဲသူပေါင်း သန်း ၁၃၀ ရှိတဲ့အတွက် ဒီကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ဈေးကွက်ကိုဦးဆောင်သူဖြစ်သွားပါတယ်။ သုံးစွဲသူတွေကိုအခြေခံတဲ့ အရွယ်အစားဟာ သူနဲ့တန်းတူကမ္ဘာလုံးဆိုင်ရာ အမေရိကန်ကုမ္ပဏီတွေထက် သိသိသာသာ ပိုမြင့်နေပါတယ်။ မကြာသေးခင်က ရန်ပုံငွေစုဆောင်းကောက်ခံမှုမှာ Ant Financial ဟာ တန်ဖိုးအားဖြင့် ဒေါ်လာဘီလီယံခြောက်ဆယ်ဝန်းကျင် ဖြစ်လာခဲ့ပါတယ်။

ခိုင်မာတဲ့ ကြိုးပမ်းအားထုတ်မှု၊ ငွေကြေးတောင့်တင်းမှုနဲ့ တရုတ်နိုင်ငံအပြင်ဘက်ကို တိုးချဲ့မယ့်ရှင်းလင်းတဲ့ မဟာဗျူဟာတွေရှိနေတဲ့ကြားက Ant Financial ဟာ MoneyGram ကုမ္ပဏီကို ဝယ်ယူတဲ့နေရာမှာ အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။ Ant Financial ရဲ့ ကြိုးပမ်းအားထုတ်မှုဟာ အမေရိကန်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မတီရဲ့ စေ့စပ်တဲ့စိစစ်မှုကို ရင်ဆိုင်ရဖွယ်ရှိပါတယ်။ အဲဒီကော်မတီဟာ အလေးထားတဲ့ အမျိုးသားလုံခြုံရေးကိစ္စတွေအတွက် ပြည်တွင်းက ပိုင်ဆိုင်မှုတွေကို ပြည်ပက ဝယ်ယူတာတွေကို ပြန်လည်သုံးသပ်တဲ့ အမေရိကန်အေဂျင်စီအဖွဲ့တစ်ခု ဖြစ်ပါတယ်။ အပြိုင်ဖြစ်နေတဲ့ Euro-net Worldwide ကုမ္ပဏီရဲ့ကြိုးပမ်းမှုအတွက်တော့ အဲဒီအဖွဲ့ရဲ့ သဘောတူခွင့်ပြုချက်လိုမှာမဟုတ်ပါဘူး။ အဲဒီအ ပင် အမေရိကန်တရုတ်ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရေးရာ သဘောတူညီချက်တွေအပေါ်မှာ လက်ရှိအစိုးရရဲ့ တင်းမာတဲ့ ရပ်တည်ချက်ကို ထည့်စဉ်းစားတဲ့အခါ အမေရိကန်မူဝါဒချမှတ်သူတွေအနေနဲ့ အဲဒီကုမ္ပဏီကို မျက်နှာသာပေးမယ့် ရွေးချယ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

မကြာခင်ကာလအတွင်း ဆက်လက်ဖြစ်ပေါ်နိုင်ဖွယ်ရှိသည့် ဆုံးရှုံးမှုများ . . .

Alibaba ရဲ့ မကြာသေးခင်က မှတ်တမ်းတွေအရ အွန်လိုင်းလက်လီနဲ့ လက္ကားလုပ်ငန်းတွေက အကျိုးအမြတ်ရရှိမှုတွေကို အစီရင်ခံခဲ့ပေမယ့်ကုမ္ပဏီရဲ့ ကုန်သွယ်မှုမဟုတ်တဲ့အပိုင်းတွေကို ပေါင်းစပ်ထားတဲ့ဘက်ကတော့ လုပ်ငန်းဆောင်ရွက်မှုအရှုံးတစ်ခုကို အစီရင်ခံခဲ့ပါတယ်။ Alibaba ဟာ ရေရှည်တိုးတက်မှုကို အားထားပြီး ဒစ်ဂျစ်တယ်မီဒီယာလုပ်ငန်း၊ Cloud Computing လုပ်ငန်း၊ အွန်လိုင်းဗီဒီယိုလွှင့်ထုတ်ရေးလုပ်ငန်းနဲ့ တခြားစွန့်စားတဲ့ လုပ်ငန်းသစ်တွေထဲမှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံနေပါတယ်။ Ant Financial ဟာ MoneyGram ကို အောင်အောင်မြင်မြင်နဲ့ ဝယ်လို့ရခဲ့ရင် အလျင်အမြန်အသွင်ပြောင်းနေတဲ့ ဈေးကွက်တစ်ခုထဲမှာ မိခင်ကုမ္ပဏီကြီးအတွက် နောက်ထပ်အဓိကကျတဲ့ မဟာဗျူဟာမြောက် ရင်းနှှီးမြှုပ်နှံမှုတစ်ခုဖြစ်လာနိုင်ပါတယ်။

Alibaba ၏ Ant Financial အတွက် အနာဂတ်ငွေပေးချေမှုလုပ်ငန်းလောကတွင် ယှဉ်ပြိုင်ခြင်း . . .

Alibaba Group ဦးပိုင်ကုမ္ပဏီကြီးဟာ ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှုလုပ်ငန်းဈေးကွက်မှာ သူ့ရဲ့လွှမ်းမိုးမှုကိုဖြန့်ကြက်အားဖြည့်ပြီး အလုပ်များနေတဲ့အချိန်မှာပဲ ကုမ္ပဏီရဲ့ ၂၀၁၇ ခုနှစ်ရဲ့ စတုတ္ထသုံးလပတ်ဘဏ္ဍာရေးရလဒ်တွေကို အစီရင်ခံဖို့ သတ်မှတ်ခဲ့ပါတယ်။ ရလဒ်တွေပေါ်ထွက်လာမယ့် အချိန်ဟာလည်း Alibaba ဟာ Ant Financial ဆိုတဲ့ သူ့ရဲ့ငွေပေးချေမှုလုပ်ငန်းကို အများပိုင်ရှယ်ယာတွေ ထုတ်ရောင်းပြီး (IPO လုပ်ပြီး) သီးခြားရပ်တည်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ခွဲထုတ်ပစ်ဖို့ ပြင်ဆင်နေတာဖြစ်မယ်ဆိုတဲ့ မှန်းဆချက်တွေထွက်ပေါ်နေတဲ့အချိန် ဖြစ်ပါတယ်။

Ant Financial အတွက် IPO တစ်ခုလုပ်ခြင်းဟာ သူ့ရဲ့မိခင်ကုမ္ပဏီကြီး eBay ဆီက PayPal ခွဲထွက်မှုကိုု Alibaba က နမူနာယူခဲ့တာဖြစ်ပါလိမ့်မယ်။ eBay ထဲက ခွဲထွက်ခဲ့ခြင်းဟာ eBay နဲ့တိုက်ရိုက်တွဲနေတုန်းက Pay Pal ကို သူတို့ရဲ့ပြိုင်ဘက်လုပ်ငန်းတစ်ခုအဖြစ် မြင်ကောင်းမြင်ခဲ့မယ့် အွန်လိုင်းရောင်းဝယ်ရေးကုမ္ပဏီတွေနဲ့ စီးပွားရေးလုပ်ငန်းလုပ်ဖို့ PayPal ကို လွတ်လပ်သွားစေခဲ့ပါတယ်။ Alibaba ရဲ့ ပြည်တွင်းက ပြိုင်ဘက်ဖြစ်တဲ့ JD.com က လည်း မကြာသေးခင်က သူ့ရဲ့ငွေပေးချေမှုလုပ်ငန်းကို သူ့အထဲက ခွဲထုတ်ခဲ့ပါတယ်။ သူ့ပြိုင်ဘက်တွေရဲ့ ဒီလုပ်ရပ်တွေကြောင့် အခုလိုလုပ်ဖို့ Alibaba ပိုပြီးရဲရင့်သွားခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Ant Financial ၏ ဦးတည်ရာဘက်တွင်ရှိနေသော သံသယများကို ဖယ်ရှားခြင်း . . .

ရရှိလာတော့မယ့် Alibaba ရဲ့အစီရင်ခံစာထဲမှာ Ant Financial ရဲ့တန်ဖိုးနဲ့ Ant Financial ရဲ့ အနာဂတ်ကို ရှင်းရှင်းလင်းလင်းရဖို့ ဈေးကွက်က မျှော်လင့်နေပါတယ်။ Alibaba က သူ့ကို IPO တစ်ခုနဲ့ ခွဲထုတ်လိုက်မလား၊ ဒါမှမဟုတ် သူ့ကိုပိုပြီး နီးနီးကပ်ကပ် ဆက်ပြီးကိုင်တွယ်သွားမလားဆိုတာကိုကြည့်ဖို့ စိတ်ဝင်စားစရာကောင်းပါလိမ့်မယ်။

တစ်ကမ္ဘာလုံးက ဒစ်ဂျစ်တယ်ငွေပေးချေမှုဈေးကွက်ဟာ ၂၀၁၆ ခုနှစ်မှာ တန်ဖိုးအားဖြင့် ဒေါ်လာ ၃.၆ ထရီလီယံ ရှိခဲ့ရာက ဒီနှစ်မှာဒေါ်လာ ၃.၉ ထရီလီယံ (ဘီလီယံ ၃,၉၀၀) ရှိလာလိမ့်မယ်လို့ Juniper သုတေသန က ခန့်မှန်းထားပါတယ်။

Ant Financial သည် လွတ်လပ်သည့်ဈေးကွက်တစ်ခုထဲတွင် ယှဉ်ပြိုင်နိုင်ပါသလား . . .

Ant Financial ဟာ သူ့ရဲ့လွှမ်းမိုးမှုကို ပြည်ပကိုဖြန့်ကြက်ဖို့လည်း အထူးတလည်စိတ်ဝင်စားကြောင်း မကြာသေးခင်က ပြခဲ့ပါတယ်။ သူက မဟာမိတ်တွေဖွဲ့စည်းတည်ဆောက်တာ၊ တောင်ကိုရီးယားနဲ့ အိန္ဒိယလို ဈေးကွက်တွေက ငွေပေးချေမှု လုပ်ငန်းသစ်တွေထဲမှာ ရင်းနှီးမြှုပ်နှံတာတွေလို ရောပြွမ်းနေတဲ့ မဟာဗျူဟာနဲ့ အဲဒီကိစ္စကိုလုပ်ကိုင်နေပါတယ်။ ပြည်ပမှာ သူ့ရဲ့တည်ရှိမှုကို အားဖြည့်ပေးမှုတစ်စိတ်တစ်ပိုင်းအဖြစ်နဲ့ Ant Financial ဟာ အီလက်ထရွန်းနစ် ငွေပေးချေမှုတွေကို လုပ်ကိုင်ပေးနေတဲ့ MoneyGram International ကုမ္ပဏီကို ဒေါ်လာ ၁.၂ ဘီလီယံနဲ့ ဝယ်ယူတဲ့လုပ်ငန်းစဉ်ကြီးကို လုပ်ဆောင်နေပါတယ်။

တရုတ်နိုင်ငံဈေးကွက်ဟာ အစိုးရရဲ့ ကာကွယ်စောင့်ရှောက်ရေး စည်းမျဉ်းစည်းကမ်းတွေကြောင့် အကြီးအကျယ် လုံခြုံမှုရှိပါတယ်။ ကမ္ဘာလုံးဆိုင်ရာစင်မြင့်ပေါ်မှာ PayPal နဲ့ Square တို့လို ကုမ္ပဏီတွေကိုယှဉ်ပြိုင်ဖို့အတွက်မှာ စွမ်းရည်ရှိရဲ့လားဆိုတဲ့ မေးခွန်းတွေ ရင်းနှီးမြှုပ်နှံသူတွေဆီမှာရှိပါတယ်။ အဲဒီမေးခွန်းဟာကုမ္ပဏီရဲ့ ၂၀၁၇ ဘဏ္ဍာရေးနှစ်စတုတ္ထသုံးလပတ်ရလဒ်တွေနဲ့ ဖြေဖို့ Alibaba က မျှော်လင့်ထားတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)