Bill Gates ရဲ့ ဓနဥစ္စာတွေကို စီမံခန့်ခွဲနေတဲ့ Cascade Investment

Cascade1

Bill Gates ဆိုတဲ့ နာမည်ကို ကြားရတဲ့အခါ သင် ဘာကိုစဉ်းစားမိပါသလဲ။ Microsoft ပါပဲ။ အနည်းဆုံးတော့ အဲဒါဟာ လူအများစုရဲ့ စိတ်ထဲကို ရောက်လာတဲ့အရာ ဖြစ်ပါတယ်။ အဲဒါက အဓိပ္ပာယ်ရှိပါတယ်။ တကယ်တော့ Bill Gates ဟာ Microsoft ရဲ့ ရှယ်ယာပေါင်း ၆၂၀,၉၇၃,၅၅၁ ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဒီနေ့ဖြစ်ပေါ်နေတဲ့ ပေါက်ဈေးအရ ရှယ်ယာတစ်ခုကို ၂၄.၃၈ ဒေါ်လာနဲ့ဆိုရင် ဒီဧရာမ Software ကုမ္ပဏီကြီးထဲမှာရှိတဲ့ အခွန်မဆောင်မီ သူ့ရဲ့ပိုင်ဆိုင်မှုတန်ဖိုးဟာ ၁၅,၁၃၉,၃၃၅,၁၇၃ ဒေါ်လာ ရှိပါတယ်။ အဲဒီ ဒေါ်လာ ၁၅ ဘီလီယံချည်းသက်သက်ကတောင် တစ်စုံတစ်ယောက်ကို Forbes ၄၀၀ စာရင်းရဲ့ ထိပ်ပိုင်းနားကို ရောက်သွားစေနိုင်တဲ့ပမာဏ ဖြစ်ပါတယ်။

Bill Gates ဟာ ဒေါ်လာ ၂၃ ဘီလီယံကိုလည်း လှူဒါန်းထားခဲ့ပါတယ်။ အဲဒီအထဲက အများစုကတော့ Bill & Melinda Gates ဖောင်ဒေးရှင်းကြီးကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ဒီဖောင်ဒေးရှင်းကြီးဟာ ကြိုတင်ကာကွယ်ရေး၊ ပညာပေးရေးလုပ်ငန်းတွေကို လုပ်ပြီး အသက်ပေါင်း ငါးသန်းကျော်ကို ငှက်ဖျားရောဂါ၊ တခြားရောဂါနဲ့ HIV ရောဂါတွေထဲက ကယ်တင်ခဲ့တယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီလိုသာ မလှူခဲ့ရင် သေရတော့မှာဖြစ်တဲ့ လူပေါင်းငါးသန်းဟာ အဲဒီပေးလှူမှုကြောင့် အခုဆိုရင် အသက်ရှင်နေကြပါပြီ။ ဘယ်လိုပဲပြောပြော အဲဒါဟာ အံ့သြစရာဖြစ်ရပ်ကြီးပါပဲ။

ဒါပေမဲ့ ခန့်မှန်းခြေ အသားတင်ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၅၁ ဘီလီယံကျော်ရှိနေတဲ့ Bill Gates ရဲ့ ကျန်တဲ့ ချမ်းသာကြွယ်ဝမှု ဒေါ်လာ ၃၆ ဘီလီယံက ဘယ်မှာရောက်နေတာလဲ။ 'ချမ်းသာတဲ့လူတွေဟာ သူတို့ရဲ့ငွေတွေကို ဘယ်နေရာမှာ သွားပြီးထည့်ထားသလဲ' ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးထားခဲ့တဲ့အတိုင်းဆိုရင် အဲဒီငွေတွေကို တစ်နေရာရာမှာ ရင်းနှီးမြှုပ်နှံထားတာပဲ ဖြစ်ရပါမယ်။

Bill Gates ရဲ့လျှို့ဝှက်ကုမ္ပဏီ Cascade Investment . . .

အဲဒီငွေတွေကို Cascade Investment LLC လို့ အများက သိထားကြတဲ့ကုမ္ပဏီထဲမှာ ထည့်ထားတာ သေချာသလောက်ပါပဲ။ အဲဒီကုမ္ပဏီဟာ Bill Gates ရဲ့ ပုဂ္ဂလိကဦးပိုင် ကုမ္ပဏီဟောင်း ဖြစ်တဲ့ Dominion Income Management ကို ဆက်ခံတဲ့ကုမ္ပဏီ ဖြစ်ပါတယ်။

Cascade Investment LLC ဟာ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ပြည်နယ်၊ Kirkland မြို့မှာ ဌာနချုပ်ဖွင့်ထားတဲ့ အမေရိကန်ဦးပိုင်နဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။ ဒီကုမ္ပဏီကို Bill Gates က ထိန်းချုပ်ထားပြီး Michael Larson က စီမံခန့်ခွဲပါတယ်။ Gates ပိုင်တဲ့ ဓနဥစ္စာတွေရဲ့ တစ်ဝက်ကို သူ့ရဲ့ Microsoft ကုမ္ပဏီ အစုရှယ်ယာ ပိုင်ဆိုင်မှုတွေရဲ့အပြင်ဘက်က ပိုင်ဆိုင်မှုတွေထဲမှာ ထိန်းသိမ်းထားပါတယ်။ Cascade ဟာ Gates ပိုင်ဆိုင်တဲ့ ရှယ်ယာတွေအတွက် Andrew Evans စီမံခန့်ခွဲခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဟောင်းကြီး Dominion Income Management ရဲ့အမွေကို ဆက်ခံရတဲ့ ကုမ္ပဏီဖြစ်ပါတယ်။

စတော့ရှယ်ယာဒိုင်ကြီးကို နေ့တိုင်းလိုလို ဖွင့်ထားခဲ့တာ နှစ်ပေါင်း နှစ်ဆယ်ကျော် ရှိခဲ့ပြီဖြစ်ပြီး Bill Gates အနေနဲ့ Microsoft ရဲ့ စတော့တွေကို စတော့ဈေးနှုန်းကို မချဘဲ သူရောင်းလို့ရသလောက် အများကြီးရောင်းခဲ့သလို အခွန်တွေကို ပေးဆောင်ခဲ့ပြီး အဲဒီငွေတွေရဲ့ တစ်စိတ်တစ်ပိုင်းကို ဒီ ဦးပိုင်ကုမ္ပဏီထဲကို လွဲှပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။

Cascade2

Cascade Investment ကို အနီးကပ်စီမံခန့်ခွဲနေသူ Michael Larson . . .

လူတွေက တော်တော်လေးစားကြတဲ့ အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံသူတစ်ဦးဖြစ်သူ Michael Larson ဟာ ဝါရှင်တန်ပြည်နယ်၊ Kirkland မြို့က Cascade Investment ဌာနချုပ်မှာ အချိန်ပြည့်ထိုင်ပြီး အဲဒီကုမ္ပဏီကို စီမံခန့်ခွဲနေပါတယ်။ Michael Larson ဟာ အမေရိကန် ဓနဥစ္စာ စီမံခန့်ခွဲမှုမှာ ကြားဖူးခဲ့သမျှ သြဇာအရှိဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ Bill and Melinda Gates Investments (BMGI) အတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရာရှိချုပ်ဖြစ်ပြီး Cascade Investment က တစ်ဆင့် Bill ရဲ့ ပုဂ္ဂလိက ဓနဥစ္စာတွေကို စီမံခန့်ခွဲဖို့ တာဝန်ယူထားသလို Bill & Melinda Gates Foundation Trust အဖွဲ့ကြီးရဲ့လှူဒါန်းမှုတွေကိုလည်း ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ သူဟာ လူသိများတဲ့ အလုပ်တွေကို လုပ်နေပေမယ့် လူအများရဲ့ မြင်ကွင်းထဲကို မရောက်အောင် ကြိုးစားပြီး ရှောင်ကွင်းနေထိုင်ခဲ့ပါတယ်။ ဒီဆောင်းပါးအတွက် စကားနည်းနည်း ပြောပေးဖို့ကိုလည်း သူကငြင်းဆိုခဲ့ပါတယ်။ ၁၉၉၄ ခုနှစ်ကတည်းက Cascade ရဲ့ အကြီးအကဲဖြစ်လာခဲ့တဲ့ Michael Larson ဟာ Gates ရဲ့ ကိုယ်စား သူရင်းနှီးမြှုပ်နှံခဲ့တဲ့ Republic Service ၊ Autonation ၊ Group Televisa နဲ့ Ecolab တို့ပါဝင်တဲ့ ကုမ္ပဏီတော်တော်များမှာ ဒါရိုက်တာတစ်ဦး ဖြစ်ပါတယ်။ သူဟာ Gates ရဲ့ နောက်ထပ်ရေရှည်ရင်းနှီးမြှုပ်နှံမှု တစ်ခုဖြစ်တဲ့ Western Asset/Claymore Inflation Linked Securities & Income Fund လုပ်ငန်းကြီးရဲ့ အုပ်ထိန်းရေးအဖွဲ့မှာလည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေပါတယ်။

Gates ဟာ သူ့ရဲ့ ပုဂ္ဂလိက ဓနဥစ္စာတွေ ရင်းနှီးမြှုပ်နှံမှုကို လွှဲပြောင်းယူဖို့ Larson ကို လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်က အလုပ်ခန့်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက သူ့ရဲ့ ဓနဥစ္စာဟာ ဒေါ်လာငါးဘီလီယံလောက် ရှိပါတယ်။ Larson က Gates ရဲ့ Software ကုမ္ပဏီဖြစ်တဲ့ Microsoft ရဲ့ ရန်ပုံငွေတွေကို အမျိုးအစား အမျိုးမျိုးခွဲပြီး ကျယ်ပြန့်တဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်အောင် လုပ်ခဲ့တဲ့ အချိန်ကစပြီး Gates ရဲ့ ဓနဥစ္စာဟာ ဒေါ်လာဘီလီယံ ရှစ်ဆယ်ဝန်းကျင်အထိ ကြီးထွား လာခဲ့ပါတယ် (အခုအချိန်မှာတော့ အဲဒီကြွယ်ဝမှုတွေရဲ့ တစ်ဝက်ကို လှူဒါန်းပစ်လိုက်ပါပြီ)။

Cascade Investment ရဲ့ရင်းနှီးမြှုပ်နှံမှု ခြေလှမ်းများ . . .

ဥပမာအားဖြင့် ဒီနှစ်ထဲမှာ Gates ဟာ Republic Services ကုမ္ပဏီရဲ့ ရှယ်ယာတွေကို အငမ်းမရ ဝယ်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီဟာ အမှိုက်သိမ်းလုပ်ငန်း ၃၃၄ ခု၊ မြေဖို့လုပ်ငန်း ၁၉၁ ခုနဲ့သုံးပြီး ပစ္စည်းပြုပြင်ထုတ်လုပ်ရေးလုပ်ငန်း ၇၄ ခုကို လုပ်ကိုင်နေပါတယ်။ အခိုက်အတန့်အားဖြင့် Gates ဟာ Republic Services မှာ များပြားတဲ့ ရှယ်ယာတွေကို ပိုင်ဆိုင်သူ ဖြစ်နေခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်ဖြစ်တဲ့ Waste Management ကုမ္ပဏီကြီး ရဲ့ ပိုပြီးသေးငယ်တဲ့ အောင်မြင်မှုတွေကို အနိုင်ရတယ်ဆိုရုံလောက်နဲ့ စတော့တွေဟာ ၃ ရာခိုင်နှုန်းလောက်ပဲ အသာရခဲ့တဲ့အတွက် ဒီနှစ်ထဲမှာတော့ သူ့ရဲ့ရှယ်ယာတွေကို ၁၆ ရာခိုင်နှုန်း တိုးမြှင့်ခဲ့ပါတယ်။ အခုဆိုရင် Gates ဟာ Republic Serivces ရဲ့ အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၂.၂ ဘီလီယံ တန်ဖိုးရှိတဲ့ စတော့တွေကို လက်ထဲမှာ ကိုင်ထားပါတယ်။

သူဟာ မော်တော်ကားရောင်းဝယ်ရေး ကွန်ရက်ဖြစ်တဲ့ Auto Nation မှာရှိတဲ့ သူ့ရဲ့စတော့တွေကိုလည်း ၁၇ ရာခိုင်နှုန်း တိုးမြှင့်ခဲ့တဲ့အတွက် သူ့ရဲ့ စုစုပေါင်း အစုရှယ်ယာတွေရဲ့ တန်ဖိုးဟာ ဒေါ်လာသန်း ၆၈၀ ဖြစ်သွားခဲ့ပါတယ်။ AutoNation ဟာ မော်တော်ကား ဝန်ဆောင်မှုလုပ်ငန်းသစ်ပေါင်း ၂၅၈ ခုကို ပိုင်ဆိုင်လုပ်ကိုင်နေပြီး အများစုက အရှေ့တောင်ပိုင်းမှာ ရှိပါတယ်။ Gates က ရှယ်ယာတွေကို ဝယ်နေတဲ့အတွက် AutoNation ရဲ့ စတော့တွေဟာ Republic Services နဲ့ဆန့်ကျင်ဘက်အနေနဲ့ ၁၃ ရာခိုင်နှုန်း တိုးလာခဲ့ပြီး အခြေအနေကောင်းခဲ့ပါတယ်။ Gates ရဲ့ ဓနဥစ္စာရဲ့ နောက်ထပ်အပိုင်းကြီးတစ်ပိုင်းကတော့ Ecolab ဆိုတဲ့ သန့်ရှင်းရေးလုပ်ငန်းကြီးထဲမှာ ရှိပါတယ်။ ဒီနေရာမှာရှိတဲ့ သူ့ရဲ့ရှယ်ယာတွေဟာ ပြီးခဲ့တဲ့နှစ်အတွင်းမှာ များများစားစား မပြောင်းလဲခဲ့ပါဘူး။ ဒါပေမဲ့ ဒေါ်လာ ၁.၈ ဘီလီယံ အဖြစ် လူအများသိနေကြတဲ့ သူ့ရဲ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။

သူ့ရဲ့လူသိရှင်ကြား ထုတ်ပြောထားတဲ့ အကြီးမားဆုံး အစုရှယ်ယာပိုင်ဆိုင်မှုတွေကတော့ ကနေဒါ အမျိုးသားမီးရထားလုပ်ငန်း၊ Republic Services စွန့်ပစ်ပစ္စည်း ဖယ်ရှားရေးလုပ်ငန်း ၊ Ecolab ပိုးသတ်ဆေး ထုတ်လုပ်ရေးလုပ်ငန်း၊ Femsa အဖျော်ယမကာလုပ်ငန်းအုပ်စုနဲ့ Deere စိုက်ပျိုးရေး စက်ယန္တရား ထုတ်လုပ်ရေးလုပ်ငန်းတို့ ဖြစ်ကြပါတယ်။ Cascade ဟာ အိမ်ခြံမြေနဲ့ နည်းပညာမဟုတ်တဲ့ လုပ်ငန်းကုမ္ပဏီတွေထဲမှာ အစုရှယ်ယာပိုင်ဆိုင်မှုတွေ ရှိပါတယ်။ ကုမ္ပဏီဟာ Warren Buffett ရဲ့ Berkshire Hathaway ရင်းနှီးမြှုပ်နှံမှုအုပ်စုထဲမှာ အစုရှယ်ယာတွေရဲ့ ၄ ရာခိုင်နှုန်းကို ကိုင်ထားပြီး Four Seasons  ဟိုတယ်ကုမ္ပဏီရဲ့ ၄၇ ရာခိုင်နှုန်းနဲ့ Bunzl ဖြန့်ဖြူးရေးနဲ့ ပြင်ပလုပ်ငန်းအုပ်စုရဲ့ ၆ ရာခိုင်နှုန်းလောက်ကို ပိုင်ဆိုင်ထားပါတယ်။ ကုမ္ပဏီဟာ သြဂုတ်လတုန်းက Strategic Hotels and Resorts ကုမ္ပဏီကြီးထဲမှာ ရှိတဲ့ သူ့ရဲ့အစုရှယ်ယာတွေကို ၉.၈ ရာခိုင်နှုန်းရောက်အောင် တိုးမြှင့်ခဲ့ပါတယ်။ Larson ရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိနေတဲ့ Cascade ဟာ UK စတော့ရှယ်ယာဒိုင်မှာ စာရင်းဝင်တဲ့ အစုရှယ်ယာတချို့ကို အာရုံစိုက်ခဲ့ပါတယ်။ ၂၀၀၈ ခုနှစ်မှာ ကုမ္ပဏီဟာ အိမ်ကြမ်းခင်း လက်လီလုပ်ငန်း Carpetright ရဲ့ အစုရှယ်ယာ ၃ ရာခိုင်နှုန်းကို ဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်ကတည်းကစပြီး အဲဒီအစုရှယ်ယာတွေကို ပြန်လျှော့ချခဲ့ပါတယ်။ ကုမ္ပဏီဟာ Diageo အရက်ချက်လုပ်ငန်းနဲ့ JJB Sports လက်လီလုပ်ငန်းတွေထဲမှာလည်း ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ Cascade ဟာ သူ့ရဲ့လုပ်ဆောင်မှုရလဒ်တွေကို လူသိရှင်ကြား ထုတ်မပြောခဲ့ပေမယ့် Larson ရဲ့ တော်တော်ကလေး ရှေးရိုးစွဲနေတဲ့ မဟာဗျူဟာကြောင့် ၂၀၀၈ ခုနှစ် ငွေကြေးအကျပ်အတည်းကာလအတွင်းမှာ Cascade ရဲ့ အရှုံးတွေဟာ တစ်နှစ်လုံးမှာ တခြားအလားတူ လုပ်ငန်းတွေရဲ့ ပျမ်းမျှအရှုံးထက် ပိုပြီးနည်းခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကစပြီး နှစ်စဉ်စုပေါင်းအကျိုးအမြတ်ကို ၁၁ ရာခိုင်နှုန်း နီးပါးရအောင် လုပ်ပေးခဲ့ပါတယ်။

Cascade3

ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုရုံးလို့ အဓိပ္ပာယ်ဖွင့်ရမယ့် Cascade Investment . . .

Cascade ဟာ အစဉ်အလာအရ အဓိပ္ပာယ်ဖွင့်ရင် မိသားစုရုံးတစ်ရုံး မဟုတ်သလို အဲဒီလိုခေါ်တာကိုလည်း ဒီကုမ္ပဏီက မကြိုက်ပါဘူး။ ဒီကုမ္ပဏီဟာ ဖောင်ဒေးရှင်းကြီးအတွက် ထောက်ပံ့ပို့ဆောင်ရေး၊ ဝန်ထမ်းလစာ၊ ဒါမှမဟုတ် အသုံးစရိတ်တွေကို မကိုင်တွယ်ပါဘူး။ Gates ရဲ့ ပုဂ္ဂလိက ဓနဥစ္စာတွေကို ရင်းနှီးမြှုပ်နှံပေးတဲ့ ပိုင်ဆိုင်မှု စီမံခန့်ခွဲရေးသက်သက်သာ ဖြစ်ပါတယ်။ BMGI ဟာ Cascade ၊ Bill & Melinda Gates Foundation Trust နဲ့ တခြားအဖွဲ့အစည်းတွေရဲ့ အစုရှယ်ယာတွေကို စီမံခန့်ခွဲတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ ဒါနဲ့လည်း သူ့ကိုယ်သူ မိသားစုရုံးတစ်ရုံးအဖြစ် နာမည်မတပ်သေးပါဘူး။ BMGI ကို ဖွဲ့စည်းထားပုံဟာ သူ့ရဲ့ စီမံကိန်းဆိုင်ရာလုပ်ငန်းကို သူ့ရဲ့ရင်းနှီးမြှုပ်နှံမှုထဲက သီးခြားခွဲထုတ်ဖို့ ဒီဖောင်ဒေးရှင်းကြီးကို ခွင့်ပြုထားတယ်လို့ အဖွဲ့ကြီးနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ ဒီလိုလုပ်ထားခြင်းဟာ ရောဂါဘယတွေကို တိုက်ဖျက်ဖို့နဲ့ ဖွံ့ဖြိုးဆဲ ကမ္ဘာရဲ့ပညာရေးကဏ္ဍကို တိုးတက်အောင် လုပ်ဖို့ဆိုတဲ့ အဖွဲ့ကြီးရဲ့ အထူးလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ဖို့ ငွေတွေကို ပိုပြီးဖန်တီးဖို့ ရည်ရွယ်ခဲ့ပါတယ်။ ဝါရှင်တန်ပြည်နယ်၊ Kirkland မြို့မှာ အခြေစိုက်ထားတဲ့ Cascade ဟာ မီဒီယာတွေရဲ့ အာရုံစိုက်ခံရမှုနဲ့လည်း ဝေးဝေးနေခဲ့ပါတယ်။ သူ့ရဲ့ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာတွေအပေါ်မှာ ဝေဖန်ချက်ပေးဖို့ ကုမ္ပဏီက ငြင်းဆိုခဲ့ပေမယ့် ကုမ္ပဏီဟာ တစ်ကမ္ဘာလုံးမှာရော ပိုင်ဆိုင်မှု အမျိုးအစားအားလုံးမှာပါ ရင်းနှီးမြှုပ်နှံနေတယ်လို့ သိထားကြပါတယ်။

Cascade လိုပဲ မိသားစုတစ်စုချင်းရဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေဟာ 'မိသားစုရုံး' ဆိုတဲ့ စကားလုံးနဲ့ ပိုပြီးဝေးသွားနေပါပြီ။ ''လန်ဒန်က ထိပ်တန်းဓနဥစ္စာ စီမံခန့်ခွဲရေး ဖက်ရှင်စတိုးဆိုင်တွေကို လှည့်ပတ်သွားကြည့်တဲ့အခါ 'ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုရုံး' ဆိုတဲ့ ဝေါဟာရရဲ့ ရေပန်းစားမှု ကြီးထွားလာတာကို ထုတ်ဖော်ပြသနေပါတယ်'' လို့ Scorpio Partnership အကြံပေးလုပ်ငန်းရဲ့ ပူးတွဲစီမံခန့်ခွဲသူ Catherine Tillotson က ပြောပါတယ်။ တစ်ချိန်တုန်းက မိသားစုရုံးတွေ၊ ဒါမှမဟုတ် မိသားစုပေါင်းစုံရုံးလို့ တိကျမှုမရှိဘဲ ဖော်ပြခဲ့တဲ့ ဒီဘာသာစကား ပြောင်းလဲမှုဟာ မိသားစုဓနဥစ္စာတွေ အပေါ်မှာ လွတ်လပ်တဲ့ အကြံပေးပုဂ္ဂိုလ်တွေအဖြစ်နဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေအကြောင်းကို ပိုပြီးရှင်းအောင် ထောက်ပြဖို့ ရည်ရွယ်ပါတယ်။ ဒီပြောင်းလဲမှုဟာ တန်ဖိုးကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေ ကြားထဲမှာသာ ဖြစ်ပွားနေတာ မဟုတ်ပါဘူး။ ရှေ့နေတွေနဲ့ စာရင်းကိုင်တွေကလည်း စကားလုံးအသစ်တွေ တီထွင်နေကြပါတယ်။ 'မိသားစုလုပ်ငန်းအကြံပေး' ၊ 'ပုဂ္ဂလိကကုမ္ပဏီလုပ်ငန်း' နဲ့ 'မဟာဗျူဟာ ပရဟိတအကြံပေး' ဆိုတဲ့ ဝေါဟာရတွေတောင် အလွန်အကျွံ ချမ်းသာတဲ့လူတွေအတွက် ဓနဥစ္စာ စီမံခန့်ခွဲရေးရဲ့ အဘိဓာန်ထဲကို ဝင်လာခဲ့ပြီလို့ သူကပြောပါတယ်။ သူတို့က အချက်ပြလိုက်တာကတော့ မိသားစုဓနဥစ္စာရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးဟာ ကြီးမားတဲ့လုပ်ငန်းကြီးဖြစ်တယ် ဆိုတာပါပဲ။

အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးမှုတွေ လိုအပ်လာတဲ့ ချမ်းသာကြွယ်ဝသူများ . . .

ကမ္ဘာတစ်လွှားမှာ အလွန်ချမ်းသာကြွယ်ဝသူ (ဒေါ်လာသန်းငါးဆယ်ထက် ပိုပြီးချမ်းသာတဲ့သူ) ပေါင်း ၇၉,၀၀၀ လောက်ရှိပြီး အဲဒီလူတွေက ချုပ်ကိုင်ထားတဲ့ ပိုင်ဆိုင်မှုတွေဟာ အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၁၉ ထရီလီယံ ရှိတယ်လို့ Tillotson က ယုံကြည်ထားပါတယ်။ သူတို့ထဲက တော်တော်များဟာ စီးပွားရေးလုပ်ငန်းပိုင်ရှင်တွေ၊ ဒါမှမဟုတ် လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ရောင်းပစ်ခဲ့တဲ့ 'ငွေရှင်ကြေးရှင်မိသားစု' ဆိုသူတွေ ဖြစ်ကြပါတယ်။ အဲဒီငွေတွေကို စီမံခန့်ခွဲဖို့ ဖြစ်လာတဲ့အခါ သူတို့ဟာ ဖြစ်နိုင်တဲ့အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးမှုကို အသုံးပြုချင်ကြပါတယ်။

''ဒီရည်မှန်းချက်ကို ရဖို့အတွက် သူတို့ဟာ တူညီတဲ့ ကျွမ်းကျင်သူကွန်ရက်တွေ၊ လှုပ်ရှားမှုပွဲတွေ၊ စာအုပ်စာတမ်း ထုတ်ဝေမှုတွေနဲ့ သူတို့ရဲ့အကြံပေးတွေကတစ်ဆင့် သူတို့ရဲ့အတွေ့အကြုံတွေကို တခြားမိသားစုတွေနဲ့ ပိုပိုပြီးမျှဝေလာနေကြပါတယ်'' လို့ Tillotson က ပြောပါတယ်။ '' အဲဒါကြောင့် တစ်ချိန်တုန်းက 'မိသားစုရုံး' ဆိုတဲ့ ဝေါဟာရဟာ မိသားစုတစ်စုချင်းရဲ့ ဓနဥစ္စာကို သီးခြားစီမံခန့်ခွဲပေးမှုလို့ အဓိပ္ပာယ်ထွက်ခဲ့ပေမယ့် ဒီနေ့တော့ အဲဒီအဖွဲ့အစည်းကို ကျွမ်းကျင်မှုဆိုင်ရာပညာရဲ့ ကြီးထွားလာနေတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ်သာမက အထူးကျွမ်းကျင်သူနဲ့ အထွေထွေ အတတ်ပညာရှင် နှစ်မျိုးစလုံး ပါဝင်ပြီး ကိုယ်ပိုင်အခွင့်အရေးရှိတဲ့ လုပ်ငန်းတစ်ခုအဖြစ်ပါ အကောင်းဆုံး ဖော်ပြကောင်း ဖော်ပြနိုင်ပါတယ်'' လို့ သူက ဆက်ပြီးပြောပါတယ်။

မိသားစုရုံးဈေးကွက်ဟာ ခေါင်းဆောင်ဖခင်ကြီး၊ ဒါမှမဟုတ် ခေါင်းဆောင်မိခင်ကြီးကို ကူညီဆောင်ရွက်ပေးနေတဲ့ အမှုဆောင်အတွင်းရေးမှူးဟောင်း တစ်ယောက်က စကာ လူလေးဆယ်ပါဝင်ပြီး ပုဂ္ဂိုလ်ရေးကိစ္စတွေကိုလည်း ကိုင်တွယ်ဆောင်ရွက်ပေးတဲ့ ကျွမ်းကျင်သူရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းတစ်ခုအထိ ပုံစံအမျိုးမျိုးနဲ့ ရှိနိုင်ပါတယ်။ '' မိသားစုရုံးတွေဟာ ပုံစံအမျိုးမျိုးရှိကြပေမယ့် သူတို့ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေက တော်တော်ကလေး ဆင်တူကြပါတယ်။ အဲဒီလိုဆင်တူနေတဲ့အတွက် ရလာတဲ့ရလဒ်ကတော့ အဆင့်ကွဲပြားခြားနားတဲ့ အာရုံစိုက်မှုတွေ၊ ဝန်ထမ်းခန့်ထားမှုတွေနဲ့ ကျွမ်းကျင်ပိုင်နိုင်မှုတွေကို ကိုင်တွယ်ဖြေရှင်းထားပေမယ့် သူတို့ဆင့်ကဲဆင့်ကဲ ပြောင်းလဲကြတဲ့အခါ ရွေးချယ်လက်ခံတဲ့ အဆုံးစွန်ဖြေရှင်းချက်တွေက ခပ်ဆင်ဆင် ဖြစ်သွားလေ့ ရှိပါတယ်'' လို့ Citi Private Bank က မိသားစုရုံးအုပ်စုရဲ့ မြောက်အမေရိကဆိုင်ရာ အကြီးအကဲ Bill Woodson က ပြောပါတယ်။ မိသားစုရုံးတွေဟာ အခြေခံကျတဲ့ နည်းလမ်းတော်တော်များနဲ့ ဆင့်ကဲဆင့်ကဲ ဖြစ်ပေါ်တိုးတက် ပြောင်းလဲနေတယ်လို့ သူက ဖြည့်စွက်ပြီး ပြောပါတယ်။ ပထမဆုံးအနေနဲ့ မိသားစုရုံးတွေကို ကူညီပံ့ပိုးတဲ့ နေရာတစ်ဝိုက်မှာ လုပ်ငန်းတစ်ခု ဖြစ်ပေါ်တိုးတက်ခဲ့ပါတယ်။

အဲဒီတိုးတက်မှုက ဟိုတုန်းက ကိုယ့်အဖွဲ့အစည်းထဲမှာပဲ လုပ်ခဲ့တဲ့ အလုပ်တွေကို ပြင်ပမှာထွက်ပြီး လုပ်ဖို့ အဲဒီရုံးတွေကို ခွင့်ပြုလိုက်ပါတယ်။ ဒုတိယအနေနဲ့ တစ်ကမ္ဘာလုံးမှာ ဓနဥစ္စာတိုးလာတဲ့ ရလဒ်တစ်ခုအဖြစ် မိသားစုရုံးတွေ ပိုပြီးများလာတဲ့အတွက် အကောင်းဆုံးလုပ်ဆောင်ချက်တွေ၊ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး ပိုပြီးကြီးမားတဲ့ သတင်းအချက်တွေကို ရနိုင်ပါတယ်။ ဒါက မိသားစုရုံးတွေကို အရင်တုန်းက သူတို့လုပ်ခဲ့တာထက်ပိုပြီး ကျွမ်းကျင်မှုရှိအောင် အထောက်အကူပေးပါတယ်။ တတိယအနေနဲ့ မိသားစုဓနဥစ္စာကို ထိန်းချုပ်ထားတဲ့မျိုးဆက်တွေ ပြောင်းလဲသွားခြင်းဟာ မိသားစုရုံးတွေ အာရုံစိုက်တဲ့ အရာတွေနဲ့ သူတို့ရဲ့ဖွဲ့စည်းပုံတွေကို ပြောင်းလဲပစ်ခဲ့တယ်လို့ Woodson က ထပ်ပြောပါတယ်။ ''ပိုပြီးအသက်ငယ်တဲ့ မိသားစုဝင်တွေဟာ စောစောပိုင်းမှာ ပရဟိတလုပ်ငန်းတွေ နောက်ကိုလိုက်တာနဲ့ မိသားစုတစ်ခုရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ အထဲကို ပရဟိတလုပ်ငန်းတွေ ပေါင်းထည့်တာတွေအပေါ်မှာ အာရုံစိုက်လေ့ရှိပါတယ်'' လို့ သူက ပြောပါတယ်။

Cascade Investment LLC ဟာ Berkshire Hathaway ရဲ့ အငယ်စားပုံစံတစ်ခုနဲ့ သွားပြီး ဆင်တူနေပါတယ်။ မတူတာကတော့ ဒီမှာ Bill Gates နဲ့ သူ့ရဲ့မိသားစုဟာ အဓိကရှယ်ယာပိုင်ရှင်တွေ ဖြစ်နေကြတာပါပဲ။ တကယ်တော့ Cascade Investment LLC ဟာ ဒေါ်လာသန်းပေါင်းရာနဲ့ချီပြီး တန်ဖိုးရှိတဲ့ Berkshire Hathaway ရှယ်ယာတွေကို ပိုင်ဆိုင်ထားပါတယ်။

သိထားပြီးတဲ့ Cascade Investment LLC ရဲ့ ရင်းနှီးမြှုပ်နှံမှု အနေအထားတချို့ . . .

Wikipedia ထဲမှာ ပါဝင်ရေးသားသူတချို့က Cascade Investment LLC ရဲ့ SEC (အမေရိကန် ငွေချေးစာချုပ်များနှင့် နိုင်ငံခြားငွေကော်မရှင်) မှာ အမှုတွဲဖွင့်ထားတဲ့ အထောက်အထားတွေကို ဖွင့်ချတဲ့အထိတောင် လုပ်ခဲ့ကြပြီး ဒီကုမ္ပဏီက ရင်းနှီးမြှုပ်နှံမှုထားတဲ့ အများပိုင်ကုမ္ပဏီတွေရဲ့စာရင်းကို အောက်မှာဖော်ပြထားတဲ့အတိုင်း တွေ့ခဲ့ကြရပါတယ်။

- Berkshire Hathaway

- Canadian National Railway

- Carpetright

- Dante Giovanni Corporation

- Coca Cola Femsa SAB de CV – အစုရှယ်ယာ ၂၀ ရာခိုင်နှုန်း နီးပါး

- Cox Communication

- Microsoft Corporation

- FEMSA (Mexican brewer) – ဒေါ်လာ ၃၆၄ သန်း (၂၀၀၇ ခုနှစ်၊ ဒီဇင်ဘာလ)။ B ရှယ်ယာများဖြင့် FEMSA မတည်ငွေ၏ ၁.၂ ရာခိုင်နှုန်း။ ထို့ကြောင့် Cascade သည် နယူးယောက်တွင် အရောင်းအဝယ်လုပ်သော FEMSA ၏ အမေရိကန် အပ်နှံရှယ်ယာ ၁၀.၈၁ သန်းကို ပိုင်ဆိုင်နိုင်ပါသည်။

၎င်းသည် ကမ္ဘာ့ဒုတိယအကြီးဆုံး Coke ပုလင်းသွင်းလုပ်ငန်းကြီးနှင့် မက္ကဆီကိုနိုင်ငံ၏ ဒုတိယအကြီးဆုံး ဘီယာလုပ်ငန်းကြီးဖြစ်သော FEMSA ၏ ၃ ရာခိုင်နှုန်းခန့် ရှိပါသည်။

- Four Seasons Hotels and Resorts – ၄၂.၅ ရာခိုင်နှုန်း     

- ICOS 

- Newport News Shipbuilding

- Otter Tail Power Company

- Pan American Silver Corporation

- Republic Services, Inc _ U.S. waste management –  ခန့်မှန်းခြေ ၂၀%

- Sapphire Energy

- Schnitzer Steel Industries

- Scient

- Televisa

- Wisconsin Central Transportation

ဇော်ဝင်းကြူ(ပျဉ်းမနား)