လက်ရှိမှာ Branding ပိုင်းဝန်ဆောင်မှုပေးတဲ့ ကုမ္ပဏီထူထောင်ပြီး ကိုယ်တိုင်စိတ်ဝင်တစားဦးဆောင်လုပ်ကာ မိဘရဲ့လုပ်ငန်းတွေကို အမွေဆက်ခံဦးဆောင်လာနိုင်အောင် ကြိုးပမ်းနေတဲ့ Beyond Scaling Up ရဲ့ Branding Director Mr Calvin Pun နဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ သူ့ရဲ့စီးပွားရေးပိုင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုဆိုင်ရာ ကြိုးပမ်းလေ့လာမှုတွေနဲ့အတူ လုပ်ငန်းပိုင်းဆိုင်ရာ ဝန်ဆောင်မှုတွေကိုပါ အခုလို သိခွင့်ရခဲ့ပါတယ်။
Calvin Pun
Branding Director,
Beyond Scaling Up
New Business Operations Manager,First Ocean Breeze Co Ltd
Beyond က ဘာတွေလုပ်နေသလဲဆိုတာ ပြောပြပေးပါ . . .
Beyond က Branding နဲ့ Marketing ပိုင်း ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ ကျွန်တော့်အဖေ Martin Pun နဲ့အတူ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအနေနဲ့ သူတို့လုပ်ငန်းတွေကို ပိုကောင်းအောင်မြှင့်တင်ရာမှာ ကူညီပေးနိုင်ဖို့ရည်ရွယ်ပါတယ်။ Beyond ဆိုတဲ့ ကုမ္ပဏီနာမည်ကလည်း SME တွေ တိုးတက်လာဖို့ လိုအပ်ချက်နဲ့ ကိုက်ညီအောင်ပေးထားတာပါ။ သူတို့လုပ်ငန်းတွေ ပိုကောင်းအောင်မြှင့်တင်ရာမှာ အရေးအကြီးဆုံးအချက်က Branding လုပ်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ပေးတဲ့ Branding ဆိုတာက Marketing ၊ Branding ၊ Advertising နဲ့ Branding Logo တွေသာမကဘဲ Internal Branding အထိ ပါဝင်ပါတယ်။ ကုမ္ပဏီတစ်ခုရဲ့ Corporate Culture ဆိုတာ ဒီကုမ္ပဏီအောင်မြင်ဖို့အတွက် အရေးပါတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် Beyond ကုမ္ပဏီထူထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ SMEs တွေကို ပိုတိုးတက်လာအောင် ထောက်ပံ့ပေးမယ်၊ ရင်းနှီးမြှုပ်နှံသူတွေနဲ့အတူ ပူးပေါင်းလုပ်ကိုင်မယ့် ပါတနာတွေ ရှာပေးဖို့ ဖြစ်ပါတယ်။
နောက်ခံပညာရေးနဲ့ လုပ်ငန်းအတွေ့အကြုံ . . .
ကျွန်တော်က အမေရိကားမှာ ငါးနှစ်ကြာကျောင်းတက်ခဲ့တယ်။ ကျွန်တော်တက်ခဲ့တဲ့ကျောင်းက နှစ်ကျောင်းပါ။ တစ်ခုက Hendrix College ဖြစ်ပြီး နောက်တစ်ခုက Northern Virginia Community College ပါ။ နိုင်ငံတကာဆက်ဆံရေးအထူးပြုနဲ့ ၂၀၁၄ ခုနှစ်မှာ ဘွဲ့ရခဲ့ပြီး မြန်မာနိုင်ငံကို ပြန်လာခဲ့ပါတယ်။ ဒီဘွဲ့က စီးပွားရေးလုပ်တာနဲ့တော့ သိပ်မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ ကျွန်တော်မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့အခါ ကျွန်တော်သင်ခဲ့ရတာတွေက နိုင်ငံရေးနဲ့ စီးပွားရေးအခြေအနေကို နားလည်စေပြီး ယုတ္တိရှိရှိ သုံးသပ်နိုင်စေပါတယ်။
လုပ်ငန်းအတွေ့အကြုံပိုင်းမှာတော့ နေပြည်တော်က KrisPlaza မှာ Sales Associate အဖြစ် လုပ်ခဲ့ပါတယ်။
လူမှုရေးပိုင်းမှာတော့ ၂၀၁၅ ခုနှစ်မှာ ရခိုင်ပြည်နယ်ကို မုန်တိုင်းတိုက်ခဲ့တုန်းက SPA Flood Relief Fund ရဲ့ Team Leader အဖြစ် ၂၀၁၅ ခုနှစ်၊ သြဂုတ်လကနေ အောက်တိုဘာလအထိ ထမ်းဆောင်ခဲ့ပါတယ်။ အထောက်အပံ့ပစ္စည်းတွေနဲ့ ရေစစ်ကိရိယာတွေကို မုန်တိုင်းဒဏ်သင့်ခဲ့တဲ့ ရွာတွေကိုပို့ခဲ့ပြီး လူဦးရေသုံးသောင်းကျော်ကို ထောက်ပံ့နိုင်ခဲ့ပါတယ်။
ဘာကြောင့်များ Branding ကုမ္ပဏီထူထောင်ဖို့ ရွေးချယ်ဖြစ်ခဲ့တာလဲ . . .
မြန်မာနိုင်ငံက ကုမ္ပဏီအတော်များများက ခရီးသွားလာဖို့နဲ့ ဘာသာစကားအခက်အခဲတွေကြောင့် နိုင်ငံတတာ Exposure တော်တော်နည်းတာကို တွေ့ရပါတယ်။ အားကောင်းတဲ့ Branding နဲ့ Corporate Culture ရှိမယ်ဆိုရင် ကုမ္ပဏီက ခိုင်မာတိုးတက်လာမှာဖြစ်ပါတယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပါတနာတွေလည်း ရှာနိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီး မြန်မာကုမ္ပဏီတွေအနေနဲ့ ပါတနာရှာရာမှာ အခက်အခဲရှိတာကိုတွေ့ရတယ်။ ဒါတွေကို ကျွန်တော်တို့က ထောက်ပံ့ပေးပြီး ပြည်တွင်းကုမ္ပဏီတွေကို တိုးတက်လာစေချင်တာပါ။
လက်ရှိမှာ Clients ဘယ်နှယောက်ရှိပါသလဲ။ သူတို့အတွက် ဘယ်လိုဝန်ဆောင်မှုတွေ ပေးနေပါသလဲ . . .
ကျွန်တော်တို့ရဲ့ Clients တွေက ဘယ်သူတွေလဲဆိုတာတော့ Cofidential ထားရတဲ့အတွက် မပြောပြနိုင်ဘူး ဖြစ်သွားပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တာအတွင်း Clients တွေကို ကျွန်တော်ဝန်ဆောင်မှုပေးခဲ့တာတွေဆိုရင်တော့ . . .
- သူတို့ရဲ့ Marketing Team ကို ဖွဲ့စည်းပေးပြီး ဦး ဆောင်ပေးခဲ့တယ်။ Facebook ၊ Instagram နဲ့ Website အသစ် ဖန်တီးပေးပြီး Marketing နည်းလမ်းသစ်တွေ Update လုပ်ပေးခဲ့တယ်။ Marketing Materials တွေကို Redesign လုပ်ပေးတယ်။ Target ထားပြီး Marketing Campaign တွေကို အောင်မြင်အောင် ဖန်တီးပေးတယ်။ အရောင်းတွေ တက်လာခဲ့တယ်။ ဈေးကွက်အခွင့်အလမ်း၊ ဘဏ္ဍာရေးနဲ့ လက်တွေ့လုပ်ဆောင်ရာမှာ လိုအပ်ချက်တွေကို Review လုပ်ပေးပြီး လုပ်ငန်းတိုးချဲ့နိုင်ဖို့အခွင့်အရေးတွေ ရှာဖွေဖော်ထုတ်ပေးတယ်။ Door to Door ဝန်ဆောင်မှုနဲ့ နိုင်ငံတကာပြပွဲတွေကို သွားပြီး Research တွေလုပ်တယ်၊ ကုန်ကျစရိတ်တွေ လျော့ချနိုင်ဖို့ စက်ပစ္စည်းသစ်တွေ ရှာဖွေတယ်။
- Marketing Campaign နဲ့ Materials တွေ ဖန်တီးပေးတယ်။ အမှတ်တံဆိပ်သစ် ဘယ်လိုစတင်မလဲဆိုတာအပြင် Logo နဲ့ Corporate Profile ကိုလည်း Design ထုတ်ပေးခဲ့တယ်။ ပြပွဲတွေ စီစဉ်ပေးတယ်။ ဥပမာ- Myan Hotel ပြပွဲအတွက် ပြခန်းတွေနဲ့ ဒီဇိုင်းတွေ လုပ်ပေးခဲ့တယ်။
- ကုမ္ပဏီရဲ့ ဖွဲ့စည်းပုံပြန်ပြင်ဆင်တယ်၊ ကုမ္ပဏီခွဲတွေကို ပေါင်းစည်းပေးတယ်၊ Company Profile နဲ့ ကုမ္ပဏီအုပ်စုတွေအတွက် Logo အသစ်တွေနဲ့ Rebrand လုပ်ဖို့ နိုင်ငံတကာဒီဇိုင်နာတွေနဲ့ ဆက်သွယ်ပေးတယ်။ ဝန်ထမ်းတွေရဲ့ လိုအပ်ချက်နဲ့ Training ပိုင်းအတွက် Recommend လုပ်ပေးတယ်။ SWOT Training နဲ့ Marketing Team ရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်။
Branding ပိုင်းနဲ့ပတ်သက်ပြီး ပေးချင်တဲ့အကြံဉာဏ် . . .
Branding ကို အကောင်းဆုံးလုပ်နိုင်ဖို့ဆိုတာ ကိုယ့်အားသာချက်က ဘာလဲဆိုတာ အရင်ဆုံးသိဖို့ လိုပါတယ်။ ကိုယ်ကဘယ်နေရာမှာ တကယ်ကောင်းတာလဲဆိုတာ ပြန်မေးကြည့်ပါ။ ပြီးတော့မှ ဒီအားသာချက်ကို ကိုယ်တိုင်အတွက်ရော၊ ကိုယ့်ဆီမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက်ပါ တန်ဖိုးတက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်းစားရမယ်။
Branding နဲ့ပတ်သက်ပြီး ဘယ်လိုလေ့လာသင်ယူခဲ့ပါသလဲ . . .
ကျွန်တော့်အဖေဆီက သင်ခဲ့ပါတယ်။ သူက Branding နဲ့ Marketing လုပ်တဲ့အပိုင်းမှာ အင်မတန်ကျွမ်းကျင်သူဖြစ်ပါတယ်။ သူက တစ်နိုင်ငံလုံးက SMEs လုပ်ငန်းတွေနဲ့ လတိုင်းတွေ့ဆုံပြီး စကားပြောလေ့ရှိပါတယ်။ ကျွန်တော့်ရဲ့ ဦးလေး Mr Serge Pun ကလည်း ထိပ်ဆုံးနေရာမှာရှိနေတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့အတွက် သူ့ဆီကနေလည်း ကျွန်တော်အများကြီးသင်ယူနိုင်တယ်။ ကျွန်တော့်တစ်ဝမ်းကွဲညီအစ်ကိုတွေဖြစ်တဲ့ Melvyn Pun နဲ့ Cyrus Pun ကလည်း စီးပွားရေးလုပ်ငန်းတွေ လုပ်နေတဲ့အတွက် သူတို့နဲ့လည်း တိုင်ပင်ဆွေးနွေးဖြစ်ပါတယ်။
စာအုပ်တွေဖတ်ပြီးတော့လည်း သင်ယူပါတယ်။ နောက်ပြီး ကြော်ငြာဗီဒီယိုတွေ၊ ပညာပေးဗီဒီယိုတွေလည်း ကြည့်တယ်။ ဒါတွေက Branding နဲ့ပတ်သက်ပြီး မတူညီတဲ့ ရှုထောင့်အမျိုးမျိုးကို ပြောပြနိုင်တယ်။
First Ocean Breeze မှာရော ဘယ်လိုရာထူးနဲ့ ဘယ်လိုတာဝန်တွေ ထမ်းဆောင်နေပါသလဲ . . .
ကျွန်တော်က First Ocean Breeze မှာ ၂၀၁၄ ခုနှစ်ကစပြီး New Business Operations Manager အဖြစ် ထမ်းဆောင်နေပါတယ်။ ကျွန်တော့်ရဲ့တာဝန်ကတော့ ဈေးကွက်အလားအလာ၊ လုပ်ငန်းအကောင်အထည်ဖော်ရာမှာ လိုအပ်ချက်နဲ့ ဘဏ္ဍာရေးပိုင်းလိုအပ်ချက်တွေကို သုံးသပ်ပြီး အလားအလာရှိတဲ့လုပ်ငန်းတွေကို ကြိုတင်ရှာဖွေရပါတယ်။
မြန်မာနိုင်ငံမှာ ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေတယ်လို့ မြင်ပါသလဲ . . .
စိန်ခေါ်မှုတွေကတော့ အများကြီးရှိပါတယ်။ ဒါပေမဲ့ အဓိကစိန်ခေါ်မှုကတော့ မြန်မာနိုင်ငံက တခြားနိုင်ငံတွေမှာလို စက်မှုတော်လှန်ရေးကို မဖြတ်ခဲ့ရတာပါ။ ကျွန်တော်တို့ရဲ့ စီးပွားရေးက စိုက်ပျိုးရေးကို အခြေခံနေတုန်းပဲဖြစ်ပါတယ်။ ကျွန်တော့်အထင်တော့ မြန်မာနိုင်ငံက စက်မှုလုပ်ငန်းတွေမှာ ပိုတိုးတက်လာပြီး နောက်ထပ်စက်ရုံတွေ၊ ဘဏ္ဍာရေးပိုင်းမှာ စွမ်းဆောင်ရည်တိုးတက်မှုတွေ၊ စက်မှုလုပ်ငန်းမှာ စွမ်းရည်ပြည့်ဝတဲ့လူတွေ ရှိလာရင်တော့ စီး ပွားရေးက ပိုပြီးတိုးတက်ခိုင်မာလာမယ်လို့ မြင်ပါတယ်။
နောက်ပြီး ကျွန်တော်တို့ရဲ့ သယံဇာတအရင်းအမြစ်တွေကို ပိုကောင်းအောင်သုံးစွဲလာနိုင်မယ်။ ဥပမာအနေနဲ့ပြောရရင် ကျွန်တော်တို့ဆီမှာ စိုက်ပျိုးရေးထုတ်ကုန်တွေ အများကြီးရှိတယ်။ ဒါတွေကို တရုတ်၊ အိန္ဒိယနဲ့ ထိုင်းနိုင်ငံတွေကို တင်ပို့တဲ့အခါ ကုန်ကြမ်းအနေနဲ့ပဲ တင်ပို့တယ်။ တကယ်လို့ ကျွန်တော်တို့မှာ ဒီကုန်ကြမ်းထုတ်ကုန်တွေကို အစားအသောက်အဖြစ် ထုတ်လုပ်ဖို့ စက်ရုံတွေရှိမယ်ဆိုရင် ပိုပြီးတန်ဖိုးတက်မယ်။ ဥပမာ - တောင်ကြီးနဲ့ မေမြို့တို့ကထွက်တဲ့ စတော်ဘယ်ရီတွေဆိုရင် စတော်ဘီရီယိုအနေနဲ့ ထုတ်လို့ရတယ်။ ဒီလိုလုပ်မယ့်အစား မြန်မာနိုင်ငံမှာ ကုန်ကြမ်းကိုပဲ တင်ပို့လိုက်တာများနေတယ်။ တကယ်တမ်းက ကျွန်တော်တို့ကုန်ကြမ်းကို တန်ဖိုးတက်အောင်လုပ်နိုင်တယ်။
မြန်မာနိုင်ငံမှာ Branding ပိုင်း ဝန်ဆောင်မှုပေးတာနဲ့ပတ်သက်ပြီး ဘယ်လိုအခက်အခဲတွေ ကြုံရတတ်ပါသလဲ . . .
Branding ပြုလုပ်တာက ဘတ်ဂျက်သုံးနိုင်တဲ့အပေါ် မူတည်ပါတယ်။ ကုန်ကျစရိတ်လည်း များနိုင်ပါတယ်။ Billboard ၊ တီဗီကြော်ငြာနဲ့ ပုံနှိပ်ကြော်ငြာတွေက ဈေးကြီးပါတယ်။ Facebook ၊ Instagram နဲ့ ရေဒီယိုမှာ ကြော်ငြာတာတွေကတော့ နည်းနည်းပိုပြီး ဈေးသက်သာမှာပါ။ ကုမ္ပဏီအတော်များများက Branding လုပ်တဲ့နေရာမှာ ကျွမ်းကျင်သူတွေကို Outsource လုပ်ပြီး အပ်တာတို့၊ ကျွမ်းကျင်ပညာရှင်တွေကို တာဝန်ပေးတာတို့လုပ်မယ့်အစား ကုမ္ပဏီအတွင်းက ဝန်ထမ်းတွေကိုပဲ အရည်အသွေးကောင်းတဲ့ ကြော်ငြာတွေထုတ်လုပ်ဖို့ တာဝန်ပေးတတ်ကြတယ်။ တကယ်တမ်းက ကိုယ့်ရဲ့အမှတ်တံဆိပ်ဆိုတာ တန်ဖိုးကြီးတဲ့အရာ ဖြစ်ပါတယ်။ ဒါကြောင့် အမှတ်တံဆိပ်နဲ့ပတ်သက်ပြီး ဒီဇိုင်းထုတ်တာအပါအဝင် အရာရာတိုင်းဟာ အရည်အသွေးကောင်းဖို့လိုပြီး ဒါတွေကိုကုမ္ပဏီတွင်းမှာပဲ ထုတ်လုပ်ဖို့ဆိုတာ ခက်ခဲပါတယ်။ အကြောင်းရင်းက လေ့ကျင့်သင်ကြားထားတာလည်းမရှိဘူး။ အမှတ်တံဆိပ်အတွက် ဒီဇိုင်းထုတ်လုပ်တာနဲ့ ပတ်သက်ပြီးတော့လည်း လုံလောက်တဲ့ အတွေ့အကြုံမရှိတာကြောင့်ပါ့။ နောက်ပြီး နာမည်ရှိပြီး ကျွမ်းကျင်တဲ့ Branding ကုမ္ပဏီကလည်း တအားနည်းပါတယ်။ ကောင်းတဲ့ကုမ္ပဏီကြီးတွေမှာ အပ်တာကလည်း ကုန်ကျစရိတ်များစေမှာပါ။ ဒါကြောင့် ကျွန်တော့်အမြင်ကတော့ သေးငယ်ပြီးကျွမ်းကျင်မှုရှိတဲ့ ကုမ္ပဏီက သူရဲ့အာရုံစူးစိုက်မှုကို သင့်အမှတ်တံဆိပ်အတွက် အပြည့်အဝပေးထားနိုင်ပြီး ကုန်ကျစရိတ်လည်း နည်းစေမှာ ဖြစ်ပါတယ်။
ကုမ္ပဏီရဲ့အနာဂတ်ရည်မှန်းချက် . . .
ကျွန်တော်တို့ရဲ့ အနာဂတ်ရည်မှန်းချက်ကတော့ City Mart ရဲ့ Pride of Myanmar ဆိုတဲ့ ခေါင်းစဉ်အောက်မှာ မြန်မာ့ထုတ်ကုန်တွေကို မြှင့်တင်နေတဲ့ ရည်မှန်းချက်လိုပါပဲ။ Social Enterprise တွေကို ပိုပြီးတိုးတက်လာအောင် လုပ်သွားမယ်။ Ecotourism က အကောင်းဆုံးဥပမာပါပဲ။ စိုက်ပျိုးရေးထုတ်ကုန်တွေကို တန်ဖိုးတက်အောင်လုပ်တာကလည်း ရေရှည်ဖွံ့ဖြိုးမှုအတွက် ပိုကောင်းစေပါတယ်။ ကျွန်တော်တို့ရဲ့ အဓိကရည်ရွယ်ချက်ကိုက SMEs တွေ တိုးတက်လာအောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေ တိုးတက်ပြီး ဝန်ထမ်းတွေကို ထိန်းထားနိုင်အောင်၊ ကိုယ်ကျွမ်းကျင်တဲ့ လုပ်ငန်းမှာ ခေါင်းဆောင်တွေဖြစ်လာအောင် လုပ်ချင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ Clients တွေကိုဆိုရင် သူတို့လုပ်နိုင်တဲ့လုပ်ငန်းတစ်ခုကိုပဲ အကောင်းဆုံးလုပ်ဖို့ အကြံပေးတယ်။ SMEs တွေအနေနဲ့ လုပ်ငန်းခွဲတွေ အများကြီးလုပ်တာက သိပ်ကိုခက်ခဲစေပါတယ်။
အသိပညာတိုးတက်လာအောင် နေ့စဉ်နေ့တိုင်း ဘယ်လိုပုံစံနဲ့ လေ့လာပါသလဲ . . .
ကျွန်တော့်ရဲ့အချိန်အတော်များများကို စာဖတ်ဖို့အတွက် သုံးပါတယ်။ စာအုပ်တွေဖတ်တယ်။ အွန်လိုင်းကနေ မန်နေဂျာကောင်းဖြစ်အောင်ဘယ်လိုလုပ်ရမလဲ၊ လုပ်ငန်းကို ပိုနားလည်လာအောင် ဘယ်လိုလုပ်ရမလဲ၊ Branding ကို ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲစတာတွေ ရှာပြီး ဖတ်ပါတယ်။ အခုဆိုရင် Bob Nelson, Ph.D ရဲ့ 1501 Ways to Reward Employees ဆိုတဲ့ စာအုပ်ဖတ်နေပြီး ပိုတော်တဲ့မန်နေဂျာဖြစ်အောင် ကြိုးစားနေပါတယ်။ ကျွန်တော် စာအုပ်၊ အွန်လိုင်းပေါ်က စာတွေ၊ ဒါမှမဟုတ် သင်ခန်းစာတွေ၊ သတင်းစာတွေ နေ့တိုင်းဖတ်တယ်။ ဒါတွေက ကိုယ့်ရဲ့အသိပညာကို ကျယ်ပြန့်အောင်လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပဲ။ နောက်ပြီး Conflict Management နဲ့ Branding တို့နဲ့ပတ်သက်တဲ့ Workshop တွေလည်း တက်ဖြစ်ပါတယ်။ British Embassy က ဦးဆောင်ကျင်းပတဲ့ New Investment Law in Myanmar ကို တက်ဖြစ်ခဲ့တယ်။ TEDx ပွဲတွေလည်း တက်တယ်။ စာဖတ်တာလည်း ကောင်းတယ်။ လူတွေဆီက သင်ယူရတာကလည်း ကောင်းပါတယ်။
အားလပ်ချိန်ကို ဘယ်လိုအသုံးပြုပါသလဲ။ ဝါသနာတွေက . . .
ရုံးပိတ်ရက်တွေမှာ Baseball နဲ့ပုံစံတူတဲ့ Soft Ball ကစားနည်းကို ကစားပါတယ်။ ကျွန်တော်တို့မှာ အသင်းရှိပါတယ်။ အိမ်မှာနေပြီးတော့လည်း Study လုပ်ပါတယ်။ ကျွန်တော်က ဟင်းချက်ရတာကို ဝါသနာပါ ပါတယ်။ ကျွန်တော့်အတွက်တော့ ဟင်းချက်ရင်းနဲ့ အကြောင်းအရာတွေကို စဉ်းစားရတာပိုကောင်းပြီး နားလည်သဘောပေါက်စေတယ်။ ပြဿနာတွေကိုလည်း ကွဲပြားတဲ့အမြင်နဲ့ မြင်တယ်။
လေးစားအားကျရတဲ့သူတွေဆိုရင် . . .
ကျွန်တော့်အဖေပါ။ သူက ၁၉၉၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး ကျွန်တော့်ဦးလေး Mr Serge Pun နဲ့အတူ မြန်မာနိုင်ငံမှာ အကြီးဆုံးကုမ္ပဏီတစ်ခုကို အတူတူထူထောင်ခဲ့ကြတယ်။ သူတို့က အခက်အခဲတွေအများကြီး တွေ့ခဲ့ကြပေမယ့် လက်မလျှော့ခဲ့ကြတဲ့အတွက် အောင်မြင်မှုတွေရခဲ့တယ်။ ကျွန်တော်လည်း သူတို့လိုပဲဖြစ်ရမယ်လို့ ယုံကြည်ထားတယ်။ ကျွန်တော့်ရဲ့ တန်ဖိုး၊ စိတ်အားထက်သန်မှုတွေကို အမြဲထိန်းထားပြီး စီးပွားရေးမှာ အောင်မြင်အောင်လုပ်သွားပါမယ်။
ကိုယ်ပိုင်အနာဂတ်အစီအစဉ် . . .
ကျွန်တော်တို့မိသားစု စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲပေးနိုင်တဲ့ တော်တဲ့လူတွေနဲ့ ဖွဲ့စည်းထားတဲ့ Team လိုချင်ပါတယ်။ နောက်ပြီး SMEs တွေကို ရေရှည်အောင်မြင်တဲ့ ကုမ္ပဏီတွေဖြစ်အောင် ထောက်ပံ့သွားချင်ပါတယ်။ ကျွန်တော်နဲ့ ကျွန်တော့်အဖေ နေ့တိုင်းအတူတူအလုပ်လုပ်တယ်။ တစ်နေ့ကျရင် ကျွန်တော့်အဖေ အလုပ်လာစရာမလိုတော့ဘဲ လက်လွှဲနိုင်တဲ့အခြေအနေမျိုး ဖြစ်စေချင်တယ်။ သူ့ကို ဂေါက်များများရိုက်ဖို့ အချိန်ပေးနိုင်ပြီး ပိုပြီးပျော်ပျော်ရွှင်ရွှင် နေစေချင်တယ်။
နန္ဒာနေဝင်း