ကမ္ဘာ့သက်တမ်းအရှည်ဆုံး မေဂျာဂေါက်သီးပြိုင်ပွဲကြီး British Open

[caption id="attachment_30483" align="alignnone" width="720"]britishopen1146th Open Site, Royal Birkdale[/caption]

British Open ဂေါက်သီးပြိုင်ပွဲကြီးသည် မေဂျာပွဲကြီးလေးပွဲတွင် သက်တမ်းအရှည်ဆုံးဖြစ်ရုံသာမက ဂေါက်သီးပြိုင်ပွဲများ အားလုံးတွင်လည်း သက်တမ်းအရှည်ဆုံးဖြစ်သည်။ ၁၈၆၀ ပြည့်နှစ်မှ စတင်ကျင်းပခဲ့သည်။ ယခု ၂၀၁၇ ခုနှစ်တွင် ၁၄၆ ကြိမ်ရှိပြီ ဖြစ်ပါသည်။ ဗြိတစ်ရှ်အိုးပင်းဆိုသည့်အတိုင်း ဗြိတိန်ကျွန်းနိုင်ငံများရှိ ဂေါက်ကွင်းများတွင် လှည့်လည်ကျင်းပခဲ့ရာ ယခုနှစ် အလှည့်ကျသည့်ကွင်းမှာ အင်္ဂလန်နိုင်ငံရှိ Royal Birkdale ဂေါက်ကွင်းဖြစ်သည်။ မေဂျာပွဲကြီးလေးပွဲတွင် မာစတာစ်က ဧပြီလ၊ ယူအက်စ် အိုးပင်းက ဇွန်လ၊ ဗြိတစ်ရှ်အိုးပင်းက ဇူလိုင်လနှင့် ပီဂျီအေချန်ပီယံရှစ်ပ်က သြဂုတ်လတွင် ကျင်းပမြဲဖြစ်ရာ ယခုနှစ်အတွက် ဗြိတစ်ရှ်အိုးပင်းမှာ ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဖြစ်ပါသည်။

ဤပွဲကြီးအား ဦးစီးဦးဆောင်ကျင်းပသူမှာ R&A ဟု အတိုကောက်ခေါ်ကြသော Royal and Ancient Golf Club of St. Andrews ဖြစ်သည်။ အများအားဖြင့် စိန့်အင်ဒရူးစ်ဟုလည်း သိကြပါသည်။ ဤဂေါက်ကလပ်က စကော့တလန်တွင်ရှိပြီး ဤ R&A နှင့် အမေရိကန်ပြည်ထောင်စု မှ USGA (United States Golf Association) တို့သည် ဂေါက်သီးစည်းမျဉ်းများကို ချမှတ်ပြဋ္ဌာန်းကြသော ဂေါက်သီး အာဏာပိုင်အဖွဲ့နှစ်ဖွဲ့ဖြစ်ပါသည်။

ဂေါက်သီးကစားခြင်းသည် စကော့တလန်မှ စသည်ဟု သုတေသီများက လက်ခံထားကြပါသည်။ စိန့်အင်ဒရူးစ်ဂေါက်ကလပ်မှာ ၁၇၅၄ ခုနှစ်က စတင်တည်ထောင်ခဲ့သည်။ ထိုစဉ်ကအမည်မှာ St. Andrews Society of Golfers ဖြစ်ပါသည်။ ဤဂေါက်ကလပ်သည် ကမ္ဘာပေါ်၌ ပထမဆုံး ပေါ်ပေါက်သော ကလပ်တော့ မဟုတ်ခဲ့ပါ။ ၁၇၄၄ ခုနှစ် က တည်ထောင်ခဲ့သော စကော့တလန် မှ The Gentlemen Golfers of Leith ဂေါက်ကလပ်က ပထမဆုံးဖြစ်ပါသည်။ စိန့်အင်ဒရူးစ်ဒေသသည် ဂေါက်ကလပ်တည်ထောင်ရာတွင် အစောဆုံးမဟုတ်သော်လည်း ဂေါက်သီးစတင်ကစားသော ဒေသများအနက် အစောဆုံးဟု သတ်မှတ်ကြသည်။ ၁၅၅၃ ခုနှစ်က စိန့်အင်ဒရူးစ်မှ ဘုန်းတော်ကြီး (Archbishop) က လူအများအား ဂေါက်သီးကစားခွင့်ပေးခဲ့သည်ဟူသော အထောက်အထားများရှိခဲ့သည်။ ၁၈၃၄ ခုနှစ်တွင် King William IV က Royal and Ancient စကားလုံးအား ဂေါက်ကလပ်အမည်ရှေ့မှ ထည့်သွင်းပေးခဲ့သည်။ ထိုအခါမှစ၍ Royal and Ancient Golf Club of St. Andrews ဟူ၍ ဖြစ် လာခဲ့သည်။ ဗြိတိန်တွင် Royal ဟူသော အမည်တပ်မှုအား ရှင်ဘုရင်ကပေးမှ ရပါသည်။ မိမိဘာသာ အမည်ပေး၍ မရပါ။

စိန့်အင်ဒရူးစ်သည် ဗြိတစ်ရှ်အိုးပင်းအား ပထမဆုံးကျင်းပပေးခဲ့သော ဂေါက်ကလပ်လည်း မဟုတ်ခဲ့ပါ။ ၁၈၅၁ ခုနှစ်ကမှ တည်ထောင်ခဲ့သော Prestwick ဂေါက်ကလပ်က ၁၈၆၀ ပြည့်နှစ်တွင် General Golf Tournament for Scotland ဟူသော အမည်ဖြင့် အတော်ဆုံးပရိုရွေးသည့်ပြိုင်ပွဲကို ကျင်းပခဲ့သည်။ နောင်တွင် ဗြိတိန်၌ ဤပွဲအား The Open ဟု ခေါ်ခဲ့ကြသည်။ ယနေ့တိုင်လည်း The Open ဟု ခေါ်ဆဲပါ။ ဥရောပတိုက်မှလွဲ၍ ကျန်ကမ္ဘာအနှံ့ကမူ British Open ဟု နားလည်ကြပါသည်။ ၁၈၇၃ ခုနှစ် ၁၃ ကြိမ်မြောက်ပြိုင်ပွဲတွင်မှ စိန့်အင်ဒရူးစ်ဂေါက်ကွင်းတွင် ပထမဆုံးအကြိမ် စတင်ကျင်းပခွင့်ရခဲ့ပါသည်။

စိန့်အင်ဒရူးစ်ဂေါက်ကလပ်သည် လှပကောင်းမွန်သော ဂေါက်ကွင်းအား ပိုင်ဆိုင်ခြင်း၊ ဂေါက်သီးစည်းမျဉ်းများ ပြန့်ပွားအောင် ထုတ်ဝေဖြန့်ဖြူးပေးခြင်း၊ ရှင်ဘုရင်အဆက်ဆက်ကပါ စိတ်ပါဝင်စားလျက် ဦးစီးဦးဆောင်ပြုပေးခြင်း၊ ဂေါက်သီးရိုက်ခြင်းအား ဆီလျော်မှန်ကန်သော အားကစားတစ်ရပ်ဖြစ်လာအောင် မြှင့်တင်ပေးနိုင်ခြင်းတို့ကြောင့် စကော့တလန်တွင်သာမက ကမ္ဘာ့အလယ်တွင်ပါ အဓိကအထင်ကရ ဂေါက်ကလပ်ကြီး ဖြစ်လာသည်။ ၁၉၂၀ ပြည့်နှစ်မှစ၍ ဗြိတစ်ရှ်အိုးပင်းပြိုင်ပွဲ၏ တာဝန်ဝတ္တရားအလုံးစုံအား စိန့်အင်ဒရူးစ်ဂေါက်ကလပ်သို့ အပြီးအပိုင်လွှဲပေးခဲ့ကြပါသည်။

စိန့်အင်ဒရူးစ်ဂေါက်ကွင်း၌ ဗြိတစ်ရှ်အိုးပင်းအား ငါးနှစ်တစ်ကြိမ် အမြဲကျင်းပရန် ၁၉၉၀ ပြည့်နှစ်မှစ၍ ဆုံးဖြတ်ခဲ့ကြသည်။ ကျန်နှစ်များတွင်မူ ဗြိတိန်နိုင်ငံများအတွင်းရှိ သင့်လျော်သောကွင်းများ၌ လှည့်လည်ကျင်းပလျက် ရှိပါသည်။ ၂၀၁၇ ခုနှစ်တွင် ကျင်းပမည့် Royal Birkdale ဂေါက်ကွင်းမှာ ယခင်ကလည်း ကိုးကြိမ် လက်ခံကျင်းပခဲ့ဖူးပါသည်။ ၂၀၀၈ ခုနှစ်က နောက်ဆုံးဖြစ်သည်။ ထိုစဉ်က အိုင်ယာလန်မှ ပက်ဒရိတ်ဟာရင်တန် ဗိုလ်စွဲခဲ့သည်။ ဟာရင်တန်သည် ယနေ့အသက် ၄၅ နှစ် ရှိပါပြီ။ သူက မေဂျာသုံးပွဲဗိုလ်စွဲထားပြီး ဗြိတစ်ရှ်အိုးပင်း နှစ်ကြိမ်နှင့် ပီဂျီအေချန်ပီယံရှစ်ပ်တစ်ကြိမ်ဖြစ်သည်။ အဆိုပါ ၂၀၀၈ ခုနှစ် ဗြိတစ်ရှ်အိုးပင်းအား ဗိုလ်မစွဲမီက ၂၀၀၇ ခုနှစ် ဗြိတစ်ရှ်အိုးပင်းကိုလည်း သူအနိုင်ရခဲ့သည်။ ဗြိတစ်ရှ်အိုးပင်းအား နှစ်ကြိမ်ဆက်တိုက်နိုင်ဖူးသောသူများအနက် သူကနောက်ဆုံးဖြစ်ဆဲပါ။ သူ့နောက်တွင် မည်သူမျှ နှစ်ကြိမ်ဆက်တိုက်အနိုင်မရဖူးသေးပါ။ ဟာရင်တန်သည် ၂၀၀၈ ခုနှစ်က ကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယားတွင် နံပါတ် ၃ အထိ ရောက်ခဲ့ပါသည်။ ပီဂျီအေတိုး၌ ခြောက်ကြိမ်နှင့် ဥရောပတိုး၌ ၁၅ ကြိမ် ဗိုလ်စွဲခဲ့သည်။ သူနောက်ဆုံးဗိုလ်စွဲသည်မှာ ပီဂျီအေတိုး၌ ၂၀၁၅ ခုနှစ် Honda Classic ဖြစ်ပြီး ဥရောပတိုး၌ ၂၀၁၆ ခုနှစ် Portugal Masters ဖြစ်ပါသည်။ လက်ရှိတွင် သူက ကမ္ဘာ့အဆင့်ဇယားတွင် အမှတ်စဉ် ၁၅၃ အထိ ကျဆင်းနေပါသည်။

[caption id="attachment_30484" align="alignnone" width="720"]britishopen2Padraig Harrington, Champion 2008[/caption]

Royal Birkdale ဂေါက်ကွင်းတွင် ယခင်ကျင်းပစဉ် အချိန်ကာလများ၌ အမှတ်ရစရာအောင်ပွဲများကို တွေ့မြင်ခဲ့ရပါသည်။ ၂၀၁၆ ခုနှစ်က အသက် ၈၇ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သော မေဂျာပွဲကြီး ခုနစ်ပွဲအောင်နိုင် ခဲ့သူ အမေရိကန်ဂန္ထဝင်ဂေါက်သီးကျော်ကြီး အာနိုးပါးလ်မားသည် ဗြိတစ်ရှ်အိုးပင်းအား ၁၉၆၁ နှင့် ၁၉၆၂ နှစ် နှစ်ဆက်တိုက် ဗိုလ်စွဲခဲ့ပေရာ ၁၉၆၁ ခုနှစ်က အောင်ပွဲမှာ ဤ Royal Birkdale ကွင်းတွင် ဖြစ်ပါသည်။

အသက် ၈၇ နှစ်ရှိနေပြီး သက်ရှိထင်ရှားရှိသေးသည့် သြစတြေးလျမှ မော်ကွန်းဝင်ဂေါက်သီးသမားကြီး ပီတာသွမ်ဆင်သည် အခြားမေဂျာပွဲကြီးများ ဗိုလ်မစွဲဖူးသော်လည်း ဗြိတစ်ရှ်အိုးပင်းအား ငါးကြိမ်ပင် အောင်ပွဲရခဲ့သူပါ။ ထိုငါးကြိမ်အနက် ၁၉၅၄ ခုနှစ်က ပထမအောင်ပွဲနှင့် ၁၉၆၅ ခုနှစ်က ပဉ္စမအောင်ပွဲများမှာ ဤ Royal Birkdale ကွင်းတွင်ပင် ဖြစ်ပါသည်။ ဤဂေါက်ကွင်း၌ ဗြိတစ်ရှ်အိုးပင်း ဗိုလ်စွဲခဲ့သူများစာရင်းအား ပြန်ကြည့်ပါလျှင် လီးထရီဗီနို (၁၉၇၁)၊ ဂျွန်နီမီလာ (၁၉၇၆)၊ တွမ် ဝပ်တ်ဆင် (၁၉၈၃)၊ အီယံဘေကာဖင့်ချ် (၁၉၉၁)၊ မတ်ခ် အိုမီးရား (၁၉၈၈) တို့ကိုလည်း တွေ့နိုင်ပါသည်။

[caption id="attachment_30485" align="alignnone" width="423"]britishopen32016 Champion[/caption]

ယမန်နှစ်က ဗြိတစ်ရှ်အိုးပင်းတွင် ဗိုလ်စွဲခဲ့သူမှာ ဆွီဒင်မှ ဟင်းန်ရစ်ခ်စတန်ဆင် ဖြစ်ပါသည်။ ယမန်နှစ်က Royal Troon ဂေါက်ကွင်း၌ ကျင်းပခဲ့ခြင်းပါ။ စတန်ဆင်သည် ၂၀၁၄ ခုနှစ်က ကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယားတွင် နံပါတ် ၂ ပင်ဖြစ်ခဲ့သော်လည်း မေဂျာပွဲကြီးဗိုလ်မစွဲနိုင်ခဲ့သဖြင့် မေဂျာပွဲကြီးမနိုင်ဖူးသော ကမ္ဘာ့အကောင်းဆုံး ဂေါက်သီးသမားသာ ဖြစ်ခဲ့ပါသည်။ ၂၀၁၆ ခုနှစ်တွင်မှ ဗြိတစ်ရှ်အိုးပင်းအား အနိုင်ရကာ မေဂျာပြိုင်ပွဲဖလားပိုင်ရှင် ဖြစ်လာခဲ့သည်။ သူသည် ယနေ့အသက် ၄၁ နှစ်ရှိနေပြီး လက်စွမ်းကလည်းကောင်းဆဲဖြစ်သဖြင့် ယခုနှစ်ပြိုင်ပွဲအတွက် တစ်ပြေးသူများ စာရင်း၌ ပါဝင်နေပါသည်။

ယမန်နှစ်ကပွဲတွင် ၂၀၁၃ ခုနှစ်က ဗြိတစ်ရှ်အိုးပင်းချန်ပီယံဖြစ်ခဲ့ပြီး မေဂျာပွဲကြီး ငါးပွဲဗိုလ်စွဲထားသူ မော်ကွန်းဝင်ဂေါက်သီးကျော်ကြီး ဖီးလ်မစ်ကယ်ဆင်နှင့် စတန်ဆင်တို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရသည်။ နောက်ဆုံးနေ့ ၁၃ ကျင်းအပြီးအထိ သူတို့နှစ်ဦးတိုက်နေကြရာမှ စတန်ဆင်က သုံးကျင်းဆက်တိုက် ဘာဒီရလိုက်ရာ ဘာဒီတစ်ကျင်းသာရသူ မစ်ကယ်ဆင်အပေါ် နှစ်ချက်အသာရခဲ့သည်။ နောက်ဆုံးကျင်း၌ ဘာဒီထပ်ရပြန်သဖြင့် စတန်ဆင်က ပေါင်းနှစ်ဆယ်ချက်လျော့ဖြင့် ဗိုလ်စွဲခဲ့သည်။ မစ်ကယ်ဆင်က ၁၇ ချက်လျော့ဖြင့် ဒုတိယရသည်။ သူတို့နှစ်ဦး ကျန်လူများအပေါ် အပြတ်အသတ်သာခဲ့ကြသည်။ တတိယရသူဂျေဘီဟုမ်းစ်က ပေါင်းခြောက်ချက် လျော့သာရသည်။ နောက်ဆုံးကွင်းပတ်တွင် မစ်ကယ်ဆင်က ၆၅ ချက်နှင့် စတန်ဆင်က ၆၃ ချက် ရိုက်နိုင်ခဲ့ကြသည်။ စတန်ဆင်၏ ၆၃ ချက်ကွင်းပတ်သည် မေဂျာပွဲကြီးလေးပွဲရာဇဝင်၌ အကောင်းဆုံးကွင်းပတ်စကိုးနှင့် ညီတူဖြစ်သည်။

ဗြိတစ်ရှ်အိုးပင်းသို့ ၁၅၆ ဦး ဝင်ခွင့်ပြုသည်။ လက်ရည်စစ်ပွဲဝင်ရန်မလိုဘဲ အလိုအလျောက်ဝင်ခွင့်ပြုသည့်မူများရှိသည်။ အောက်ပါတို့ဖြစ်ပါသည်။

(၁) အသက်ခြောက်ဆယ်မပြည့်သေးသော ချန်ပီယံဟောင်းများအားလုံး

(၂) လွန်ခဲ့သော ငါးနှစ်က ယူအက်စ်အိုးပင်းချန်ပီယံများ

(၃) လွန်ခဲ့သော ငါးနှစ်က မာစတာစ်ပြိုင်ပွဲချန်ပီယံများ

(၄) လွန်ခဲ့သော ငါးနှစ်က ပီဂျီအေချန်ပီယံရှစ်ပ်ပြိုင်ပွဲချန်ပီယံများ

(၅) ပီဂျီအေတိုး၏ Players Ch တွင် လွန်ခဲ့သော သုံးနှစ်အတွင်း ဗိုလ်စွဲခဲ့သူများ

(၆) ဥရောပတိုး၏ BMW PGA Ch တွင် လွန်ခဲ့သော သုံးနှစ်အတွင်း ဗိုလ်စွဲခဲ့သူများ

(၇) ယမန်နှစ်ပြိုင်ပွဲတွင် ထိပ်ဆုံးဆယ်ဦးအတွင်း အဆင့်ချိတ်ခဲ့သူများ

(၈) ကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယားရှိ ထိပ်ဆုံးလူ ငါးဆယ်

(၉) ပီဂျီအေတိုး၏ ၂၀၁၆ ခုနှစ် Tour Ch.သို့ ဝင်ခွင့်ရသူ လူသုံးဆယ်

(၁၀) ဥရောပတိုး၏ ၂၀၁၆ ခုနှစ် Race to Dubai အမှတ်ဇယား၏ ထိပ်ဆုံးလူသုံးဆယ်

(၁၁) ပီဂျီအေတိုး၏ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့အထိ ဖက်ဒိတ်ဖလားအမှတ်ဇယား ထိပ်ဆုံးလူနှစ် ဆယ်အတွင်းမှ ဝင်ခွင့်မရသေးသော ထိပ်ဆုံးငါးဦး

(၁၂) ဥရောပတိုး၏ ၂၀၁၇ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့အထိ Race to Dubai အမှတ်ဇယား ထိပ်ဆုံးလူနှစ်ဆယ်အတွင်းမှ ဝင်ခွင့်မရသေးသော ထိပ်ဆုံးငါးဦး

(၁၃) ၂၀၁၆ ခုနှစ် ရိုက်ဒါဖလားပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ကြသူများ

(၁၄) အာရှတိုး၏ ၂၀၁၆ ခုနှစ် တစ်နှစ်တာ ဆုကြေးအများဆုံးရခဲ့သူ

(၁၅) သြစတြေးလျတိုး၏ ၂၀၁၆ ခုနှစ် တစ်နှစ်တာ ဆုကြေးအများဆုံးရခဲ့သူ

(၁၆) တောင်အာဖရိကတိုး၏ ၂၀၁၆ ခုနှစ် တစ်နှစ်တာ ဆုကြေးအများဆုံးရခဲ့သူ

(၁၇) အိုလံပစ်ဂေါက်သီးပြိုင်ပွဲ လက်ရှိချန်ပီယံ

(၁၈) အာဂျင်တီးနားအိုးပင်း လက်ရှိချန်ပီယံ

(၁၉) ကိုးရီးယားအိုးပင်း၏ လက်ရှိချန်ပီယံနှင့် ဒုတိယရသူ

(၂၀) ဂျပန်အိုးပင်းလက်ရှိချန်ပီယံ

(၂၁) ဂျပန်တိုး၏ ၂၀၁၆ တစ်နှစ်တာဆုကြေးဇယားမှ ထိပ်ဆုံးနှစ်ဦး

(၂၂) ဂျပန်တိုး၏ ၂၀၁၇ ခုနှစ် ဇွန်လ ၄ ရက်နေ့အထိ တစ်နှစ်တာဆုကြေးဇယားမှ ဝင်ခွင့်မရသေးသော ထိပ်ဆုံးနှစ်ဦး

(၂၃) စီနီယာဗြိတစ်ရှ်အိုးပင်း၏ လက်ရှိချန်ပီယံ

(၂၄) ယူအက်စ် အပျော်တမ်းချန်ပီယံရှစ်ပ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ

(၂၅) ဗြိတစ်ရှ် အပျော်တမ်းချန်ပီယံရှစ်ပ်ပြိုင်ပွဲ၏ လက်ရှိချန်ပီယံ

(၂၆) ဗြိတစ်ရှ် အပျော်တမ်းချန်ပီယံရှစ်ပ်ပြိုင်ပွဲ၏ ၂၀၁၆ ခုနှစ် ချန်ပီယံ

(၂၇) ၂၀၁၆ ခုနှစ်ကုန်၌ ကမ္ဘာ့အပျော်တမ်းဂေါက်သီးသမားအဆင့်ဇယားတွင် ထိပ်ဆုံး၌ရှိခဲ့သူ

အထက်ဖော်ပြပါ မူဘောင်များအတွင်းမှ ဝင်ခွင့်ရသူဦးရေသည် တစ်ရာခန့် ဖြစ်ပါသည်။ မူဘောင်များ သည် လူနှစ်ရာခန့်ကို ဝင်ခွင့်ပေးသလို ဖြစ်နေသော်လည်း ဂေါက်သီးသမားအများစုမှာ မူဘောင်တစ်ခုမကနှင့် ညီညွတ်နေသူများဖြစ်နေကြ၍ပါ။ လက်ရည်စစ်ပွဲများမှ ၄၄ ဦးကို ရွေးချယ်ပါသည်။ လက်ရည်စစ်ပွဲဟုဆိုရာ၌ သီးခြားပြိုင်ပွဲကျင်းပပေးသည်က ဗြိတိန်တွင် လေးနေရာသာ ဖြစ်ပါသည်။ တစ်နေရာမှ သုံးဦးစီ အောင်မြင်ကြပါမည်။ သီးခြားပြိုင်ပွဲမကျင်းပတော့ဘဲ ကမ္ဘာအနှံ့ပရိုပွဲများမှ ထိပ်ဆုံးလူများကိုလည်း ရွေးချယ်ခြင်းကိုလည်း ပြုလုပ်ပါသည်။ အခြားမူဘောင်များနှင့် မညီညွတ်သဖြင့် ဝင်ခွင့်မရသေးသူများအနက်မှ အောက်ပါအရေအတွက်ကို ရွေးချယ်ပါသည်။

သြစတြေးလျအိုးပင်းမှ သုံးဦး၊ စင်ကာပူအိုးပင်းမှ လေးဦး၊ ဂျိုဘတ်ဂ် (တောင်အာဖရိက) အိုးပင်းမှ သုံးဦး၊ မီဇူနို (ဂျပန်) အိုးပင်းမှ လေးဦး၊ ပြင်သစ်အိုးပင်းမှ သုံးဦး၊ အိုင်းရစ်အိုးပင်းမှ သုံးဦး၊ စကော့တစ်ရှ်အိုးပင်းမှ သုံးဦး၊ ပီဂျီအေတိုး၏ ပြိုင်ပွဲများဖြစ်ကြသော Quciken Loans National မှ လေးဦး၊ Greenbrier Classic မှ လေးဦးနှင့် John Deere Classic မှ တစ်ဦးတို့ ဖြစ်ကြပါသည်။ အထက်ပါအတိုင်းရွေးချယ်ပြီးနောက် ၁၅၆ ဦး မပြည့်သေးပါက လစ်လပ်နေသောနေရာများအား ကမ္ဘာ့ဂေါက်သီးသမား အဆင့်ဇယားမှ ဦးစားပေးအစဉ်အတိုင်းဖြည့်စွက်သွားမည်ဖြစ်ပါသည်။

ဗြိတစ်ရှ်အိုးပင်းမှာ သမိုင်းအစဉ်အလာအရ အကြီးအကျယ်ဆုံးပြိုင်ပွဲကြီးဟု အများက သတ်မှတ်ကြသော်လည်း ဆုကြေးပမာဏတွင်မူ အမေရိကန်ပြိုင်ပွဲများအား မမီခဲ့ပါ။ ဒုတိယကမ္ဘာစစ်ကာလတွင် ပြိုင်ပွဲများပျက်ခဲ့ပြီးနောက် စစ်အပြီးပြိုင်ပွဲများ ပြန်လည်ကျင်းပသည့်အခါ အမေရိကန်ပရိုများ ဗြိတိန်သို့အလာနည်းသွားကြသည်။ အကြောင်းမှာ ပြိုင်ပွဲဆုကြေး၌ အမေရိကမှ ပြိုင်ပွဲများကို မမီ၍ပါ။ လာရသည့်ခရီး၊ ကြာသည့်အချိန်နှင့်ရသည့်ဆုကြေးမတန်ဟု ထင်ခဲ့ကြသည်။ အများအားဖြင့် အက်တလန်တစ်သမုဒ္ဒရာကိုဖြတ်၍ ပင်လယ်ကူးသင်္ဘောကြီးဖြင့် လာကြရသည်။ R & A သည် ၎င်းတို့က ကမ္ဘာပေါ်တွင် အကြီးကျယ်ဆုံးဟု သတ်မှတ်ထားသော ဤပြိုင်ပွဲသို့ ကမ္ဘာပေါ်ရှိ အတော်ဆုံးအကောင်းဆုံးဂေါက်သီးသမားများ၊ အထူးသဖြင့် အမေရိကန်ပရိုများကို လာရောက်ယှဉ်ပြိုင်စေလိုသဖြင့် ယင်းကာလမှစ၍ ဆုကြေးပမာဏကို သိသိသာသာကြီးတိုးမြှင့်ပေးခဲ့သည်။ သို့သော်ငြားလည်း အမေရိကန်ပွဲများ၏ ဆုကြေးကို မမီခဲ့ပါ။ အမေရိကန်ပရိုများ စိတ်ဝင်စားသည့် အဆင့်သို့မူရောက်ခဲ့သဖြင့် ပြိုင်ပွဲကြီးက ပြန်လည်စည်ကားသိုက်မြိုက်လာခဲ့ပါသည်။ ယနေ့အခါတွင်မူ လေယာဉ်ဖြင့် နေ့ချင်းအရောက်သွားနိုင်သဖြင့် လမ်းခရီးအတွက် အချိန်ကြာလွန်းသည့် ပြဿနာမရှိတော့ပါ။

ဆုကြေးပမာဏတွင်လည်း အခြားမေဂျာပွဲကြီးများအတိုင်း ပေးနိုင်အောင် ကြိုးပမ်းခဲ့ရာ ယမန်နှစ်က စုစုပေါင်းဆုကြေးမှာ ပေါင် ၆.၅ သန်း ရှိခဲ့ပါသည်။ ၂၀၁၅ ခုနှစ်ကထက် ပေါင်နှစ်သိန်းတိုးလာခြင်း ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ဗိုလ်စွဲသူ၏ ခွဲတမ်းသည်လည်း ပေါင် ၁.၁၇၅ သန်း (ဒေါ်လာ ၁.၅ သန်း) ဖြစ်လာခဲ့သည်။ ယခု ၂၀၁၇ ခုနှစ် မာစတာစ်၌ စုစုပေါင်းဆုကြေး ဒေါ်လာ ၁၁ သန်း ဖြစ်ပြီး ဗိုလ်စွဲသူသို့ ဒေါ်လာ ၁.၉၈ သန်းပေးခဲ့သည်။ ယခုနှစ် ယူအက်စ်အိုးပင်း၌ စုစုပေါင်းဆုကြေးက ဒေါ်လာ ၁၂ သန်းဖြစ်ပြီး ဗိုလ်စွဲသူက ဒေါ်လာနှစ်သန်းရပါမည်။ ယခုနှစ် ဗြိတစ်ရှ်အိုးပင်းအတွက် ဆုကြေးကြေညာချက် မထွက်သေးရာ ယမန်နှစ်ကအတိုင်း ချီးမြှင့်မည်ဟု ခန့်မှန်းရပါသည်။

[caption id="attachment_30486" align="alignnone" width="720"]britishopen4The Open returns to Royal Birkdale in 2017[/caption]

ဗြိတစ်ရှ်အိုးပင်းကျင်းပသော ဗြိတိန်မှ ဂေါက်ကွင်းများအား Golf Course ဟု မခေါ်ဘဲ Golf Links ဟု ခေါ်ပါသည်။ ပင်လယ်ကမ်းစပ်တွင် ရှိနေသောကြောင့်ပါ။ ဗြိတိန်မှ ဂေါက်သီးမီဒီယာနှင့် ဂေါက်သီးသမားများက သူတို့ဂေါက်ကွင်းများ အလွန်ကောင်းကြောင်းပြောခြင်းကို  အမေရိကတွင် ကစားနေသူပရိုအများစုက လက်မခံကြပါ။ နာမည်ကျော်အမေရိကန်ပရိုကြီးဆမ်စနိဒ်က ၁၉၄၆ ခုနှစ် က ဗြိတစ်ရှ်အိုးပင်းကျင်းပရာ စိန့်အင်ဒရူးစ်ကွင်းသို့ မီးရထားဖြင့်သွားနေစဉ် သူတွေ့ရသောကွင်းပြင်ကြီးအား '' ဒီနွားစားကျက်ကြီးကို ဂေါက်ကွင်းလုပ်ရင်ကောင်းမယ်'' ဟု ပြောခဲ့သည်။ အမှန်မှာ သူမြင်တွေ့နေသည်မှာ စိန့်အင်ဒရူးစ်ဂေါက်ကွင်းကြီး စစ်စစ်ဖြစ်ပါသည်။ သူ၏အဆိုပါပြောစကားကြောင့် စကော့တလန်မှ သတင်းစာများက အကြီးအကျယ်ဝေဖန်ခဲ့ကြသည်။ ထိုနှစ်က ဆမ်စနိဒ် ဗိုလ်စွဲခဲ့ပါသည်။ နောက်နှစ်များတွင် ဗြိတစ်ရှ်အိုးပင်းပွဲများသို့ သူမလာတော့ပါ။

၂၀၀၀ ပြည့်နှစ်က အမေရိကန်ပရိုစကော့တ်ဟုတ်က စိန့်အင်ဒရူးစ်ဂေါက်ကွင်းအား ကွင်းစုတ်ကြီးဟု ပြောခဲ့သဖြင့် ဗြိတန်ကျွန်းသားတွေ ဆတ်ဆတ်ခါနာကြည်းဒေါပွခဲ့ကြသည်။ ဒေသခံမီဒီယာတွေက သူ့အား ဝိုင်းဝန်းရှုတ်ချ အပြစ်တင်ကြ၊ နောက်လာမရိုက်ရန် တောင်းဆိုကြ ဖြစ်ခဲ့ဖူးသည်။ ဗြိတိန်က ဂေါက်ကွင်းတွေက သဘာဝမြေပြင်အနေအထားအတိုင်း ဆောက်လုပ်ကြသည်။ အမေရိကန်ကွင်းတွေကမူ ကိုယ်လိုချင်သည့် ပုံစံထွက်အောင် တောတွေတောင်တွေ၊ သစ်ပင်တွေ၊ ရေကန်၊ ချောင်းမြောင်းတွေ တမင်ဖန်တီးကာ သပ်ရပ်လှပစွာတည်ဆောက်ကြသည်။ ဗြိတိန်က ဂေါက်ကွင်းများတွင် Pot ဟုခေါ်သော ရေအိုးကဲ့သို့ ဘန်ကာတွေ များစွာထားရှိသည်။ ထိုဘန်ကာ မျိုးထဲကျလျှင် ဂရင်းသို့ရိုက်၍မရတော့ဘဲ အပြင်ထွက်ရုံသာ ထုတ်နိုင်ကြသည်။ ထိုဘန်ကာမျိုးသည် ဂေါက်ရိုက်ကျွမ်းကျင်မှုနှင့် မည်သို့မျှမသက်ဆိုင်သော ဂေါက်သီးပရိုများအား တမင်ဒုက္ခရောက်စေသည့် ဘန်ကာများဟု အမေရိကန်ပရိုများက ယူဆကြသည်။

ထို့ပြင် ဂရင်းများကလည်း အလွန်မာသည်။  ဂရင်းပေါ်အကျရိုက်ပါက ဂရင်းပေါ်တွင် ဂေါက်သီးမနေဘဲ ကျော်လိမ့်သွားတတ်သဖြင့် ဂရင်းမရောက်မီ နောက်ဘက်တွင် ထောက်ကာလှိမ့်တက်သည့် ပုံစံမျိုး ရိုက်ကြရသည်။ ဂေါက်သီးကျွမ်းကျင်မှုထက် ကံကို အားကိုရသလိုမျိုး ဖြစ်နေသည်။ ပင်လယ်ကမ်းစပ်ရှိ လေတဟူးဟူးတိုက်နေသော သဘာဝကွင်းပြင်ကြီးများနှင့် မြက်ရိုင်းတောများက လှပစွာ ဆောက်လုပ်ထားသော အမေရိကန်ဂေါက်ကွင်းများနှင့် အမြင်အာရုံတွင် တခြားစီဖြစ်နေသည်။

ဗြိတစ်ရှ်အိုးပင်းအား ဗိုလ်စွဲခဲ့သူများတွင် ဟယ်ရီဗာဒန်က အကြိမ်အများဆုံးဖြစ်သည်။ ခြောက်ကြိမ် အောင်နိုင်ခဲ့သည်။ ငါးကြိမ်ဗိုလ်စွဲသူ လေးဦးရှိပြီး ပီတာသွမ်ဆင်နှင့် တွမ်ဝပ်တ်ဆင်တို့ ပါဝင်သည်။ လေးကြိမ် ဗိုလ်စွဲသူငါးဦးရှိပြီး ထိုအထဲတွင် ထူးခြားသူမှာ အမေရိကန်ပရိုကြီး ဝေါလ်တာဟေဂင်ဖြစ်ပါသည်။ သူ၏ထူးခြားပုံအား ဆက်လက်တင်ပြပါမည်။ သုံးကြိမ်ဗိုလ်စွဲခဲ့သူများတွင် ဂယ်ရီပလေယာ၊ ဂျက်ခ်နစ်ကလပ်စ်၊ ဘော်ဘီဂျုံးစ်၊ ဆီဗီဘယ်လက်စ်တဲ့ရောစ့်၊ နစ်ခ်ဖယ်လ်ဒိုနှင့် တိုက်ဂါးတို့ ပါဝင်ပါသည်။

[caption id="attachment_30487" align="alignnone" width="720"]britishopen5Walter Hagen[/caption]

ဝေါလ်တာဟေဂင်သည် ၁၈၉၂ ခုနှစ်မွေးဖွားပြီး ၁၉၆၉ ခုနှစ် အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်သည်။ ဂေါက်သီးပြိုင်ပွဲပေါင်း ၇၅ ပွဲ ဗိုလ်စွဲခဲ့ပြီး ဗြိတစ်ရှ်အိုးပင်းအား ၁၉၂၂ ၊ ၁၉၂၄၊ ၁၉၂၈ နှင့် ၁၉၂၉ ခုနှစ်များက အောင်နိုင်ခဲ့သည်။ သူကဂေါက်သီးပရိုဖြစ်ပေရာ သူ့အချိန်က ပရိုဟူသည် လူကုံထံများအား ဂေါက်သီးရိုက်နည်းပြသပေးရသော လက်ခစားများ၊ ဂေါက်ကလပ်၏ မန်ဘာများသို့ ကူညီရသော အစေအပါးများဟုသာ အားလုံးက သဘောထားခဲ့ကြသည်။ အဝတ်လဲခန်းမှ ဖိနပ်တိုက်သမားများနှင့် တစ်တန်းတစ်စားတည်း မှတ်ယူခဲ့ကြသည်။ ဗြိတိန်၌ ပရိုများကို ကလပ်ဟောက်စ်အတွင်းသို့ပင် ဝင်ခွင့်မပေးပါ။ အချို့ကလပ်များ၌ ရှေ့ပေါက်က ဝင်ထွက်ခွင့်မပြုဘဲ နောက်ဖေးပေါက်ကသာ ဝင်ထွက်ခွင့်ပြုခဲ့ကြသည်။

ဝေါ်လ်တာဟေဂင်က ထိုသို့အထင်သေးခံရမှုကို ပြောင်းလဲပစ်ချင်သူဖြစ်သည်။ သူက ဂေါက်သီးရိုက်အလွန်တော်ပြီး ဝင်ငွေကောင်းသလို အသုံးအဖြုန်းလည်း အလွန်ကြီးသည်။ ဂေါက်သီးသင်ပေးရလျှင် သင်ခများစွာ ယူသည်။ ကြော်ငြာပေးရလျှင်လည်း ကြော်ငြာခများစွာယူသည်။ လာကစားပေးရလျှင် ခြေကြွခများစွာယူသည်။ ဂေါက်သီးထူးချွန်လှသဖြင့် အမေရိကန်သမ္မတ ဝါရင်ဟာဒင်းက ဂေါက်သီးချိန်းဆိုကစားရာတွင် တမင်နောက်ကျမှ သွားခဲ့သည်။ သမ္မတကပင်စောင့်ရသည့်အချက်ကို ပေါ်လွင်စေလို၍ ဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်ကလည်း သြစတြေးလျတွင် ဝန်ကြီးချုပ်အား သူနှင့်ကစားရန် စောင့်နေစေခဲ့သည်။ ပရိုဟူသည်မှာ အောက်တန်းစားမဟုတ်ကြောင်း တိုင်းပြည်သိအောင် လုပ်ခဲ့ခြင်းပါ။

သူက သန်းကြွယ်သူဌေးကဲ့သို့ နေထိုင်သည်။ သူသည် ဒေါ်လာတစ်သန်းဝင်ငွေရအောင် ရှာနိုင်သော ပထမဆုံးပရိုဖြစ်သည့်အပြင် ဒေါ်လာတစ်သန်းကို ကုန်အောင်သုံးစွဲပစ်သည့် ပထမဆုံးပရိုလည်း ဖြစ်သည်။ ဗြိတိန်သို့ ဗြိတစ်ရှ်အိုးပင်းလာကစားသည့်အခါ လန်ဒန်မြို့တော်ကြီးတွင် နေရပါက အကျော်ကြားဆုံးနှင့် ဈေးအကြီးဆုံး Savoy Hotel ကြီးတွင် တည်းခိုသည်။ Rolls Royce ဇိမ်ခံကားကြီးအား ငှားစီးသည်။ ပေါင်တစ်သောင်းအကုန်ခံ၍ ပါတီပွဲများ မကြာခဏကျင်းပသည်။ ဗြိတစ်ရှ်အိုးပင်းတစ်ပွဲ၌ သူလုပ်သွားပုံမှာ ဂေါက်သီးလူကုံထံများ၊ ဂေါက်သီးအသင်းအဖွဲ့များနှင့် ဂေါက်သီးလောကကို တုန်လှုပ်သွားစေခဲ့သည်။ ကလပ်ဟောက်စ်ရှိ စားသောက်ခန်း၊ ရေချိုးခန်း၊ အဝတ်လဲခန်းများကို ပရိုများအား သုံးခွင့်မပေးပေရာ သူက Rolls Royce ကားကို အဝတ်လဲခန်းအဖြစ် သုံးခဲ့သည်။ တပည့်တစ်ယောက်ငှားပြီး ကလပ်ဟောက်စ်မှ ရှန်ပိန်မှာသောက်သည်။ ဆုချီးမြှင့်ပွဲတွင် ကလပ်ဟောက်စ်အတွင်းသို့ ဆုလာယူရန် ခေါ်သည့်အခါ မူလကတည်းက ဝင်ခွင့်မရခဲ့သည့်အတွက် လာမယူနိုင်ကြောင်း အပြတ်ငြင်းပစ်ခဲ့သည်။ ပရိုဟူသည် အောက်တန်းစားမဟုတ်၊ အထက်တန်းစားဟု ပေါ်လွင်အောင်လုပ်ခဲ့ခြင်းဖြစ်သည်။

ဗြိတစ်ရှ်အိုးပင်းတစ်ကြိမ်တွင် ချန်ပီယံအဖြစ်ရရှိသည့် ဆုကြေးအားလုံးကို သူ့ကက်ဒီသို့ ပေးပစ်ခဲ့ဖူးသည်။ ၎င်းနှင့် တစ်ခေတ်တည်း နာမည်ကျော်ခဲ့သူ ဂျင်းဆာရာဇင်က ဟေဂင်ကွယ်လွန်သည့်အခါတွင် ဂေါက်သီးမှ ဝင်ငွေရသူအားလုံးသည် ဝေါ်လ်တာဟေဂင်အတွက် ဆုမွန်ကောင်းတောင်းပေးရမည်ဖြစ်ကြောင်း၊ ကြေးစားဂေါက်သီးသမားဟူသည် မည်သို့ဖြစ်ရမည်ကို သူကလမ်းပြသွားကြောင်း၊ ပရိုများအားလုံးမှာ မစ္စတာဟေဂင်၏ ကျေးဇူးနှင့် မကင်းကြကြောင်း ပြောခဲ့ပါသည်။

၂၀၁၇ ခုနှစ် ဗြိတစ်ရှ်အိုးပင်းအတွက် ဗိုလ်စွဲရန် ရေပန်းစားနေသူများမှာ ကမ္ဘာ့အဆင့် ဂေါက်သီးဇယား၏ ထိပ်ဆုံးမှ လူများပင်ဖြစ်ပါသည်။ ၂၀၁၇ ခုနှစ် မာစတာစ်ချန်ပီယံ ဆာဂျီယိုဂါစီယာ၊ ၂၀၁၆ ခုနှစ် ဗြိတစ်ရှ်အိုးပင်း ချန်ပီယံ ဟင်းန်ရစ်ခ်စတန်ဆင်၊ ၂၀၁၆ ခုနှစ် ယူအက်စ် အိုးပင်းချန်ပီယံနှင့် လက်ရှိကမ္ဘာ့နံပါတ် ၁ ဒပ်စ်တင်းဂျွန်ဆင်၊ ၂၀၁၄ ခုနှစ် ဗြိတစ်ရှ်အိုးပင်းချန်ပီယံ မေဂျာ ၄ ပွဲပိုင်ရှင် ကမ္ဘာ့နံပါတ် ၁ ဟောင်းနှင့် လက်ရှိကမ္ဘာ့အဆင့် ၂ ရော်ရီမက်ကဲလ်ရွိုင်း၊ ကမ္ဘာ့အဆင့် ၁ ဟောင်းနှင့် လက်ရှိကမ္ဘာ့အဆင့် ၃ ဂျေဆင်ဒေးတို့က ထိပ်ဆုံးတွင် ရှိနေကြသည်။ ၎င်းတို့နောက်တွင် ဂျော်ဒန်စပိသ်၊ ဟိဒဲခိမာဆုယားမား၊ ဂျပ်စ်တင်ရို့စ်၊ ရစ်ကီဖောင်လာ၊ အဒမ်စကော့တ်တို့လည်း တစ်ပြေးကြပါသည်။

သို့ဖြစ်ငြားလည်း ဗြိတစ်ရှ်အိုးပင်းတွင် အသက်ကြီး၍ သမ္ဘာရင့်သူများက လူငယ်များအပေါ်ဖြတ်ကျော်ကာ အောင်ပွဲများရတတ်ကြောင်းလည်း တွေ့မြင်နေရပါသည်။ လွန်ခဲ့သောနှစ်အနည်းငယ်က ဗိုလ်စွဲသူများ၏ အသက်အရွယ်များအား ပြန်ကြည့်ပါလျှင် အသက်လေးဆယ်ရှိသည့် ဟင်းန်ရစ်ခ်စတန်ဆင်က ၂၀၁၆ ခုနှစ်တွင် လည်းကောင်း၊ ၃၉ နှစ်ရှိသည့် ဇက်ခ်ဂျွန်ဆင်က ၂၀၁၅ ခုနှစ် တွင်လည်းကောင်း၊ ၄၂ နှစ်ရှိသည့် ဖီးလ်မစ်ကယ်ဆင်က ၂၀၁၃ ခုနှစ်ကလည်းကောင်း၊ ၄၃ နှစ်ရှိ အာနီအဲလ်စ်က ၂၀၁၂ ခုနှစ်ကလည်းကောင်း၊ ၄၂ နှစ်ရှိ ဒါရင်ကလပ်ခ်က ၂၀၁၁ ခုနှစ်ကလည်းကောင်း အောင်နိုင်ခဲ့ကြသည်ကို တွေ့ရပါသည်။ သို့ဖြစ်၍ ယခုနှစ် ဗြိတစ်ရှ်အိုးပင်းတွင် အသက်သုံးဆယ်မပြည့်ကြသေးသော ရော်ရီမက်ကဲလ်ရွိုင်း၊ ဂျေဆင်ဒေး၊ ဂျော်ဒန်စပိသ်၊ ဟိဒဲခိမာဆုယားမား၊ ရစ်ကီဖောင်လာ၊ ဂျွန်ရမ်းစသူများထက် အသက်သုံးဆယ်ကျော်များဖြစ်ကြသည့် ဒပ်စ်တင်းဂျွန်ဆင်၊ ဆာဂျီယိုဂါစီယာ၊ ဂျပ်စ်တင်ရို့စ်၊ အဒမ်စကော့တ်တို့အပြင် အသက်လေးဆယ်ကျော်နေသည့် ဖီးလ်မစ်ကယ်ဆင်၊ ဟင်းန်ရစ်ခ် စတန်ဆင်၊ ပေါလ်ကေစီ၊ မက်တ်ကူချာ စသူတို့က ပို၍ဗိုလ်စွဲနိုင်ခြေရှိသည်ဟု သုံးသပ်တင်ပြလိုက်ရပါသည်။

ဝင်းမြင့်သိန်း