Walt Disney ကုမ္ပဏီကြီး၏ ဥက္ကဋ္ဌ နှင့် CEO Bob Iger

iger1

Robert Allen Iger ဟာ Walt Disney ကုမ္ပဏီကြီးရဲ့ဥက္ကဋ္ဌဖြစ်သလို CEO လည်းဖြစ်တဲ့ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ပါတယ်။ သူရဲ့အကြောင်းနဲ့ ကြိုးစားခဲ့မှုများအပါအဝင် နာမည်ကောင်းများရှိသူ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်လာပုံများကို ဖော်ပြပေးလိုက်ပါတယ်။

Disney မတိုင်ခင်က Iger . . .

Disney ကို မရောက်ခင် Iger ဟာ ၁၉၉၄ ခုနှစ်ကနေ ၁၉၉၅ ခုနှစ်အထိ ABC Television ကုမ္ပဏီရဲ့ President အဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကစပြီး Capital Cities/ABC ကုမ္ပဏီကို Disney က ဝယ်လိုက်တဲ့ ၁၉၉၆ ခုနှစ်အထိ Capital Cities/ABC ကုမ္ပဏီရဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအရာရှိချုပ် (COO) အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ သူဟာ Disney ရဲ့ President နဲ့ COO အဖြစ် ရွေးချယ်ခန့်အပ်ခံရပြီး အဲဒီနောက်မှာတော့ ကုမ္ပဏီမှာစီမံခန့်ခွဲနေသူတွေကို အပြောင်းအလဲလုပ်ဖို့ Roy E. Disney ရဲ့ ကြိုးစားမှုအောင်မြင်သွားပြီး Michael Eisner ရဲ့နေရာမှာ Iger က CEO ဖြစ်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Iger ဟာ တစ်နှစ်စာလုပ်အားခရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကုမ္ပဏီဆီက ဒေါ်လာ ၄၄.၉ သန်း ရခဲ့ပါတယ်။

Disney ရဲ့ဈေးကွက်ချဲ့ထွင်မှု . . .

Iger တာဝန်စယူစဉ်ကာလအတွင်းမှာ Disney ဟာ သူ့ရဲ့အသိဉာဏ်ပစ္စည်းစာရင်းကို တိုးချဲ့ပြီး နိုင်ငံတကာဈေးကွက်ကို ချဲ့ထွင်ခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ဒေါ်လာ ၇.၄ ဘီလီယံနဲ့ Pixar ကို ဝယ်ယူမှု၊ ၂၀၀၉ ခုနှစ်မှာ ဒေါ်လာ ၄ ဘီလီယံနဲ့ Marvel Entertainment ကို ဝယ်ယူမှုနဲ့ ၂၀၁၂ ခုနှစ်မှာ ဒေါ်လာ ၄.၀၆ ဘီလီယံနဲ့ Lucasfilm ကို ဝယ်ယူမှုတွေကို Iger က ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။ Iger ဟာ ၂၀၀၅ ခုနှစ်မှာ ဟောင်ကောင်က Hong Kong Disneyland Resort အပန်းဖြေဥယျာဉ်ကြီးနဲ့ ၂၀၀၆ ခုနှစ်မှာ ရှန်ဟိုင်းက Shanghai Disney Resort အပန်းဖြေဥယျာဉ်ကြီးတွေ ဖွင့်လှစ်မှုတွေနဲ့အတူ အရှေ့အာရှမှာရှိတဲ့ ကုမ္ပဏီရဲ့ အပန်းဖြေဥယျာဉ်ကြီးတွေ ချဲ့ထွင်မှုတွေကိုလည်း ကြီးကြပ်ကွပ်ကဲခဲ့ပါတယ်။

Walt Disney ရဲ့ Animation စတူဒီယိုတွေ ပြန်လည်ဆန်းသစ်ရေးလုပ်ငန်းကြီးနဲ့ သူ့ရဲ့ရုပ်ရှင်စတူဒီယိုတွေရဲ့ နာမည်ကြီးထုတ်လုပ်မှုမဟာဗျူဟာရဲ့ နောက်ကွယ်မှာလည်း Iger ဟာ တွန်းအားကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ Iger ရဲ့ ကွပ်ကဲမှုအောက်မှာ Disney ဟာ ဌာနခွဲပေါင်းစုံက ဝင်ငွေတိုးတက်မှုတွေကို ကြုံတွေ့ခဲ့ပါတယ်။ ၁၁ နှစ်တာကာလအတွင်းမှာ ကုမ္ပဏီရဲ့ဈေးကွက်မတည်ငွေတန်ဖိုးဟာ ဒေါ်လာ ၄၈.၄ ဘီလီယံရှိခဲ့ရာက ၁၆၃ ဘီလီယံဖြစ်လာတဲ့အထိ တိုးတက်လာခဲ့ပါတယ်။ ရလဒ်အနေနဲ့ Disney ဟာ Forbes မဂ္ဂဇင်းကြီးရဲ့ ''ကမ္ဘာ့နာမည်ကောင်းအရှိဆုံးကုမ္ပဏီ'' (၂၀၀၆-၂၀၁၅) တစ်ခုအဖြစ်၊  Fortune မဂ္ဂဇင်းကြီးရဲ့ ''အမေရိကရဲ့ လူကြိုက်အများဆုံးကုမ္ပဏီ'' (၂၀၀၉-၂၀၁၅) တစ်ခုအဖြစ်၊ Barron မဂ္ဂဇင်းကြီးရဲ့ ''ကမ္ဘာ့လေးစားမှုအခံရဆုံး ကုမ္ပဏီ'' (၂၀၀၉-၂၀၁၄) တစ်ခုအဖြစ်၊ Business Week မဂ္ဂဇင်းကြီးရဲ့ ''အလုပ်ဝင်လုပ်ဖို့ အကောင်းဆုံးနေရာ'' (၂၀၀၆-၂၀၁၀) တစ်ခုအဖြစ်နဲ့ Yahoo Finance ဝက်ဘ်ဆိုက်ကြီးရဲ့ ''နှစ်အတွင်းအတော်ဆုံးကုမ္ပဏီ'' (၂၀၁၃) တစ်ခုအဖြစ် အသိအမှတ်ပြုတာတွေကို ခံခဲ့ရပါတယ်။

Iger ဟာ သူ့ရဲ့လုပ်သက်တစ်လျှောက်မှာ Disney ကို ဦးဆောင်ခဲ့မှုအတွက် အဓိကမီဒီယာစာစောင်ကြီးတွေရဲ့ အသိအမှတ်ပြုခြင်းကို ခံခဲ့ရပါတယ်။ Fortune မဂ္ဂဇင်းကြီးက သူ့ကို ''စီးပွားရေးလုပ်ငန်းများထဲမှ သြဇာအရှိဆုံးပုဂ္ဂိုလ် ၂၅ ဦး'' (၂၀၀၆-၂၀၀၇) အဖြစ်၊ Forbes မဂ္ဂဇင်းကြီးကသူ့ကို ''ထိပ်တန်း CEO'' (၂၀၀၉) အဖြစ်၊ Institutional Investor မဂ္ဂဇင်းကြီးက သူ့ကို ''အတော်ဆုံး CEO'' (၂၀၀၈-၂၀၁၁) အဖြစ်၊ Market Watch ဝက်ဘ်ဆိုက်ကြီး သူ့ကို ''နှစ်အတွင်းအတော်ဆုံး CEO'' (၂၀၀၆) အဖြစ်၊ Chief Executive Magazine မဂ္ဂဇင်းကြီးက သူ့ကို  ''နှစ်အတွင်းအတော်ဆုံး CEO'' (၂၀၁၄) အဖြစ် ရွေးချယ်သတ်မှတ်ပေးခဲ့ပါတယ်။

Iger ဟာ ''အမေရိကန်ဝိဇ္ဇာနှင့် သိပ္ပံအကယ်ဒမီ''၊ ''ရုပ်သံလွှင့်လုပ်ငန်း ထင်ရှားကျော်ကြားသူများအဖွဲ့ကြီး''၊ ''ကစားစရာအရုပ်လုပ်ငန်း ထင်ရှားကျော်ကြားသူများအဖွဲ့ကြီး'' တွေအပါအဝင် အဖွဲ့အစည်းကြီးတချို့ရဲ့ အဖွဲ့ဝင်အဖြစ်လည်း ထည့်သွင်းသတ်မှတ်ပေးခြင်းခံခဲ့ရပါတယ်။

အလုပ်အကိုင်လမ်းကြောင်းအစ . . .

Iger ဟာ ၁၉၇၂ ခုနှစ်မှာ Ithaca ကောလိပ်ရုပ်မြင်သံကြားဖြေဖျော်မှုရဲ့ Campus Probe အစီအစဉ်မှာ အစီအစဉ်ကြေညာသူအဖြစ် စပြီးလုပ်ခဲ့ပါတယ်။ Ithaca မှာ မိုးလေဝသကြေညာသူအဖြစ် လုပ်ခဲ့တဲ့ငါးလကြာကာလအတွင်း သူဟာ အစီအစဉ်မှူးတစ်ယောက်ဖြစ်ဖို့ အိပ်မက်မက်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီနောက်မှာတော့ သူ့ရဲ့အလုပ်အကိုင်ရည်မှန်းချက်တွေဟာ ပြောင်းလဲသွားခဲ့ပါတယ်။

American Broadcasting Company (ABC) . . .

၁၉၇၄ ခုနှစ်မှာ Iger ဟာ American Broadcasting Company (ABC) ထဲကို ဝင်ခဲ့ပါတယ်။ သူဟာ ၁၉၉၃ ခုနှစ် ဇန်နဝါရီလကစပြီး ၁၉၉၄ ခုနှစ်အထိ ABC Net-work Television Group ရဲ့ President အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် မတ်လမှာ သူဟာ Capital Cities/ABC ရဲ့ Senior Vice President အဖြစ် ခန့်ထားခြင်းခံခဲ့ရပြီး အဲဒီနှစ်ဇူလိုင်လမှာပဲ Executive Vice President အဖြစ်ခန့်ထားခြင်းခံခဲ့ရပါတယ်။ ၁၉၉၄ ခုနှစ်မှာ Iger ဟာ ABC ရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်တဲ့ Capital Cities/ABC ကုမ္ပဏီကြီးမှာ President နဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာအရာရှိချုပ် (COO) အဖြစ် ရွေးချယ်တာဝန်ပေးခြင်းခံခဲ့ရပါတယ်။

[caption id="attachment_31380" align="alignnone" width="720"]iger2Iger ကို Disney California Adventure မှာတွေ့ရစဉ်[/caption]

Walt Disney ကုမ္ပဏီ . . .

၁၉၉၆ ခုနှစ်မှာ Walt Disney ကုမ္ပဏီကြီးဟာ Capital Cities/ABC ကိုဝယ်ယူပြီး ABC, Inc., အဖြစ် နာမည်ပြောင်းပစ်လိုက်ပါတယ်။ Iger ဟာ ၁၉၉၉ ခုနှစ်အထိ အဲဒီကုမ္ပဏီမှာပဲ President အဖြစ် လုပ်ကိုင်နေခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ Disney က Iger ကို Walt Disney International ရဲ့ President နဲ့ ABC Group ရဲ့ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့်ထားလိုက်ပါတယ်။ Walt Disney International ဟာ Disney ရဲ့ နိုင်ငံတကာက လုပ်ငန်းဆောင်ရွက်မှုတွေကို ကြီးကြပ်ကပ်ကဲတဲ့ဌာနဖြစ်ပါတယ်။ ဒီပြောင်းလဲမှုကို Iger အတွက် ရာထူးတိုးပေးမှုလို့ Disney က ခေါ်ခဲ့ပါတယ်။ ရုန်းကန်ကြိုးစားနေရတဲ့ ABC မှာ နေ့စဉ်လုပ်ကိုင်နေတဲ့ လုပ်ပိုင်ခွင့်ထဲက Iger ကို ဖယ်ရှားလိုက်တာဖြစ်တဲ့အတွက် ဒီလိုပြောတာကိုတချို့က သံသယနဲ့ မြင်ကြပါတယ်။

၂၀၀၀ ပြည့်နှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ Disney ဟာ Iger ကို President နဲ့ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ အရာရှိချုပ် (COO) အဖြစ် ရွေးချယ်တာဝန်ပေးလိုက်ပါတယ်။ ဒီလိုလုပ်လိုက်တာဟာ Iger ကို ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူ Michael Eisner ရဲ့ လက်အောက်က Disney ရဲ့ နံပါတ် ၂ ပုဂ္ဂိုလ်ဖြစ်သွားစေခဲ့ပါတယ်။ Disney မှာ ၁၆ လကြာအောင် လုပ်ကိုင်ခဲ့တဲ့ Michael Ovitz ၁၉၉၇ ခုနှစ်မှာထွက်သွားပြီး သူ့ရဲ့ President နေရာကို Eisner က ယူခဲ့တဲ့နောက်ပိုင်းမှာ Disney ဟာ President သီးသန့်မရှိဘဲ ဖြစ်နေခဲ့တာဖြစ်ပါတယ်။

ကုမ္ပဏီရဲ့စီမံခန့်ခွဲသူတွေကို အပြောင်းအလဲလုပ်ဖို့ Roy E. Disney ရဲ့ အောင်မြင်တဲ့ကြိုးပမ်းမှုတစ်ခုရဲ့ ရလဒ်အနေနဲ့ Disney ဟာ Eisner ရဲ့နေရာကို အစားထိုးဖို့ ရှာဖွေရေးလုပ်ငန်းကို စလုပ်ခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ Michael Eisner ရဲ့နေရာမှာ CEO အဖြစ် Iger က ဆက်ခံလိမ့်မယ်လို့ Disney က ကြေညာခဲ့ပါတယ်။ ၂၀၀၅ ခုနှစ် စက်တင်ဘာလမှာ သူနှုတ်ထွက်သွားတဲ့ အချိန်မတိုင်ခင် CEO ရာထူးကို Eisner က ကိုင်ထားမှာဖြစ်ပေမဲ့ နိစ္စဓူဝလုပ်ငန်းဆောင်ရွက်မှုတွေကို ကြီးကြပ်ကွပ်ကဲဖို့ Iger ကို တာဝန်ပေးခဲ့ပါတယ်။ မတ်လ ၂၆ ရက်နေ့မှာ Iger က Disney ရဲ့ မဟာဗျူဟာအရာရှိချုပ် (CSO) ဖြစ်တဲ့ Peter Murphy တာဝန်ပြောင်းလဲပေးအပ်ပြီး ကုမ္ပဏီရဲ့ မဟာဗျူဟာစီမံကိန်းဌာနကြီးကို ဖျက်သိမ်းပစ်မယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီဌာနကြီးကယူထားတဲ့ ဆုံးဖြတ်ချက်ချတဲ့ လုပ်ပိုင်ခွင့်တော်တော်များကို ကုမ္ပဏီရဲ့ လုပ်ငန်းဌာနတစ်ခုချင်းကို ပြန်ပေးဖို့လည်း Iger က သန္နိဋ္ဌာန်ချထားခဲ့ပါတယ်။ Disney ဟာ အရင်က ဒါရိုက်တာအဖွဲ့ဝင်ဟောင်းတွေဖြစ်ကြတဲ့ Roy E. Disney နဲ့ Stanley Gold တို့နဲ့ပြန်ပြီး ရင်ကြားစေ့ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်နှစ်ယောက်ဟာ ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ သူတို့ရဲ့ ''Disney  ကယ်တင်ရေး'' လှုပ်ရှားမှုကြီးကို ရုပ်သိမ်းလိုက်ပြီး Iger နဲ့အတူ အလုပ်လုပ်ဖို့ သဘောတူခဲ့ကြပါတယ်။ ဒီလုပ်ငန်းစဉ်ထဲမှာ Roy E. Disney ကို ဂုဏ်ထူးဆောင်ဒါရိုက်တာနဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ Iger ရဲ့ ခေါင်းဆောင်မှုအောက်မှာရှိတဲ့ Disney ဟာ စတော့တန်ဖိုးစုစုပေါင်းဒေါ်လာ ၇.၄ ဘီလီယံကိုပေးပြီး Pixar ကို ဝယ်ယူမယ်လို့ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဲဒီနှစ်မှာပဲ အားကစားသတင်းကြေညာသူ Al Michaels ကို ABC Sports ကနေ NBC Sports ကိုလွှတ်ပေးပြီး Disney ရဲ့ ပထမဆုံးအောင်မြင်ခဲ့တဲ့ Oswald the Lucky Rabbit ရုပ်ရှင်ဇာတ်ကားရဲ့ ရပိုင်ခွင့်တွေကို NBCUniversal ဆီက ပြန်ရအောင် Iger က လုပ်ခဲ့ပါတယ်။

၂၀၀၉ ခုနှစ် သြဂုတ်လမှာ Iger ဟာ စေ့စပ်ဆွေးနွေးညှိနိုင်းမှုတွေကို ဦးဆောင်ပြီး Marvel Entertainment ကုမ္ပဏီနဲ့ ကုမ္ပဏီနဲ့ဆက်နွယ်နေတဲ့ ရပိုင်ခွင့်တွေကို ဒေါ်လာ ၄ ဘီလီယံနဲ့ Disney က ရအောင်လုပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ် သြဂုတ်လမှာ Disney ဟာ Marvel ရုပ်ရှင်တွေနဲ့ပဲ အဲဒီဒေါ်လာ ၄ ဘီလီယံကိုပြန်ရခဲ့ပါတယ်။

Iger နဲ့ပတ်သက်ပြီး Roy E. Disney က အောက်မှာဖော်ပြထားတဲ့ ကြေညာချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီကြေညာချက်ကတော့ ''Animation ဟာ Walt Disney ကုမ္ပဏီကြီးအတွက် အဓိကအားထားရာ အမြဲဖြစ်ခဲ့ပါတယ်။ Bob Iger နဲ့ကုမ္ပဏီဟာ Pixar အဖွဲ့ရဲ့ Animation မှာ ထူးချွန်တဲ့ပင်ကိုအရည်အသွေးကို ပြန်ပေါ်အောင်လုပ်ပြီး အဲဒီအမွေအနှစ်ကိုဖက်တွယ်ထားတာကို တွေ့ရတာ အလွန်ပဲဝမ်းမြောက်ဖွယ်ရာ ကောင်းပါတယ်။ ဒါဟာ Animation ရုပ်ရှင်မှာ ဦးဆောင်နေတဲ့ ခေါင်းဆောင်အဖြစ် Walt Disney ကုမ္ပဏီကြီးရဲ့အနေအထားကို ရှင်းရှင်းလင်းလင်း ခိုင်မာစေတဲ့အတွက် Bob Iger ရဲ့ အမြင်ကို ကျွန်တော်တို့ ထောက်ခံချီးကျူးပါတယ်'' လို့ ဖြစ်ပါတယ်။

Iger ဟာ နိုင်ငံတကာမှာလုပ်ငန်းတိုးချဲ့မှု၊ နည်းပညာဆန်းသစ်တီထွင်မှုနဲ့ ရှေးရိုးစဉ်လာ Animation အပေါ်မှာ အသစ်ပြန်လည်အာရုံစိုက်မှုတွေကို Disney ရဲ့ထိပ်တန်းမဟာဗျူဟာဦးစားပေးလုပ်ငန်းတွေအဖြစ် ချီးကျူးဖော်ပြခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် မတ်လမှာ ဒါရိုက်တာအဖွဲ့ထဲက John Pepper အနားယူပြီးနောက်ပိုင်းမှာ Iger ဟာ ဒါရိုက်တာအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်လာမယ်လို့ ၂၀၁၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့မှာ Disney က ကြေညာခဲ့ပါတယ်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ အခုအချိန်မှာ CEO Tim Cook ကဦးဆောင်နေတဲ့ Apple ကုမ္ပဏီဟာ Steve Jobs ကွယ်လွန်သွားပြီးတဲ့နောက် Iger ကို ဒါရိုက်တာတစ်ယောက်အဖြစ် ခန့်ခဲ့သလို Genentech ရဲ့ ဥက္ကဋ္ဌဖြစ်ပြီး ပြိုင်ဘက်ဖြစ်တဲ့ Google ကုမ္ပဏီရဲ့ ဒါရိုက်တာအဖွဲ့မှာ အဖွဲ့ဝင်ဟောင်းနဲ့ Apple ရဲ့ ဒါရိုက်တာ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Arthur Levinson ကို Jobs ရဲ့နေရာမှာ အစားထိုးပြီး အမှုဆောင်မဟုတ်တဲ့ ဥက္ကဋ္ဌအဖြစ် ခန့်ခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ Apple ရဲ့ စာရင်းစစ်ကော်မတီမှာ လုပ်ကိုင်သွားကြမှာဖြစ်ပါတယ်။ Pixar ကို ဝယ်ယူတဲ့နေရာမှာ Jobs ဟာ Iger နဲ့အတူ အလုပ်လုပ်ခဲ့ပါတယ်။ အဲဒီဝယ်ယူမှုက Jobs ကို Disney မှာ အစုရှယ်ယာ အများဆုံးပိုင်ရှင်တစ်ယောက်ဖြစ်စေခဲ့ပြီး Iger က ABC ရဲ့ Show ပွဲတွေကို iTunes ကတစ်ဆင့် Apple က ဝယ်ဖို့အတွက် လိုင်စင်လုပ်ပေးခဲ့ပါတယ်။

[caption id="attachment_31381" align="alignnone" width="720"]iger3"Star Tours-The Adventures Continue" ဖွင့်ပွဲအခမ်းအနားမှာ တွေ့ရစဉ်[/caption]

၂၀၁၂ ခုနှစ် အောက်တိုဘာလမှာ Iger ဟာ Lucasfilm Ltd. ကုမ္ပဏီကို ဒေါ်လာ ၄ ဘီလီယံနဲ့ဝယ်ဖို့ ရုပ်ရှင်ထုတ်လုပ်သူ George Lucas နဲ့ သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလိုသဘောတူဖို့အတွက် သူတို့နှစ်ယောက်ကြားမှာ စေ့စပ်ဆွေးနွေးညှိနှိုင်းမှုတွေကို လအတန်ကြာလုပ်ခဲ့ရပါတယ်။ ရလဒ်အနေနဲ့ Disney ဟာ Star Wars ကို မီဒီယာပေါင်းစုံမှာ လုပ်ကိုင်ဖို့နဲ့ Indiana Jones အတွက် အခွင့်အရေးတွေကို ရခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး Disney ဟာ Star Wars ရုပ်ရှင်ဇာတ်ကားတွေနဲ့ Indiana Jones ရုပ်ရှင်ဇာတ်ကားတွေကို ထုတ်လုပ်ဖို့ အစီအစဉ်စပြီး လုပ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ စပြီးရုံတင်ခဲ့တဲ့ Star Wars: The Force Awakens ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံဝင်ခရငွေစုစုပေါင်း ဒေါ်လာ ၂ ဘီလီယံရရှိခဲ့ပါတယ်။ အဲဒီအပြင် ဒေါ်လာ ၅.၅ ဘီလီယံအကုန်အကျခံပြီး တည်ဆောက်ခဲ့တဲ့ ရှန်ဟိုင်းအပန်းဖြေဥယျာဉ်ကြီးကို ၂၀၁၆ ခုနှစ် ဇွန်လ ၁၆ ခုနှစ်မှာ ဖွင့်လှစ်သွားမယ်လို့ Iger က ကြေညာခဲ့ပါတယ်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ Disney ရဲ့ CFO ဟောင်းနဲ့ Walt Disney ဥယျာဉ်နဲ့ အပန်းဖြေစခန်းများ ဥက္ကဋ္ဌဖြစ်သူ Thomas O. Staggs ကို Iger ကို ဆက်ခံမယ့်သူအဖြစ်ထားပြီး လုပ်ငန်းဆောင်ရွက်မှု ဆိုင်ရာအရာရှိချုပ် (COO) အဖြစ် ခန့်ထားခဲ့ပါတယ်။ ဒါပေမဲ့ Staggs နဲ့ ကုမ္ပဏီတို့ နှစ်ဖက်သဘောတူလမ်းခွဲလိုက်ကြပြီလို့ ၂၀၁၆ ခုနှစ် ဧပြီလ ၄ ရက်နေ့မှာ Disney က ကြေညာခဲ့ပြီး ၂၀၁၆ ခုနှစ် မေလ ၁၆ ရက်နေ့မှာ Staggs ဟာ COO အဖြစ်က နှုတ်ထွက်သွားခဲ့ပါတယ်။ ဒါရိုက်တာအဖွဲ့အနေနဲ့ အမှုဆောင်ရှာဖွေမှုကိုချဲ့ထွင်ဖို့ ဆုံးဖြတ်ခဲ့ပြီး Staggs ကို ဆက်ပြီးနေဖို့ Iger ကလည်း မဖျောင်းဖျခဲ့တဲ့အတွက် Staggs ဟာ Iger ရဲ့ အမွေကိုဆက်ခံဖို့ ဒါရိုက်တာအဖွဲ့ဆီက အာမခံချက်တွေမရရှိခဲ့ဘူးလို့ သတင်းရရှိခဲ့ပါတယ်။ Disney ရဲ့ဥက္ကဋ္ဌနဲ့ CEO အဖြစ် Iger ရဲ့သဘောတူညီချက်ကို မူလက ၂၀၁၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိပဲထားဖို့စီစဉ်ခဲ့ပေမဲ့ ကုမ္ပဏီအနေနဲ့ Iger ရဲ့ သက်တမ်းကာလကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်းနဲ့ နောက်သုံးနှစ်မှာလည်း အကြံပေးပုဂ္ဂိုလ်တစ်ယောက်အဖြစ် တာဝန်ထမ်းဆာင်သွားလိမ့်မယ်လို့ ၂၀၁၇ ခုနှစ်၊ မတ်လမှာ Disney က ကြေညာခဲ့ပါတယ်။ Walt Disney ကုမ္ပဏီရဲ့ ၂၀၁၇ ခုနှစ် ပထမသုံးလပတ်ဝင်ငွေအစည်းအဝေးမှာ Iger က ''ကျွန်တော့်ရဲ့ သက်တမ်းကို တိုးမြှင့်ပေးခြင်းဟာ ကုမ္ပဏီရဲ့အကျိုးစီးပွားအတွက် အကောင်းဆုံးဖြစ်မယ်ဆိုရင် အဲဒီအတွက် ကျွန်တော်စဉ်းစားပါမယ်'' လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၂၂ ရက်မှာ Hillary Clinton ရဲ့ သမ္မတရွေးကောက်ပွဲလှုပ်ရှားမှုအတွက် ရန်ပုံငွေရှာဖွေရေးအဖွဲ့တစ်ဖွဲ့မှာ ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ Iger ဟာ သမ္မတလောင်း Trump ရဲ့ မဟာဗျူဟာနဲ့ မူဝါဒဖိုရမ်အတွက် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ပါရီရာသီဥတုဆိုင်ရာ သဘောတူညီချက်ထဲက အမေရိကန်နိုင်ငံ နှုတ်ထွက်ခဲ့ပြီးတဲ့နောက် ၂၀၁၇ ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ Iger ဟာ Trump ရဲ့အကြံပေးကောင်စီထဲက နှုတ်ထွက်ခဲ့ပါတယ်။

iger4

ချီးကျူးဂုဏ်ပြုခြင်းနှင့် အသိအမှတ်ပြုခြင်းခံရမှုများ . . .

၂၀၁၂ ခုနှစ် ဇွန်လမှာ ရုပ်သံပိုင်းသမိုင်းနှင့် ပညာရေးဆိုင်ရာ USC Shoah ဖောင်ဒေးရှင်းအဖွဲ့ကြီးကို တည်ထောင်ခဲ့သူ Steven Spielberg က Iger ကို အဖွဲ့ရဲ့အမြင့်ဆုံးဂုဏ်ပြုမှုဖြစ်တဲ့ 'လူသားချင်းစာနာမှုသံတမန်ဆု' ချီးမြှင့်ခဲ့ပါတယ်။ ဒီအဖွဲ့ကြီးရဲ့လုပ်ငန်းအပေါ် သူ့ရဲ့ထောက်ခံအားပေးမှု၊ သူ့ရဲ့ရေရှည်ပရဟိတဒါပြုမှုနဲ့ ကုမ္ပဏီလုပ်ငန်းမှာ သူ့ရဲ့ ဦးဆောင်မှုအခန်းကဏ္ဍတွေအတွက် အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Iger ဟာ အမေရိကထုတ်လုပ်သူများအဖွဲ့ (PGA) ရဲ့ Milestone ဆုကိုလည်း ချီးမြှင့်ခံခဲ့ရပါတယ်။ ဒီဆုဟာ ဖြေဖျော်ရေးလုပ်ငန်းမှာ သမိုင်းတွင်အောင် ပါဝင်ဖြည့်ဆည်းမှုတွေဆောင်ရွက်ပေးတဲ့ အဖွဲ့တစ်ဖွဲ့ ဒါမှမဟုတ် လူပုဂ္ဂိုလ်တစ်ယောက်အတွက် PGA ရဲ့ အမြင့်ဆုံးအသိအမှတ်ပြုမှုဖြစ်ပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)