ကမ္ဘာ့အချမ်းသာဆုံးနှင့် အာဏာအရှိဆုံးပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က သင့်အား သူ့အိမ်သို့လာရောက်၍ အကောင်းဆုံးပွဲလမ်းကြီးတစ်ခုအား ကြည့်ရှုလှည့်ပါဟု ဖိတ်ကြားလာသည်ဟု စိတ်ကူးကြည့်လိုက်ပါ။ ဤသည်မှာ မာစတာဂေါက်သီးပြိုင်ပွဲကြီးသို့ သွားကြည့်ခွင့်ရသူတိုင်း အားရကျေနပ်စွာရခဲ့ကြသည့် ခံစားချက်ပင် ဖြစ်ပါသည်။
မာစတာစ်ပြိုင်ပွဲကြီးအား သြဂတ်စ်တာနေရှင်နယ်ဂေါက်ကလပ်က ကြီးမှူးကျင်းပသည်။ ထိုဂေါက်ကလပ်တွင် ကမ္ဘာ့အကြွယ်ဝဆုံးနှင့် အာဏာအရှိဆုံး စာရင်းဝင်အသင်းသား Member သုံးရာ ရှိသည်။ ထို Member သုံးရာက နှစ်စဉ် မာစတာစ်ပြိုင်ပွဲကြည့်ခွင့် လက်မှတ်လေးသောင်းကိုသာ ထုတ်ပေးပါသည်။ ထုတ်ပေးသည်ဆိုရာ၌ လက်မှတ်ဝယ်ယူခွင့်ပြုခြင်း ဖြစ်ပါသည်။ ဝယ်ယူခွင့်ရသူက ငွေတော့များစွာ ကုန်ကျသွားပါလိမ့်မည်။
သြဂတ်စ်တာနေရှင်နယ်ဂေါက်ကလပ်သည် အလွန်သီးသန့်ကျသည့်ကလပ်ပါ။ အမေရိကန်ပြည်ထောင်စု၊ ဂျော်ဂျီယာပြည်နယ်၊ အက်တ်လန်နာမြို့ကြီးအနီးရှိ သြဂတ်စ်တာမြို့လေးတွင် တည်ရှိပါသည်။ မာစတာပြိုင်ပွဲကြီးသည် ၁၉၃၄ ခုနှစ်မှစ၍ ဤဂေါက်ကွင်းတစ်ခုတည်းတွင်သာ နှစ်စဉ် ဧပြီလ ဒုတိယပတ်တွင် ကျင်းပပါသည်။
ဘော်ဘီဂျုံးစ်နှင့်ကလစ်ဖို့ဒ်ရောဘတ်စ်တို့ စတင်တည်ထောင်ခဲ့သော ဤကလပ်၌ ဝါရင်ဘတ်ဖက်နှင့် ဘီလ်ဂိတ်စ်တို့ကဲ့သို့ စက်မှုလုပ်ငန်းရှင်ကြီးများ အသင်းသားအဖြစ်ပါဝင်နေသည်။ အသင်းသားများ စာရင်းသည် လျှို့ဝှက်ဖြစ်ပါသည်။ ဤကလပ်သည် အလွန်သီးသန့်ကျရုံသာမက အလွန်စည်းကမ်းကြီးပြီး စည်းကမ်းဖောက်သူများအား ပြစ်ဒဏ်ပေးရာတွင်လည်း ကြမ်းလှပါသည်။ နှုတ်မစောင့်မှုကြောင့် ထုတ်ပစ်ခြင်းပစ်ဒဏ်ကို ခံရသူပေါင်း များလှပါပြီ။ ချမ်းသာသူအသင်းသားတွေ များလှသော်လည်း ငွေကြောင့်ယိမ်းယိုင်မှု မရှိခဲ့ပါ။ လူထုဆန္ဒ၊ အများဆန္ဒဆိုသည်များကိုလည်း ဂရုမစိုက်ပါ။ အမျိုးသမီးများအား အမျိုးသားများနှင့် တန်းတူအခွင့်အရေးပေးခြင်းသည် တစ်ကမ္ဘာလုံး၌ ကျင့်သုံးနေသော စည်းမျဉ်းဖြစ်နေသော်လည်း သြဂတ်စ်တာသည် ၂၀၁၂ ခုနှစ်အထိ အမျိုးသမီးများ Member ဝင်ခွင့်ကို ပိတ်ပင်ခဲ့သော အသင်းအဖွဲ့ပါ။
ပြိုင်ပွဲသည်လည်း အမျိုးသားများအတွက်သာ ဖြစ်သည်။ မာစတာစ်သည် ကမ္ဘာ့ဂေါက်သီးမေဂျာပြိုင်ပွဲကြီး လေးပွဲ၌ ပါဝင်သည်။ သို့သော်ပြိုင်ပွဲဝင်ဦးရေမှာ အနည်းဆုံးဖြစ်သည်။ ကျန်ပြိုင်ပွဲကြီးသုံးမျိုးက လူ ၁၅၆ ဦး ပါဝင်ခွင့်ပြုသော်လည်း မာစတာစ်က သူ့မူအရ ဝင်ခွင့်ရသူမှလွဲ၍ ကျန်လူများအားပါခွင့်မပေးပေရာ နှစ်စဉ်ဖိတ်ခေါ်ခံရပြီး ယှဉ်ပြိုင်ခွင့်ရကြသောလူဦးရေမှာ တစ်ရာအောက်တွင်သာရှိပါသည်။
ပြိုင်ပွဲကာလ ကြာသပတေးနေ့မှ တနင်္ဂနွေနေ့အထိ နေ့စဉ်တပ်ဆင်ရသော တံဆိပ်ကလေးရှိပါသည်။ ပြိုင်ပွဲကြည့်ခွင့်ရလက်မှတ်ပဲ ဖြစ်ပါသည်။ ထိုတံဆိပ်၏ တန်ဖိုးသည် ၃၂၅ ဒေါ်လာဖြစ်ပါသည်။ ထိုတံဆိပ်ကို တပ်ဆင်ခွင့်ရသည်ဆိုကတည်းက သင်သည် အနည်းဆုံး ဆယ်နှစ်ဆက်တိုက်ပွဲကြည့်ခွင့်ရနေသူ ပရိသတ်တစ်ဦးမှန်း အများသိကြပါသည်။ အကြောင်းမှာ မာစတာစ် ကြည့်ခွင့်ရသူ လူလေးသောင်းအတွက် လက်မှတ်ရောင်းချပေးပုံမှာ ဦးရာလူလည်းမဟုတ်ပါ။ ဘယ်နှလမှ ကြိုဝယ်ထား၍လည်းမရပါ။ ပထမတစ်ကြိမ်လက်မှတ် ရထားသူတစ်ဦးအား ယင်းပြန်လည် လက်မှတ်မအပ်မချင်း၊ သို့မဟုတ် ယင်းမကွယ်လွန်မချင်း နှစ်စဉ် ရောင်းချပေးနေသောကြောင့်ပါ။ ကွယ်လွန်လျှင်ပင် ထိုသူ၏ဇနီးသည်အား သူ၏ဆန္ဒရှိသလောက် နှစ်စဉ်ရောင်းချပေးပြန်ပါသည်။ တစ်ချက်ပဲရှိပါသည်။ ထိုသူက ပွဲကြည့်ရင်း စည်းကမ်းဖောက်ဖျက်မှု တစ်ခုခုဖြစ်ပေါ်ပါလျှင်တော့ နောင်နှစ်၌ သူ့အား စာရင်းမှ ဖယ်ရှားလိုက်ပါတော့သည်။ ဇနီးသည် ကွယ်လွန်ပါလျှင်မူကား သားသမီးများအား လက်မှတ်ဆက်လက်ရောင်းချခြင်း မပြုတော့ပါ။
ပြိုင်ပွဲသို့ကြည့်ခွင့်ရလိုသူများ လက်မှတ်ဝယ်ခွင့် လျှောက်ထားနိုင်သည်။ ပရိသတ်လေးသောင်းထဲမှ လူလျော့သွားပါက အစဉ်အတိုင်း အစားထိုးရောင်းချပေးပါသည်။ ငါးနှစ်မှဆယ်နှစ်ခန့်အထိ စောင့်ခဲ့ရပြီးမှ လက်မှတ်ရကြသူတွေရှိပါသည်။
အဆိုပါ ၃၂၅ ဒေါ်လာတန်လက်မှတ်မရှိပါလျှင် မှောင်ခိုဈေးကွက်၌ လက်မှတ်ဝယ်ရန်သာရှိတော့သည်။ ထိုအခါလက်မှတ်တစ်စောင်လျှင် ဒေါ်လာငါးထောင်မှ ၁၅,၀၀၀ အထိ ပေးရပါလိမ့်မည်။ ကမ္ဘာပေါ်ရှိ အားကစားပွဲအားလုံးတွင် ဈေးအကြီးဆုံးမှောင်ခိုလက်မှတ်ပင်ဖြစ်ပါသည်။
ကျွန်ုပ်သည် ဂေါက်သီးပြိုင်ပွဲအား ကြိုက်နှစ်သက်သော ပရိသတ်တစ်ဦးမဟုတ်ခဲ့ပါ။ သို့သော် ယမန်နှစ် မာစတာစ်ပွဲကြီး ကြည့်ပြီးကတည်းက ဂေါက်သီးပြိုင်ပွဲအပေါ် ကျွနု်ပ်၏အမြင်များ ပြောင်းလဲခဲ့ပါသည်။ အမှန်ဆိုရပါလျှင် ကျွနု်ပ်သည် အခြားအားကစားများ၏ ကြီးကျယ်သော ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီးများအား အထူးအခွင့်အရေးတစ်ရပ်အဖြစ် မကြာခဏ တက်ရောက်ကြည့်ရှုခဲ့ဖူးပါသည်။ Super Bowl အမေရိကန် Football ပွဲကြီး၊ ယူအက်စ်အိုးပင်းတင်နစ်ပွဲကြီး၊ ဖော်မြူလာဝမ်းကားပြိုင်ပွဲ၊ Moto GP မော်တော်ဆိုင်ကယ်ပွဲများ ဖြစ်ပါသည်။ ယခုအခါတွင်မူ မာစတာစ်ဂေါက်သီးပြိုင်ပွဲကြီးသည် ကျွန်ုပ်အကြိုက်ဆုံး အားကစားပွဲကြီးဖြစ်လာခဲ့ပါပြီ။ ကြိုက်နှစ်သက်စရာကောင်းသော အောက်ပါအချက်ကိုးချက်ကို တင်ပြလိုပါသည်။
၁။ ကုတ်အင်္ကျီစိမ်း
မာစတာစ်ချန်ပီယံရသူများအား နှစ်စဉ်ဂုဏ်ပြု ဝတ်ဆင်ပေးနေသည့် ကုတ်အင်္ကျီစိမ်း (Green Jacket) သည် သြဂတ်စ်တာနေရှင်နယ်ဂေါက်ကလပ် Member များအားလုံး၌လည်း ရှိပါသည်။ ကလပ်၏သင်္ကေတ ဝတ်စုံဖြစ်ပါသည်။ ချန်ပီယံရသူကို ကလပ်၏ အသင်းသားအဖြစ် ဝင်ခွင့်ပြုလိုက်ခြင်းပါ။ ပြိုင်ပွဲနေ့များတွင် အသင်းသားများက ကုတ်အင်္ကျီစိမ်းဝတ်ဆင်လာခြင်းဖြင့် ပရိသတ်က အသင်းသားဟု သိရှိနိုင်ရန်နှင့် မေးလိုသော မေးခွန်းများရှိက မေးမြန်းနိုင်ရန် မူလကရည်ရွယ်ခဲ့ပါသည်။ အမေရိကန်စီးပွားရေးလုပ်ငန်းများတွင် အရေးအပါဆုံးနေရာများ၌ ရှိနေကြသူ အသင်းသားများက ကျယ်ဝန်းလှသော ဂေါက်ကွင်းကြီး၏ စည်းတားကန့်သတ်ထားသော နေရာများအား စောင့်ကြပ်ရန် တာဝန်ပေးအပ်ခြင်းခံကြရပါသည်။ သူတို့က ပြိုင်ပွဲဝင်များနှင့် ပရိသတ်အကြား ရှင်းလင်းပေးကြရပါသည်။
၂။ နောက်ခံသမိုင်း
အအောင်မြင်ဆုံး အပျော်တမ်းဂေါက်သီးကျော်ကြီး ဘော်ဘီဂျုံးစ်အကြောင်းနှင့်တကွ သြဂတ်စ်တာ ဂေါက်ကလပ်၏ ဇာတ်လမ်းစုံလှသော သမိုင်းကြောင်းကို ဟောလီဝုဒ်မှ ရိုက်ကူးတင်ဆက်ခဲ့သည့် Stroke of Genius ရုပ်ရှင်ကားတွင် တွေ့မြင်နိုင်ပါသည်။ ထိုရုပ်ရှင်ကို Rotten Tomatoes အမည်ရှိ ရုပ်ရှင်သတင်းဆိုင်ရာ ဝက်ဘ်ဆိုက်၌ ၂၆ ရာခိုင်နှုန်းသာ လူကြိုက်များခဲ့သည်ဟု စစ်တမ်းထွက်ပေါ်ခဲ့သော်လည်း ဤရုပ်ရှင်အား သဘောမတွေ့သူများမှာ လူပိန်းများသာ ဖြစ်ပါသည်။ ဤရုပ်ရှင်ဇာတ်ကားသည် အမှန်တကယ်ကောင်းခဲ့ပါသည်။
သြဂတ်စ်တာဂေါက်ကွင်း၏ အတိတ်ကာလတွင် ဂုဏ်မယူချင်စရာသတင်းဆိုးများရှိခဲ့သော်လည်း (ဂေါက်ကွင်းပိုင်ရှင် ကလစ်ဖို့ဒ်ရောဘတ်စ်ကပါ သရီး ဂေါက်ကွင်းကျင်းအမှတ်သုံးအနီးရှိ ရေကန်ငယ်အနီးတွင် သေနတ်ဖြင့် မိမိကိုယ်မိမိသတ်သေသွားသည့် အဖြစ်မျိုး) မာစတာစ်ပြိုင်ပွဲများ သမိုင်းတွင်မူ အားရကျေနပ်စရာ ဇာတ်လမ်းများချည်း ဖြစ်ခဲ့ပါသည်။ ဤဂေါက်ကွင်းသည် အမေရိကန်သမ္မတဟောင်းဒွိုက်တ် အိုင်စင်ဟောင်ဝါ၏ အကြိုက်ဆုံးကွင်းလည်း ဖြစ်ခဲ့သည်။ အိုင်စင်ဟောင်ဝါ၏ ဝိုင်အရက်ပုလင်းအချို့အား ယနေ့တိုင် ကလပ်ဟောက်စ်ရှိ ဝိုင်ခန်း၌ သိုလှောင်ထိန်းသိမ်းထားဆဲဖြစ်သည်။
ကျင်း ၁၇ ဖဲဝေးနှင့်ကပ်လျက်တွင်ရှိသော ထင်းရှူးပင်ကြီးကို အိုင်စင်ဟောင်ဝါက ခုတ်သင့်သည်ဟု ပြောခဲ့သည်ကိုလည်း ကလပ်က ငြင်းပယ်ခဲ့သည်။ ထိုအပင်ကြီးမှာ ထို့ကြောင့်ပင် အိုင်စင်ဟောင်ဝါသစ်ပင်ဟု မည်တွင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်နှစ်ကမှ မုန်တိုင်းတစ်ခုဒဏ်ကြောင့် ထိုအပင်ကြီးပြိုလဲခဲ့ရသည်။ ထိုအပင်မှ ခွဲသားများဖြင့် သစ်သားစားပွဲကြီးပြုလုပ်ကာ အမှတ်တရအဖြစ် ကလပ်တွင် ပြသထားပါသည်။
၃။ ဂေါက်ကွင်း
ဘော်လီဂျုံးစ်ဂေါက်ကွင်း တည်ဆောက်စဉ်က ရွေးချယ်ခဲ့သော လက်ရှိကွင်းနေရာမှာ မူလက ပန်းအလှပျိုးပင် ခြံနေရာဖြစ်ပါသည်။ ထို့ကြောင့် ဂေါက်ကွင်း၌ အလှအပတန်ဆာဆင်ထားသော မူလမျိုးနွယ်ပန်းအလှများသည် နှစ်စဉ်ဖူးပွင့်ချိန်ရောက်သည့်အခါ ထူးခြားလှပလှပါသည်။ ကွင်းတာဝန်ခံများက အဖြူအဝါ ပန်းရောင်ခရမ်းရောင်များရှိသည့် Azalea ပန်းပင်များ၏အောက်တွင် ရေခဲတုံးများထည့်ထားကာ ပန်းပွင့်ချိန်ကာလကို ထိန်းထားပြီးနောက် ဧပြီလ ဒုတိယပတ် ပြိုင်ပွဲချိန်တွင်မှ ပွင့်ခိုင်းလေ့ရှိပါသည်။ ထို့ကြောင့်ပြိုင်ပွဲကာလ၌ ဂေါက်ကွင်းအတွင်းရှိ ပန်းအလှပင်များသည် ပြိုင်တူအစွမ်းကုန်ဖူးပွင့်ကြမြဲပါ။
သြဂတ်စ်တာ ဂေါက်ကလပ်၏ ဝင်ငွေအား အခြားမည်သည့်ဂေါက်ကလပ် သို့မဟုတ် မည်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ မြူနီစပယ်နယ်မြေကမျှ လိုက်၍ မီမည်မဟုတ်ပါ။ ပြိုင်ပွဲမှနှစ်စဉ်ဒေါ်လာ ၁၁၅ သန်း ဝင်ငွေရှိသည်ဟု ဆိုပါသည်။ ချမ်းသာလှသော အသင်းသားများကတော့ ထိုငွေကို မလိုအပ်ကြပါ။ ဂေါက်ကွင်းအတွက် အကောင်းဆုံးအသုံးပြုပါသည်။ ဂေါက်ကွင်း၏ မြေအောက်ရေပိုက်လိုင်းနှင့် လေပေးစနစ်မှာ ကောင်းလွန်းလှသဖြင့် စိုစွတ်သောနေ့များတွင်ပင် ဂရင်းများအား သွေ့ခြောက်အောင် လုပ်နိုင်စွမ်းရှိပါသည်။ ဂရင်းများ ပိုမိုမြန်ဆန်ပြီး ခက်ခဲအောင် မည်မျှစိုစွတ်သော အချိန်တွင်မဆို လုပ်ဆောင်နိုင်သည်။
၄။ ဈေးနှုန်းအထူးလျှော့ခြင်း
နာမည်ကျော်အားကစားပြိုင်ပွဲကြီးများ၌ စားသောက်ဆိုင်များတွင် ဘီယာတစ်ဘူးလျှင် ရှစ်ဒေါ်လာခန့်ဖြင့် ရောင်းချမြဲပါ။ မာစတာစ်ပွဲကြီးတွင်မူ ဘီယာအေးအေး တစ်ဘူးကို လေးဒေါ်လာဖြင့်သာ ရောင်းချပေးပါသည်။ နာမည်ကျော်သစ်သီး ချိစ်ဆန်ဒ်ဝစ်ချ်တစ်ခုကိုပင် တစ်ဒေါ်လာခွဲဖြင့်သာ ရောင်းပါသည်။ ဤသို့ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ခြင်းမှာ ဆိုဗီးနီးယားခေါ် အမှတ်တရပစ္စည်းကလေးများတွင် အလွန်ရောင်းရသောကြောင့်ပါ။ မာစတာစ်ပြိုင်ပွဲ အထိမ်းအမှတ် ပစ္စည်းများဟူသည်မှာ ဤကွင်းတစ်နေရာတည်း၌သာ ရရှိနိုင်ခြင်းလည်းဖြစ်သည်။ Golf Digest မဂ္ဂဇင်းက အဆိုပါအမှတ်တရ ပစ္စည်းများ ရောင်းရငွေမှာ ဒေါ်လာ ၄၇.၅ သန်းပင်ရှိပြီဟု မှန်းဆခဲ့ပါသည်။
ဝင်းမြင့်သိန်း