အင်ဂလို-သြစတေးလျ နိုင်ငံစုံသတ္တုတွင်းကုမ္ပဏီကြီး BHP

bhp1

BHP Billiton plc ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာတည်ရှိပြီး BHP Billiton ဟာ အမေရိကန်နိုင်ငံ Houston မြို့၊ Santiago ၊ Perth ၊ Brisbane ၊ Kuala Lumpur ၊ Singapore နဲ့ Shanghai မြို့တွေမှာလည်း ရုံးတွေထားရှိပါတယ်။ BHP ဟာ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှာ သတ္တုတူးဖော်ရေး၊ ပြုပြင်ထုတ်လုပ်ရေး၊ ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေကို ခန့်မှန်းခြေအားဖြင့် အလုပ်သမားပေါင်း ၄၁,၀၀၀ လောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေပါတယ်။

BHP Billiton Limited နဲ့ BHP Billiton Plc တို့ရဲ့ ကုန်သွယ်ရေးအဖွဲ့အစည်းကြီးဖြစ်ပြီး အရင်တုန်းက BHP Billiton အဖြစ် သိထားခဲ့တဲ့ BHP ဟာ သြစတြေးလျနိုင်ငံ ဗစ်တိုးရီးယားပြည်နယ် Melbourne မြို့မှာ အခြေစိုက်ပြီး သတ္တုတွင်း၊ သတ္တုနဲ့ရေနံလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ အင်္ဂလိပ်သြစတြေးလျနိုင်ငံစုံ အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ၁၈၈၅ ခုနှစ်တုန်းက Broken Hill ဆိုတဲ့ အထီးကျန်သတ္တုတွင်းမြို့ကလေးမှာ တည်ထောင်ခဲ့တဲ့ BHP ဟာ ၂၀၁၅ ခုနှစ် ပေါက်ဈေးနဲ့ တွက်ချက်မှုမှာ ကမ္ဘာ့အကြီးဆုံးသတ္တုတွင်းကုမ္ပဏီဖြစ်သလို ဝင်ငွေအရ သြစတြေးလျနိုင်ငံရဲ့ စတုတ္ထအကြီးဆုံးကုမ္ပဏီကြီး ဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ Australian Broken Hill Proprietary Company Limited (BHP) နဲ့ Anglo–Dutch Billiton plc ကို ပေါင်းစည်းပြီး BHP Billiton ကို ဖွဲ့စည်းခဲ့ပါတယ်။ ထွက်ပေါ်လာတာကတော့ စတော့ရှယ်ယာဒိုင်နှစ်ခုမှာ ရှယ်ယာတွေရောင်းတဲ့ ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ဒီ BHP Billiton လီမိတက်ကုမ္ပဏီဟာ ရှယ်ယာတွေကို သြစတြေးလျစတော့ရှယ်ယာဒိုင်မှာ အဓိကထုတ်ရောင်းပြီး ကုမ္ပဏီရဲ့ရှယ်ယာတန်ဖိုးအရ သြစတြေးလျနိုင်ငံမှာ အကြီးဆုံးကုမ္ပဏီကြီးတစ်ခု ဖြစ်ပါတယ်။ အင်္ဂလန်မှာ မှတ်ပုံတင်ထားတဲ့ Plc ကုမ္ပဏီကတော့ ရှယ်ယာတွေကို လန်ဒန်စတော့ရှယ်ယာဒိုင်မှာ အဓိကထုတ်ရောင်းပြီး FTSE ၁၀၀ ညွှန်းကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။

[caption id="attachment_32184" align="alignnone" width="720"]bhp2Trinidad & Tobago နိုင်ငံမှာတည်ရှိတဲ့ BHP Billiton ရုံးပုံ[/caption]

၂၀၁၇ ခုနှစ်မှာ အရင်တုန်းက Billiton ရဲ့ ပိုင်ဆိုင်ပစ္စည်းအများစုကို South32 ကုမ္ပဏီထဲကို ခွဲထည့်ပြီးတဲ့နောက်မှာ BHP Billiton ဟာ သူ့ကိုယ်သူ BHP အဖြစ် နာမည်ပြန်ပေးခဲ့ပါတယ်။

တစ်ကမ္ဘာလုံးရဲ့ BHP ဌာနချုပ်နဲ့ သြစတြေးလျ မှတ်ပုံတင်ကော်ပိုရိတ်ရုံးဟာ သြစတြေးလျနိုင်ငံ၊ Melbourne မြို့ Collins လမ်း၊ အမှတ် ၁၇၁ မှာ တည်ရှိပါတယ်။

Billiton ဟာ သတ္တုတွင်းကုမ္ပဏီတစ်ခုဖြစ်ပြီး ၁၈၆၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၉ ရက်နေ့မှာ နယ်သာလန်နိုင်ငံ The Hague မြို့ Groot Keizerhof ဟိုတယ်မှာ အစုရှယ်ယာရှင်တွေရဲ့အစည်းအဝေးတစ်ခုက ကုမ္ပဏီအတွက် သင်းဖွဲ့စည်းမျဉ်းတွေကို သဘောတူအတည်ပြုပြီး စတင်ခဲ့ပါတယ်။

Billiton ရဲ့ စတင်လုပ်ကိုင်တဲ့ လုပ်ငန်းတွေထဲမှာ နယ်သာလန်နိုင်ငံမှာ သံဖြူနဲ့ခဲအရည်ကျိုတဲ့ လုပ်ငန်းပါဝင်ပြီး ၁၉၄၀ ပြည့်လွန်နှစ်တွေမှာတော့ အင်ဒိုနီးရှားနဲ့ ဆူရီနမ်နိုင်ငံတွေမှာ ဘော်ဆိုဒ်တူးဖော်ရေးလုပ်ငန်း ပါဝင်လာခဲ့ပါတယ်။ ၁၉၇၀ ပြည့်နှစ်မှာ Shell ကုမ္ပဏီကြီးက ဝယ်ယူလိုက်တဲ့ Billiton ဟာ ဒီတိုးတက်မှုကို အရှိန်မြှင့်ပေးခဲ့ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာ နယ်သာလန်နိုင်ငံ Arnhem မြို့မှာရှိတဲ့ သံဖြူနဲ့ ခဲအရည်ကျိုစက်ကို ပိတ်ပစ်ခဲ့ပါတယ်။ Billiton ဟာ ထိုင်းနိုင်ငံ Phuke မြို့မှာ Thaisarco လို့ခေါ်တဲ့ သံဖြူအရည်ကျိုသန့်စင်စက်တစ်လုံးကို ပိုင်ဆိုင်ပါတယ်။ အဲဒီစက်ရုံဟာ အခုအချိန်အထိ ရှိနေပါသေးတယ်။

သူ့ရဲ့လက်ရွေးစဉ် အလူမီနီယံ၊ ကျောက်မီးသွေး၊ မက်ဂင်းနိစ်၊ နီကယ်နဲ့ ငွေသတ္တုပိုင်ဆိုင်မှုတွေအပေါ်မှာ အခြေခံပြီး လွတ်လပ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သတ္တုနဲ့ သတ္တုတွင်းကုမ္ပဏီတစ်ခုကို ဖန်တီးမယ်လို့ ၂၀၁၄ ခုနှစ် သြဂုတ်လ ၁၉ ရက်မှာ BHP Billiton က ကြေညာခဲ့ပါတယ်။ အဲဒီနောက်တစ်ဆက်တည်းမှာပဲ South32 လို့ခေါ်တဲ့ အဖွဲ့အစည်းကို အသစ်ခွဲခြားဖွဲ့စည်းပြီး စတော့ရှယ်ယာဒိုင်တွေမှာ ရှယ်ယာတွေ ထုတ်ရောင်းခဲ့ပါတယ်။

Billiton ဟာ မက္ကဆီကိုပင်လယ်ကွေ့က BP ရေနံတူးစင်အသစ်မှာ အမေရိကန်ဒေါ်လာ ၂.၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့ကြောင်း၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလမှာ ကြေညာခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာပဲ ချီလီနိုင်ငံ Escondida သတ္တုတွင်းမှာ ထုတ်လုပ်မှုတိုးချဲ့ဖို့ သူတို့ရဲ့အစီအစဉ် တစ်စိတ်တစ်ပိုင်းအနေနဲ့ BHP Billiton က သူ့ရဲ့ အထူးသတ်မှတ်ချက်တွေနဲ့ အလုပ်သမားတွေကိုရဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီသတ်မှတ်ချက်တွေကြောင့် အလုပ်သမားသပိတ်တစ်ခုပေါ်ပေါက်ခဲ့ပြီး ကုန်ပစ္စည်းတင်ပို့မှုနှစ်ခုကို အရေးပေါ်ကြေညာရပ်ဆိုင်းခဲ့ရတဲ့အတွက် ကြေးနီဈေးတွေ ၄ ရာခိုင်နှုန်း တက်သွားခဲ့ပါတယ်။

BHP

----

၂၀၁၇ ခုနှစ်၊ မေလမှာ အရင်က Billiton ရဲ့ပိုင်ဆိုင်မှုတွေ အများကြီးကို ရှင်းထုတ်ပြီးတဲ့အခါ BHP Billiton ဟာ ပထမပိုင်းမှာ သြစတြေးလျမှာနဲ့ နောက်ပိုင်းမှာ တစ်ကမ္ဘာလုံးမှာ သူ့ကိုယ်သူ BHP အဖြစ် ပြန်ပြီးနာမည်ပေးခဲ့ပါတယ်။ 'သြစတြေးလျကုမ္ပဏီကြီး' ဆိုတဲ့ ဆောင်ပုဒ်ကို 'ကြီးကြီးမားမားစဉ်းစားပါ' ဆိုတဲ့ ဆောင်ပုဒ်နဲ့ အစားထိုးခဲ့ပြီး ၂၀၁၇ ခုနှစ်၊ မေလအလယ်ပိုင်းမှာ ကြော်ငြာလှုပ်ရှားမှုတစ်ခုကို စလုပ်ခဲ့ပါတယ်။ BHP ပြင်ပရေးရာအရာရှိချုပ်ရဲ့အဆိုအရ ပြောင်းလဲမှုနဲ့ ပတ်သက်တဲ့လုပ်ငန်းကို ၂၀၁၅ ခုနှစ်မှာ စလုပ်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အမေရိကန်နိုင်ငံက နုန်းကျောက်ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းကို ရောင်းထုတ်ပစ်တော့မယ်လို့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ BHP က ကြေညာခဲ့ပါတယ်။

bhp3

ကော်ပိုရေးရှင်းရေးရာကိစ္စများ

---------------

သြစတြေးလျ BHP Billiton Limited နဲ့ ဗြိတိသျှ BHP Billiton plc တို့ဟာ သီးခြားရှယ်ယာရှင်အဖွဲ့အစည်းတွေအဖြစ်နဲ့ ရှယ်ယာတွေကို ထုတ်ရောင်းကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းလုပ်တဲ့နေရာမှာတော့ တူညီတဲ့ ဒါရိုက်တာအဖွဲ့တွေက စီမံခန့်ခွဲမှုအဖွဲ့တစ်ဖွဲ့တည်းရှိတဲ့ လုပ်ငန်းတစ်ခုအနေနဲ့ လုပ်ကိုင်ပါတယ်။ ကမ္ဘာလုံးနဲ့ဆိုင်တဲ့ BHP Billiton Group နဲ့ BHP Billiton Limited (Australia) တို့ရဲ့ ဌာနချုပ်ကိုတော့ သြစတြေးလျနိုင်ငံ Melbourne မြို့မှာထားရှိပါတယ်။ BHP Billiton plc ဟာ အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့မှာတည်ရှိပြီး BHP Billiton ဟာ အမေရိကန်နိုင်ငံ Houston မြို့၊ Santiago ၊ Perth ၊ Brisbane ၊ Kuala Lumpur ၊ Singapore နဲ့ Shanghai မြို့တွေမှာလည်း ရုံးတွေထားရှိပါတယ်။ BHP ဟာ နိုင်ငံပေါင်း ၂၅ နိုင်ငံကျော်မှာ သတ္တုတူးဖော်ရေး၊ ပြုပြင်ထုတ်လုပ်ရေး၊ ရေနံနဲ့ ဓာတ်ငွေ့ထုတ်လုပ်ရေးလုပ်ငန်းတွေကို ခန့်မှန်းခြေအားဖြင့် အလုပ်သမားပေါင်း ၄၁,၀၀၀ လောက်နဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နေပါတယ်။

ဒီကုမ္ပဏီမှာ အဓိလုပ်ငန်းဌာနခွဲကြီးလေးခုရှိပြီး ပဉ္စမမြောက်လုပ်ငန်းဌာနခွဲကိုတော့ စိတ်ကြိုက်ရွေးချယ်ပြီး လုပ်ပါတယ်။ အဲဒီလုပ်ငန်းတွေကတော့-

- ကျောက်မီးသွေး

- ကြေးနီ

- သံရိုင်း

- ရေနံ

- ပိုတက် တို့ပဲ ဖြစ်ပါတယ်။

၂၀၁၅ ဘဏ္ဍာရေးနှစ်အကုန်မှာ BHP Billiton ဟာ ရေနံစည်ပေါင်း ၂၅၆ သန်းကျော်၊ ကြေးနီတန်ချိန် ၁.၇ သန်း၊  သံရိုင်းတန်ချိန် ၂၃၃ သန်း၊ သတ္တုကျောက်မီး သွေးတန်ချိန် ၄၃ သန်းနဲ့ စွမ်းအင်ကျောက်မီးသွေးတန်ချိန် ၄၁ သန်း ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီအပြင် ဒီကုမ္ပဏီမှာ လက်အောက်ခံဖြစ်တဲ့ BHP Transport and Logistics Pty Ltd နဲ့ BHPB Freight Pty Ltd.ဆိုတဲ့ ထောက်ပံ့ပို့ဆောင်ရေးကုမ္ပဏီတွေလည်း ရှိပါတယ်။

လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှု

------------

ကျောက်ဖြစ်ရုပ်ကြွင်းလောင်စာထုတ်လုပ်ရောင်းဝယ်တဲ့အတွက် စက်မှုခေတ်ကြီးရဲ့အစပိုင်းကာလကတည်းက ထုတ်လွှတ်ခဲ့တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့တွေရဲ့ သုံးပုံနှစ်ပုံအတွက် တာဝန်ရှိတဲ့ ကုမ္ပဏီပေါင်းကိုးဆယ်ရဲ့ စာရင်းထဲမှာ BHP Billiton ကို ထည့်ထားပါတယ်။ ၂၀၁၀ ပြည့်နှစ်အထိ ဒီကုမ္ပဏီရဲ့ထုတ်လွှတ်မှုဟာ ခန့်မှန်းခြေအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ် တန်ချိန် ၇,၆၀၆ သန်းရှိပြီး ၁၇၅၁ ခုနှစ် က ၂၀၁၀ ပြည့်နှစ်အထိ တစ်ကမ္ဘာလုံးကစက်မှုလုပ်ငန်းတွေရဲ့ ထုတ်လွှတ်မှုရဲ့ ၅၂ ရာခိုင်နှုန်းရှိတဲ့အတွက် ကမ္ဘာကို ညစ်ညမ်းမှုအဖြစ်စေဆုံး ကော်ပိုရေးရှင်းကြီးတွေရဲ့စာရင်းမှာ နံပါတ် ၁၉ ချိတ်ပါတယ်။ BHP Billiton က စီမံခန့်ခွဲသူတွေရဲ့အဆိုအရ ဒီထုတ်လွှတ်မှုတွေရဲ့ ၁၀ ရာခိုင်နှုန်းဟာ တိုက်ရိုက်လုပ်ငန်း လုပ်ကိုင်မှုတွေဆီကလာပြီး ၉၀ ရာခိုင်နှုန်းကတော့ ကုမ္ပဏီကရောင်းလိုက်တဲ့ပစ္စည်းတွေဆီက လာတာဖြစ်ပါတယ်။ BHP Billiton ဟာ ၁၉၉၆ ခုနှစ်ကစပြီး သူ့ရဲ့ဖန်လုံအိမ်ဓာတ်ငွေ့ တိုက်ရိုက်ထုတ်လွှတ်မှုကို သူ့ရဲ့ဆန္ဒအလျောက်သတင်းပို့ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ BHP Billiton ဟာ သြစတြေးလျနိုင်ငံမှာ ကာဗွန်ဈေးနှုန်းသတ်မှတ်မှုကို ဆန့်ကျင်ဖို့ မဲဆွယ်ခဲ့တဲ့အတွက် ပြစ်တင်ဝေဖန်ခြင်းခံခဲ့ရပါတယ်။

BHP Billiton ဟာ အခွန်မကောက်ခင်ရရှိတဲ့ အမြတ်ရဲ့ ၁ ရာခိုင်နှုန်းကို လူထုရေးရာအစီအစဉ်တွေမှာ သူ့ရဲ့ဆန္ဒအလျောက် လှူဒါန်းခဲ့ပါတယ်။ BHP Billiton ကော်ပိုရေးရှင်းပရဟိတအဖွဲ့အစည်းတွေထဲမှာ ထည့်ပေးခဲ့တဲ့ အမေရိကန်ဒေါ်လာသန်းတစ်ရာအပါအဝင် လူထုရေးရာလှူဒါန်းမှုပေါင်းဟာ အမေရိကန်ဒေါ်လာ ၂၄၁.၇ သန်းရှိပါတယ်။ BHP Billiton ဟာ 'သြစတြေးလျဇီဝဗေဒအရင်းအမြစ်လေ့လာရေးအဖွဲ့' နဲ့ 'သြစတြေးလျကမ္ဘာကြီး စောင့်ကြည့်ရေးအဖွဲ့' က လုပ်ကိုင်နေတဲ့ Bush Blitz အဖွဲ့ကြီးကို ပူးတွဲတည်ထောင်သူနဲ့ ရန်ပုံငွေပူးတွဲထည့်ဝင်သူဖြစ်ပါတယ်။

ဇော်ဝင်းကြူ (ပျဉ်းမနား)