အမေရိကန်ပြည်ထောင်စုတွင် တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးသမားဆုကိုပေးသော အဖွဲ့အစည်းနှစ်ရပ်ရှိပါသည်။ ပီဂျီအေတိုး (PGA Tour) နှင့် ပီဂျီအေ (Professional Golfers Association of America) တို့ ဖြစ်ကြသည်။ ပီဂျီအေတိုးက တိုးပရို (Tour Pro) များ၏ အဖွဲ့အစည်းဖြစ်ပြီး ပီဂျီအေက ကလပ်ပရို (Club Pro) များ၏ အဖွဲ့အစည်းဖြစ်သည်။ တိုးပရိုများသည် နှစ်ဖွဲ့စလုံးသို့ အသင်းဝင်ထားကြရပါသည်။
ပီဂျီအေသည် ၁၉၁၆ ခုနှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့သည်။ ပီဂျီအေတိုးကမူ ၁၉၆၈ ခုနှစ်တွင်မှ ပီဂျီအေအဖွဲ့အစည်းမှ ခွဲထွက်ဖွဲ့စည်းခဲ့ခြင်း ဖြစ်ပါသည်။ ပီဂျီအေတိုး၏တစ်ရာသီသည် ယခင်ကပြက္ခဒိန်နှစ်အတိုင်း တစ်နှစ်တာဖြစ်ခဲ့သော်လည်း ယနေ့အခါတွင်မူ ပြက္ခဒိန်နှစ်အတိုင်းမဟုတ်တော့ပါ။ နှစ်စဉ်အောက်တိုဘာလတွင် စတင်ပြီး နောင်နှစ်စက်တင်ဘာလတွင် တစ်ရာသီကုန်ဆုံးပါသည်။ တစ်နှစ်တာအကောင်းဆုံးဂေါက်သီးသမား သို့မဟုတ် တစ်ရာသီအကောင်းဆုံးဂေါက်သီးသမားကို ရွေးချယ်ရာတွင် ပီဂျီအေက အမှတ်ဖြင့် ရွေးချယ်ပြီး ပီဂျီအေတိုးက အသင်းသားများ၏ မဲဖြင့် ရွေးချယ်ပါသည်။
၂၀၁၆-၂၀၁၇ ခုနှစ် ရာသီ၏ အပြီးသတ်ပြိုင်ပွဲမှာ ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့က ပြီးခဲ့သော Tour Championship ဖြစ်ပါသည်။ ရာသီပိတ်သည်နှင့် အပြီးသတ်အမှတ်များက ထွက်ပေါ်လာပြီး ယခုရာသီ၏ အကောင်းဆုံးဂေါက်သီးသမားကို ပီဂျီအေက ကြေညာနိုင်ခဲ့ပါသည်။ တစ်ရာသီလုံးအပေါ် ပီဂျီအေက အမှတ်ပေးပုံမှာ ဤသို့ပါ။ မေဂျာပွဲကြီးတစ်ပွဲဗိုလ်စွဲလျှင် အမှတ်သုံးဆယ်၊ The Players Championship ဗိုလ်စွဲလျှင် အမှတ်နှစ်ဆယ်၊ ကျန်ပီဂျီအေတိုးတစ်ပွဲဗိုလ်စွဲတိုင်း တစ်ဆယ်မှတ် ပေးထားသည့်အပြင် ရာသီကုန်ဆုကြေးအများဆုံး လူအဆင့်ဇယားနှင့် ရာသီကုန်တစ်နှစ်တာ ပျမ်းမျှရိုက်ချက်အဆင့်ဇယားနှစ်ခုတို့၌ ထိပ်ဆုံးဆယ်ဦးအတွင်း ဝင်ပြန်ပါလျှင်လည်း နံပါတ် ၁၀ ချိတ်ပါက အမှတ်နှစ်မှတ်ရကာ အမှတ်များ အဆင့်အလိုက် တိုးပေးသွားပြီး နံပါတ်တစ်ချိတ်ပါက အမှတ်နှစ်ဆယ်ပေးပါသည်။ အထက်ဖော်ပြပါ အမှတ်များပေါင်းလိုက်၍ အမှတ်အများဆုံးရသူက ဤရာသီအတွက် အကောင်းဆုံးဂေါက်သီးသမား ဖြစ်ပါမည်။
မဲဖြင့်ရွေးချယ်သော ပီဂျီအေတိုးက တစ်ရာသီ အကောင်းဆုံးဂေါက်သီးသမားပဏာမလူစာရင်းကို မဲပေးခွင့်ရှိသော အသင်းသားများထံ စက်တင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ပေးပါသည်။ မဲပေးခွင့်ရှိသူများမှာ ဤရာသီတွင် ပီဂျီအေတိုးပြိုင်ပွဲအနည်းဆုံး ၁၅ ပွဲ ကစားခဲ့ကြသူများသာ ဖြစ်ပါသည်။ ပဏာမလူစာရင်းတွင် လေးဦးပါဝင်ပါသည်။ ပီဂျီအေချန်ပီယံရှစ်ပ်မေဂျာပွဲကြီးအပါအဝင် ဤရာသီတွင် ငါးပွဲဗိုလ်စွဲခဲ့ပြီး ဖက်ဒိတ်စ်ဖလားအပိုဆု ဒေါ်လာဆယ်သန်းရခဲ့သူ ဂျပ်စ်တင်တွမ်မတ်စ်၊ WGC Series ဝင်ပြိုင်ပွဲကြီးနှစ်ခု အပါအဝင် ဤရာသီတွင် လေးပွဲဗိုလ်စွဲခဲ့သူ လက်ရှိကမ္ဘာ့အဆင့် ၁ နှင့် ယမန်နှစ်က အကောင်းဆုံး ဂေါက်သီးသမားဖြစ်ခဲ့သူ ဒပ်စ်တင်းဂျွန်ဆင်၊ ဗြိတစ်ရှ်အိုး ပင်းမေဂျာပွဲကြီးအပါအဝင် ဤရာသီတွင် သုံးပွဲဗိုလ်စွဲထားပြီး ၂၀၁၅ ခုနှစ်က အကောင်းဆုံးဂေါက်သီးသမားဆုရခဲ့သူ ဂျော်ဒန်စပိသ်နှင့် WGC Series ဝင်ပြိုင်ပွဲကြီးနှစ်ခုအပါအဝင် ဤရာသီတွင် သုံးပွဲဗိုလ်စွဲခဲ့သူ ဂျပန်ပရိုဟိဒဲခိမာဆုယားမားတို့ဖြစ်ကြသည်။
၂၀၁၇ ခုနှစ်၏ အခြားမေဂျာပွဲကြီးချန်ပီယံနှစ်ဦးဖြစ်သော မာစတာပြိုင်ပွဲကြီးဗိုလ်စွဲသူစပိန်မှ ဆာဂျီယိုဂါစီယာနှင့် ယူအက်စ်အိုးပင်းဗိုလ်စွဲသူ ဘရွတ်စ်ကက်ပ်ကာတို့မှာမူ ယခုရာသီတွင် အဆိုပါ ပီဂျီအေတိုးပြိုင်ပွဲတစ်ပွဲသာ ဗိုလ်စွဲနိုင်ခဲ့ကြသဖြင့် ပဏာမစာရင်း၌ မပါခဲ့ကြပါ။
ဤရာသီ၌ ဗိုလ်စွဲမှုအကြိမ်အများဆုံးလူဖြစ်သော ဂျပ်စ်တင်တွမ်မတ်စ်၏ ဂေါက်သီးဘဝလမ်းရော ဤရာသီဖြစ်စဉ်တို့ပါ စိတ်ဝင်စားစရာကောင်းလှပါသည်။ ဤရာသီအကြောင်းလေး စတင်တင်ပြပါမည်။ ရာသီအစပိုင်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့တွင် CIMB Classic အား သူစတင်ဗိုလ်စွဲခဲ့သည်။ ဒုတိယရသူက ဂျပန်ပရို ဟိဒဲခိမာဆုယားမားပါ။ မာဆုယားမားသည် ဆက်လာသော ရက်သတ္တပတ် အောက်တိုဘာလ ၃၀ ရက်နေ့၌ WGC HSBC Champions ပြိုင်ပွဲဗိုလ်စွဲနိုင်ခဲ့ပါသည်။ သူသည် အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ဂျပန်တိုး၏ Japan Open ဗိုလ်စွဲခဲ့သေးပါသည်။ နိုဝင်ဘာလ ၁၃ ရက်နေ့၌ မာဆုယားမားသည် ဂျပန်တိုး၏ အခြားတစ်ပွဲဖြစ်သော Taiheiyo Masters ဗိုလ်စွဲပြန်ပါသည်။ ဒီဇင်ဘာလ ၄ ရက်နေ့တွင် သူသည် တိုက်ဂါး၏ပွဲဖြစ်သော Hero World Challenge ဗိုလ်စွဲခဲ့ပြန်သည်။ ဤပွဲမှာ ပီဂျီအေတိုးပွဲအမည်တော့ မပေါက်ပါ။ မည်သို့ပင်ဖြစ်စေ မာဆုယားမားသည် ထိုကာလက လက်အလွန်ကောင်းနေခဲ့ကြောင်း ပေါ်လွင်နေခဲ့ပါသည်။ သူက ကမ္ဘာ့အဆင့်တွင် ဆဋ္ဌမနေရာသို့ တက်ရောက်လာသည်။ သူသည် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၅ ရက်နေ့၌ ပီဂျီအေတိုး၏ Waste Management Phoenix Open ဗိုလ်စွဲပြန်ရာ ကမ္ဘာ့အဆင့် ၅ ဖြစ်လာသည်။ နောက်ပိုင်းတွင် ဗိုလ်မစွဲနိုင်ခဲ့စဉ်မှာပင် ၂၀၁၇ ဇွန်လလယ် ယူအက်စ်အိုပင်းမေဂျာပွဲကြီး၌ ဒုတိယရလိုက်သောအခါ ကမ္ဘာ့အဆင့် ၂ ပင်ဖြစ်လာပါသည်။
ဂျပ်စ်တင်တွမ်မတ်စ်အကြောင်း ဆက်ရပါဦးမည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့မှ ၈ ရက်နေ့အထိ ပီဂျီအေတိုး၏ SBS Tournament of Champions ပြိုင်ပွဲကျင်းပပါသည်။ ဤပွဲမှာ ယမန်နှစ်က ချန်ပီယံရသူများသာ ဝင်ခွင့်ရသောပွဲပါ။ ထိုပွဲတွင် တွမ်မတ်စ်ဗိုလ်စွဲနိုင်ခဲ့သည်။ ဒုတိယရသူက မာဆုယားမားဖြစ်နေပြန်ပါသည်။ အဆိုပါပွဲမှာ အမေရိကန်ပြည်ထောင်စု၊ ဟဝိုင်ယီ၌ ကျင်းပခဲ့ခြင်းပါ။ ထိုပွဲအပြီး ဆက်လာသော ရက်သတ္တပတ်တွင်လည်း ဟဝိုင်ယီ၌ပင် Sony Open ကျင်းပခဲ့ပါသည်။ ပီဂျီအေတိုး၏ ဟဝိုင်ယီပြည်နယ်၌ ကျင်းပသော ထိုနှစ်ပွဲဆက်တိုက်အား Hawaii Swing ဟုခေါ်ပါသည်။
ဇန်နဝါရီလ ၁၂ ရက်နေ့၌ စတင်ကျင်းပသော အဆိုပါ Sony Open တွင် ပထမကွင်းပတ်၌ တွမ်မတ်စ်က ၅၉ ချက်စကိုးကို ရိုက်နိုင်ခဲ့သည်။ ပါအချက် ၇၀ ကွင်း ဖြစ်သည့်အတွက် တစ်နေ့တည်း ၁၁ ချက်လျော့ရခဲ့ခြင်းပါ။ ပီဂျီအေတိုးရာဇဝင်၌ ၅၉ ချက်စကိုးရဖူးကြသူများမှာ တွမ်မတ်စ်အပါအဝင် ခုနစ်ဦးသာရှိသေးပါသည်။ ထို့ထက်ပိုလျော့နည်းသော ၅၈ ချက်စကိုးရဖူးသူဟူ၍ ဂျင်မ်ဖျူးရစ်ခ်တစ်ဦးသာရှိခဲ့ပါသည်။ ၂၀၁၆ ခုနှစ် သြဂုတ်လ ၄ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပခဲ့သော Travelers Championship ၏ နောက်ဆုံးကွင်းပတ်တွင် ရိုက်နိုင်ခဲ့ခြင်းပါ။ သို့သော် ဖျူးရစ်ခ်သည် ဗိုလ်မစွဲနိုင်ခဲ့ပါ။ နောက်ဆုံးနေ့တွင် ၁၂ ချက်လျော့ ၅၈ ချက်ရခဲ့သော်လည်း ပထမသုံးရက်က စကိုးမကောင်းခဲ့သဖြင့် လေးရက်ပေါင်း ၁၁ ချက်လျော့ဖြင့် ဗိုလ်စွဲသူနောက်သုံးချက်အကွာတွင် အဆင့်ပူးတွဲ ၅ သာ သူချိတ်နိုင်ခဲ့ပါသည်။
ဂျပ်စ်တင်တွမ်မတ်စ်သည် အထက်ဖော်ပြပါ Sony Open ၌ ပထမနေ့မှစကာ ဦးဆောင်ခဲ့ပြီးနောက် နေ့တိုင်းနေ့တိုင်းတွင်လည်း ဦးဆောင်သူဆက်ဖြစ်ခဲ့ကာ လေးရက်အပြီးတွင် ပေါင်း ၂၇ ချက်လျော့ဖြင့် ဒုတိယရသူ ဂျပ်စ်စတင်ရို့စ်အပေါ် ခုနစ်ချက်ဖြတ်ကာ ဗိုလ်စွဲခဲ့ပါသည်။ သူ၏ ၂၇ ချက်လျော့ ၂၅၃ ချက် စကိုးသည်လည်း ပီဂျီအေတိုးပွဲများရာဇဝင်၌ စံချိန်သစ်ဖြစ်လာပါသည်။ အသက် ၂၃ နှစ်သာရှိသေးသော တွမ်မတ်စ်အတွက် ၅၉ ချက်ရိုက်နိုင်သူများအတွင်း အသက်အငယ်ဆုံးလည်း ဖြစ်ပါသည်။ Hawaii Swing ဟုခေါ်သော ဟဝိုင်ယီပြည်နယ်၌ ကျင်းပသည့် ပီဂျီအေတိုးနှစ်ပွဲဆက်တိုက်ဗိုလ်စွဲသူဟူ၍ ယခင်က ၂၀၀၃ ခုနှစ်တွင် လုပ်ဆောင်နိုင်ခဲ့သူ အာနီအဲလ်စ်တစ်ဦးသာရှိခဲ့ပါသည်။ ယခုတွမ်မတ်စ်က ဒုတိယမြောက်ပါ။ ဤအောင်ပွဲကြောင့် တွမ်မတ်စ်သည် ကမ္ဘာ့ဂေါက်သီးသမားအဆင့်တွင် အမှတ်စဉ် ၈ သို့ ရောက်ရှိလာပါသည်။
တွမ်မတ်စ်နှင့် ခင်မင်လှသော လက်ရှိကမ္ဘာ့အဆင့် ၂ နှင့် ယမန်နှစ်က ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးသမားဖြစ်ခဲ့သူ ဂျော်ဒန်စပိသ်မှာ ဤရာသီ၌ တွမ်မတ်စ်သုံးပွဲ ဗိုလ်စွဲပြီးသည့်တိုင် တစ်ပွဲမှ ဗိုလ်မစွဲနိုင်ခဲ့သေးပါ။ သူက ဖေဖော်ဝါရီလတွင်မှ AT & T Pebble Beach Pro-Am ပွဲ၌ စတင်အောင်ပွဲရခဲ့သည်။ ဇွန်လတွင် Travelers Championship ၌ ဒုတိယအောင်ပွဲရခဲ့ပြီး ဇူလိုင်လ၌ ဗြိတစ်ရှ်အိုးပင်း မေဂျာပွဲကြီးအား ဗိုလ်စွဲလိုက်သည့်အခါ တွမ်မတ်စ်နှင့် အောင်ပွဲအရေအတွက်ချင်း သုံးပွဲစီတူညီသွားခဲ့ပါသည်။ သို့သော် စပိသ်က မေဂျာပွဲကြီးတစ်ပွဲပါဝင်နေသဖြင့် တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးသမားဆုအား စပိသ်ပင်ရလိမ့်မည်ဟု ထိုအချိန်က အများခန့်မှန်းခဲ့ကြသည်။
သူတို့နှစ်ဦးသည် ငယ်စဉ်ကတည်းက ဂေါက်ရိုက်ဖက် သက်တူရွယ်တူ သူငယ်ချင်းများဖြစ်ခဲ့ကြသည်။ ၎င်းတို့ ၁၃ နှစ်သားအရွယ်က ၂၀၀၇ ခုနှစ် All Stars Junior ဟုခေါ်သော အဓိကဂျူနီယာပြိုင်ပွဲတစ်ခုတွင် ပထမနေ့၌ နှစ်ဦးစလုံး ၆၈ ချက်ရိုက်ကာ ပြိုင်ပွဲကို ဦးဆောင်ခဲ့ကြပြီး ဒုတိယနှင့် နောက်ဆုံးနေ့တွင်မူ တွမ်မတ်စ်က ၇၆ ချက်သာ ရိုက်နိုင်သဖြင့် စပိသ်ဗိုလ်စွဲသွားခဲ့သည်။ နောက်ငါးနှစ်အကြာ ၂၀၁၂ ခုနှစ် အမေရိကန်တက္ကသိုလ်နှင့် ကောလိပ်ပေါင်းစုံဂေါက်သီးပြိုင်ပွဲတွင်လည်း တွမ်မတ်စ်သည် စပိသ်ကို ရှုံးခဲ့သဖြင့် စပိသ်တို့ Longhorns တက္ကသိုလ်အသင်းက တွမ်မတ်စ်တို့ Crimson Tide Cha-pman တက္ကသိုလ်အသင်းကို အနိုင်ရပြီး ပြိုင်ပွဲကြီးအား ဗိုလ်စွဲခဲ့ပြန်သည်။
သူတို့နှစ်ဦးသည် အမေရိကန်လက်ရွေးစင်အဖြစ် နိုင်ငံတကာပွဲလည်း ယှဉ်ပြိုင်ခဲ့ဖူးကြသည်။ ၂၀၀၇ ခုနှစ်က ပြင်သစ်တွင် ကျင်းပခဲ့သော Evian Masters Junior Cup ပြိုင်ပွဲတွင် ဖြစ်ပါသည်။ ထိုပွဲသို့တစ်နိုင်ငံမှ လေးဦးပါဝင်ကြရသည်။ ယောကျ်ားလေးနှစ်ဦးနှင့် မိန်းကလေးနှစ်ဦးဖြစ်သည်။ အသက် ၁၄ နှစ်ထက် မကျော်လွန်ကြရပါ။ အမေရိကန်လက်ရွေးစင်များမှာ စပိသ်၊ တွမ်မတ်စ်၊ အဲရစ်လီးနှင့် ဂရေ့စ်နားတို့ ဖြစ်ကြသည်။ သူတို့ဗိုလ်တော့ မစွဲခဲ့ကြပါ။ ဂျပန်နှင့် စပိန်တို့နောက်တွင် တတိယသာရခဲ့သည်။ တွမ်မတ်စ်က ယောကျ်ားလေးပွဲတွင် ဒုတိယချိတ်ခဲ့သည်။
၂၀၁၂ ခုနှစ်တွင် စပိသ်က ပရိုပြောင်းခဲ့ပြီး တွမ်မတ်စ်က ၂၀၁၃ ခုနှစ်တွင်မှ ပရိုပြောင်းခဲ့သည်။ စပိသ်က ပရိုပြောင်းပြီးစနှစ်တွင်ပင် ပီဂျီအေတိုးအောင်ပွဲစတင်ရခဲ့ပြီး ယမန်နှစ်ရာသီကုန်အထိ မေဂျာပွဲကြီးနှစ်ပွဲ အပါအဝင် ပီဂျီအေတိုးရှစ်ပွဲ ဗိုလ်စွဲထားပြီးဖြစ်သည်။ တွမ်မတ်စ်ကမူ ယမန်နှစ်ရာသီကုန်အထိ စုစုပေါင်းတစ်ပွဲသာ ဗိုလ်စွဲနိုင်ခဲ့ပါသည်။ စပိသ်က ပြီးခဲ့သမျှ ဂေါက်သီးသက်တမ်းတွင် တွမ်မတ်စ်ထက် များစွာသာလွန်နေခဲ့ပါသည်။
ယခုရာသီ၏ နှောင်းပိုင်းကာလကို ဆက်လက်တင်ပြပါမည်။ သြဂုတ်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျင်းပမည့် ယခုနှစ်၏ နောက်ဆုံးမေဂျာပွဲကြီးဖြစ်သော ပီဂျီအေချန်ပီယံရှစ်ပ်မတိုင်မီကပ်လျက် ရက်သတ္တပတ်တွင် WGC-Bridgestone Invitational ပြိုင်ပွဲကျင်းပခဲ့ပါသည်။ ထိုပွဲ၌ မာဆုယားမားဗိုလ်စွဲနိုင်ခဲ့ရာ မာဆုယားမားက ယခုနှစ်ရာသီတွင် ပီဂျီအေတိုးသုံးပွဲနှင့် ပီဂျီအေတိုး အမည်မပေါက်သော်လည်း ကမ္ဘာ့အဆင့်အမှတ်များပေးသည့် တိုက်ဂါး၏ပွဲတစ်ပွဲ လေးပွဲဗိုလ်စွဲသူ ဖြစ်လာပါသည်။ သူနှင့်အတူ ဖေဖော်ဝါရီလနှင့် မတ်လက ပါဝင်ကစားသော သုံးပွဲဆက်တိုက်ဗိုလ်စွဲပြီး ကမ္ဘာ့နံပါတ် ၁ ဖြစ်လာသူ ဒပ်စ်တင်းဂျွန်ဆင်၊ တခြားသုံးပွဲစီ ဗိုလ်စွဲထားကြသည့် တွမ်မတ်စ်နှင့် စပိသ်တို့သည် တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးသမားဆုအတွက် ပိုမို၍အကြိတ်အနယ် ဖြစ်လာခဲ့ကြသည်။
သြဂုတ်လ ၁၀ ရက်နေ့တွင် ပီဂျီအေချန်ပီယံရှစ်ပ် မေဂျာပွဲကြီးစတင်ပါသည်။ သုံးရက်အပြီးတွင် ကယ်ဗင်ကစ်နာက ခုနစ်ချက်လျော့ဖြင့် ဦးဆောင်နေပြီး မာဆုယားမားက ခြောက်ချက်လျော့၊ တွမ်မတ်စ်က ငါးချက်လျော့ဖြင့် ကပ်လိုက်နေပါသည်။ စပိသ်က သုံးချက်ပို၊ ဒပ်စ်တင်းဂျွန်ဆင်က လေးချက်ပိုသာ ရထားကြသည်။ မာဆုယားမားက နောက်ဆုံးနေ့တွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးဖြစ်နေခဲ့ပါသည်။ နောက်ဆုံးနေ့၌ သူတို့နှစ်ဦးသည် ဒုတိယနောက်ဆုံးအတွဲတွင် အတူကစားခဲ့ကြရသည်။ ပထမကော်နာအပြီးတွင် မာဆုယားမားက ပြိုင်ပွဲဦးဆောင်သူဖြစ်လာပြီး တွမ်မတ်စ်က တစ်ချက်အကွာတွင် ရှိနေသည်။
ကျင်း ၁၀ ပါဖိုက်၌ တွမ်မတ်စ်ကံကောင်းမှုနှစ်ကြိမ် ဖြစ်ခဲ့ပါသည်။ ပထမတစ်ကြိမ်မှာ သူ့တီရှော့တ်သည် သစ်ပင်ထဲ ဝင်သွားပြီးမှ ဖဲဝေးသို့ ပြန်စင်လွင့်ထွက်လာခြင်းပါ။ ဂရင်းပေါ်၌ မာဆုယားမားက ဘာဒီရခဲ့ပြီးနောက် သူက ခုနစ်ပေဘာဒီပတ်သွင်းရာတွင် သူ့ဂေါက်သီးက ကျင်းနှုတ်ခမ်းတွင် တင်နေခဲ့ပါသည်။ သူလမ်းလျှောက်သွား၍ တို့ချမည်အလုပ်တွင် ဂေါက်သီးက အလိုလို ကျင်းထဲပြုတ်ကျသွားသဖြင့် ဘာဒီရသွားပါသည်။ ထို့ကြောင့် သူကတစ်ချက်အကွာ၌ရှိဆဲ ဖြစ်ခဲ့ပါသည်။
မာဆုယားမားက ကျင်း ၁၁၊ ၁၂၊ ၁၃ သုံးကျင်းဆက် ဘိုဂီများဖြစ်ခဲ့ပြီး တွမ်မတ်စ်သည် ကျင်း ၁၃ ပါသရီးတွင် ဂရင်းအပြင်မှ ချစ်ပ်အင်ဘာဒီရသောအခါ ဦးဆောင်သူဖြစ်လာသည်။ မာဆုယားမားက ကျင်း ၁၄ နှင့် ၁၅ တို့တွင် ဘာဒီများပြန်ရသည့်အခါ တွမ်မတ်စ်နှင့် တစ်ချက်အကွာသို့ ပြန်ရောက်လာခဲ့သည်။ ကျင်း ၁၆ ၌ မာဆုယားမား၏ လေးပေခွဲပါပတ်သည် ကျင်းကို ရစ်ထွက်သွားခဲ့ရာ နှစ်ချက်ပြန်ကွာခဲ့သည်။ ကျင်း ၁၇ ၌ တွမ်မတ်စ်ဘာဒီရပြန်ရာ သူက ပေါင်းကိုးချက်လျော့သို့ရောက်ခဲ့ပြီး သုံးချက်သာခဲ့ပါသည်။ နောက်ဆုံးကျင်းတွင် မာဆုယားမားရေထဲကျပြီး ဘိုဂီပါသွားကာ ငါးချက်လျော့သာကျန်ပြီး အဆင့်ပူးတွဲပဉ္စမသာ ချိတ်နိုင်ခဲ့သည်။ တွမ်မတ်စ်ကလည်း ဖဲဝေးနံဘေး ဘန်ကာထဲသို့ တီရှော့တ်ကျကာ ဘိုဂီပါခဲ့ပါသည်။ သို့သော် သူက နှစ်ချက်အသာဖြင့် ဗိုလ်စွဲနိုင်ခဲ့ပါသည်။ ဒပ်စ်တင်းဂျွန်ဆင်က အဆင့်ပူးတွဲ ၁၃ နှင့် စပိသ်က အဆင့်ပူးတွဲ ၂၈ သာ ချိတ်ခဲ့ကြသည်။ ဤနောက်ဆုံးနေ့မှာ လက်ရှိလက်အကောင်းဆုံးနှစ်ဦး၏ အကြိတ်အနယ်ပြိုင်ဆိုင်မှု ဖြစ်ခဲ့ပါသည်။ တွမ်မတ်စ်သည် ဤရာသီတွင် မေဂျာပွဲကြီးတစ်ပွဲအပါအဝင် လေးပွဲဗိုလ်စွဲသူ ဖြစ်လာပါသည်။
ယင်းနောက်ပိုင်းတွင် ရာသီပိတ်ဖက်ဒိတ်စ်ဖလား အပြီးသတ်ပြိုင်ပွဲလေးပွဲသာ ကျန်ပါသည်။ အပြီးသတ် လေးပွဲ၏ ပထမပွဲဖြစ်သော The Northern Trust (သြဂုတ် ၂၄-၂၇) ပြိုင်ပွဲတွင် ဒပ်စ်တင်းဂျွန်ဆင် ဗိုလ်စွဲနိုင်ခဲ့ရာ ကမ္ဘာ့နံပတ် ၁ နေရာအား ဖေဖော်ဝါရီလကတည်းက ရရှိထားနိုင်သောသူ့အတွက် ပိုမိုခိုင်မာသွားစေခဲ့ပါသည်။ ထို့အပြင် သူသည်လည်း ဤရာသီတွင် လေးကြိမ်ဗိုလ်စွဲသူဖြစ်လာပြန်ပါသည်။ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးသမားဆု မည်သူရမည်ဆိုသည်မှာ ပို၍ပင်စိတ်ဝင်စားစရာဖြစ်လာပါသည်။ စပိသ်က ဂျွန်ဆင်နောက်တွင် ဒုတိယရခဲ့သည်။
ရာသီပိတ်လေးပွဲ၏ ဒုတိယပွဲဖြစ်သော Dell Technologies Ch (စက်တင်ဘာလ ၁-၄) တွင် တွမ်မတ်စ်နှင့် စပိသ်တို့ အကြိတ်အနယ်အပြိုင်အဆိုင်ဖြစ်ခဲ့ကြသဖြင့် ပရိသတ်များအကြိုက်ဖြစ်ခဲ့ပါသည်။ ပြိုင်ပွဲမှာ လေဘာဒေးရုံးပိတ်ရက်တနင်္လာနေ့တွင် နောက်ဆုံးနေ့ကွင်းပတ်ကစားခဲ့ကြရသည်။ တနင်္ဂနွေနေ့ တတိယကွင်းပတ်တွင် တွမ်မတ်စ်က ရှစ်ချက်လျော့ ၆၃ ချက်ရိုက်နိုင်ခဲ့ပြီး သုံးရက်ပေါင်း ၁၂ ချက်လျော့ ဖြစ်လာကာ မတ်ခ်လိရှ်မင်န်နှင့်အတူ ပူးတွဲဦးဆောင်နိုင်ခဲ့သည်။ စပိသ်က ပေါင်းဆယ်ချက်လျော့တွင် ရှိနေသည်။
နောက်ဆုံးနေ့တွင် စပိသ်သည် တာထွက်အလွန်ကောင်းခဲ့သည်။ ဘာဒီ-အီဂယ်-ဘာဒီ-ဘာဒီဖြင့် ပထမလေးကျင်းအား ငါးချက်လျော့ရိုက်နိုင်ခဲ့ရာ ဦးဆောင်သူ ဖြစ်လာခဲ့သည်။ မကြာမီ တွမ်မတ်စ်နှင့်အတူ နောက်ဆုံးအတွဲမှ ကစားနေသောလိရှ်မင်န်က ပထမကော်နာအား ခြောက်ချက်လျော့ရိုက်နိုင်ခဲ့ပြန်ပြီး နှစ်ချက်အသာပေါင်း ၁၈ ချက်လျော့ဖြင့် ဦးဆောင်သူဖြစ်လာပြန်သည်။ သို့သော် လိရှ်မင်န်သည် ဒုတိယကော်နာ၌ လက်ပျက်သွားပြီး ငါးချက်ပိုသာရခဲ့ရာ တတိယသာချိတ်နိုင်ပါတော့သည်။
စပိသ်က ကျင်း ၁၃ တွင် ဘာဒီရသည့်အခါ ပေါင်းဆယ့်ခြောက်ချက်လျော့သို့ ရောက်လာသည်။ တွမ်မတ်စ်လည်း ပထမကော်နာတွင် လေးချက်လျော့ရပြီး ၁၆ ချက်လျော့ဖြစ်လာသည်။ ဒုတိယကော်နာ၌ ကျင်း ၁၁ တွင် ဘိုဂီပါသွားသော်လည်း ကျင်း ၁၃ တွင် ဘာဒီပြန်ရသည့်အခါ စပိသ်နှင့်အတူ ပူးတွဲဦးဆောင်သူဖြစ်ခဲ့ပါသည်။ ငါးကျင်းသာကျန်ပါတော့သည်။ ကျင်း ၁၄ ၌ စပိသ်ဘို ဂီပါသွားခဲ့သည်။ တွမ်မတ်စ်က ကျင်း ၁၅ ၌ ဘာဒီရသည်။ တွမ်မတ်စ်နှစ်ချက်သာခဲ့သည်။ ကျင်း ၁၈ ပါဖိုက်၌ အီဂယ်ရမှ စပိသ်က တွမ်မတ်စ်ကို မီပါမည်။ သူက ဒရိုက်ဗ် ကောင်းခဲ့ပြီး ဒုတိယအချက်အား ဂရင်းအရောက် သံ ၄ သာ ရိုက်ခဲ့ရသော်လည်း ညာလန်ပြီး ဘန်ကာထဲသို့ကျခဲ့သည်။ ဘန်ကာထဲမှ ရိုက်ချက်က ဂရင်းကျော်သွားပြန်ပြီး ဘန်ကာထဲကျခဲ့သည်။ ထိုကျင်း၌ ဘိုဂီဖြစ်ခဲ့ပါသည်။ တွမ်မတ်စ်က သုံးချက်အသာဖြင့် ဗိုလ်စွဲနိုင်ခဲ့သည်။ စပိသ်အတွက်မှာ နှစ်ပွဲဆက်တိုက်ဒုတိယနှင့်သာ ကျေနပ်ရခဲ့ခြင်းပါ။ ရာသီကုန်အမှတ်အများဆုံးလူအား အပိုဆောင်းဆုကြေး ဒေါ်လာဆယ်သန်းချီးမြှင့်မည့် ဖက်ဒိတ်စ်ဖလားအမှတ်ဇယားတွင် စပိသ်က အမှတ်အများဆုံးလူဖြစ်နေဆဲပါ။ ဗိုလ်စွဲမှုအကြိမ်အရေအတွက်တွင်မူ တွမ်မတ်စ်က ငါးပွဲဖြင့် အများဆုံးဖြစ်လာပါသည်။ ကမ္ဘာ့အဆင့်တွင် တွမ်မတ်စ်က စတုတ္ထနေရာသို့ ရောက်လာသည်။ သူ့အထက်တွင် မာဆုယားမား၊ စပိသ်နှင့် ဒပ်စ်တင်းဂျွန်ဆင်တို့ ရှိနေကြသည်။
အပြီးသတ်လေးပွဲ၏ တတိယပွဲဖြစ်သော BMW Championship အား စက်တင်ဘာလ ၁၄ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပခဲ့ရာ မတ်ခ်လိရှ်မင်န် ဗိုလ်စွဲသွားပါသည်။ စပိသ်က အဆင့်ပူးတွဲခုနစ်၊ ဒပ်စ်တင်းဂျွန်ဆင်က အဆင့်ပူးတွဲ ၃၃၊ တွမ်မတ်စ်နှင့် မာဆုယားမားတို့က အဆင့်ပူးတွဲ ၄၇ သာ ချိတ်နိုင်ခဲ့ကြသည်။ ပြိုင်ပွဲက တစ်ပွဲသာ ကျန်ပါတော့သည်။ အပိုဆောင်းဆုကြေး ဒေါ်လာဆယ်သန်းပေးမည့် အမှတ်ဇယားတွင်တော့ စပိသ်က ဦးဆောင်ဆဲနှင့် တွမ်မတ်စ်က ဒုတိယနေရာတွင် ရှိနေဆဲပါ။
နှစ်ပိတ်နောက်ဆုံးပွဲကြီးဖြစ်သော Tour Championship အား စက်တင်ဘာလ ၂၁ ရက်နေ့မှ ၂၄ ရက်နေ့အထိ ကျင်းပခဲ့ပါသည်။ သုံးရက်အပြီးတွင် ပေါလ်ကေစီက ၁၂ ချက်လျော့ဖြင့် ဦးဆောင်နေပြီး လူသစ်ဂေါက်သီးသမား ဇန်ဒါရှောဖလီက ဆယ်ချက်လျော့၊ တွမ်မတ်စ်က ခုနစ်ချက်လျော့၊ စပိသ်က လေးချက်လျော့ရနေခဲ့ကြသည်။ နောက်ဆုံးနေ့တွင် ပေါလ်ကေစီသည် သုံးချက်ပိုသာရိုက်နိုင်ခဲ့ပြီး အဆင့်ငါးသာ ချိတ်နိုင်ခဲ့သည်။ တွမ်မတ်စ်၊ စပိသ်တို့နှင့် သက်တူရွယ်တူတက္ကသိုလ်တန်း၌ ဂေါက်သီးကစားဘက် ယခုနှစ်တွင်မှ ပီဂျီအေတိုးတွင် စတင်ခြေချခွင့်ရသူရှောဖလီက ပေါင်း ၁၂ ချက်လျောြ့ဖင့် ဗိုလ်စွဲသွားပါသည်။
တွမ်မတ်စ်သည် ကျင်း ၁၆ နှင့် ၁၇ တို့၌ ဘာဒီများရလိုက်သည့်အခါ ပြိုင်ပွဲ၌ ဒုတိယချိတ်နိုင်ခဲ့သည့်အပြင် ဖက်ဒိတ်စ်ဖလားချန်ပီယံအဖြစ် ဒေါ်လာဆယ်သန်းရရန် သေချာသွားခဲ့ပါသည်။ အကယ်၍သာ သူ့အနေဖြင့် ထိုဘာဒီနှစ်ကျင်းမရလိုက်ပါက ဒုတိယမရတော့ပဲ ပူးတွဲအဆင့်လေးသာ ချိတ်မည်ဖြစ်ရာ ဖက်ဒိတ်စ်ဖလား အမှတ်ဇယား၌ စပိသ်ကိုကျော်၍ နံပတ်တစ်ဖြစ်ချင်မှဖြစ်ပါမည်။ ယခုမူ လွတ်လွတ်ကျွတ်ကျွတ် ဒုတိယရလိုက်သည့်အတွက် ဖက်ဒိတ်စ်အပြီးသတ် အမှတ်ဇယားတွင် စပိသ်အား ကျော်တက်ကာ အမှတ်အများဆုံးဖြင့် စာရင်းပိတ်ခဲ့ပြီး အပိုဆောင်းဆုကြေးဒေါ်လာဆယ်သန်းရခဲ့ပါသည်။
ဤပွဲမှရသော ဒုတိယဆုငွေဒေါ်လာ ၉၄၅,၀၀၀ ကြောင့် တစ်နှစ်တာဆုကြေးဇယားတွင် ယခုရာသီ၌ရသည့် ဆုကြေးငွေပေါင်း ဒေါ်လာ ၉.၉၂ သန်းဖြင့် ဆုကြေးအများဆုံးလူဖြစ်လာပါသည်။ ဤပွဲပြီးသည်နှင့် ပီဂျီအေက အမှတ်တွက်ချက်၍ ရပြီဖြစ်ရာ တွမ်မတ်စ်က ပီဂျီအေ၏ ယခုရာသီအကောင်းဆုံးဂေါက်သီးသမားဆု ရရှိသွားပါတော့သည်။ ဤဆောင်းပါးအစပိုင်း၌ ဖော်ပြခဲ့သော ပီဂျီအေ၏အမှတ်ပေးပုံအရ တွမ်မတ်စ်က ၁၀၆ မှတ် ရသွားပါသည်။ မေဂျာပွဲကြီးတစ်ပွဲဗိုလ်စွဲသဖြင့် အမှတ်သုံးဆယ်၊ ပီဂျီအေတိုး လေးပွဲဗိုလ်စွဲသဖြင့် အမှတ်လေးဆယ်၊ တစ်နှစ်တာဆုကြေးအများဆုံးရသဖြင့် အမှတ်နှစ်ဆယ်နှင့် တစ်နှစ်တာ ပျမ်းမျှရိုက်ချက်တွင် တတိယနေရာရသဖြင့် ၁၆ မှတ်တို့ ဖြစ်ပါသည်။ စပိသ်က ပေါင်း ၈၈ မှတ်ဖြင့် ဒုတိယနေရာတွင် ကျန်ခဲ့ပါသည်။
ပီဂျီအေတိုးအဖွဲ့အစည်းကလည်း အသင်းသားများ၏ မဲဖြင့်ရွေးချယ်သော ယခုရာသီအကောင်းဆုံး ဂေါက်သီးသမားဆုအတွက် မဲပေးမှုကို အောက်တိုဘာလ ၂ ရက်နေ့က ဖြတ်ခဲ့ပြီး အောက်တိုဘာလ ၄ ရက်နေ့တွင် ရလဒ်ကို ကြေညာခဲ့ရာ တွမ်မတ်စ်ပင် ထိုဆုရသွားခဲ့ပါသည်။ PGA Tour ၏ တစ်နှစ်တာအကောင်းဆုံးဆုများနှင့် ဤရာသီဆုရသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ Jack Nicklaus Trophy ဟုခေါ်သော တစ်နှစ်တာအ ကောင်းဆုံး ဂေါက်သီးသမားဆု - ဂျပ်စ်တင်တွမ်မတ်စ် (Justin Thomas)
၂။ Arnold Palmer Trophy ဟုခေါ်သော တစ်နှစ်တာဆု ကြေးအများဆုံး ဂေါက်သီးသမားဆု - ဂျပ်စ်တင်တွမ် မတ်စ်
၃။ Byron Nelson Award ဟုခေါ်သော တစ်နှစ်တာပျမ်းမျှရိုက်ချက် အနည်းဆုံးလူဆု - ဂျော်ဒန်စပိသ် (Jordan Spieth)
၄။ တစ်နှစ်တာအကောင်းဆုံးလူသစ်ဂေါက်သီးသမားဆု - ဇန်ဒါရှောဖလီ (Xander Schauffele)
ပီဂျီအေ (PGA of America) ၏ အကောင်းဆုံးဆုမှာ နှစ်မျိုးသာရှိပြီး ဆုရကြသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ တစ်နှစ်တာအကောင်းဆုံးဂေါက်သီးသမားဆု - ဂျပ်စ်တင်တွမ်မတ်စ်
၂။ Vardon Trophy ဟုခေါ်သော တစ်နှစ်တာပျမ်းမျှရိုက်ချက် အနည်းဆုံးလူဆု - ဂျော်ဒန်စပိသ်
ဝင်းမြင့်သိန်း