ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးမယ်နေရာအား ရက်သတ္တပတ် ၈၅ ပတ်ကြာရယူခဲ့သော ကိုရီးယားဇာတိ၊ နယူးဇီလန်နိုင်ငံသူ ဂေါက်သီးမယ်လေး လစ်ဒီယာကိုးသည် ၂၀၁၃ ခုနှစ်က ဥရောပအမျိုးသမီးတိုး အမည်ပေါက်ပြိုင်ပွဲတစ်ပွဲဖြစ်သော နယူးဇီးလန်အိုးပင်းအား အပျော်တမ်းသမားဘဝတွင်ပင် ဗိုလ်စွဲခဲ့စဉ်က အသက် ၁၅ နှစ်၊ ၉ လနှင့် ၁၇ ရက်သာ ရှိသေးပေရာ ဥရောပအမျိုးသမီးတိုး၏ ရာဇဝင်၌ အသက်အငယ်ဆုံးချန်ပီယံဖြစ်လာခဲ့ပြီး သူကလေး၏အသက်ငယ်ရွယ်မှုစံချိန်မှာလည်း နောက်ထပ်ချိုးနိုင်မည့်သူ ပေါ်ထွက်ရန်မှာ ဥရောပအမျိုးသမီးတိုး၌ မဖြစ်နိုင်တော့ဟု ထင်ခဲ့ကြရပါသည်။ သို့သော် ယခုနှစ်ဇူလိုင်လ ၉ ရက်နေ့က ဥရောပအမျိုးသမီးတိုး၏ ပြိုင်ပွဲတစ်ပွဲတွင် ထိုင်းအပျော်တမ်းဂေါက်သီးမယ်လေး ဗိုလ်စွဲလိုက်သည့်အခါ လစ်ဒီယာကိုး၏ အသက်စံချိန်ထက် ၁၇ လ နီးပါးပိုကောင်းသွားခဲ့ပါသည်။ ဗိုလ်စွဲသူအတ်ထရာသစ်ကူ (Atthaya Thitkul) ကလေးမှာ အသက် ၁၄ နှစ် ၄ လနှင့် ၁၉ ရက်သာ ရှိသေး၍ ဖြစ်ပါတော့သည်။
ပြိုင်ပွဲမှာ ထိုင်းနိုင်ငံပတ္တရာမြို့ ဖီးနစ်စ်ဂေါက်ကွင်း၌ကျင်းပသော LET's Thailand Championship ဖြစ်ပါသည်။ မူလက ထိုင်းအမျိုးသမီးတံခွန်စိုက်ပြိုင်ပွဲဖြစ်ခဲ့ပြီး ယခုနှစ်တွင် ဥရောပအမျိုးသမီးတိုး (Ladies European Tour - LET) က စပွန်ဆာပေးကာ ဥရောပအမျိုးသမီးတိုးပြိုင်ပွဲစာရင်းသို့ သွတ်သွင်းခဲ့ခြင်းပါ။ ဥရောပအမျိုးသမီးတိုးမှ ပရိုပေါင်းများစွာ လာရောက်ယှဉ်ပြိုင်ခဲ့ကြပါသည်။ ပြိုင်ပွဲဆုကြေးစုစုပေါင်းယူရိုငွေသုံးသိန်းပေးထားပြီး ဗိုလ်စွဲသူက ယူရိုငွေ ၄၅,၀၀၀ ရပါမည်။ ပြိုင်ပွဲဝင် စုစုပေါင်း ၁၂၆ ဦးရှိပါသည်။
ဇူလိုင်လ ၆ ရက်နေ့က ပထမကွင်းပတ်စတင်ကစားခဲ့ကြရာ မက္ကစီကိုဂေါက်သီးမယ် အန်နာမန်နန်ဒက်ဇ်က ထိုင်းပရိုချာယာနန်နှင့်အတူ လေးချက်လျော့ ၆၈ ချက်ရိုက်ကာ ပြိုင်ပွဲဦးဆောင်သူဖြစ်ခဲ့ပါသည်။ ၂၅ နှစ်အရွယ်ရှိ မန်နန်ဒက်ဇ်သည် ဥရောပအမျိုးသမီးတိုး၌ တစ်ဦးတည်းသော မက္ကစီကိုဂေါက်သီးမယ် ဖြစ်ပါသည်။ ယခုနှစ်တွင် မက္ကစီကို၌ အယ်လ်ပီဂျီအေတိုး၏ Lorena Ochoa Match Play ပြိုင်ပွဲ ပါဝင်ကစားခဲ့ဖူးသည်။ ထိုင်းဂေါက်သီးမယ်ချာယာနန်သည် အသက် ၂၄ နှစ်ရှိပြီး အမေရိကန်ပြည်ထောင်စု အိုင်အိုးဝါးပြည်နယ်တက္ကသိုလ်၌ ကျောင်းတက်ခဲ့ဖူးကာ ၂၀၁၅ ခုနှစ်က တက္ကသိုလ်၏ အကောင်းဆုံးအားကစားမယ်ဆုရခဲ့သူလေးဖြစ်သည်။ ၁၄ နှစ်သမီးအပျော်တမ်းမယ်လေး အတ်ထရာက နှစ်ချက်လျော့ရကာ တတိယနေရာ၌ တစ်ဦးတည်ရှိနေပါသည်။
အတ်ထရာသည် လွန်ခဲ့သည်နှစ်ကမှ Scratch Golfer ခေါ် ဟင်းဒီးကက်ပ်ဇီးရိုးဂေါက်သီးမယ်ဖြစ်လာခဲ့ခြင်းပါ။ သူကလေးသည် အမေရိကန်အယ်လ်ပီဂျီအေတိုး၏ ယခုနှစ် ဖေဖော်ဝါရီလက ထိုင်းတွင်လာရောက်ကျင်းပသော Honda LPGA Thailand ပြိုင်ပွဲသို့ စပွန်ဆာ၏ ဖိတ်ခေါ်ချက်အရ ပါဝင်ကစားခွင့်ရခဲ့ရာတွင် အဆင့်ပူးတွဲ ၃၇ ချိတ်နိုင်ခဲ့၍ အထင်ကြီးချီးကျူးစရာ ဖြစ်ခဲ့ပါသည်။ ထို့ကြောင့်လည်း ယခုပွဲသို့ပါ စပွန်ဆာတစ်ဦးဖြစ်သော Sports Authority of Thailand က ဖိတ်ခေါ်ကစားစေခဲ့ခြင်း ဖြစ်ပါသည်။ ဇွန်လအတွင်းက တရုတ်တိုင်ပေ၌ ကျင်းပခဲ့သည့် Taiwan Amateur Open တွင်လည်း သူကလေး ဗိုလ်စွဲနိုင်ခဲ့သည်။ ယခုနှစ်တွင် မလေးရှား၌ကျင်းပမည့် SEA Games တွင် ဂေါက်သီးပြိုင်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသူလည်းဖြစ်ပါသည်။
ဇူလိုင်လ ၇ ရက်နေ့၌ ဒုတိယကွင်းပတ်ကို ဆက်ကစားခဲ့ကြရာတွင် မန်နန်ဒက်ဇ်က အီးဗင်းပါ ၇၂ ချက်ရိုက်ကာ နှစ်ရက်ပေါင်းလေးချက်လျော့ဖြင့် ဦးဆောင်ဆဲဖြစ်ခဲ့သည်။ အတ်ထရာလေးက ဒုတိယနေ့တွင် တစ်ချက်လျော့ရခဲ့သဖြင့် နှစ်ရက်ပေါင်း သုံးချက်လျော့ဖြင့် ဒုတိယနေရာသို့ ရောက်လာပါသည်။ လေတိုက်၍ မိုးဖွဲဖွဲရွာနေသော ဤနေ့တွင် အချက်လျော့ရအောင် ရိုက်နိုင်ခဲ့သော အတ်ထရာလေး၏စကိုးမှာ အလွန်ကောင်းလှကြောင်းအားလုံးက ချီးမွမ်းခဲ့ကြသည်။ ဖေဖော်ဝါရီလက အယ်လ်ပီဂျီအေတိုးတွင် နှစ်ရက်နှင့် မပြုတ်ခဲ့သည့်အတွေ့အကြုံကိုရယူပြီး ဤပွဲတွင်လည်းနှစ်ရက်နှင့် မပြုတ်ရန် ကြိုးပမ်းပါမည်ဟု ဆိုခဲ့သူလေးမှာ ဒုတိယနေရာသို့ပင် ရောက်လာခဲ့ခြင်းပါ။ ရာသီဥတုအခြေအနေကြောင့် ပြိုင်ပွဲဝင် ၁၂၆ ဦးအနက် နှစ်ရက်အပြီး အချက်လျော့ရသူဟူ၍ ခြောက်ဦးသာ ရှိနေပါသည်။
စနေနေ့၌ တတိယကွင်းပတ်ကို ဆက်ကစားခဲ့ရာတွင် မန်နန်ဒက်ဇ်ရောအတ်ထရာလေးပါ နှစ်ချက်လျော့စီရခဲ့ကြသည်။ သုံးရက်ပေါင်းတွင် မန်နန်ဒက်ဇ်က ခြောက်ချက်လျော့၊ အတ်ထရာက ငါးချက်လျော့ဖြင့် ထိပ်ဆုံးနှစ်နေရာ၌ သူတို့နှစ်ဦးရှိနေကြဆဲဖြစ်ပါသည်။ ပေါင်းသုံးချက်လျော့ဖြင့် ပူးတွဲတတိယနေရာတွင် ဝေးလ်စ်မှ အေမီဘိုလ်ဒန်၊ ဆွီဒင်မှ ဖရီဒါစပန်နှင့် ထိုင်းမှ စန်ခါဂါရိုတို့ ရှိနေကြသည်။ မန်နန်ဒက်ဇ်နှင့် အတ်ထရာတို့သည် ကျင်း ၁၇ နှင့် ၁၈ တို့၌ နှစ်ဦးစလုံးဘာဒီများရခဲ့ကြသည်။ အတ်ထရာမှာ ကွင်းပတ်သုံးခုစလုံးအား အချက်လျော့ရိုက်နိုင်ခဲ့သူ တစ်ဦးတည်းသော ဂေါက်သီးမယ်လေးဖြစ်လာပါသည်။
ဇူလိုင်လ ၉ ရက် တနင်္ဂနွေနေ့၌ နောက်ဆုံးကွင်းပတ်ကစားခဲ့ကြရာ စိတ်လှုပ်ရှားနေသော အတ်ထရာလေးမှာ ပထမဆုံးကျင်း၌ ဘိုဂီပါသွားခဲ့ပါသည်။ သို့သော် ယမန်နေ့က ဦးဆောင်သူမန်နန်ဒက်ဇ်သည်လည်း ကျင်း ၁ ၌ ဘိုဂီအပြင် ကျင်း ၃ နှင့် ၄ တို့တွင် ပါဘိုဂီများပါသွားသည့်အခါ အတ်ထရာက ဦးဆောင်သူဖြစ်လာပါသည်။ တစ်ချက်အသာရခဲ့သည်။ အတ်ထရာက ကျင်း ၇ တွင် ဘာဒီရခဲ့ပြီးနောက် ကျင်း ၉ ၌ ဘိုဂီပြန်ပါခဲ့ပြန်သည်။ မန်နန်ဒက်ဇ်လည်း ကျင်း ၉ တွင် ဘိုဂီထပ်ပါသည့်အခါ အတ်ထရာက ပထမကော်နာအပြီးတွင် နှစ်ချက်အသာရခဲ့ပါသည်။ ပထမကော်နာ၌ မန်နန်ဒက်ဇ်က လေးချက်ပိုနှင့် အတ်ထရာက တစ်ချက်ပိုရိုက်ခဲ့ကြခြင်းဖြစ်ပါသည်။ ကျန်ဂေါက်သီးမယ်များမှာ အတ်ထရာအနီးသို့ ရောက်မလာခဲ့ကြပါ။
ဒုတိယကော်နာတွင် မန်နန်ဒက်ဇ်က ကျင်း ၁၁ ၌ ဘာဒီရလိုက်ရာ အတ်ထရာနှင့် တစ်ချက်အကွာသို့ ရောက်လာခဲ့ပါသေးသည်။ ကျင်း ၁၅ ၌ အတ်ထရာက ဘာဒီရလိုက်ပေရာ နှစ်ချက်ပြန်ကွာသွားခဲ့ပြီး ကျန်ကျင်းများတွင် ''ပါ'' များသာရကြသည့်အခါ အတ်ထရာလေးက နှစ်ချက်အသာ စုစုပေါင်းငါးချက်လျော့ဖြင့် ဗိုလ်စွဲနိုင်ခဲ့ပါသည်။ မန်နန်ဒက်ဇ်က သုံးချက်လျော့ဖြင့် ဒုတိယ၊ ဒုတိယကော်နာတွင် နှစ်ချက်လျော့ရိုက်နိုင်ခဲ့သူ သြစတြေးလျမှ ဝှစ်တ်နီဟီလီယာက စုစုပေါင်းတွင်လည်း နှစ်ချက်လျော့ဖြင့်ပင် တတိယချိတ်ခဲ့ကြပါသည်။
အပျော်တမ်းသမားများမှာ ဆုကြေးခံစားခွင့်မရှကြပေရာ အတ်ထရာမှာ ဆုဖလားသာရခဲ့ပြီး ပထမဆုအဖြစ် ချီးမြှင့်သည့် ယူရိုငွေ ၄၅,၀၀၀ ကို မရရှိခဲ့ပါ။ ယင်းငွေအား ပရိုမယ်များထဲမှ ထိပ်ဆုံးအဆင့်ချိတ်သူ မန်နန်ဒက်ဇ်က ရရှိသွားပါသည်။ ဝေးလ်စ်မှ အေမီဘိုလ်ဒန်သည် ကျင်း ၁၀ အပြီးအထိ ဤနေ့အတွက် သုံးချက်ပိုဖြစ်နေရာမှ ကျင်း ၁၁၊ ၁၂၊ ၁၃ သုံးကျင်းဆက်တိုက် ဘာဒီရလိုက်သည့်အခါ စုစုပေါင်းနှစ်ချက်လျော့အထိ ရောက်လာပါသေးသည်။ ကျင်း ၁၆ ၌ ဘိုဂီပါသွားသည့်အခါ စတုတ္ထနေရာကိုသာ ရခဲ့ပါသည်။
လစ်ဒီယာကိုးသည် ၂၀၁၃ ခုနှစ်က ဥရောပအမျိုးသမီးတိုးတွင် အသက်အငယ်ဆုံးပရိုပွဲဗိုလ်စွဲသူစံချိန် ၁၅ နှစ် ၉ လ ၁၇ ရက်အား မတင်နိုင်သေးမီကပင် ၂၀၁၂ ခုနှစ် သြစတြေးလျအမျိုးသမီးတိုး၌ အသက်အငယ်ဆုံးဗိုလ်စွဲသူ စံချိန်တင်ခဲ့သေးပါသည်။ ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့က Women's NSW Open တွင် ပရိုများကို ကျော်လွှားကာ ဗိုလ်စွဲခဲ့ခြင်းပါ။ ထိုစဉ်က သူကလေး၏အသက်သည် ၁၄ နှစ် ၉ လ ၅ ရက်သာ ရှိခဲ့ပါသည်။ ဤအသက်ငယ်ရွယ်မှု စံချိန်မှာ ကမ္ဘာပေါ်ရှိ အမျိုးသားပရိုပွဲများရော အမျိုးသမီးပရိုပွဲများအပေါင်းအတွက် ထိုအချိန်က စံချိန်သစ်ဖြစ်ခဲ့ပါသည်။
ထိုစံချိန်အား ၂၀၁၂ ခုနှစ်တွင်ပင် ကနေဒါအပျော်တမ်းဂေါက်သီးမယ်လေး ဘရွတ်ခ်ဟင်ဒါဆင်က ချိုးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လ ၁၃ ရက်နေ့က ကနေဒါအမျိုးသမီးပရိုတိုး၏ ဒုတိယပွဲစဉ်၌ အောင်ပွဲရခဲ့ခြင်းပါ။ ထိုပွဲမှာ ၁၈ ကျင်း နှစ်ရက်ကစားရသော ၃၆ ကျင်းပွဲသာ ဖြစ်ပါသည်။ ထိုပွဲဗိုလ်စွဲစဉ်က ဟင်ဒါဆင်၏အသက်မှာ ၁၄ နှစ် ၉ လ ၃ ရက် ဖြစ်ပါသည်။ လစ်ဒီယာကိုးစံချိန်ထက် နှစ်ရက်ပိုကောင်းခဲ့ပါသည်။ ကွင်းပတ်နှစ်ခုသာ ယှဉ်ပြိုင်ရသော ပြိုင်ပွဲဟုဆိုသောငြားလည်း ပရိုပွဲဖြစ်သဖြင့် ဟင်ဒါဆင်လေးအားကမ္ဘာ့ပရိုပွဲများအနက် အသက်အငယ်ဆုံးဗိုလ်စွဲနိုင်သူဟု သတ်မှတ်ခဲ့ကြပါသည်။
ယနေ့အခါတွင်မူ ဟင်ဒါဆင်၏စံချိန်အား အတ်ထရာလေးက ထပ်ချိုးနိုင်ခဲ့ပါပြီ။ ပြိုင်ပွဲအပြီးတွင် သူကလေးက ''သိပ်ဝမ်းသာပြီး ဂုဏ်ယူပါတယ်ရှင်၊ ဒီဆုဖလားကို ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေထံ ကျွန်မပေးအပ်ပါ့မယ်၊ ကျွန်မမိသားစုထဲမှာ ဂေါက်သီးသမားမရှိခဲ့ပါဘူး။ ကျွန်မခြောက်နှစ်သမီးအရွယ်မှာ ဖေဖေက အားကစားတစ်ခုခုကိုရွေးဖို့ တင်းနစ်နဲ့ ဂေါက်သီးကိုပြခဲ့ပါတယ်။ တီဗီမှာ ဂေါက်သီးရိုက်တာတွေ့တော့ သဘောကျပြီး ဒါကိုကျွန်မရွေးခဲ့တာပါ'' ဟု ဆိုသည်။
ဒုတိယရသူမန်နန်ဒက်ဇ်အတွက်မှာ ငွေကြေးအားဖြင့် ပထမရသူ၏ဆုကြေးကိုရခဲ့သော်လည်း ဗိုလ်မစွဲနိုင်သည့်အတွက် နစ်နာမှုများရှိခဲ့ပါသည်။ ဗိုလ်သာစွဲပါက ဥရောပအမျိုးသမီးတိုးတွင် နောက်ထပ် နှစ်နှစ်ဆက်တိုက် လက်ရည်စစ်ပွဲဝင်ရန်မလိုဘဲ အချိန်ပြည့်ကစားခွင့်ရပါမည်။ ဗိုလ်သာစွဲပါက ယခုနှစ်၏လက်ကျန်အမျိုးသမီးမေဂျာပွဲကြီးနှစ်ပွဲဖြစ်သော အမျိုးသမီးဗြိတစ်ရှ်အိုးပင်းနှင့် အီဗီယံချန်ပီယံရှစ်ပ်ပြိုင်ပွဲကြီးများသို့ ဝင်ခွင့်ရပါမည်။ ယခုမူထိုအခွင့်အရေးများ လက်လွှတ်ခဲ့ရသည်။ ''ကျွန်မစိတ်ပျက်မိပါတယ်၊ အစပိုင်းမှာ ကျွန်မညံ့ခဲ့ပါတယ်၊ ဒီထက်ကောင်းအောင်ရိုက်နိုင်မှန်း ကျွန်မသိတယ်၊ ဒီရာသီရဲ့ ကျန်တဲ့ပွဲတွေမှာတော့ ပိုကောင်းဖို့ မျှော်မှန်းထားပါတယ်၊ အကောင်းဘက်ကို ပျော်ပျော်ပဲတွေးပြီး အိမ်ပြန်မယ်'' ဟု သူမကပြောပြသည်။
အတ်ထရာလေးသည် ဤအောင်ပွဲကြောင့် ယခုနှစ်၏လက်ကျန် အမျိုးသမီးမေဂျာပွဲကြီးနှစ်ပွဲသို့ ဝင်ခွင့်ကိုလည်း ရရှိသွားခဲ့ပါသည်။ ထိုင်းနိုင်ငံအနောက်ဘက်ပိုင်း ရာချာဘူရီပြည်နယ်တွင် မွေးဖွားကြီးပြင်းခဲ့သော သူကလေးသည် ယခုနှစ်ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ၁၄ နှစ်ပြည့်ခဲ့သည်။ သူကလေးက ရှက်ရွံ့တတ်သူလေးဖြစ်သော်လည်း အစဉ်အမြဲပြုံးနေတတ်ပါသည်။ နောက်ဆုံးကျင်း၌ ''ပါ'' ပတ်သွင်းတော့မည့်အချိန်တွင် အားပေးသူ ထိုင်းပရိသတ်များက ပင့်သက်ပင်မရှိုက်နိုင်ဘဲ အသက်အောင့်၍ ကြည့်နေကြပြီးမှ ''ပါ'' ရပြီး နှစ်ချက်အသာဖြင့် ဗိုလ်စွဲသွားချိန်တွင် အားရပါးရဟစ်အော် အားပေးချီးကျူးခဲ့ကြသည်။ ငယ်ရွယ်လှသော အပျော်တမ်းမယ်လေးအတွက် အလွန်အမင်း ဝမ်းသာဂုဏ်ယူခဲ့ကြသည်။
ယခုနှစ်ဇွန်လက ကမ္ဘာ့နံပါတ် ၁ ဂေါက်သီးမယ်နေရာအား ရယူခဲ့သော ထိုင်းဂေါက်သီးမယ် အာရီးယားဂျူတာနုဂန်းသည် ယခုနှစ်တွင် အသက် ၂၁ နှစ်သာ ရှိပါသေးသည်။ ကမ္ဘာ့နံပါတ် ၁ နေရာကို အာရီးယားမတိုင်မီအထိ ရက်သတ္တပတ် ၈၅ ပတ်ကြာရယူနိုင်ခဲ့သူ နယူးဇီလန်ဂေါက်သီးမယ် လစ်ဒီယာကိုးသည်လည်း ယခုနှစ်တွင် အသက်နှစ်ဆယ်သာရှိသေးပါသည်။ ၂၀၁၆ ခုနှစ်က ကမ္ဘာ့ဂေါက်သီးမယ်အဆင့်ဇယားတွင် ဒုတိယနေရာအထိ ရောက်ခဲ့သော ကနေဒါသူ ဘရွတ်ခ်ဟင်ဒါဆင်သည်လည်း ယခုနှစ်အတွင်း အသက် ၁၉ နှစ်သာရှိပါသေးသည်။ သူတို့အားလုံးသည် အမျိုးသမီးမေဂျာပွဲကြီးများ၌ အောင်ပွဲရခဲ့ပြီးကြပါပြီ။ သူတို့အားလုံးအပျော်တမ်းမယ်ဘဝကပင် ပရိုများကိုကျော်လွှားကာ ပရိုပွဲများအောင်နိုင်ခဲ့ကြသည်။ သူတို့အပြင်ငယ်ရွယ်သော ကိုးရီးယားဂေါက်သီးမယ်လေးများလည်း ကမ္ဘာ့အဆင့်ပြိုင်ပွဲများတွင် ယနေ့အခါ အစွမ်းပြနေကြပါသည်။
အမျိုးသမီးဂေါက်သီးပြိုင်ပွဲများသည် ငယ်ရွယ်၍ လက်စွမ်းထက်သူလေးများကြောင့် ပိုမို၍ အသက်ဝင်ကာ အကြိတ်အနယ်ဖြစ်လာပါသည်။ ယခု အတ်ထရာလေးတစ်ဦးတိုးလာပြန်ပါပြီ။ တစ်နိုင်ငံတည်းသူ အာရီးယားကဲ့သို့ အောင်မြင်မည်ဟု ထိုင်းဂေါက်သီးလောကက မှန်းဆလျက်ရှိပါသည်။
ဝင်းမြင့်သိန်း