မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း

[caption id="attachment_32639" align="alignnone" width="423"]traderassocation1ဦးမျိုးသန့်
ဥက္ကဋ္ဌ
မြန်မာနိုင်ငံကုန်စည်ပြပွဲနှင့် ဆွေးနွေးပွဲများဆိုင်ရာ လုပ်ငန်းအသင်း[/caption]

အသင်းဖြစ်ပေါ်လာပုံ

-----------------------

မြန်မာနိုင်ငံမှာ ကုန်စည်ပြပွဲတွေက ၁၉၉၆ ခုနှစ်လောက်ကတည်းက လုပ်ကြပါတယ်။ စင်ကာပူမှ ပထမလာပြကြတယ်။ အဲဒီတုန်းက ကျယ်ကျယ်ပြန့်ပြန့်တော့ မဟုတ်သေးဘူး။ ၁၉၉၈ ခုနှစ်မှာ ထိုင်းကုန်စည်ပြပွဲတွေ ဒီမှာလာကျင်းပကြတယ်။ ၂၀၀၀-၂၀၀၁ ခုနှစ်တုန်းကလည်း ထိုင်း၊ ဗီယက်နမ်၊  ကိုရီယားလောက်ပဲ ဒီမှာလာပြကြပါတယ်။ အဲဒီအချိန်တုန်းက သူများနိုင်ငံတွေမှာ ဒီပြပွဲတွေကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နေပေမယ့် မြန်မာနိုင်ငံမှာတော့ ထိုင်းကိုယ်စားပြုကုန်စည်ပြပွဲတို့၊ ဗီယက်နမ် ကုန်စည်ပြပွဲတို့လောက်ပဲ ပြသနိုင်တယ်။ နောက်ပိုင်း ၂၀၀၃-၂၀၀၄ ခုနှစ်မှာလည်း အစိုးရက ကုန်စည်ပြပွဲတွေ ပိတ်လိုက်သေးပါတယ်။ အဲဒီနောက်ပိုင်း ၂၀၀၉ ခုနှစ်လောက်မှာမှ ဗီယက်နမ်က ပြန်စလုပ်တာ အဲဒီနောက်ပိုင်းကနေ တဖြည်းဖြည်း ဘာဖြစ်လာလဲဆိုရင် မြန်မာနိုင်ငံကလည်း စီးပွားရေးတံခါးဖွင့်ဝါဒတွေ လုပ်တဲ့အခါကျတော့ နိုင်ငံခြားက ကုန်စည်ပြပွဲတွေ တဖြည်းဖြည်း Market ထဲကို ဝင်လာတယ်။ အဲဒီအချိန် ကျွန်တော်က UMFCCI မှာ  ကုန်သွယ်မှုအရောင်းမြှင့်တင်ရေးနဲ့ ကုန်စည်ပြပွဲကော်မတီမှာ လုပ်ခဲ့တယ်။ အဲဒီမှာ လုပ်ရင်းနဲ့ နိုင်ငံတကာတွေ သွားတဲ့အခါမှာ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ကုန်စည်ပြပွဲတွေလုပ်တဲ့ Organizer တွေ ကုန်စည်ပြပွဲနဲ့ ပတ်သက်ပြီး Forwarding လုပ်တဲ့သူတွေ နောက်တစ်ခါပြပွဲလုပ်တဲ့အခါမှာ တခြားပြခန်းဆောက်တာတို့ လျှပ်စစ်မီးတို့ ခန်းမပိုင်ရှင်တို့ ဒါတွေပေါင်းစည်းပြီး နိုင်ငံတိုင်းမှာ အသင်းအဖွဲ့တွေ ဖွဲ့ထားတာတွေ တွေ့ခဲ့ရပါတယ်။ နိုင်ငံတကာမှာလုပ်နေတဲ့ Organizer တွေ ဒီမှာလာပြီးတော့ အစည်းအဝေးပွဲတွေလုပ်ပေမယ့် ကုမ္ပဏီမထောင်ကြပါဘူး၊ ဒီနိုင်ငံသားတွေကိုလည်း မသုံးကြပါဘူး၊ သူတို့ဘာသာ သူတို့လာပြီး ဟိုတယ်တွေနဲ့ချိတ်ပြီး အစည်းအဝေးတွေ၊ ပြပွဲတွေလုပ်ပြီးတော့ ပြန်သွားတာတွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ Industry မှာရှိတဲ့သူတွေက ဘာအမြင်မှလည်း မရဘူး။ ဘာအတွေ့အကြုံမှလည်း မရတာတွေဖြစ်နေတော့ ကျွန်တော်တို့က ပြန်လေ့လာပါတယ်။ ဒီတိုင်းပြည်မှာလည်း ပြပွဲတွေနဲ့သက်ဆိုင်တဲ့ အသင်းအဖွဲ့ရှိသင့်တယ်ဆိုပြီး ကျွန်တော်က စတင်စည်းရုံးပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပထမတော့ ဒီလိုအသင်းဒီမှာရှိသင့်တယ်ဆိုတာ နားမလည်ကြပါဘူး။ နောက်တော့မှ တဖြည်းဖြည်းနဲ့ ဒါနဲ့ပတ်သက်ပြီး လုပ်ငန်းလုပ်တဲ့သူတွေစုပြီးတော့ ဒီလို Rights တွေရှိတယ်၊ ဒီလိုကာကွယ်ရမယ်၊ နောက်တစ်ခါ ဒီနေရာမှာ အသင်းအဖွဲ့နဲ့လုပ်မှပဲ နောင်အခါမှာ နိုင်ငံခြားက လုပ်ငန်းရှင်တွေ ကြီးမှူးပြီးတော့ ဈေးကွက်ကို လက်ဝါးကြီးအုပ်တဲ့ပုံစံမျိုး မဖြစ်အောင်လုပ်ကြရမယ်၊ နိုင်ငံတကာမှာလည်း ဒီလိုအသင်းအဖွဲ့ရှိတယ်ဆိုတာကို စိတ်ဝင်စားတဲ့သူတွေကိုခေါ်ပြီး ရှင်းပြတော့မှ သူတို့နားလည်လာပြီး ဒီအသင်းကို ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလမှာ စထောင်ဖြစ်ခဲ့တယ်။ လက်ရှိမှာတော့ အသင်းဝင်လေးဆယ်ဝန်းကျင်လောက် ရှိနေပါပြီ။

ရည်ရွယ်ချက်

--------------

ကုန်စည်ပြပွဲဟာ နိုင်ငံတစ်နိုင်ငံချင်းပဲဖြစ်ဖြစ် နိုင်ငံတကာနဲ့ပဲဖြစ်ဖြစ် ကုန်သွယ်မူအပိုင်းမှာ အင်မတန် အရေးကြီးတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ကုန်စည်ပြပွဲတွေ လုပ်ခြင်းအားဖြင့် နိုင်ငံခြားက ကုန်သည်တွေ ဒီမှာလာပြတယ် အဲဒီလိုလာပြကြတဲ့အတွက် ကိုယ့်အိမ်မှာ ဈေးလာရောင်းတာ ထိုင်ကြည့်ပြီး ဝယ်လို့ရတဲ့ အနေအထားပါ။ အဲဒီလိုမဟုတ်ရင် ကျွန်တော်တို့ဆီကလူတွေက ပြည်ပနိုင်ငံတွေကို အကုန်အကျခံ သွားလေ့လာပြီး ပစ္စည်းတွေဝယ်နေရပါတယ်။ သူတို့ဒီလိုလာတဲ့အတွက် သူတို့ကလည်း ဒီမှာသူတို့နဲ့ ပူးပေါင်းလုပ်မယ့်စီးပွားဖက် လာရှာတယ်။ အဲဒီအခါကိုယ့်တိုင်းပြည်ကလူတွေက အလုပ်အကိုင်တွေ ပူးပေါင်းဆောင်ရွက်ခွင့် ပိုရပါမယ်၊ နောက်တစ်ခါ သူတို့လာတဲ့အတွက် သူတို့ဟာ ဒီနိုင်ငံမှာ လည်ပတ်မယ် ဟိုတယ်တွေတည်းမယ်၊ စားမယ် သုံးမယ် အဲဒီတော့ ကိုယ့်တိုင်းပြည်အတွက် တစ်ဖက်တစ်လမ်းက ဝင်ငွေရမယ်။ နောက်တစ်ချက်က သူတို့လာပြီး ကိုယ့်တိုင်းပြည်မှာ သူတို့လုပ်ငန်းနဲ့ ဆက်စပ်ပြီး အကျုံးဝင်မယ့် ကုန်ကြမ်းပစ္စည်းတွေ ဝယ်မယ့်အနေအထားတွေ ဖြစ်လာမယ်။ ဒါ သူလည်းအကျိုးရှိ ကိုယ်လည်းအကျိုးရှိတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ထိုင်းမှာဆိုရင် ကုန်စည်ပြပွဲကရရှိတဲ့ တိုင်းပြည်ရဲ့ဘဏ္ဍာငွေက တော်တော်များပါတယ်။ အခုဆို အင်္ဂလန်တို့ ပြင်သစ်တို့မှာရှိတဲ့ ကုန်စည်ပြပွဲလုပ်တဲ့ Organizer ကုမ္ပဏီတွေက သူတို့ရဲ့ပွဲကြီးတွေကို ဘန်ကောက်မှာ အခြေစိုက်ပြီးတော့ လာပြကြပါတယ်။ အခုဆိုတော်တော်များများ နိုင်ငံတကာကပွဲကြီးတွေက ဘန်ကောက်မှာ Base ထိုင်ပြီးလာပြကြပါတယ်။ ကျွန်တော်တို့ဆီမှာ ဒီလိုပွဲတွေလာပြမယ်ဆိုရင်တောင် ပြခန်းဆောင်တွေ မရှိသေးပါဘူး။ ဒါကြောင့် ကျွန်တော်တို့အသင်းကို ဒီရည်ရွယ်ချက်တွေနဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

အသင်းဆောင်ရွက်မှုများ

--------------------------

ကျွန်တော်တို့အနေနဲ့ အသင်းမဖြစ်ခင်မှာ အသင်းဖြစ်အောင် ရုန်းကန်ခဲ့ရပါတယ်။ အသင်းဖြစ်သွားတော့လည်း  အသင်းရေရှည်ရပ်တည်နိုင်အောင် ရုန်းကန်ရပါတယ်။ ဒီအသင်းစလုပ်ကတည်းက ကျွန်တော်အပါအဝင် အသင်းဝင်တွေက ကိုယ့်အိတ်ထဲကငွေနဲ့ပဲ မတည်ခဲ့တာပါ။ အသင်းဖြစ်တော့လည်း ရုံးခန်းရရှိဖို့၊ ဝန်ထမ်းတစ်ယောက်ထားဖို့ ဒါတွေကျွန်တော်တို့ ရုန်းကန်ခဲ့ရပါတယ်။ အသင်းမှတ်ပုံတင်က ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာမှာ တရားဝင် ခွင့်ပြုချက်ကျတယ်ဆိုပေမယ့် ကျွန်တော်တို့မှာ လူဖွဲ့တာနဲ့ ညှိနှိုင်းတာနဲ့ ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှာ အသင်းရဲ့ရုံးခန်းကို စဖွင့်ခဲ့ရပါတယ်။ အသင်းဖွဲ့စည်းပြီးတာကို သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ စီမံဘဏ္ဍာဝန်ကြီး၊ စီပွားကူးသန်းဝန်ကြီး၊ နောက်တစ်ခါ ဟိုတယ်ခရီးဝန်ကြီးတွေနဲ့ တွေ့ဖို့ဆို တင်ပြရပါတယ်။ ကျွန်တော်တို့အသင်းက မြန်မာနိုင်ငံအဆင့် Level သွားဖို့ဆို Interational Network မရလို့ မဖြစ်ပါဘူး။ ဒီအသင်းက Interational နဲ့ ဆက်နွှယ်နေတဲ့ အသင်းဖြစ်တဲ့အတွက် နိုင်ငံတကာနဲ့ ချိတ်ဆက်သွားမှဖြစ်မယ်ဆိုတဲ့အတွက်ကြောင့် အရင်ဆုံးအာဆီယံအဆင့်ရှိတဲ့ ဖက်ဒလေးရှင်းနဲ့ ချိတ်ဆက်ရပါတယ်။ ဒီလိုချိတ်ဆက်တဲ့အခါမှာလည်း သူတို့ဆီဝင်ရင် Member Fee ကြေးတွေ၊ အသင်းဝင်ကြေးတွေ ရှိပါတယ်၊ ဒါတွေကို BOD အဖွဲ့က ဝိုင်းပြီးထည့်ရတယ်၊ အခုကျွန်တော်တို့ အာဆီယံဝင်ပြီးပြီ။ အာဆီယံဝင်ပြီးတော့ နောက်ဆိုသူတို့ဖိတ်တဲ့ပွဲတွေ သွားတက်လို့ရပါမယ်၊ သူတို့ဆီက Information တွေ ရပါမယ်၊ နောက်တစ်ခုက အာရှနိုင်ငံတွေမှာ ဖြစ်ပျက်နေတဲ့ ငွေတန်ဖိုးတွေ ကုန်သွယ်မှုတွေ Information တွေ အကုန်ရပါမယ်။ ဒါပေမဲ့ အစည်းအဝေး တက်တာတွေကတော့ ကိုယ့်စရိတ်နဲ့ကိုယ်သွားရမှာပါ။ အာဆီယံထဲဝင်တဲ့အခါ ပထမအကြိမ် ထူးထူးခြားခြားဖြစ်အောင် အိမ်နီးချင်းထိုင်းနိုင်ငံမှာရှိတဲ့ ထိုင်း Exhibition အသင်းကို ဖိတ်ပါတယ်။ သူတို့နဲ့ပူးပေါင်းပြီး MOU ထိုးမယ်ဆိုပြီး သူတို့ကလည်း ကျွန်တော်နဲ့ Personal ရင်းနှီးမှုအရ သူတို့စရိတ်နဲ့လာပါတယ်။ အဲဒီလိုပဲ အာဆီယံ Exhibition အသင်းချုပ်ကို ဖိတ်ပါတယ်၊။ အဲဒီမှာ ဥက္ကဋ္ဌ မလာနိုင်တဲ့အတွက် ဂုဏ်ထူးဆောင်ဥက္ကဋ္ဌက ကျွန်တော်တို့ နှစ်ပတ်လည်ပွဲကို လာတက်ပေးပါတယ်။ သူ့စရိတ်နဲ့ သူလာတက်ပေးတဲ့အပြင် မလေးရှားမှာရှိတဲ့ Exhibition အသင်းဥက္ကဋ္ဌကို ဖိတ်လိုက်တော့ မလေးရှားက သူကလည်း သူ့စရိတ်နဲ့သူ ကျွန်တော်တို့ပွဲကို လာတက်ပါတယ်။ ဒါအောင်မြင်တယ်လို့ ပြောရမှာ။ ဒါကလည်း ကျွန်တော်တို့ အမှုဆောင်အဖွဲ့ရဲ့ ညီညွတ်မှုအားကြောင့် အောင်မြင်လာတာဖြစ်ပါတယ်။ ကျွန်တော်တို့ အသင်းသားတွေအတွက် လုပ်ပေးရမှာ အများကြီးရှိပါသေးတယ်။ အဲဒီလိုဖြစ်ဖို့ ကျွန်တော်တို့မှာ နိုင်ငံတကာပံ့ပိုးမှု၊ နည်းပညာပံ့ပိုးမှုတွေ လိုသလို အသင်းသားတွေကလည်း ကိုယ့်အသင်းပေါ်မှာ ယုံကြည်ချက်ရှိဖို့လည်း လိုပါတယ်။

ကုန်စည်ပြပွဲလုပ်ဖို့ အခက်အခဲ

--------------------

ဒီခန်းမတွေနဲ့ ပတ်သက်ပြီးတော့ သက်ဆိုင်ရာဝန်ကြီးတွေကိုလည်း ပြောပါတယ်။ နောက်တစ်ခါလုပ်ငန်းရှင်ကြီးတွေကိုလည်းတွေ့ရင် တွေ့တိုင်းပြောပါတယ်၊ လက်ရှိဒီနိုင်ငံမှာ Convention Centre မရှိဘူးလားဆိုတော့ ရှိပါတယ်၊ လွန်ခဲ့တဲ့နှစ်နှစ်ဆယ်ကတည်းက ဆောက်ထားတဲ့ တပ်မတော်ခန်းမ ရှိပါတယ်၊ MEP ခန်းမဆိုတာလည်း MCC နားရောက်နေပါတယ်၊ ဒါကလည်း ယာယီလုပ်ထားတာပါ။ အခုတစ်ခါ YCC ဆိုပြီး ထပ်ဆောက်နေတာ ရှိပါတယ်၊ Inya Lake ထဲမှာ ဒါကလည်း ရှင်းရှင်းပြောရင် MEP ထက်တော့ နေရာကျယ်သွားပေမယ့် နိုင်ငံတကာအဆင့်မီ ကုန်စည်ခန်းမ Level ရှိလားဆိုတော့လည်း မရှိသေးပါဘူး၊ အဲဒါကြောင့် ကျွန်တော်တို့ဆီမှာလာပြီး ရင်းနှီးမြှုပ်နှံဖို့ လိုနေပါတယ်။ တကယ်လို့ ရင်းနှီးမြှုပ်နှံတဲ့သူ လာရင်လည်း အစိုးရဘက်က မြေနေရာပေးဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ထိုင်ဝမ်မှာ အာဆီယံ Exhibition အသင်းချုပ် အစည်းအဝေးသွားတက်တော့လည်း ကျွန်တော်က ပြောခဲ့ပါတယ်၊ ကျွန်တော်တို့တိုင်းပြည်မှာ ဒီလိုအသင်းလည်းရှိတယ်။ ဒါပေမဲ့ ခန်းမဆောင် မရှိဘူး ဖြစ်နေတယ်။ ဒါကြောင့် လာပြီးရင်းနှီးမြှုပ်နှံပါ။ လာရင် ကျွန်တော်တို့ဘက်ကနေ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်းပြီးတတ်နိုင်သမျှ ဆောင်ရွက်ပေးမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒါတွေ ဆောက်နိုင်ဖို့ ငွေအင်အားမရှိပါဘူး။ အဲဒီတော့ ရင်းနှီးမြှုပ်နှံမယ့်သူ ပြည်တွင်းက Developer ၊ နိုင်ငံခြားတွေက Investor တွေကိုပဲ အားကိုးရမှာပါ။ အစိုးရအနေနဲ့လည်း သင့်တော်တဲ့မြေကို ကူညီပေးမယ်။ လိုအပ်တာတွေ ဖြည့်ပေးမယ်။ အလျင်အမြန်ဖြစ်အောင် ဆောင်ရွက်ပေးမယ်ဆိုရင်တော့ အကောင်အထည်ဖော်လာနိုင်တော့မှာပါ။ အခုတော့ မန္တလေးမှာ Convention Centre ကြီးဆောက်နေပါတယ်၊ ဒါပေမဲ့ ဆောက်နေတာကြာပြီ၊ အခုထိကို မပြီးနိုင်သေးပါဘူး။ အမှန်က ဒီလိုကုန်စည်ပြပွဲခန်းမဆိုတာ ရန်ကုန်မှာ ရှိသင့်တာပါ။ နေပြည်တော်မှာရှိတဲ့  Convention Centre ကျတော့လည်း တရုတ်ကလာဆောက်ပေးထားတာပါ။ အစိုးရအနေနဲ့လည်း ဒါတွေသိပါတယ်၊ ခက်တာက သူတို့မှာလည်း မြေအခက်အခဲ၊ နေရာအခက်အခဲတွေ တခြားအရေးကြီးကိစ္စတွေ ရှိနေတဲ့အတွက် သူတို့ကိုလည်း အပြစ်ပြောလို့မရဘူး ဖြစ်နေပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုလာရင်တော့ သူတို့ကပံ့ပိုးပေးဖို့တော့ လိုတာအမှန်ပါပဲ။

traderassocation2

အသင်းရဲ့အခက်အခဲ

-----------------------

အဓိကအခက်အခဲက ဘဏ္ဍာရေးပဲ။ ကျန်တာက ကျွန်တော်တို့ညီညွတ်ရင် အကုန်လုပ်လို့ရပါတယ်။ ဘဏ္ဍာရေးမှာ ကျွန်တော်တို့ BOD တွေက အိတ်ကနေစိုက်ထုတ်ပြီး လုပ်နေရပါတယ်။ နှစ်စဉ်ကြေး တစ်သိန်းပေးထားတဲ့အပြင် ရုံးဝန်ထမ်းစရိတ်အတွက်လည်း လစဉ်ငါးသောင်းထပ်ထည့်ပြီး လုပ်နေရတာပါ။ ရေရှည်တည်တံ့နိုင်ဖို့အတွက် ရန်ပုံငွေရရှိအောင်လို့တော့ လုပ်ရပါမယ်။ သူများထောက်ပံ့ကြေးပေးမှ လုပ်နိုင်မယ်ဆိုရင်တော့ အသင်းတစ်ခုဖြစ်လာမှာ မဟုတ်သလို အသင်းလည်း တိုးတက်မှာ မဟုတ်ပါဘူး။ အဲဒီတော့ ကိုယ့်ဘာသာကိုယ် ကြိုးစားကြရမှာပါ။

အသင်းသားအရည်အသွေးမြှင့်တင်ဖို့

-------------------

အသင်းသားတွေ သိသင့်သိထိုက်တဲ့ကိစ္စတွေ၊ နားလည်သင့်တဲ့ကိစ္စရပ်တွေ ဖွံ့ဖြိုးတိုးတက်မှုအတွက် တက်ရမယ့်သင်တန်းတွေ ကျွန်တော်တို့ စီစဉ်ပေးမယ်။ ဒီအပေါ်မှာ ခံယူမှု၊ သင်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှုတွေက သူတို့ပေါ်မှာ မူတည်ပါတယ်။ ကျွန်တော်တို့က ဘာတွေလုပ်ပေး လုပ်ပေး သူတို့က ပူးပေါင်းဆောင်ရွက်မှုမရှိရင် ဘာမှမတတ်နိုင်ဘူး။

အသင်းဝင်ဖို့ဆိုရင်

--------------------

ကျွန်တော်တို့ အသင်းဝင်ဖို့အတွက်ဆို ကုမ္ပဏီရှိရပါမယ်။ ကုမ္ပဏီမရှိဘူးဆိုလည်း လုပ်ငန်းလိုင်စင်တစ်ခုခု ရှိရပါမယ်။ ဥပမာပြောရရင် စည်ပင်မှာ ကြော်ငြာလုပ်ငန်းလုပ်တဲ့လိုင်စင် ရှိသလား၊  ဒါမျိုးအထောက်အထား တစ်ခုခုလိုအပ်ပါတယ်။ ဒါပေမဲ့ အမှုဆောင်အဖြင့် အရွေးခံမယ်ဆိုရင်တော့ ကုမ္ပဏီရှိတဲ့သူကိုပဲ အမှုဆောင်အဖြစ်ရွေးချယ်မှာဖြစ်ပါတယ်။

ဒါ BOD Level မှာ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်ပါ။ ပြီးတော့ BOD အဖွဲ့ဝင်တွေဟာ အသင်းနဲ့ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ တကယ်လုပ်ကိုင်နေတဲ့သူဖြစ်တယ်ဆိုတာ အသင်းသားတွေက ထောက်ခံရမယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့သူတွေကလာပြီး အဖွဲ့ထဲမှာလာဝင်ပြီး နေရာယူမှာ စိုးတဲ့အတွက် အသင်းဝင်ပုံစံမှာကတည်းက ကန့်သတ်ချက်လေးတွေ ထားထားတာပါတယ်။ ဘယ်သူမဆို အသင်းကို ဝင်လို့ရပါတယ်၊ မကန့်သတ်ထားပါဘူး၊ ဒါပေမဲ့ အသင်းဝင်မယ့်သူဟာ ဒီစီးပွားရေးအသိုက်အဝန်းနဲ့ ဆက်နွှယ်နေတဲ့သူဖြစ်ဖို့တော့ လိုအပ်ပါတယ်။

အနာဂတ်အစီအစဉ်

---------------------

အခု Regional မှာ MOU တွေ ထိုးပြီးပြီဆိုရင် အဓိကကတော့ သင်တန်းတွေ ပေးနိုင်အောင် လုပ်ရမှာပါ။ အခုလက်ရှိကတော့ သင်တန်ပေးနိုင်တဲ့အဆင့်တော့ မရောက်သေးပါဘူးပါ။ ဒါပေမဲ့ တစ်ချိန်ချိန် သင်တန်းပေးမယ်ဆိုရင်လည်း နိုင်ငံတကာကနေပြီးတော့ သင်တန်းပြတဲ့ဆရာက Official Certificate ကိုင်ထားတဲ့သူပဲ ပြလို့ရမှာ ဖြစ်ပါတယ်။ အဲဒီအဆင့်ရောက်ဖို့ကတော့ ကြိုးစားကြည့်ရပါတယ်။ အာဆီယံ Exhibition အနေနဲ့လည်း ဆရာတစ်ယောက်လွှတ်ပေးမယ်ဆိုရင် ကျွန်တော်တို့က အဲဒီဆရာ နေရေးထိုင်ရေးကို ကူညီပေးပါမယ်၊ အဲဒါဆို အသင်းတွေ သင်တန်းတက် Certificate တစ်ခုရမှာဖြစ် ပါတယ်။ ဒီအဆင့်ကိုရောက်ဖို့တော့ ကြိုးစားသွားမှာပါ။ လောလောဆယ်မှာတော့ ဒီကုန်စည်ပြပွဲနဲ့ပတ်သက်တဲ့ Industry ဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ တဖြည်းဖြည်းနဲ့ ပြည်သူတွေသိအောင်၊ ဒီ Industry ရှိတဲ့သူတွေ အမြင်ပွင့်လာအောင် ဆွေးနွေးပွဲတွေ နည်းပညာဖလှယ်တဲ့ပွဲတွေ လုပ်သွားပါမယ်။ တစ်ဖက်မှာလည်း အသင်းရန်ပုံငွေရရှိရေးအတွက် ကြိုးစားသွားပါမယ်။ ပြီးတော့ အသင်းဝင်တိုးပွားရေးအတွက်လည်း စည်းရုံးသွားမှာပါ။ နောက်ပိုင်းမှာ နယ်တွေထိဆင်းပြီးတော့ နယ်တွေမှာရှိတဲ့သူတွေ အသင်းပေါ် စိတ်ဝင်စားမှုရှိလာအောင် စည်းရုံးမှုတွေ လုပ်သွားမှာ ဖြစ်ပါတယ်။