Behind the Secret of Success-The Real Story စာရေးသူ Ashok K. Nath နှင့် စကားစမြည်

Mr Ashok K. Nath ဟာ လတ်တလောမှာ Behind the Secrect of Success- The Real Story စာအုပ်ကို ရေးသားထုတ်ဝေထားသူဖြစ်ပြီး သူဟာ အာရှနိုင်ငံတွေအတွင်း နှစ်ပေါင်းများစွာနေထိုင်ပြီး လုပ်ငန်းအမျိုးမျိုးလုပ်ကိုင်ခဲ့ကာ လက်ရှိလည်း အဖွဲ့အစည်းတော်တော်များများမှာ ပါဝင်နေဆဲဖြစ်ပါတယ်။ World Executive’s Digest ကိုလည်း အောင်မြင်စွာ စီစဉ်ထုတ်ဝေဖူးသူတစ်ယောက်ဖြစ်တဲ့ Mr Ashok K. Nath နဲ့ CEO မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်တို့ တွေ့ဆုံခိုက်မှာ ထုတ်ဝေရေးလောကရဲ့ လက်ရှိအခြေအနေနဲ့ အနာဂတ်မှာ ထုတ်ဝေသူတစ်ယောက်အနေနဲ့ ရပ်တည်နိုင်ဖို့နဲ့ ပတ်သက်ဆွေးနွေးခဲ့ကြပြီး အဲဒီထဲက တချို့ကို အကျဉ်းချုပ်အနေနဲ့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Ashok1

Behind the Secrect of Success – The Real Story စာအုပ်ကို ရေးဖြစ်ဖို့ ဘာတွေက တွန်းအားဖြစ်စေခဲ့ပါသလဲ . . .

ကျွန်တော် အလုပ်စလုပ်ခဲ့ချိန် (၁၉၆၃ ခုနှစ်ကစလို့ နှစ်ပေါင်း ၅၀ ကျော်အတွင်း) သက်တမ်းတစ်လျှောက်မှာ အာရှတွင်း နိုင်ငံတော်တော်များများမှာ လုပ်ငန်းအမျိုးမျိုး လုပ်ကိုင်ခဲ့ပါတယ်။ အဲဒီအချိန်အတောအတွင်း ကျွမ်းကျင်သူတွေ၊ လုပ်ငန်းငယ်တွေရဲ့ ပိုင်ရှင်တွေနဲ့ ကော်ပိုရေးရှင်းကြီးတွေက ဝန်ထမ်းတွေ စသဖြင့် တွေ့ဆုံခဲ့ရပါတယ်။ သူတို့ထဲက အများစုက အလုပ်ကြိုးစားကြပေမယ့် အနည်းငယ်သာ အောင်မြင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။ အချို့ဆို သူတို့ရတာနဲ့ပဲ အခြေချနေကြရပြီး ကိုယ်တကယ်ဝါသနာပါတာကို မလုပ်နိုင်ကြပါဘူး။ သူတို့ကိုယ်သူတို့တော့ အားကုန်သုံးပြီး လုပ်ကြည့်ပြီးပြီလို့ မှတ်ယူထားကြပါတယ်။ တချို့ဆို အလုပ်ရှင်တွေ ကိုယ်တိုင်ကိုက အားပေးတာ၊ လိုအပ်တဲ့သင်တန်းနဲ့ ဘာသာရပ်အသစ်တွေကို လေ့လာစေတာမျိုး လုပ်ပေးကြပေမယ့် အောင်မြင်မှုမရနိုင်ကြတာလည်း ရှိပါတယ်။ ဘာကြောင့် လူနည်းစုပဲ အောင်မြင်ကြတာပါလဲ။ သူတို့တွေ နှစ်ပေါင်းများစွာ ကြိုးစားတာတောင်မှ ဘာကြောင့် အောင်မြင်မှုမရနိုင်တာလဲဆိုတာကို ကျွန်တော် လက်မခံနိုင်ပါဘူး။ နည်းလမ်းကိုသာသိရင် လူတိုင်းအောင်မြင်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။

ဒါကြောင့် အောင်မြင်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်ကို အောင်မြင်လိုသူတိုင်းနဲ့ မျှဝေချင်ပါတယ်။ ဒါကြောင့် ဘာကအောင်မြင်မှုရစေသလဲဆိုတာကို ကျွန်တော် ဝေမျှချင်တာကြောင့် ဒီစာအုပ်ကို ရေးသားဖြစ်ခဲ့တာပါ။

Ashok2

ကျွန်တော်တို့ အားလုံးသိထားသလိုပဲ ပုံနှိပ်မီဒီယာတွေက ပျောက်ကွယ်လုနီးပါး ဖြစ်နေချိန်ပါ။ အခုလိုအချိန်မျိုးမှာ ခင်ဗျားအနေနဲ့ အရင်ကလုပ်ခဲ့တဲ့ World Executive’s Digest ရဲ့ အောင်မြင်မှုအတွေ့အကြုံတွေကနေ ဘယ်လိုများအကြံပေးချင်ပါသလဲ . . .

ပထမဆုံးအနေနဲ့ ကျွန်တော်တို့ Content တစ်ခုခု၊ သတင်းအချက်အလက်တစ်ခုခုမျိုး ထုတ်ဝေတော့မယ့်ဆို ဘယ်သူတွေကို ပစ်မှတ်ထားချင်တာလဲဆိုတာနဲ့ သူတို့အတွက် အဲဒါက ဘာအကျိုးကျေးဇူးရှိစေမလဲဆိုတာလည်း သိရပါမယ်။ ကျွန်တော်တို့ World Executive’s Digest ထုတ်တုန်းက အဲဒါက အာရှအတွင်းက တက်လမ်းရှိနေတဲ့ အမြဲတမ်းသွားလာလှုပ်ရှားနေရတဲ့ သူတို့ဘဝရှေ့တက်လမ်းအတွက် ရှင်းပြီးဖတ်ရလွယ်တဲ့ Tools Tips နဲ့ နည်းနာတွေကိုကြိုက်တဲ့ မန်နေဂျာတွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ဈေးကွက်က ဘာလဲနဲ့ သူတို့အကျိုးရှိဖို့ ကိုယ်ဘာတွေပေးနိုင်သလဲဆိုတာက အခုထက်ထိ၊ ဒါမှမဟုတ် နောင်ကာလတွေအထိ အသုံးဝင်နေဆဲ အတွေးအခေါ် ဖြစ်ပါတယ်။

ဒုတိယအချက်ကတော့ ယှဉ်ပြိုင်နိုင်စွမ်းရှိဖို့ မဟုတ်ဘဲ သင့်တော်ပြီး လက်ခံနိုင်ဖွယ်ရှိဖို့ လိုတယ်ဆိုတာပါပဲ။ Content တွေကို စာဖတ်သူတွေ ဖတ်နိုင်၊ သုံးနိုင် ဒါမှမဟုတ် သူတို့ကို ဖျော်ဖြေနိုင်တဲ့၊ သူတို့အတွက် သတင်းအချက်အလက်တန်ဖိုးရှိတဲ့ ပုံစံ၊ အချိန်၊ နေရာတစ်ခုအတွင်း ပေးနိုင်ဖို့လိုပါတယ်။

အောင်မြင်နေတဲ့ မီဒီယာတစ်ခုက သူနဲ့အတူ စာဖတ်သူတွေ ကိုယ်တိုင်ပါဝင်လာနိုင်အောင် လုပ်နိုင်ရပါမယ်။ စာဖတ်သူကိုယ်တိုင်လုပ်တဲ့ Content ၊ သူတို့အမြင်တွေကို ဖော်ပြနိုင်တဲ့နေရာတစ်ခုပေးတာ၊ Content တွေ ဖန်တီးတဲ့နေရာမှာ သူတို့ပါဝင်နိုင်တဲ့ Process တစ်ခု လုပ်ပေးတာမျိုးတွေ ဖြစ်ပါတယ်။ World Executive’s Digest တုန်းကလည်း စာဖတ်သူတွေ ပါဝင်လာအောင် ဆွဲဆောင်နိုင်ခဲ့ပါတယ်။

အခုခေတ်ကာလ မိုဘိုင်းလ်နဲ့ အွန်လိုင်း Content ထုတ်လုပ်သူတွေဟာ စာဖတ်သူတွေ ကိုယ်တိုင်ပါဝင်မှုနဲ့ ပတ်သက်လို့ နားလည်ကြပါတယ်။ ဒါပေမဲ့ Print မီဒီယာတွေကတော့ ဒါကိုနားမလည်ပါဘူး။ မိုဘိုင်းလ်နဲ့ အွန်လိုင်း Content ထုတ်လုပ်သူတွေ ရနိုင်တဲ့ Feedback တွေဖြစ်တဲ့ Google Analytics Data လို အရာမျိုးတွေလည်း Print မီဒီယာတွေက မရနိုင်ပါဘူး။

တတိယအချက်အနေနဲ့ အရည်အသွေးနဲ့ စာဖတ်သူ ဝေဖန်ချက်တွေပါ။ World Executive’s Digest က Content တွေရဲ့ အရည်အသွေးနဲ့ ပတ်သက်လာရင် ဘယ်တော့မှ အလျှော့အတင်း မလုပ်ပါဘူး။ ဒီဇိုင်းတွေနဲ့ စာမျက်နှာဖွဲ့စည်းပုံတွေကိုလည်း နိုင်ငံတကာအဆင့်မီ၊ ပိုကောင်းအောင် အမြဲလုပ်ပါတယ်။ ကမ္ဘာတစ်ဝန်းက အကောင်းဆုံးစီမံခန့်ခွဲမှုဆိုင်ရာ ဆောင်းပါးများလို့ ကျွန်တော်တို့ကသုံးရင် တကယ်လည်း အရည်အသွေးက အဲဒီအတိုင်း ဖြစ်ရပါမယ်။

စာဖတ်သူတွေရဲ့ ဝေဖန်မှုတွေဆိုတာက အမြဲလိုစဉ်ဆက်မပြတ် လေ့လာနေရမှာဖြစ်ပြီး အဲဒါတွေကို ကျွန်တော် ပုံမှန်လေ့လာသုံးသပ်လေ့ရှိပါတယ်။ ကျွန်တော်တို့က ပထမတစ်ကြိမ် ရောင်းရဖို့အတွက်က Salesman တွေရဲ့ အလုပ်ဆိုတာနဲ့ အကြိမ်ကြိမ်ရောင်းနေရအောင်လုပ်ဖို့က အယ်ဒီတာတွေရဲ့ အလုပ်ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားပါတယ်။

Print မီဒီယာအနေနဲ့လည်း ဒစ်ဂျစ်တယ်မီဒီယာလို အသုံးပြုသူ ဝေဖန်အကြံပြုချက်တွေကို လွယ်လွယ်မြန်မြန် များများမရနိုင်တာက အားနည်းချက် ဖြစ်နေပါတယ်။ ဒါကြောင့် Print Media တွေအနေနဲ့ သူတို့ရဲ့ အသုံးပြုသူ ဝေဖန်အကြံပြုချက် ရယူအသုံးချခြင်းနည်းစနစ်ကို တိုးတက်အောင် မလုပ်နိုင်သရွေ့တော့ ဒစ်ဂျစ်တယ်မီဒီယာရဲ့ နောက်မြီးဆွဲအနေအထားနဲ့ပဲ ဆက်သွားနေရပါလိမ့်မယ်။

နောက်ငါးနှစ်အတွင်းမှာ ဖြစ်လာမယ့် Print Media နဲ့ Digital ရဲ့ အလားအလာကို သိချင်ပါတယ်။ မြန်မာနိုင်ငံနဲ့ အခြားဖွံ့ဖြိုးပြီး နိုင်ငံတွေကြားမှာ ခြားနားချက်ရှိမယ်ထင်ပါသလား . . .

အသိအမှတ်မပြုသေးတဲ့သူ အချို့ကလွဲလို့ Digital နဲ့ စပ်လျဉ်းပြောရရင် Print Media ရဲ့ အနာဂတ်ကို အခုချိန်မှာ အတန်အသင့်တော့ လူသိများလာပါတယ်။ စီမံခန့်ခွဲရေးမှန်ပြီး ဈေးကွက်က မှားကြောင်းသက်သေပြဖို့ ကြိုးစားရင်းနဲ့ လုပ်ငန်းတော်တော်များများက ကျရှုံးသွားကြပါတယ်လို့ စီမံခန့်ခွဲရေးဂုရု Peter Drucker က ပြောဖူးပါတယ်။ အလားတူပဲ Print Media မှာလည်း သမာရိုးကျ ထုတ်ဝေခြင်းက မှန်ပြီး Digital ခေတ်ရဲ့ တကယ်ဖြစ်နေတဲ့ အရာအသစ်တွေက မှားကြောင်းသက်သေပြဖို့ ကြိုးစားရင်း Print Media တော်တော်များများ ကျရှုံးနေပါတယ် (ကျရှုံးဆဲဖြစ်တယ်) လို့ ကျွန်တော်တို့ ပြောနိုင်ပါတယ်။

ခြုံလိုက်ရင် တကယ်ဖြစ်နေတဲ့ အရာတွေက Print ကို ထောက်ပံ့မှုမှာ သိသာစွာကျဆင်းနေတာ ရှိပါတယ်။ ဒစ်ဂျစ်တယ်မီဒီယာရဲ့ တိုက်စားမှုနဲ့ Print Media ကျဆုံးမှုလည်း မကြာခင် ဖြစ်နိုင်ပါတယ်။

- ယနေ့ လူ့အဖွဲ့အစည်းက အချက်အလက်တွေကို လိုလားနေတဲ့ အသိုင်းအဝိုင်းဖြစ်ပါတယ်။ ဒါကို Print Media မလုပ်နိုင်ပါဘူး။

- စာဖတ်သူတွေက Mobile phone/ Tablets နဲ့ အခြားနေရာတွေမှာ သူတို့နှစ်သက်တဲ့ သတင်းနဲ့ အချက်အလက်တွေကို ရနိုင်ပါတယ်။ Print ကတော့ အဲဒါတွေရဲ့ အနားတောင် မကပ်နိုင်ပါဘူး။

- စာဖတ်သူတွေက သူတို့ကိုယ်တိုင် သတင်းအချက်အလက်တွေကို ဖန်တီးနိုင်တယ် (ဥပမာ- ဗီဒီယို သတင်းအပိုင်းအစတွေ) ဒါက Print မှာတော့ လုံးဝမဖြစ်နိုင်ပါဘူး။

- Digital Media ကတစ်ဆင့် အပြန်အလှန် ဆက်သွယ်ပြောဆိုမှု အများအပြား လုပ်နေနိုင်ပါတယ်။ Tweet တွေနဲ့ Facebook Message တွေ၊ Event တွေလည်း တစ်ပြိုင်နက်တည်း လုပ်နေလို့ရပါတယ်။ ဒီလိုကိစ္စတွေကို Print မီဒီယာက ဝင်မလုပ်နိုင်ပါဘူး။

- Digital နဲ့ Online မှာရနိုင်တဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာထားတဲ့ အချက်အလက်ပမာဏရနိုင်ဖို့ Print မီဒီယာက မနီးတောင် မနီးစပ်နိုင်ပါဘူး။

- စာဖတ်သူ တုံ့ပြန်ချက်တွေကိုလည်း ချက်ချင်းရနိုင်ပါတယ်။ စစ်တမ်းကောက်ခြင်းနဲ့ မဲခွဲလေ့လာခြင်းတွေကိုလည်း တစ်ညတည်းနဲ့ လုပ်ဆောင်နိုင်ပါတယ်။

- မြန်ဆန်မှုနဲ့ ပတ်သက်လို့လည်း အရင်တုန်းကတော့ မနက်ခင်းတိုင်း နောက်ဆုံးရသတင်းတွေပေးတဲ့ သတင်းစာကို ကျွန်တော်တို့ အလေးထားခဲ့ရတယ်။ အခုတော့ သတင်းစာကို ပုံမနှိပ်ခင်မှာပဲ ကျွန်တော်တို့ရဲ့ Mobile Phone ကနေ သတင်းတွေ ရနိုင်ပါတယ်။

- လုပ်ငန်းတွေကို ကြော်ငြာပိုင်းဆိုင်ရာ ဝန်ဆောင်မှုပေးဖို့ကိစ္စမှာလည်း Print Media က ဒစ်ဂျစ်တယ်မီဒီယာက ပေးနိုင်တဲ့ဝန်ဆောင်မှုတွေကို မယှဉ်နိုင်ပါဘူး။ သိန်းချီတဲ့ အချက်အလက်တွေရအောင်၊ အသုံးပြုသူတွေဆီရောက်အောင် သူတို့က Bloggers တွေ၊ Online/Digital Websites နဲ့ Blogs ဆီသွားတယ်။ အကျိုးရလဒ်က ဆက်သွယ်ရမယ့်အရာတွေ၊ စာရင်းတွေကို တစ်ကြိမ်ရပြီးတာနဲ့ သူတို့ကိုယ်ပိုင် ဖြစ်သွားတာပါ။

- ထုတ်ကုန်တစ်ခုကို ဝယ်ချင်တဲ့သူတွေက Online မှာတင် သတင်းအချက်အလက်အစုံကို ပုံ (3D) တွေနဲ့ ချက်ချင်းရနိုင်ပါတယ်။ Print က တစ်ကြိမ်မှာ (ကြော်ငြာနေတဲ့) ထုတ်ကုန်တစ်ခုကိုပဲ ပြနိုင်ပါတယ်၊ ပြီးတော့ တစ်ဖက်တည်းပဲ မြင်နိုင်ပါတယ်။

- ‘STATE OF INBOUND’ လို့ခေါ်တဲ့ မကြာသေးခင်က ထွက်ရှိခဲ့တဲ့ စစ်တမ်းတစ်ခုမှာ ကြော်ငြာသမားတွေ အဓိကစိတ်ဝင်စားတာက Print Media နဲ့ ကြော်ငြာတာမဟုတ်ကြောင်း၊ သူတို့ရဲ့ကိုယ်ပိုင် Websites တွေနဲ့ Activities တွေအတွက် ဝင်ရောက်ကြည့်ရှုသူတွေ တိုးပွားအောင် ဖန်တီးတာသာဖြစ်ကြောင်း သိရပါတယ်။ ဒါကြောင့် Print Advertising အခုအချိန်မှာ အားနည်း၊ ကျဆင်းလာနေပါတယ်။

ခွဲခြမ်း စိတ်ဖြာမှုတွေ၊ အကြံပေးမှုတွေ၊ အသေးစိတ် ပိုပြီးယုံကြည်စိတ်ချရတဲ့ အချက်အလက် အစရှိတာတွေကို ပေးနိုင်တယ်လို့ Print Media ကြွေးကြော်ပြီး အခက်အခဲတွေကို ရင်ဆိုင်ဖို့ ကြိုးစားနေပါတယ်။ တကယ်တော့ ဒါက စိတ်ကူးယဉ်သက်သက်ပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လိုချင်တဲ့ ဘယ်လိုအကြောင်းအရာကိုမဆို Google တစ်ခုတည်းမှာ ရှာလိုက်ရင်တောင် ရနိုင်တဲ့ ခွဲခြမ်းစိတ်ဖြာမှုတွေ၊ အကြံပေးမှုတွေနဲ့ အသေးစိတ်အချက်အလက်ပမာဏတွေက Print Meida က အမြဲတမ်းပေးနိုင်ဖို့ မျှော်လင့်ထားတာတွေထက် ပိုပြီးများပါတယ်။ စာဖတ်သူတွေရဲ့ စိတ်ဝင်စားမှု ပျောက်ဆုံးနေတာကို တိုးတက်အောင်လုပ်ဖို့လည်း Print Media က လုပ်ဆောင်နေပါတယ်။ သူတို့က ဆောင်းပါးတွေကို အတိုချုံ့ ရေးလာနေတယ်၊ ပြီးတော့ အစီရင်ခံစာတွေ ပိုထည့်လာတယ်။ Social Media ကိုလည်းသုံးနေပါတယ်။ ဒါပေမဲ့ အဓိကအချက်က ပျောက်နေပါတယ်။ သူတို့က ပြဿနာကို တိပ်နဲ့ ဖာထေးနေတာပါ။ တကယ့်အဖြေက အတွေးအခေါ်ပိုင်းကို လုံးဝနီးပါးပြောင်းလဲလိုက်ရမှာ ဖြစ်ပါတယ်။

ကိုယ်ပိုင် Digital ဝန်ဆောင်မှုတွေကို ထပ်ဖြည့်ရင်းနဲ့ Print Media အများစုက Digital နယ်ပယ်ရဲ့ တိုက်ခိုက်မှုကို တွန်းလှန်ဖို့ ကြိုးစားနေကြပါတယ်။ Websites တွေနဲ့ စပြီး Blogs တွေဆီသွားတယ်၊ Social Media နဲ့ ချိတ်ဆက်တာတွေ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ အဓိကအချက်နဲ့ လွဲနေပါတယ်။ တကယ်တော့ အဓိကလုပ်ငန်းက Digital နယ်ပယ်ထဲမှာ ဖြစ်သင့်ပြီး၊ ကျန်တဲ့ Print Media ထုတ်လုပ်မှုလုပ်ငန်းက စမ်းသပ် လုပ်ဆောင်မှု အတိုင်းအတာလောက်ပဲ ရှိသင့်တာပါ။ Print Media ရဲ့ အချို့အစိတ်အပိုင်းလောက်ပဲ ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

Print Media က Amazon ၊ UBER ၊ Air B&B ၊ Grab Taxi ၊ PayPal နဲ့ အခြားအရာတွေရဲ့ ဖြစ်စဉ်တွေကို နားလည်ရပါမယ်။ ဒီအရာတွေက သမားရိုးကျလုပ်ငန်းတွေကို နည်းပညာရဲ့ အင်အားသက်သက်နဲ့ ကျော်ဖြတ်ပြီးတော့ Digital နယ်ပယ်မှာ အလွန်အောင်မြင်နေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။  နည်းပညာလုပ်ငန်းတွေက မရှုပ်ထွေးကြောင်း၊ စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ ပေါင်းစပ်ထားတဲ့ ရိုးရှင်းတဲ့ နည်းပညာလုပ်ငန်းတွေက အောင်မြင်မှုရကြောင်း ဒီလုပ်ငန်းတွေက လက်တွေ့ပြနေပါတယ်။ စိတ်ကူးစိတ်သန်းကောင်းတွေနဲ့ ဖန်တီးထားတဲ့ အကြောင်းအရာတွေကို ရိုးရှင်းတဲ့ နည်းပညာကို ဆက်တိုက်အသုံးပြုပြီး ဖြန့်ဝေဖို့က Print Media ရဲ့ လုပ်ဖို့လိုအပ်နေတဲ့အရာ ဖြစ်တယ်။

Digital ကမ္ဘာမှာ ရနိုင်တဲ့ ပစ္စည်းတွေအားလုံးကို အသုံးပြုပြီးတော့ တောင်းဆိုနေတဲ့ Content တွေကို ပေးသူတွေအဖြစ် Print Media က သူ့ရဲ့လုပ်ငန်းကို ပြန်ပြီးအဓိပ္ပာယ်ဖွင့်ဖို့ လိုအပ်ပါတယ်။ Print Media က Digital မီဒီယာကို အခြေခံဖို့ မလိုပါဘူး။ သမားရိုးကျ စဉ်းစားနေမှုကနေ ဖောက်ထွက်စဉ်းစားဖို့ လိုပါတယ်။ ဆန်းသစ်တီထွင်မှု၊ အပြင်လောကကို ရှုမြင်တွေးတောခြင်း၊ ဗလာသက်သက်နဲ့ ပြန်အစပြုခြင်းတွေပဲ ဖြစ်ပါတယ်။ လုပ်ငန်းကို ကယ်ဆယ်ဖို့ကြိုးစားရာမှာ အဲဒီလိုလုပ်ဖို့ကလွဲလို့ တခြားမရှိတော့ဘူးလို့ ကျွန်တော်ထင်ပါတယ်။

Ashok3

အနာဂတ်မှာ ထုတ်လုပ်သူတစ်ယောက်က ဘယ်လိုရှင်သန်ကျန်ရစ်နိုင်မလဲ . . .

ဒီမေးခွန်းရဲ့အဖြေက အတော်ရိုးရှင်း လွယ်ကူပါတယ်။ သမားရိုးကျနည်းနဲ့ပဲ ထုတ်ဝေဖို့ တွေးနေတယ်လို့ ယူဆရမယ်ဆိုရင် အနာဂတ်မှာ ထုတ်ဝေသူအဖြစ် မရှင်သန်နိုင်ပါဘူး။ ထုတ်ဝေသူတစ်ယောက်က ရှင်သန်ဖို့ဆိုရင် သူရောက်ရှိနေတဲ့ လုပ်ငန်းကိုရပ်ပြီး ဗလာသက်သက်နဲ့ အစကနေ လုပ်ဆောင်ရပါမယ်။

- ပထမအချက်က SWOT ခွဲခြမ်းစိတ်ဖြာမှု လုပ်ဖို့ပါ။ ထုတ်ဝေသူတစ်ယောက်အဖြစ်နဲ့ မဟုတ်ဘဲ အုပ်စုတစ်စုအနေနဲ့ အားသာချက်တွေ၊ အားနည်းချက်တွေ အခွင့်အရေးတွေနဲ့ အန္တရာယ်တွေက ဘာတွေလဲဆိုတာကို ပြန်ဆန်းစစ်ရပါမယ်။

- တောင်းဆိုတဲ့အကြောင်းအရာနဲ့ အချက်အလက်တွေကို ထုတ်ဝေတဲ့လုပ်ငန်းအဖြစ် Print Media ကို အဓိပ္ပာယ်ပြန်ဖွင့်ဖို့ ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူတွေက ပြိုင်ဘက်တွေလဲ၊ ဘယ်သူတွေက နည်းဗျူဟာကျတဲ့ မဟာမိတ်တွေလဲဆိုတာကို ဒီလုပ်ငန်းသစ်ကနေ အဓိပ္ပာယ်ပြန်ဖွင့်ရပါလိမ့်မယ်။

- Print Media က လတ်တလောမှာ Print ၊ Audio ၊ Video ၊ Mobile ၊ Online အားလုံးမှာ အချိန်နဲ့ တစ်ပြေးညီ အလုပ်လုပ်နိုင်ဖို့ လိုပါတယ်။

- Digital ကမ္ဘာမှာ Print Media က သူတို့ရဲ့ နည်းပညာနဲ့ဆိုင်တဲ့ လုပ်ဆောင်နိုင်စွမ်းတွေနဲ့ နားလည်မှုတွေကို 360 Degree အပြည့်အ၀ တိုးတက်အောင် လုပ်ရမယ်ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။

- ဒီလုပ်ငန်းသစ်က လူသန်းပေါင်းများစွာကို ဘယ်လိုနည်းနဲ့ ဘယ်လိုနေရာမှာ ဆွဲဆောင်နိုင်မလဲ၊ ဖောက်သည်တွေက ဘယ်သူတွေလဲနဲ့ သူတို့က ဘာကိုတန်ဖိုးထားလဲဆိုတာကို စဉ်းစားသတ်မှတ်ရပါမယ်။

Digital နည်းပညာကို ဆုပ်ကိုင်ထားဖို့နဲ့ အဲဒါကိုထုတ်ဝေသူတွေက လုပ်ငန်းလုပ်တဲ့ လမ်းကြောင်းထဲမှာ ပေါင်းစပ်ဖို့ဆိုတဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က နိယာမက အခုခေတ်မမီတော့ဘူး၊ အလုပ်မဖြစ်တော့ပါဘူး။ ကျွန်တော်တို့ ဖြစ်နိုင်တယ်လို့ တွေးခဲ့ဖူးတဲ့ အရာတွေထက်ကို နည်းပညာက ပိုပြီးသာလွန်နေတယ်၊ ပိုပြီးမြန်မြန်ဆန်ဆန်နဲ့ ဆက်သွားနေပါတယ်။ ဒါကြောင့် အဲဒီအတွေးအခေါ်ဟောင်းကို မဆုပ်ကိုင်ထားပဲနဲ့ နည်းပညာသုံးပြီး ရှေ့ဆက်တဲ့ မီဒီယာကုမ္ပဏီအဖြစ် တည်ရှိဖို့ နည်းလမ်းတစ်ခုပဲ ရှိပါတယ်။

ဒါကတော့ ပြောင်းလဲခြင်းလို့ အဓိပ္ပာယ်ရတဲ့ ခက်ခဲတဲ့နည်းစနစ်ပဲ ဖြစ်ပါတယ်။ ဒီနည်းလမ်းက     ထုတ်ဝေရေးမှာ သုံးခဲ့တဲ့ ကျွမ်းကျင်မှုဟောင်းတွေထက် ပိုအရေးကြီးတဲ့ ကျွမ်းကျင်မှုအသစ်တွေကို ရရှိခြင်းကို ဆိုလိုသလို၊ မဟာမိတ်အသစ်တွေနဲ့ ဆက်ဆံရေးကို တိုးတက်အောင်လုပ်ခြင်း၊ ပြိုင်ဘက်အသစ်တွေနဲ့ ယှဉ်ပြိုင်ခြင်း၊ အသစ်တွေနဲ့ အနာဂတ်ဖောက်သည်တွေကို နားလည်ခြင်းတို့ကို ဆိုလိုပါတယ်။

Social Media ကို နားလည်ခြင်း၊ အဲဒီကရတဲ့ ခွဲခြမ်းစိတ်ဖြာ အချက်အလက်တွေကို ရယူစီစစ်ခြင်းနဲ့ အသုံးပြုခြင်း၊ စာဖတ်ပရိတ်သတ်ရဲ့ စိတ်အခြေအနေကို နားလည်ခြင်း၊ နည်းပညာအသစ်တွေကို ပြောင်းလဲအသုံးပြုခြင်း စတာတွေကို ဆိုလိုပါတယ်။ ထုတ်ဝေရေးလုပ်ငန်းအဟောင်းရဲ့ အားသာချက်တွေက နည်းပညာအသစ်ရဲ့ အနာဂတ်ထဲကို ဝင်ရောက်ဖို့ လုံလုံလောက်လောက်မခိုင်မာသေးရင် သီးခြားလုပ်ငန်းကို စဖို့ စဉ်းစားချိန်ရောက်ပါပြီ။ အဲဒါက Content ဖန်တီးတဲ့လုပ်ငန်းအဖြစ် ဆက်လက်စဉ်းစားနိုင်ပေမယ့် လုံးဝလုပ်ငန်းအသစ်အဖြစ် တွေးတောလုပ်ကိုင်ရပါမယ်။

ထုတ်ဝေရေးလုပ်ငန်းထဲကို အသစ်ဝင်လာတဲ့သူတွေအတွက် ဘာတွေအကြံပြုချင်ပါလဲ . . .

ဖြေဖို့ အတော်လွယ်တဲ့မေးခွန်းဖြစ်ပါတယ်။ သမားရိုးကျအတွေးနဲ့ ထုတ်ဝေရေးလုပ်ငန်းထဲကို အသစ်ဝင်လာတဲ့သူတွေအတွက် ကျွန်တော့်ရဲ့အကြံပြုချက်ကတော့ ရှင်းပါတယ်၊ မလုပ်ပါနဲ့ ။ ဒါပေမဲ့ အဲဒါက ကိုယ့်ရဲ့အသက်မွေးမှုဖြစ်တယ်လို့ ခံစားရရင်တော့ Mobile ၊ Online ၊ Audio နဲ့ Video တွေနဲ့ Content ဖန်တီးမှုတွေရဲ့ အားသာချက်တွေနဲ့ On-demand သတင်းအချက်အလက်၊ အကြောင်းအရာ၊ ဖျော်ဖြေမှု လုပ်ငန်းအဖြစ် ကိုယ့်ကိုယ့်ကိုယ် ခံယူထားပါ။

နည်းပညာကို စူးစမ်းရမယ်၊ ဒီအချိန် ကမ္ဘာမှာ ဘယ်အရာတွေက ခေတ်စားနေလဲဆိုတာ သိရမယ်။ ဥပမာအားဖြင့် အနာဂတ်က Big Data ထဲမှာ ရှိပါတယ်။ ဒါကြောင့် သတင်းအချက်အလက် အမြောက်အများကို ထုတ်နိုင်၊ သိမ်းထားနိုင်၊ ခွဲခြမ်းစိတ်ဖြာပြီး ပြန်လည်အသုံးချနိုင်ရပါမယ်။ ကျွန်တော်တို့ လက်ရှိအသုံးပြုနေတဲ့ Database တွေရဲ့ ပမာဏထက် အခုဏက သတင်းအချက်အလက်တွေက ပိုများပါမယ်။ ဒါကို ပြန်လည်သုံးစွဲနိုင်မှုက အနာဂတ်မှာ ဖြစ်လာမယ့်ရာတွေထဲက တစ်ခုပါ။

ရသစာပေနဲ့ သုတစာပေ နှစ်ခုလုံးမှာ ဘယ်လိုစာအုပ်ကောင်းတွေကိုဖတ်ဖို့ အကြံပေးချင်ပါသလဲ . . .

ကျွန်တော့်ရဲ့ အလုပ်ဝင်ကာစ အစောပိုင်းနှစ်တွေအတွင်းမှာ စီမံခန့်ခွဲမှုနဲ့ဆိုင်တဲ့ စာအုပ်တွေ အများကြီးဖတ်ခဲ့ပါတယ်။ Peter Drucker ရဲ့ စာအုပ်တွဲအကုန်လုံးကို ထပ်ခါထပ်ခါ ဖတ်ခဲ့ပါတယ်။ Robert Townsend ရဲ့ “Up the Organization”၊ Dale Carnegie ရဲ့ “How to Win Friends and Influence People” နဲ့ Napoleon Hill ရဲ့ “Think and Grow Rich” စတဲ့ စာအုပ်တွေကနေ ကျွန်တော် အများကြီးသင်ယူခဲ့ပါတယ်။

အခုတော့ ကျွန်တော်လိုချင်တဲ့ ဘယ်အချက်အလက်ကိုမဆို Online sources တွေနဲ့ ပုံမှန်သတင်းစာတွေဖြစ်တဲ့ Philippines Daily News Digest ၊ International Business Intelligence ၊ Quartz Daily Brief နဲ့ Digital Trends တို့ကနေလည်း ရနိုင်ပါတယ်။ လက်ရှိမှာတော့ ကျွန်တော် စာဖတ်တာ နည်းလာပါတယ်။ ဗီဒီယိုလမ်းညွှန်ချက်တွေနဲ့ ကျွန်တော့်ရဲ့ အချက်အပြုတ်ဝါသနာအတွက် ချက်ပြုတ်နည်းတွေ အစရှိတာတွေကို YouTube ဗီဒီယိုတွေမှာ ကြည့်ပါတယ်။

နည်းပညာ အခြေပြုမျိုးဆက်တွေအတွက် စာဖတ်ခြင်း၊ Self-Learning အလေ့အကျင့်ရှိဖို့ ဘယ်လောက်လိုအပ်ပါသလဲ . . .

အခုခေတ်မှာ တက္ကသိုလ်တက်နေတဲ့သူတွေက အချိန်၊ ခွန်အားနဲ့ ငွေတွေအများအပြားကို ဖြုန်းနေတယ်လို့ ကျွန်တော်ခံစားရပါတယ်။ သူတို့ဘွဲ့ရတဲ့အခါ သူတို့သင်ယူထားတာတွေက နောက်တစ်နှစ်လည်း ရောက်ရော    ခေတ်ကုန်သွားပါတယ်။

အပြင်လောကက မြန်မြန်ဆန်ဆန်ရွေ့လျားနေပြီး ကိုယ်လိုချင်တဲ့ အချက်အလက်အားလုံးကို လွယ်လွယ်ကူကူ ရနိုင်နေပါတယ်။ တကယ်လို့ Bookmark လုပ်ဖို့ ၊ Site တွေကို စုံစမ်းဖို့နဲ့ နည်းပညာနဲ့ လိုက်လျောညီထွေဖြစ်ပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ အချက်အလက်အရင်းအမြစ်တွေအတွက် Sign-up လုပ်ဖို့ ဗဟုသုတသာရှိမယ်ဆိုရင် ပိုပြီးရနိုင်ပါတယ်။ ပြီးတော့ ကုန်ဆုံးသွားတဲ့နေ့တွေနဲ့ တက္ကသိုလ်ကနေ သင်ယူမှုတွေထက် ပုံစံအသစ်ဖြစ်တဲ့ စဉ်ဆက်မပြတ် သင်ယူမှုဖြစ်စဉ်က ပိုပြီးအရေးကြီးလာနေပါတယ်။

အယ်ဒီတာအဖွဲ့