ASEAN Business Awards 2016 မှာ ဆုရရှိသည့် မြန်မာလုပ်ငန်းများ

aseanbiz20161

ASEAN Business Awards 2016 ကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်က လာအိုနိုင်ငံ၊ ဗီယန်ကျင်းမြို့မှာ ကျင်းပခဲ့ပါတယ်။ မြန်မာနိုင်ငံကိုယ်စားပြုယှဉ်ပြိုင်ကြတဲ့ လုပ်ငန်းတွေက ဆုပေါင်း ၁၂ ဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆုအမျိုးအစားတွေနဲ့လုပ်ငန်းတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

aseanbiz20162

ဆုရရှိတဲ့လုပ်ငန်းတွေထဲက အချို့ကို ဆုရရှိဖို့ ကြိုးစားအားထုတ်ခဲ့တဲ့အကြောင်းကို အင်တာဗျူး တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။


ဒေါက်တာခင်မောင်လွင်

Managing Director

FAME Pharmaceuticals

aseanbiz20163

ရရှိခဲ့တဲ့ဆုအမည်ကို ပြောပြပေးပါ . . .

ASEAN Business Awards 2016 မှာ အမျိုးအစားတွေ အများကြီးခွဲထားပါတယ်။ CLMV SME Excellence ဆိုပြီး ပေးတဲ့အမျိုးအစားကနေ ကျွန်တော်တို့က ရတာဖြစ်ပါတယ်။ အဲဒါကတော့ ASEAN ထဲကို နောက်ဆုံးမှဝင်လာတဲ့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ဗီယက်နမ်လေးနိုင်ငံထဲမှာရှိတဲ့ ကုမ္ပဏီတွေကို သီးခြားပေးတာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကျွန်တော်တို့က CSR (Corporate Social Responsibility) ကဏ္ဍနဲ့ Excellence Awards ကို ရခဲ့တာဖြစ်ပါတယ်။ ဒီဆုကိုရတဲ့အတွက် ကျွန်တော့်အနေနဲ့ အလွန်ဝမ်းသာပါတယ်။ ASEAN အနေနဲ့ ဆုတွေအများကြီး ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒီဆုကိုတော့ ကျွန်တော့်အနေနဲ့ အားလုံးထဲမှာ ဂုဏ်ယူဖို့ အကောင်းဆုံးဆုအဖြစ် သတ်မှတ်ထားပါတယ်။

ဆုရရှိဖို့အတွက် ဘယ်လိုကြိုးစားအားထုတ်ခဲ့ရပါသလဲ . . .

ဒီဆုရဖို့ အများကြီး လုပ်ခဲ့ရပါတယ်။ တချို့က CSR လို့ပြောလိုက်ရင် အလှူအတန်းလုပ်ရုံနဲ့ ရတယ်လို့ ထင်တတ်ကြပါတယ်။ လှူရုံနဲ့ရတာက Charity Awards ပဲ ဖြစ်ပါတယ်။

CSR မှာက အစိတ်အပိုင်း ငါးခုရှိပါတယ်။ ငါးခုလုံးကို တာဝန်ကျေကျေလုပ်မှ ဒီဆုကို ရတာဖြစ်ပါတယ်။ အစိတ်အပိုင်းငါးခုမှာ ပထမတစ်ခုဖြစ်တဲ့ Defensive CSR ဆိုရင် ကိုယ့်ရဲ့ဝန်ထမ်းတွေကို အကာအကွယ်ပေးတဲ့အပိုင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ စက်ရုံဝန်ထမ်းတွေအတွက် Occupational Safety and Health ဆိုတဲ့ လုပ်ငန်းခွင်သာယာရေး၊ လုပ်ငန်းခွင်ဘေးကင်းရေးနဲ့ သူတို့ရဲ့ ကျန်းမာရေးတွေအတွက် ဆောင်ရွက်ပေးတာတွေရှိပါတယ်။ ဒီအတွက် လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက UMFCCI ရဲ့ ရွေးချယ်မှုအရ JICA ရဲ့ Sponsor နဲ့ ဖိလစ်ပိုင်မှာ သုံးပတ်ကြာသင်တန်းကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ ကျွန်တော် သွားတက်ခဲ့ဖူးပါတယ်။ အဲဒီသင်တန်းတက်ပြီး တစ်နှစ်အကြာမှာ OHSAS 18001 အသိအမှတ်ပြု Certificate ရခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက Occupational Safety and Health Practice ကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၆ ခုနှစ် ဧပြီလမှာ အာဆီယံကနေချီးမြှင့်တဲ့ ASEAN-OSHNET Excellence Awards 2016 ကို လက်ခံရရှိခဲ့ပါတယ်။

ဒုတိယတစ်ချက်ကတော့ Charitable CSR  ဖြစ်ပါတယ်။ အလှူအတန်းလုပ်တာတွေ၊ လူမှုရေး လုပ်ငန်းတွေပါ ပါတယ်။ ကျွန်တော်တို့ကုမ္ပဏီမှာ SA 8000 ဆိုတဲ့ FAME Volunteer Taskforce အဖွဲ့ဖွဲ့ထားပါတယ်။ ဒါက လူမှုရေးလုပ်ငန်းတွေလုပ်ဖို့ ရွေးချယ်ဖွဲ့စည်းထားတဲ့ ဝန်ထမ်းတွေရဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ အဲဒီအသင်းကနေမှ အလှူအတန်းတွေ လုပ်တယ်။ ဥပမာအားဖြင့် မြန်မာနိုင်ငံ သက်ကြီးဆရာဝန်များအသင်းကို လစဉ်ဆယ်သိန်းလှူခဲ့တာ အခုဆိုရင် ဆယ်နှစ်ရှိပါပြီ။ လိုအပ်တဲ့ အကူအညီတွေ ဥပမာ - ကားဖြစ်စေ၊ ဝန်ထမ်းဖြစ်စေထောက်ပံ့ပါတယ်။ နာဂစ်၊ ရေဘေးတွေ၊ လေဘေးတွေအတွက်လည်း ကူညီပါတယ်။ ပြီးတော့ ကောင်းမွန်တဲ့လုပ်ငန်းတွေ (ဥပမာ- Medical Conference) အတွက်လည်း Sponsor ပေးပါတယ်။

တတိယအချက်ကတော့ Promotional CSR ဖြစ်ပါတယ်။ ကိုယ့် Product အကြောင်းကို ဈေးကွက်ထဲမှာ မှန်မှန်ကန်ကန်အသိပေးပြီး Promotion လုပ်တာ ဖြစ်ပါတယ်။ တစ်နည်းပြောရရင် Ethical Promotion လို့ ခေါ်ပါတယ်။ ဥပမာအနေနဲ့ဆိုရင် ကျွန်တော်တို့ နာနတ်သီးဆေးထုတ်တယ်။ နာနတ်သီးကောင်းကြောင်းကို အများသိအောင် ပြောပြတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ နာနတ်သီးဆေးက ရောင်းအားကောင်းလာတယ်။ မဟုတ်တာတွေပြောပြီး လုပ်တာမဟုတ်ဘဲ မှန်ကန်တဲ့သတင်းပေးပြီး လုပ်တာမျိုး ဖြစ်ပါတယ်။ Public Relation ကို မှန်မှန်ကန်ကန်လုပ်ပါတယ်။

လေးခုမြောက် အစိတ်အပိုင်းကတော့ ပိုပြီးအရေးကြီးပါတယ်။ Environment CSR ပါ။ ဒီနေ့အချိန်မှာ ကိုယ်ကျိုးပဲကြည့်တတ်ပြီး တာဝန်ယူမှုကင်းမဲ့တဲ့ လူတွေကြောင့် သဘာဝပတ်ဝန်းကျင်က ပျက်စီးလာပါပြီ။ ငွေရပြီးရော သစ်ပင်တွေခုတ်ကြတယ်။ သစ်ပင်မရှိတော့ ရာသီတုတွေ ဖောက်ပြန်တယ်။ အဲဒီဖောက်ပြန်တဲ့ ရာသီဥတုဒဏ်တွေကိုကျတော့ အနီးအနားမှာနေတဲ့ မဆိုင်သူတွေက ခံရတယ်။ လေမုန်တိုင်းတွေကျမယ်၊ ရေတွေကြီးမယ်၊ ငတ်မွတ်ခေါင်းပါးမှုတွေ ဖြစ်မယ်။ ဒီလိုဆိုရင်တော့ ဒီစီးပွားရေးက ကောင်းတဲ့စီးပွားရေးမျိုး မဟုတ်တော့ပါဘူး။ အဲလိုဆိုတော့ ကျွန်တော်တို့က ပြောင်းပြန်လုပ်တယ်။ Environment ကို ထိန်းသိမ်းဖို့ သစ်ပင်တွေစိုက်တယ်။ အဲဒီအတွက် FAME Organic Pharm ဆိုပြီး ပြင်ဦးလွင်မှာ သစ်ပင်တွေ စိုက်ထားပါတယ်။ အဓိကတော့ ဆေးပင်တွေ စိုက်တာဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ စိုက်တာက Organic Farm ဖြစ်တဲ့အတွက် ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာမသုံးပါဘူး။ အဲဒါတွေ သုံးတာက သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတယ်။ အခုကျွန်တော်တို့က မသုံးဘူးဆိုတော့ သဘာဝပတ်ဝန်းကျင်ကို ပျက်စီးစေတဲ့ အလုပ်တစ်ခုမှ မလုပ်ဘူးလို့ဆိုလိုတာပဲ ဖြစ်ပါတယ်။ သစ်ပင်လည်း စိုက်တယ်၊ ဆိုးကျိုးဖြစ်တဲ့ Chemical တွေလည်း မသုံးဘူး၊ အဲဒီကရတဲ့ ဆေးပင်တွေကိုလည်း လူထုအကျိုးပြုဆေးထုတ်တဲ့ နေရာမှာသုံးတယ်။ အဲဒီအတွက် Environmental CSR နဲ့လည်း ကိုက်ညီပြီးသား ဖြစ်ပါတယ်။ နောက်ပြီး စက်ရုံအနေနဲ့ဆိုရင်လည်း စက်ရုံကြောင့် သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် Protective System တွေ လုပ်ထားပါတယ်။ ဥပမာအနေနဲ့ ကျွန်တော်တို့စက်ရုံက ရေဆိုးတွေကို အပြင်ကိုစွန့်မထုတ်ဘဲ Water Treatment System ပြန်ပြီးသန့်စင်ပါတယ်။ ပြီးရင် ပြန်သုံးပါတယ်။ ဒီတော့ ရေအရင်းအမြစ်ကိုလည်း ချွေတာပြီးသားဖြစ်တယ်။ ပြီးတော့ကျွန်တော်တို့စက်ရုံက မီးခိုးထွက်တဲ့ စက်တွေလုံးဝမသုံးတဲ့အတွက် မီးခိုးမထွက်ပါဘူး။ ဒါကြောင့် ၂၀၀၆ ခုနှစ်မှာ IOS 14001:2004 ကို ရရှိခဲ့ပြီးဖြစ်ပါတယ်။ Energy သုံးတာကိုလည်း တတ်နိုင်သမျှ လျှော့ချသုံးပါတယ်။အဲဒါကြောင့်လည်း ASEAN Energy Awards ကို ၂၀၁၃ ခုနှစ်က ရခဲ့ပြီးပါပြီ။

နောက်ဆုံးကတော့ Systemic CSR ဖြစ်ပါတယ်။ အဓိကက ကျွန်တော်တို့လုပ်တဲ့ အလုပ်အားလုံးဟာ CSR ကနေ ချိုးဖောက်တာမျိုး ဘာမှမလုပ်ဘူးဆိုပြီး Business Model မှာ ထည့်ထားတာဖြစ်ပါတယ်။ Systemic CSR ဖြစ်ဖို့ ကျွန်တော်တို့က Philip Kotler ရဲ့ The Age of Responsibility (CSR 2.0 and the New DNA of Business) စာအုပ်ကို Handbook အနေနဲ့ထားပြီး ကျင့်သုံးဆောင်ရွက်ပါတယ်။ ဒီဆုရဖို့အတွက် ဒီအချက်တွေအားလုံးကို ရေးတင်ရပြီး အဲဒီအချက်တွေကြောင့်ပဲ ဆုရခဲ့တာဖြစ်ပါတယ်။

CSR လုပ်တဲ့အတွက် ရရှိတဲ့အကျိုးကျေးဇူးတွေကို ပြောပြပေးပါ . . .

CSR က ဒီနေ့ခေတ်မှာ မရှိမဖြစ် လိုအပ်လာပါပြီ။ CSR လုပ်ရင် လုပ်ငန်းအောင်မြင်မယ်။ လုပ်ငန်းတစ်ခု လုပ်တော့မယ်ဆိုတာနဲ့ Business Model မှာ CSR ပါ တစ်ခါတည်း ထည့်ရမှာ ဖြစ်ပါတယ်။ CSR ပါမလာဘူးဆိုရင် လုပ်ငန်းမှာ ပြဿနာတွေ ကြုံရမှာဖြစ်ပါတယ်။ ဥပမာ- အလုပ်သမားတွေအတွက် Occupational Safty and Health မရှိဘူးဆိုရင် အလုပ်ခွင်မှာ အလုပ်သမားတွေ ဒုက္ခရောက်မယ်၊ ဒီတော့ ဆန္ဒပြမယ်။ အလုပ်တွေ ရှုပ်ကုန်မယ်။

အလားတူပဲ ပတ်ဝန်းကျင်ထိန်းသိမ်းတာတွေ ပါမလာဘူးဆိုရင်လည်း ပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုတွေကြောင့် ပြဿနာတွေ တက်နိုင်ပါတယ်။ ဒါကြောင့် အောင်မြင်ချင်ရင် CSR ကို Implement Implement လုပ်တာများလေလေ၊ လုပ်ငန်းအောင်မြင်လေလေ ဖြစ်ပါတယ်။

FAME ရဲ့ အနာဂတ်လုပ်ငန်းအစီအစဉ်တွေကိုလည်း ပြောပြပေးပါ . . .

အနာဂတ်အစီအစဉ်တွေ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ဆေးဝါးလောကမှာ ဆေးအုပ်စုသုံးမျိုးရှိပါတယ်။ ဓာတုအခြေခံ နိုင်ငံခြားဆေးဝါးတွေရှိမယ်။ တိုင်းရင်းဆေးဝါးတွေ ရှိမယ်။ ကျန်းမာရေးဖြည့်စွက်စာတွေရှိမယ်။ ကျွန်တော်ကတော့ ဓာတုဆေးဝါးတွေ မလုပ်ပါဘူး။ သဘာဝကရတဲ့ ဆေးဝါးတွေ အဓိကအနေနဲ့ကတော့ အပင်ကိုအခြေခံတဲ့ ဆေးဝါးတွေကို ပိုပြီးတိုးချဲ့ထုတ်လုပ်သွားပါမယ်။ ဒါ ကြောင့် FAME Organic Pharm ကို တည်ထောင်ခဲ့တာလည်း ဖြစ်ပါတယ်။ Organic Farm က အပင်တွေကနေ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာကင်းစင်တဲ့ အရွက်တွေနဲ့ ဆေးဝါးထုတ်တယ်။ ဒီတော့ ဒီဆေးဝါးတွေမှာလည်း ဓာတုဆေးတွေ မပါဝင်တာကြောင့် စားသုံးသူတွေအတွက် အာမခံချက်တွေ၊ တာဝန်ယူမှုတွေ ပေးနိုင်ပါတယ်။ ထုတ်လုပ်တဲ့ နည်းစနစ်တွေကလည်း GMP Certified လုပ်ထားသလို IOS Standard တွေနဲ့အညီ လုပ်တယ်။ Customer တွေရဲ့ ရောဂါပျောက်ဖို့ လုပ်ပေးနိုင်သလို Safety လည်း ဖြစ်အောင်လုပ်ပြီး ဒီ Business Model ကို ပိုပိုခိုင်မာလာအောင် လုပ်သွားပါမယ်။ ပြင်ဦးလွင်က Organic Farm ဟာ ၄၅ ဧကရှိပါတယ်။ အဲဒီ Organic Farm ကို အရှေ့တောင်အာရှမှာ အကောင်းဆုံးဖြစ်အောင် လုပ်သွားပါမယ်။ အဓိကတော့ CSR ကို ဇောက်ချလုပ်သွားဖို့ ရည်ရွယ်ထားပါတယ်။


ဦးဇာနည်ထွေး

Managing Director

Adventure Myanmar Tours and Incentives

aseanbiz20164

ရခဲ့တဲ့ဆု . . .

ASEAN Business Awards 2016 မှာ Adventure Myanmar Tours & Incentives က Winner of AEC Priority Integration Sector Excellence Award (Tourism) နဲ့ Runner Up for SME Excellence Award (Corporate Social Responsibilities) ဆိုပြီး ဆုနှစ်ဆု ရခဲ့ပါတယ်။

ဘာကြောင့်ဆုရရှိခဲ့တယ် ထင်ပါသလဲ . . .

ကျွန်တော်တို့ UMFCCI ကနေ ဆုအတွက် လျှောက်လွှာတွေ တင်လို့ရတယ်ဆိုတဲ့ သတင်းကိုရခဲ့ပြီး လျှောက်လွှာနဲ့အတူ ပြီးခဲ့တဲ့ သုံးနှစ်တာရဲ့ Financial Report ကို လက်ရှိအာဆီယံရဲ့ Chairman တာဝန်ယူထားတဲ့ လာအိုနိုင်ငံကို Email ကနေရော စာတိုက်ကနေပါ တင်သွင်းခဲ့ပါတယ်။

ဆုရွေးချယ်တဲ့နေရာမှာ Automotive ၊ Health Care ၊ Fisheries စသဖြင့် Sector ၁၂ ခုလောက်ရှိပါတယ်။ Tourism ကတော့ အဲဒီထဲက တစ်ခုပါ။ Sector တစ်ခုစီမှာလည်း Category ၁၅ ခုစီလောက် ထပ်ရှိပြန်ပါတယ်။ AEC (ASEAN Economic Community) ၊ SME စသဖြင့် ဖြစ်ပါတယ်။ ပြီးတော့ ဆုအတွက် စည်းမျဉ်း၊ စည်းကမ်းတွေ၊ စံသတ်မှတ်ချက်တွေ အများကြီးရှိပြီး  Judge တွေအနေနဲ့ အာဆီယံနိုင်ငံတွေမှာရှိတဲ့ သက်ဆိုင်ရာ Sector အသီးသီးက ကျွမ်းကျင်ပညာရှင်တွေ ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဆုလျှောက်လွှာတွေကလည်း များတာကြောင့် ဒိုင်လူကြီးတွေအနေနဲ့ အစည်းအဝေးအကြိမ်ကြိမ်လုပ်ပြီး ရက်တွေအများကြီးအချိန်ယူပြီး စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီတဲ့ ဆုရသူတွေကို ရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့ သူတို့ရဲ့စံသတ်မှတ်ချက်တွေထက် ကျော်လွန်တာကြောင့် ဆုရရှိခဲ့တယ်လို့ ထင်ပါတယ်။

ဆုရဖို့အတွက် ဘယ်လိုကြိုးစားခဲ့ရပါသလဲ . . .

ဆုတစ်ခုချင်းစီအတွက် စံသတ်မှတ်ချက်တွေ အများကြီးရှိပါတယ်။ ဥပမာ- AEC Priority Integration Sector Excellence Awards အတွက်ဆိုရင် ASEAN Economic Community Priority Integration Sector တွေထဲမှာ ကိုယ်ကပါဝင်နေပြီးသားဖြစ်ကာ ထင်ရှားတဲ့စွမ်းဆောင်ရည်ရှိရပါမယ်။ ဆုလျှောက်ထားတဲ့ ကုမ္ပဏီက အာဆီယံနိုင်ငံတွေအတွင်း ချိတ်ဆက်လုပ်ငန်းလုပ်ကိုင်နေတဲ့ Business ကို ပိုင်ဆိုင်ရပါမယ်။ ဆုလျှောက်ထားတဲ့အခါ Growth ၊ Employment ၊ Innovation and CSR စတဲ့အချက်တွေ လုပ်ကိုင်ခဲ့တာနဲ့ပတ်သက်ပြီး Track Record တင်ပြနိုင်ရပါမယ်။ နောက်တစ်ခု SME Excellence Awards : Corporate Social Responsibility အတွက်ဆိုရင် တာဝန်သိလုပ်ငန်းတစ်ခုအဖြစ် ကျင့်သုံးတဲ့ Practice တွေကို ဘယ်လိုစံနှုန်းမြင့် Commitment နဲ့ ပြုလုပ်သလဲဆိုတဲ့အပေါ်မူတည်ပြီးတော့ ဒီဆုကိုရရှိနိုင်မှာ ဖြစ်ပါတယ်။ ဆုကိုလျှောက်ထားတဲ့ ကုမ္ပဏီအနေနဲ့ အဓိကလုပ်ငန်းစဉ်တွေမှာ တာဝန်သိလုပ်ငန်းတစ်ခုရဲ့ Practice ကို ထည့်သွင်းကျင့်သုံးတာကြောင့် လုပ်ငန်းခွင်မှာ၊ ဈေးကွက်မှာနဲ့ သဘာဝပတ်ဝန်းကျင်၊ ဒါမှမဟုတ် လူမှုအသိုက်အဝန်းထဲမှာ ဘယ်လိုအပြုသဘောဆောင်တဲ့ အကျိုးရလဒ်တွေရှိသလဲဆိုတဲ့ လုပ်ငန်းရဲ့ Corporate Social Responsibility (CSR) နည်းဗျူဟာကို အထောက်အထားများနဲ့တကွ တင်ပြနိုင်ရမယ်ဆိုတာပါ ပါတယ်။

ဒါကြောင့် ကျွန်တော်တို့ ဆုလျှောက်ထားတဲ့အခါမှာ အထက်မှာဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီပါတယ်ဆိုတဲ့ အထောက်အထားနဲ့ ဘယ်လိုစီမံပြီး ဒါတွေကိုရအောင် ဘယ်လိုလုပ်သလဲဆိုတာကို တင်ပြရပါတယ်။ ကျွန်တော်တို့ရဲ့ Mission နဲ့ Vision ကို ရှင်းလင်းပြောပြရပါတယ်။ ကောင်းမွန်တဲ့ အာဆီယံစီးပွားရေး အသိုက်အဝန်းဖြစ်ပေါ်လာဖို့အတွက် ကျွန်တော်တို့က ဘယ်လိုတစ်ဖက်တစ်လမ်းက ထောက်ပံ့မှုတွေလုပ်မလဲ၊ လူမှုအသိုက်အဝန်းကို ဘယ်လိုပြန်အကျိုးပြုမလဲ စတာတွေကိုလည်း ရှင်းရှင်းလင်းလင်းတင်ပြရပါတယ်။ ကျွန်တော်တို့ရဲ့ အနာဂတ်အစီအစဉ်နဲ့ လုပ်ငန်းကို အာဆီယံနိုင်ငံတွေအတွင်း ဘယ်လိုချဲ့ထွင်သွားမလဲဆိုတာကိုလည်း ရှင်းလင်းတင်ပြရပါတယ်။ Employment ၊ Growth ၊ Innovation ၊ Corporate Social Responsibility စတဲ့ အချက်တွေအများကြီးကို ရှင်းလင်းတင်ပြရပါတယ်။

ကျွန်တော်တို့လုပ်ငန်းကို Founder နှစ်ယောက်ဖြစ်သူ ဦးအောင်မျိုးမင်းဒင်နဲ့ ဒေါ်အေးအေးမြင့်တို့ စတင်တည်ထောင်ခဲ့ချိန် ၁၉၉၄ ခုနှစ်မှာ စတင်ပြီး တည်ငြိမ်စနစ်ကျစွာနဲ့ ဝန်ဆောင်မှုတွေကို အဆင့်မြှင့်တင်လာကာ တိုးတက်နေတဲ့ဈေးကွက်ရဲ့ ယနေ့လက်ရှိ လိုအပ်ချက်တွေနဲ့ကိုက်ညီအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ဆုလျှောက်ထားတဲ့နေရာမှာ ကြီးကြီးမားမား အခက်အခဲတော့ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဘာတွေလုပ်ခဲ့သလဲ၊ လုပ်နေသလဲဆိုတာကို ရှင်းလင်းတင်ပြခဲ့ရုံပါပဲ။

အနာဂတ်အတွက် ဘာအစီအစဉ်တွေရှိသလဲ . . .

ကျွန်တော်တို့ ဝန်ဆောင်မှုကို မြန်မာနိုင်ငံသားတွေပါ အသုံးပြုနိုင်အောင်လို့ အခုကျွန်တော်တို့ Outbound Department ကိုပါ ဖွင့်လှစ်လိုက်ပါပြီ။ အခုတော့ အရင်တုန်းက နိုင်ငံခြားခရီးသွားတွေကိုသာပေးခဲ့တဲ့ ဝန်ဆောင်မှုအရည်အသွေးကို ပြည်တွင်းကလူတွေကိုပါ ဝန်ဆောင်မှုပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေနဲ့ ဗဟုသုတတွေကို သူတို့နဲ့မျှဝေချင်ပါတယ်။

Cambodia မှာ ကျွန်တော်တို့ ရုံးခန်းဖွင့်လှစ်ခဲ့တာ ၂၀၀၇ ခုနှစ်ကတည်းက ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာ ၂၀၁၈ ခုနှစ်ကျရင် ရုံးခန်းဖွင့်သွားဖို့နဲ့ ၂၀၂၀ ပြည့်နှစ်ကျရင် ဗီယက်နမ်မှာ ရုံးခန်းဖွင့်သွားနိုင်ဖို့လည်း ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။

ဒါ့အပြင် ကျွန်တော်တို့ ကိုယ်ပိုင်အခြေခံအဆောက်အအုံဖြစ်တဲ့ ဟိုတယ်တွေ (Amazing Hotels and Restorts) ၊ River Cruise တွေ ၊ Bamboo Forest နဲ့ Golf Course တွေ စသဖြင့်တိုးပွားလာဖို့ လုပ်ဆောင်နေပါတယ်။ အဲဒီ ကိုယ်ပိုင်အခြေခံအဆောက်အအုံတွေနဲ့တင်ပဲ ကျွန်တော်တို့ဖောက်သည်တွေကို သီးသန့်ဆန်တဲ့ ခရီးသွားအတွေ့အကြုံတွေ ပေးစွမ်းနိုင်ပါတယ်။

ဝန်ထမ်းတွေအတွက်လည်း Exchange Training Program တွေ ပုံမှန်ပြုလုပ်ပေးပါတယ်။ ဒါတွေက တစ်ဆင့် သူတို့အချင်းချင်းလည်း ပိုနားလည်လာနိုင်ပြီး ကျန်းမာပျော်ရွှင်တဲ့ လူမှုပတ်ဝန်းကျင်တည်ဆောက်နိုင်စေဖို့ နီးကပ်တဲ့ ဆက်ဆံရေးကိုလည်း စတင်နိုင်ပါတယ်။ ဝန်ထမ်းတွေအချင်းချင်း သင်တန်းတွေမှာ ဗဟုသုတနဲ့ အတွေ့အကြုံတွေ၊ အတွေးအမြင်တွေ ဖလှယ်နိုင်ပါတယ်။ အဓိကအရေးအကြီးဆုံးကတော့ ကျွန်တော်တို့ဝန်ဆောင်မှုနဲ့ Product တွေရဲ့ အရည်အသွေးက တစ်သမတ်တည်းဖြစ်စေနိုင်တာပါပဲ။ ကျွန်တော်တို့ရဲ့ အယူအဆတွေနဲ့ ကုမ္ပဏီရဲ့စံသတ်မှတ်ချက်တွေကို သင်တန်းတွေမှာ ပြောပြပေးလေ့ရှိပါတယ်။

Industry ထဲက တိုးတက်ဖြစ်ပေါ်မှုတွေနဲ့ Tourist Attraction အသစ်တွေကို ကျွန်တော်တို့ အဖွဲ့သားတွေက သူများတွေထက်နောက်မကျဘဲ ကြိုသိနေပြီး အဲဒီအသစ်တွေကို ဧည့်သည်တွေကို Promote လုပ် မရောင်းချခင်ကတည်းက သူတို့ကိုယ်တိုင် သွားရောက်လေ့လာခံစားကြည့်ပြီးသားလည်းဖြစ်ပါတယ်။ ကျွန်တော်တို့က Cilent တွေကို မဖြစ်နိုင်တဲ့ မျှော်လင့်ချက်တွေ မပေးဘဲ အရှိကိုအရှိအတိုင်းပဲ ပြောပြပါတယ်။ မျှော်လင့်ထားသလိုဖြစ်မလာလို့ စိတ်ပျက်ရတာမျိုးမဖြစ်အောင်လည်း ကြိုးစားပါတယ်။


ဦးအယ်လ်လမန်းဒိန်

ECO/ Director

Grand Wynn Group of Companies

aseanbiz20165

ရခဲ့တဲ့ဆု . . .

ASEAN Business Awards 2016 မှာ Grand Wynn Enterprises Ltd အနေနဲ့ AEC Priority Integration Sector Excellence Award (Finsheries) ဆိုပြီး ဆုနှစ်ဆုရခဲ့ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပုံ . . .

Grand Wynn Enterprises Ltd အနေနဲ့ ကျွန်တော်တို့ကုမ္ပဏီအကြောင်းကိုသိတဲ့ UMFCCI က ဦးပီတာမိုးကျော်က ပါဝင်ယှဉ်ပြိုင်ဖို့ တိုက်တွန်းအကြံပေးခဲ့တာကြောင့် ဝင်ရောက်ယှဉ်ပြိုင်ဖြစ်ခဲ့ပါတယ်။ အဲဒီထဲကမှ ကျွန်တော်တို့ ပိုအားသန်တဲ့ Fisheries လိုင်းကို ရွေးချယ်ပြီး ပြိုင်ပွဲဝင်ခဲ့ပါတယ်။

ပြိုင်ပွဲဝင်ဖို့ ဘယ်လိုပြင်ဆင်ခဲ့ရပါသလဲ . . .

ကုမ္ပဏီရဲ့ သမိုင်းကြောင်းနဲ့ လက်ရှိလုပ်ငန်းအခြေအနေ တိုးတက်ပြောင်းလဲလာမှုတွေအတွက် ခိုင်မာတဲ့ အထောက်အထား၊ ဓာတ်ပုံ၊ Presentations တွေကို စာမျက်နှာ ၁၅၀ ကျော် ပြင်ဆင်ခဲ့ရပါတယ်။ သူတို့ပေးတဲ့ Form မှာ ဝန်ထမ်းတိုးတက်မှု၊ လုပ်ငန်းပိုင်းဆိုင်ရာ တိုးတက်လာမှုတွေကို တိတိကျကျဖြည့်ပေးတယ်။ Company Profile ၊ Audit Report နဲ့ Financial Statement တွေကိုလည်း တိတိကျကျမှန်ကန်အောင် တင်ပြဖို့အတွက် ပြင်ဆင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ပြိုင်ပွဲအကြောင်း သိရချိန်မှာ ပြင်ဆင်ချိန်နှစ်ပတ်ပဲ ကျန်ပါတယ်။

ဒီဆုကို ဘယ်လိုကြိုးစားအားထုတ်မှုကြောင့် ရခဲ့တာပါလဲ . . .

သူတို့ရွေးတာကတော့ SME လုပ်ငန်းတွေထဲကမှ Potential ဖြစ်လား၊ Sustainable ဖြစ်လား၊ Develop ဖြစ်လားဆိုတဲ့ အချက်တွေအပေါ်မှာမူတည်ပြီး ရွေးသွားတယ်။ ကုမ္ပဏီတိုးတက်မှု ဘယ်လောက်ရှိလဲ၊ တိုင်းပြည်အတွက် ဘယ်လောက်အကျိုးပြုလဲဆိုတာကိုကြည့်ပြီး ရွေးချယ်သွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းတိုးတက်မှုတင်ပြပုံက သူတို့လိုချင်တဲ့ပုံစံမှာ ဝင်သွားတယ်လို့ ထင်ပါတယ်။ ၁၉၉၀ ပြည့်နှစ်ကတည်းက စတင်ခဲ့တဲ့ ကုမ္ပဏီရဲ့သမိုင်းကြောင်းကို အသေးစိတ်တင်ပြနိုင်တယ်။ လွန်ခဲ့တဲ့ ၂၅ နှစ်လောက်က လူလေးယောက်နဲ့စတင်ခဲ့တဲ့ ကုမ္ပဏီက ဝန်ထမ်းလေးရာကျော်အထိ တိုးတက်လာတယ်။ Grand Wynn Enterprise Ltd က ငါးမွေးမြူရေးမှာ ပုံမှန်ဒေသငါးမျိုးစိတ်တွေသာမက နိုင်ငံခြားက အသားတိုးငါးမျိူးစိတ်တွေကိုပါ တင်သွင်းပြီး မွေးမြူခဲ့ပါတယ်။ ကျွန်တော်တို့က ငါးမွေးမြူရေးနဲ့ပတ်သက်ပြီး အသစ်တွေထွင်ပြီး လုပ်သွားပါတယ်။ FAO & EU တို့ရဲ့ သတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင် လုပ်ထားပြီး FAO က စစ်ဆေးရေးအဖွဲ့တွေကို အစစ်ခံထားတယ်။

အလားတူပဲ ကုမ္ပဏီပိုင် Twin Brothers Seafood Cold Storage Factory က EU နိုင်ငံတွေကို Export တင်ပို့ခွင့်နဲ့ HACCP လက်မှတ်ရထားပြီး ISO 22000 လည်းရရှိထားတယ်။ ဒါကြောင့် ကျွန်တော်တို့ Twin Brothers Seafood Cold Storage Factory က ထုတ်လုပ်ဖြန့်ဖြူးရောင်းချတဲ့ စားသောက်ကုန်တွေဟာ စားသုံးသူတွေအတွက် အန္တရာယ်မရှိဘူးလို့ အာမခံနိုင်ပါတယ်။ အထူးသဖြင့် ငါးအသားလွှာတွေ၊ အသားလွှာ အကြော်ကပ်မှုန့်တွေနဲ့ ကင်းမွန်၊ ပုစွန်အကြော်ကပ်မှုန့်တွေကို နိုင်ငံခြားကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေနည်းတူ အဆင့်မြင့်ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ပြည်ပကို တင်ပို့ရုံသာမက ပြည်တွင်းမှာလည်း ဖြန့်ချိခဲ့တယ်။

ဒါကြောင့် ဒီဆုကိုဘယ်လိုကြိုးစားမှုကြောင့် ရခဲ့တာလဲဆိုရင် ကျွန်တော်တို့ Grand Wynn Group of Companies ရဲ့ Fisheries မှာ မွေးမြူရေး၊ ထုတ်လုပ်ရေးနဲ့ နိုင်ငံခြားတင်ပို့ရောင်းချမှုနဲ့ ပြည်တွင်းဖြန့်ဖြူး ရောင်းချမှုကဏ္ဍတွေအားလုံးမှာ ပါဝင်လုပ်ဆောင်ခဲ့ကြတဲ့ ဝန်ထမ်းတွေရဲ့ Team Work နဲ့ တစ်စိုက်မတ်မတ် ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပါတယ်။

အနာဂတ်အစီအစဉ် . . .

ငါးမွေးမြူရေးမှာ FAO ရဲ့အကူအညီနဲ့ EU Approve ရအောင်လုပ်နေပါတယ်။ နိုင်ငံတကာအဆင့်မီ မွေးမြူရေးဖြစ်အောင်၊ နိုင်ငံတော်ရဲ့ သားငါးထုတ်လုပ်မှု ဖွံ့ဖြိုးရေးမှာ တစ်ဖက်တစ်လမ်းက အထောက်အပံ့ဖြစ်အောင် ဆက်လက်ကြိုးစားလုပ်ကိုင်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့စက်ရုံက သန့်ရှင်းလတ်ဆတ်တဲ့ ငါး၊ ပုစွန်ကုန်ကြမ်းတွေက ထုတ်လုပ်ထားတဲ့ အဆင့်မြင့် Frozen Product တွေက စနစ်တကျထုတ်ထားတာကြောင့် ယုံကြည်စိတ်ချစွာ စားသုံးလို့ရတယ်ဆိုတဲ့ အသိပညာပေးတာနဲ့ ပြည်သူတွေစားသုံးနိုင်အောင် သက်သာတဲ့ဈေးနှုန်းနဲ့ ဖြန့်ဖြူးသွားပါမယ်။ နောက်ထပ် Fisheries နဲ့ပတ်သက်တဲ့ ထုတ်ကုန်အသစ်တွေ ထပ်ထုတ်သွားပါမယ်။ ပြည်ပကို Export လုပ်ပြီး ပြည်တွင်းမှာလည်း ဖြန့်ချိသွားမယ်။ လတ်တလောမှာတော့ Grand Food Mart ဆိုင်ကို ရန်ကုန်မြို့မှာ နှစ်ဆိုင်နဲ့ မန္တလေးမြို့မှာ  တစ်ဆိုင်ဖွင့်ထားပါတယ်။ နောက်ထပ်ဆိုင်ခွဲတွေလည်း ထပ်ဖွင့်သွားပါမယ်။


ဒေါက်တာအောင်ကျော်ဝင်း

Chairman

ရွှေနန်းတော် စိန်ရွှေရတနာလုပ်ငန်းစု

aseanbiz20166

ASEAN Business Awards မှာ ရရှိခဲ့တဲ့ဆုအကြောင်း ပြောပြပေးပါ . . .

ASEAN Business Awards ရဲ့ CLMV SME Excellence Awards အောက်မှာ Category လေးခုရှိပြီး Employment ၊ Growth ၊ Innovation နဲ့ Corporate Social Responsability တို့ဖြစ်ပါတယ်။ ကျွန်တော်တို့က  လေးခုလုံးဝင်ပြိုင်ခဲ့ပါတယ်။ အဲဒီကနေ Innovation Category မှာ ပထမဆုရခဲ့ပါတယ်။ Innovation Category မှာရတဲ့အတွက် အင်မတန်ကျေနပ်မိပါတယ်။

ဆုရဖို့အတွက် ဘယ်လိုကြိုးပမ်းအားထုတ်ခဲ့ရပါသလဲ . . .

Innovation Category ဆိုတာ နေ့ချင်းညချင်း လုပ်ယူလို့ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ အဲဒါကိုပြောမယ်ဆိုရင် Company ရဲ့ Milestone ကိုပါ ပြောရမှာဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ နိုင်ငံတကာအဆင့်မီ ရွှေနန်းတော် စိန်ရွှေရတနာဆိုင်ကို စတင်တည်ထောင်ခဲ့ပါတယ်။ ၂၀၀၀ ပြည့်နှစ်မှာ လမ်းမတော်ထောင့်မှာ နောက်ထပ်တစ်ဆိုင် ဖွင့်နိုင်ခဲ့ပြီး အဲဒီအချိန်မှာပဲ Market Leader ဖြစ်လာပါတယ်။ ၂၀၀၅ ခုနှစ် ရောက်တဲ့အခါမှာ Market က အတော်လေးပြောင်းလဲလာပါတယ်။ အထူးသဖြင့် Customer တွေက ရတနာနဲ့ပတ်သက်တဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေ၊ အရင်ကထက် ပိုများလာတယ်။ ဒီတော့ Customer တွေရဲ့ Taste တွေ၊ Preference တွေကလည်း အများကြီးပြောင်းလဲလာတယ်။ နိုင်ငံတကာကိုလည်း အခုလောက်ထိ မဟုတ်သေးပေမယ့် ဟိုအရင်ကထက်တော့ သွားလာကြတယ်။ နိုင်ငံခြားက ဒီဇိုင်းတွေနဲ့ မြန်မာပြည်က ဒီဇိုင်းတွေ၊ လက်ရာတွေ၊ အရည်အသွေးတွေကိုယှဉ်ပြီး မြင်လာကြတယ်။ အဲဒီမှာပဲ ကျွန်တော်တို့ ကုမ္ပဏီကနေ Customer တွေအကြိုက်၊ တခြားနိုင်ငံတွေနဲ့ အဆင့်မီလာအောင် လုပ်မှဖြစ်တော့မယ်ဆိုပြီး စဉ်းစားမိခဲ့ပါတယ်။ အဲဒီလို လုပ်နိုင်ဖို့ဆိုတော့ ကိုယ်ကိုယ်တိုင် Manufacture ဖြစ်မှ လုပ်နိုင်မှာဖြစ်ပါတယ်။ အဲဒါနဲ့ပဲ ကျွန်တော်တို့က Jewel Collection Manufacturing Co Ltd ဆိုပြီး ၂၀၀၅ ခုနှစ်မှာ တိုးချဲ့တည်ထောင်ခဲ့ပါတယ်။ အဲဒီကနေပဲ အခု Innovation Category မှာ Asean Business Awards ရတာဖြစ်ပါတယ်။

အဲဒီ Company တည်ထောင်တဲ့အခါ ဘာတွေသိသွားလဲဆိုတော့ ကျွန်တော်တို့က အရင်က Retail Business ပဲ လုပ်ခဲ့တယ်။ Manufacturing Company ထောင်လိုက်တဲ့အခါကျတော့ Manufacturing က အင်မတန် စိတ်ဝင်စားစရာကောင်းပြီး စိန်ခေါ်မှုတွေလည်း အများကြီးတွေ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေ့လာတဲ့ အခက်အခဲတွေကို အများကြီးရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါတယ်။ အဓိက အခက်အခဲကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ Human Capacity ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက စက်ပန်းထိမ်တွေက နည်းနည်းပဲရှိသေးတာဆိုတော့ စက်ပန်းထိမ်ကျွမ်းကျင်သူက အတော်ကိုရှားနေပါတယ်။ အများအားဖြင့် မြန်မာလူမျိုးတွေက ပန်းထိမ်ပညာတော့ တတ်ကြပေမယ့် Word Class ဖြစ်တဲ့ Product တွေ ထုတ်နိုင်ဖို့ထိတော့ အဆင်မပြေသေးပါဘူး။ အဲဒီမှာ ကျွန်တော်တို့ စက်ရုံထောင်တဲ့ ရည်ရွယ်ချက်က နိုင်ငံတကာနဲ့ရင်ပေါင်တန်းနိုင်တဲ့ လက်ဝတ်ရတနာထုတ်ဖို့ဆိုတော့ ဒီကပညာရှင်တွေရဲ့Capacity နဲ့က နည်းနည်းကွာဟနေပါတယ်။ ဒီတော့ စက်ရုံအတွက် စက်တွေဝယ်ကတည်းက ထိုင်းက စက်တွေရောင်းတဲ့ ကုမ္ပဏီကို စက်အပြင် စက်နဲ့ပတ်သက်ပြီး နားလည်တတ်ကျွမ်းတဲ့သူတွေ၊ ထုတ်လုပ်တဲ့အခါမှာလည်း ဆန်းသစ်တီထွင်မှုတွေနဲ့ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မယ့်သူတွေပါ ရှာခိုင်းပြီး မြန်မာနိုင်ငံကို ခေါ်လာပါတယ်။ စဝယ်ကတည်းက စက်တွေရော၊ နည်းပညာပိုင်း၊ Innovative ၊ Creative ပိုင်းရော ကျွမ်းကျင်သူတွေပါတဲ့ Package ကို ရအောင်လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ ဒါနဲ့စက်တွေကို Run နိုင်မယ့် အတွေ့အကြုံရှိသူတွေ၊ ထုတ်လုပ်ရေး အစအဆုံးမှာလည်း ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မယ့်သူတွေ အားလုံးပေါင်း ၁၂ ယောက် ရလိုက်ပါတယ်။ အဲဒီအချိန်မှာပဲ နိုင်ငံခြားသား ၁၂ ယောက်၊ မြန်မာဝန်ထမ်း ၂၅ ယောက်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ စစချင်းမှာတော့ အခက်အခဲတွေ ကြုံရပါတယ်။ ကိုယ့်လူတွေက အတွေ့အကြုံနည်းတာတွေ၊ ဘာသာစကား အခက်အခဲတွေစသဖြင့် ကြုံရပါတယ်။ နောက်ပိုင်းမှာတော့ အဲဒီအခက်အခဲတွေ တဖြည်းဖြည်းလျော့နည်းလာပြီး ကျွန်တော်တို့ ကိုယ်တိုင်လည်း ထဲထဲဝင်ဝင်ဝင်လုပ်တာကြောင့် အရှိန်ရလာခဲ့ပါတယ်။အခုအချိန်မှာ ဒီစက်ရုံကြီးက ဝန်ထမ်းခြောက်ရာကျော်နဲ့ လည်ပတ်နေပြီး မြန်မာနိုင်ငံမှာ အကြီးဆုံးလက်ဝတ်ရတနာထုတ်လုပ်တဲ့ စက်ရုံကြီးဖြစ်နေပါပြီ။

ဒီဆုရဖို့အတွက် Total Quality Management ကလည်း အင်မတန်အရေးကြီးပါတယ်။ Total Quality Management ရဲ့ သဘောကတော့ ဥပမာ - အဆင့်ဆယ်ဆင့်ရှိတယ်ဆိုရင် အဆင့်တိုင်း အဆင့်တိုင်းက နောက်တစ်ဆင့်အတွက် အထောက်အကူ ဖြစ်နေရပါမယ်။ ပထမအဆင့်မှာ မကောင်းဘူးဆိုရင် ဒုတိယအဆင့်မှာ ပိုပြီးခက်ခဲသွားမယ်။ အဲဒါကြောင့် အဆင့်ဆင့်မှာ ပြည့်စုံနေဖို့လိုပါတယ်။ ပြီးတော့ World Class ထုတ်လုပ်နိုင်ဖို့ဆိုရင် Total Quality Management ကလည်း World Class ဖြစ်နေဖို့လိုပါတယ်။ အဲဒီအတွက် ကျွန်တော်တို့က ISO Standard တွေနဲ့ညီအောင် လုပ်ထားပါတယ်။ ISO လက်မှတ်တွေ ရထားတာရှိတယ်။ ရှိရှိ ISO Standard တွေရအောင်လည်း လုပ်ထားပါတယ်။ ရခဲ့တဲ့ ISO Standard တွေနဲ့အညီလည်း ဆက်လက်လုပ်ပါတယ်။ ဒီတော့ အခု ASEAN Business Awards ကိုရခဲ့တာက စက်ရုံတည်ထောင်တဲ့ ၂၀၀၅ ခုနှစ်ကနေစပြီး တစိုက်မတ်မတ်နဲ့ ကိုယ့်ရဲ့ Product တွေကို အရည်အသွေးမှာရော၊ တီထွင်ဆန်းသစ်မှုမှာပါ သေချာဂရုတစိုက်လုပ်ခဲ့တာကြောင့် ရခဲ့တာဖြစ်ပါတယ်။

ဒီလိုအောင်မြင်ခဲ့တာတွေကလည်း အကြောင်းရင်းတွေ ရှိပါတယ်။ ကျွန်တော်တို့မှာက အခြားသူတွေနဲ့မတူတဲ့ Product Differentiation တွေ၊ Prices Differentiation တွေရှိပါတယ်။ Product Differentiation မှာဆိုရင် 3D Design တွေ၊ Micro Setting လို့ခေါ်တဲ့ စိန်စီတဲ့နေရာမှာ သာမန်နဲ့မတူတဲ့ နည်းပညာတွေ၊ Invisible Setting လို့ခေါ်တဲ့ စွန်ကုပ်မပေါ်ဘဲ စိန်တွေ၊ ကျောက်တွေ တပ်ဆင်တဲ့နည်းပညာတွေကို မြန်မာပြည်မှာ ပထမဆုံးဖြစ်သလို တစ်ဦးတည်း လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ Invisible Setting ကိုတော့ ၂၀၁၇ ခုနှစ်မှာ စတင်မိတ်ဆက်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး အများနဲ့မတူ တီထွင်ဆန်းသစ်ပြီး ကိုယ့်မြန်မာနိုင်ငံသားတွေ နိုင်ငံတကာလက်ရာတွေလို ခေတ်မီဆန်းသစ်တဲ့ လက်ရာတွေကို ဝတ်ဆင်နိုင်ဖို့ ကြိုးစားခဲ့တာကြောင့် ဒီဆုကိုရရှိခဲ့တာဖြစ်ပါတယ်။

လုပ်ငန်းရဲ့အနာဂတ်အစီအစဉ်တွေအကြောင်း ပြောပြပေးပါ . . .

အနာဂတ်အစီအစဉ်တွေအနေနဲ့ကတော့ Junction City မှာ ဆိုင်ခွဲထပ်ဖွင့်ဖို့ရှိပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ မြန်မာနိုင်ငံမှာ ပထမဆုံး Jewellery Online Shopping ကို စတင်တော့မှာ ဖြစ်ပါတယ်။ ပြီးတော့ အခုရရှိခဲ့တဲ့ ဆုနဲ့အညီ တီထွင်ဆန်းသစ်မှုတွေကို Customer တွေ လက်ထဲအမြဲပို့နိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။