Andy Annett
Managing Director
TODAY Ogilvy & Mather Myanmar
Ogilvy & Mather ဆိုတာ Advertising ၊ Marketing နဲ့ Public Relations ဆိုင်ရာ Service တွေပေးတဲ့ အကြီးဆုံးကုမ္ပဏီတွေထဲက တစ်ခုဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ်မှာ David Ogilvy က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ စတင်တည်ထောင်ခဲ့ပါတယ်။ နှစ်ပေါင်း ၆၀ ကျော်အတွင်းမှာ Fortune Global 500 Companies တွေကို Service တွေပေးခဲ့ပြီး ကမ္ဘာကျော်အမှတ်တံဆိပ်တွေဖြစ်တဲ့ American Express ၊ Ford ၊ Shell ၊ Dove ၊ IBM စတဲ့ အမှတ်တံဆိပ်တွေရဲ့ Brand Building မှာ Service ပေးခဲ့ပါတယ်။ Ogilvy & Mather ဟာ TODAY Group of Companies နဲ့ ပူးပေါင်းပြီး ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။ ဒီ TODAY Ogilvy & Mather Myanmar မှာ Managing Director အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Andy Annett နဲ့ တွေ့ဆုံဖြစ်တဲ့အခိုက် သူ့ရဲ့လုပ်ငန်းခွင်ဖြတ်သန်းမှုနဲ့အတူ မြန်မာနိုင်ငံရဲ့ Marketing ဆိုင်ရာ အကြောင်းအရာတို့ကို မေးမြန်းဖြစ်ခဲ့ပါတယ်။
ကိုယ်တိုင်မိတ်ဆက်နဲ့ နောက်ခံပညာရေး . . .
ကျွန်တော်က အင်္ဂလိပ်လူမျိုးဖြစ်ပါတယ်။ Sussex University ကနေ English ၊ Film ၊ American Studies တို့နဲ့ ၁၉၈၈ ခုနှစ်မှာ ဘွဲ့ရခဲ့ပါတယ်။ ကျောင်းပြီးတဲ့နောက်မှာ လန်ဒန်မြို့က Option One ဆိုတဲ့ ကြော်ငြာအေဂျင်စီ ကုမ္ပဏီမှာ Account Executive အနေနဲ့ အလုပ်စဝင်ခဲ့ပါတယ်။ သတင်းစာကြော်ငြာတွေအတွက် လုပ်ခဲ့တယ်။ Client တွေက အမျိုးမျိုးကွဲပြားပါတယ်။ ဘဏ်တွေ၊ ပို့ဆောင်ရေးလုပ်ငန်းတွေ၊ အချိုရည်နဲ့ ဘီယာကုမ္ပဏီတွေ စသဖြင့် တော်တော်စုံပါတယ်။
ကြော်ငြာလုပ်ငန်းမှာ အလုပ်လုပ်ဖို့ ဘာကြောင့်ရွေးချယ်ခဲ့တာပါလဲ . . .
ဒီအလုပ်က အင်မတန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ Creative ဖြစ်ရတယ်။ ကွဲပြားခြားနားတဲ့ Client တွေ၊ ကုန်ပစ္စည်းတွေအတွက် လုပ်ရတဲ့အတွက် အများကြီး လေ့လာသင်ယူနိုင်တယ်။ Property ကုမ္ပဏီတွေ၊ Drinks ကုမ္ပဏီတွေ၊ ဆပ်ပြာမှုန့်ကုမ္ပဏီတွေအတွက် ကြော်ငြာတွေ လုပ်ပေးခဲ့ပါတယ်။ ကဏ္ဍစုံ၊ နယ်ပယ်စုံကို လေ့လာနိုင်ခဲ့တယ်။
ကိုယ့်ကိုယ်ကိုယ် Creative ဖြစ်တယ်ဆိုတာကိုကော ဘယ်အရွယ်လောက်မှာ ဘယ်လိုသိရှိခဲ့ပါသလဲ . . .
ခပ်ငယ်ငယ်ကတည်းကပါပဲ။ ကျွန်တော်က ရုပ်ရှင်တွေ၊ ကြော်ငြာတွေ ကြည့်တယ်။ Technically အရတော့ ကျွန်တော်က တအားကြီး Creative ဖြစ်တဲ့သူတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ Client တွေ ဘာလိုချင်တယ်ဆိုတာကို နားလည်တယ်။ သူတို့ရဲ့ Brand အကြောင်း နားလည်တယ်။ သူတို့လုပ်ငန်းတွေအတွက် တကယ်ကောင်းတဲ့ရလဒ်တွေရအောင် ဆောင်ရွက်ပေးပါတယ်။
Career အဆင့်ဆင့်ဖြတ်သန်းခဲ့ပုံ . . .
အခုဆိုရင် ကျွန်တော် Advertising နဲ့ Marketing Field မှာ ကျင်လည်ခဲ့တာ ၂၅ နှစ်နီးပါးရှိပါပြီ။ Option One မှာ လုပ်ပြီးတဲ့နောက် 141 Worldwide မှာ လုပ်ဖြစ်ခဲ့ပါတယ်။ ဒီ Agency က Lucky Strike ထုတ်လုပ်တဲ့ BAT (British American Tobacco) အတွက် လုပ်ပေးနေတဲ့ Agency ဖြစ်ပါတယ်။ အဲဒီမှာ နိုင်ငံတော်တော်များများကို သွားပြီးအလုပ်လုပ်ခဲ့ရတယ်။ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှား၊ ဟောင်ကောင်တို့မှာ အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ရတယ်။ ကျွန်တော့်အသက် ၃၀ မတိုင်ခင်မှာပဲ 141 Worldwide (Asia) မှာ Regional Managing Director ရဲ့ ဖြစ်လာခဲ့ပြီး စင်ကာပူမှာ အခြေစိုက်ကာ အာရှတိုက်မှာရှိတဲ့ Agency ရှစ်ခုကို ကိုင်ခဲ့ရပါတယ်။ နှစ်နှစ်ကြာပြီးနောက်မှာ Tequila Worldwide မှာ Worldwide Business Development Director အဖြစ်နဲ့ အာဖရိကနဲ့ အာရှမှာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်ခဲ့ပါတယ်။
ကိုယ်ပိုင် Agency ထောင်ဖြစ်ခဲ့တယ်လို့လည်း သိရတဲ့အတွက် အဲဒီအကြောင်းလည်း ပြောပြပါဦး . . .
၁၉၉၉ ခုနှစ်မှာ Partner တစ်ယောက်နဲ့ ပူးပေါင်းပြီး Integrated Marketing Communications Agency ဖြစ်တဲ့ Liquid Communications ကို တည်ထောင်ခဲ့ပါတယ်။ News International ၊ Unilever ၊ Heinz ၊ Virgin Mobile ၊ Morgan Cars စတဲ့ Client တွေအတွက် ဆောင်ရွက်ပေးခဲ့ပါတယ်။ ရှစ်နှစ်ကြာပြီးတဲ့နောက် Agency ကို The Engine Group ကို ရောင်းလိုက်ပါတယ်။ ပြီးတဲ့နောက်မှာ အင်္ဂလန်မှာပဲဆက်နေပြီး Consultant အဖြစ် ကုမ္ပဏီအတော်များများမှာ ၂၀၁၀ ပြည့်နှစ်အထိ လုပ်ဖြစ်ခဲ့ပါတယ်။
မြန်မာနိုင်ငံကို လာဖြစ်ခဲ့ပုံ . . .
မြန်မာနိုင်ငံကို ၁၉၉၆ ခုနှစ်တုန်းက ပထမဆုံးလာဖြစ်ခဲ့တယ်။ ဒုတိယတစ်ခေါက်အနေနဲ့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှာ စတင်ရောက်လာခဲ့တာပါ။ မြန်မာနိုင်ငံမှာ အလုပ်လုပ်တဲ့အခါ အတွေ့အကြုံကောင်းတွေ ရမယ်ဆိုတာ ယုံကြည်တဲ့အတွက် စိတ်ဝင်စားတာကြောင့် လာခဲ့တာပါ။ မြန်မာကိုလာဖို့ ဘာလို့ရွေးချယ်ခဲ့တာလဲဆိုရင် အဓိကအနေနဲ့ ကျွန်တော့်အတွက် မြန်မာနိုင်ငံဟာ တော်တော့်ကို စိတ်ဝင်စားစရာတွေနဲ့ ပြည့်နေတာ ကြောင့်ရယ်၊ မြန်မာနိုင်ငံဟာ တိုးတက်မယ့်အလားအ လာတွေ အများကြီးရှိနေတာရယ်၊ အလားအလာတွေ ရှိနေတာတွေရယ်အပြင် မြန်မာပြည်ရဲ့ ပြောင်းလဲလာတဲ့ ဈေးကွက်စနစ်တွေကြောင့် လာဖြစ်ခဲ့တာပါ။
မြန်မာနိုင်ငံမှာ ကြုံတွေ့ရတဲ့ Challenge တွေက . . .
အများကြီးရှိပါတယ်။ ကျွန်တော်တို့ Industry က မြန်မာနိုင်ငံအတွက် အသစ်ဖြစ်ပါတယ်။ အဲဒါကြောင့် ကျွန်တော်တို့ပေးတဲ့ Service က သူတို့လုပ်ငန်းအတွက် ဘယ်လိုအကျိုးရှိတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း မသိကြဘူး။ အဲဒါကြောင့် ဒါကိုအရင်ဆုံးရှင်းပြရတယ်။ နောက်ပြီး ဒီ Industry အကြောင်း နားလည်တဲ့သူမရှိတဲ့ အတွက် ဝန်ထမ်းရှာဖွေရာမှာ ခက်ခဲပါတယ်။ သူတို့ကို Training တွေ သေချာပေးရပါတယ်။ နောက်ဆုံးတစ်ခုကတော့ အင်တာနက်လိုင်းတွေက နှေးနေတာပါ။ Skype Meeting တွေလုပ်တဲ့အခါ အဆင်မပြေမှုတွေ ရှိပါတယ်။
ဘယ်လိုမျိုး Training တွေ ပေးပါသလဲ . . .
In House Training တွေ၊ Online Training တွေ ပေးပါတယ်။ တခြားနိုင်ငံက Ogilvy ရုံးတွေကိုလည်း စေလွှတ်ပြီး လေ့လာစေပါတယ်။
မြန်မာနိုင်ငံရဲ့ ပြောင်းလဲလာတဲ့ Market Trend အပေါ်အမြင် . . .
Digital Marketing မှာ အပြောင်းအလဲတွေ အများကြီးရှိလာတယ်။ လူတွေက အင်တာနက်ကို ပိုသုံးလာကြတယ်။ ကုန်ပစ္စည်းတွေကို Social Media ကနေ ရောင်းဝယ်လာပြီး Mobile Money ကို သုံးလာကြတယ်။ ဒါ ကြောင့် နောက်ပိုင်းမှာ e-Commerce က ပိုပြီးတွင်ကျယ်လာတာကြောင့် Distribution လည်း ပိုပြီးကောင်းလာပါတယ်။
မြန်မာနိုင်ငံမှာ Cosumer Behaviour ကကော ဘာတွေ ပြောင်းလဲလာပါသလဲ . . .
လူတွေက Mobile ဖုန်းတွေကို ပိုပြီးအသုံးပြုလာပြီး Online ပေါ်မှာတင် ကုန်ပစ္စည်းအကြောင်း ပိုပြီးလေ့လာနိုင်လာတယ်။ အရင်က ငွေကြေးကို အသုံးပြုကြပေမဲ့ နောက်ပိုင်းမှာ Debit Card နဲ့ ငွေပေးချေတာတွေ ပြုလုပ်လာကြပါပြီ။ နောက်ပြီး လက်လီဈေးကွက်အနေအထားက ပြောင်းလာပြီး ရန်ကုန်၊ မန္တလေးတို့လို မြို့ကြီးတွေက Super Market တွေမှာ ဈေးဝယ်တာတွေ ပိုများလာတယ်။
ဒါဆို Marketing Strategy ကို ဘယ်လိုပုံစံချမှတ်သင့်ပါသလဲ . . .
Customer တွေနဲ့စကားပြောကြည့်ပြီး သူတို့ဘာတွေလိုချင်သလဲ၊ ဘာတွေလိုအပ်နေသလဲဆိုတာကို လေ့လာပါတယ်။ Online ပေါ်မှာလည်း သူတို့ဘာတွေကို လိုက်ရှာနေတယ်၊ ဘယ်အကြောင်းအရာတွေကို ပြောနေသလဲဆိုတာကို ကြည့်ပါတယ်။ နောက်ပြီး Social Media က Promotion တွေလုပ်ရာမှာ အသုံးဝင်တဲ့ Platform တစ်ခု အဖြစ်ရှိနေတာကို တွေ့ရပါတယ်။
ဒါဆိုနောက်ငါးနှစ်မှာ Marketing Landscape က ဘယ်လိုတွေ ပြောင်းလဲသွားနိုင်ပါသလဲ . . .
သေချာတာက Marketing လုပ်ကြတာက အရင်ကထက် ပိုပြီးတော့ ထိရောက်လာမယ်။ Digital Media တွေကိုလည်း သုံးလာကြမယ်။ Customer Relationship Management (CRM) ကိုလည်း ပိုလုပ်လာနိုင်မယ်။ Stock Exchange ကလည်း ပိုပြီးပီပြင်လာမယ်။
Marketing နဲ့ Advertising Field တွေမှာ အလုပ်လုပ်ချင်တဲ့ လူငယ်တွေအနေနဲ့ ဘာတွေပြင်ဆင်ရမလဲ။ ဘယ်လိုအရည်အချင်းတွေ လိုအပ်ပါသလဲ . . .
First Jobber တွေအနေနဲ့ အရင်ဆုံးဈေးကွက်အကြောင်း လေ့လာရမယ်။ Advertising Trend ကို လေ့လာရမယ်။ ပညာရှင်တွေက ဘာတွေပြောနေတယ်၊ ဘာတွေလုပ်နေတယ်ဆိုတာကို လေ့လာရမယ်။ နိုင်ငံတကာကနေ ဘယ်လိုကုန်စည်တွေဝင်လာနေသလဲ၊ ဈေးကွက်ထဲမှာ ဘယ်လိုကုန်စည်တွေ ရှိနေလဲဆိုတာကိုလည်း လေ့လာနေရမယ်။ Community Knowledge လည်းရှိရမယ်။ Content Management ကိုလည်း နားလည်ရမယ်။ ဒါတွေကို အင်တာနက်ကနေလည်း လေ့လာနိုင်ပါတယ်။
TODAY Ogilvy & Mather မှာ Managing Director တစ်ယောက်အနေနဲ့ ဘာတွေကို တာဝန်ယူဆောင်ရွက်ရပါသလဲ . . .
ကုမ္ပဏီရဲ့ Objective အတိုင်း လုပ်ငန်းတွေဆောင်ရွက်ရတယ်။ အစီအစဉ်တွေဆွဲရတယ်။ ကုမ္ပဏီရဲ့ Income အတွက် တာဝန်ယူဆောင်ရွက်ရတယ်။ လုပ်ငန်းအစီအစဉ်တွေ ချတယ်။ ဘယ်လိုတွေလုပ်သွားမယ်ဆိုတာ Structure ဆွဲတယ်။ နောက်ပြီး ဝန်ထမ်းတွေကို စီမံခန့်ခွဲရတယ်။ အလုပ်ခန့်ရတယ်။ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရတယ်။
မြန်မာစာလည်း သင်နေတယ်လို့ သိရပါတယ်။ မြန်မာစာကို အလုပ်အတွက် သင်ဖြစ်ခဲ့တာလား . . .
ကျွန်တော်စိတ်ဝင်စားလို့ သင်တာပါ။ မြန်မာစာက အတော်ခက်ပါတယ်။ ကျွန်တော် နည်းနည်းပဲ ရပါသေးတယ်။ အလုပ်ကြောင့် သင်တာလည်း အနည်းငယ်ပါပါတယ်။ Institut Francais de Birmanie မှာ သင်နေတာပါ။
လက်စွဲဆောင်ပုဒ်ဆိုရင် . . .
Work Hard and Be Nice to People က ကျွန်တော့်ရဲ့ လက်စွဲဆောင်ပုဒ်ဖြစ်ပါတယ်။
အနာဂတ်အစီအစဉ် . . .
TODAY Ogilvy & Mather မှာ အလုပ်ဆက်လုပ်ဖြစ်မယ်။ Further Studies တော့ ဆက်မလုပ်ဖြစ်ပါဘူး။ ကျွန်တော်က အလုပ်လုပ်ရင်း သင်ယူရတာကို ပိုနှစ်သက်ပါတယ်။
နန္ဒာ