Bosch Group ရဲ့ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာနိုင်ငံတို့မှာ Managing Director အနေနဲ့ တာဝန်ထမ်းဆောင်နေတဲ့ Mr Andre de Jong ကို တွေ့ဆုံခိုက်မှာ Bosch Myanmar ရဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ၊ ဈေးကွက်ရှယ်ယာတွေနဲ့လုပ်ငန်းရဲ့အနာဂတ် ခြေလှမ်းတွေအကြောင်း မေးမြန်းဖြစ်ခဲ့ပါတယ်။
ကျွန်တော်က ဂျာမန်လူမျိုးတစ်ယောက်ပါ။ ကျွန်တော် နယ်သာလန်က Rotterdam မှာရှိတဲ့ Erasmus University မှာ Business Economic ဘာသာရပ်ကို လေ့လာခဲ့ပါတယ်။ ကျွန်တော် အထူးပြုလေ့လာတဲ့ ဘာသာရပ်တွေကတော့ ကုန်သွယ်မှုဆိုင်ရာ စီးပွားရေးပညာနဲ့ မဟာဗျူဟာစီးပွားရေးပညာရပ်တွေ ဖြစ်ပါတယ်။
ကျွန်တော် ၁၉၉၇ ခုနှစ်ကစတင်ပြီး Bosch မှာ အလုပ်စဝင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်မှာ လုပ်ငန်းအတွေ့အကြုံ အနှစ် ၂၀ ရှိပြီ ဖြစ်ပါတယ်။ ကုမ္ပဏီမှာ ကျွန်တော်ရာထူးအမျိုးမျိုးနဲ့ နိုင်ငံပေါင်း ခြောက်နိုင်ငံမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ နယ်သာလန်မှာ Bosch Power Tools Accessories တွေရဲ့ Senior Brand Manager ၊ ဆွစ်ဇာလန်မှာ Bosch Power Tools Accessories တွေရဲ့ Product Manager ၊ ဟောင်ကောင်အခြေစိုက် Asia Pacific မှာ Bosch Power Tools Accessories ရဲ့ Product and Group Sales Manager ၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားမှာ Bosch ရဲ့ Country Sales Director ၊ ဂျာမနီက Bosch ရဲ့ လက်အောက်ခံ ကုမ္ပဏီတစ်ခုဖြစ်တဲ့ Sia Abrasives Deutschland GmbH မှာ General Manager အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ကမ္ဘောဒီးယား၊ လာအိုနဲ့ မြန်မာမှာ Managing Director အနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။
ဒီမေးခွန်းနှစ်ခုကို တစ်ပါတည်းကျွန်တော်ဖြေလိုက်ချင်ပါတယ်။ Bosch Myanmar အနေနဲ့ ကုမ္ပဏီရဲ့ စီးပွားရေးကဏ္ဍလေးခုဖြစ်တဲ့ Mobility Solution ၊ Industrial Technology ၊ Energy and BuildingTechnology နဲ့ Consumer Goods တွေပေါ်မူတည်ပြီး ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးပါတယ်။
Mobility Solution ကဏ္ဍမှာဆိုရင် လူစီးကားတွေနဲ့ အခြေခံအဆောက်အအုံလုပ်ငန်းတွေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ကားတွေအတွက် အပိုပစ္စည်းတွေ ဝန်ဆောင်မှုပေးပါတယ်။ Industrial Technology ကဏ္ဍမှာဆိုရင် မိုဘိုင်းဖုန်း Application တွေ၊ စက်ရုံသုံး အလိုအလျောက် လှုပ်ရှားနိုင်တဲ့ စက်ပစ္စည်းတွေမှာသုံးတဲ့ Application တွေကို ပံ့ပိုးပေးပါတယ်။ မြင်သာအောင်ပြောရရင် ကျွန်တော်တို့ရဲ့ Solution တွေကို Valve ၊ Pump နဲ့ Hydraulic Drive တွေမှာ သုံးထားတာကို တွေ့ရမှာပါ။ Energy and Building Technology ကဏ္ဍမှာဆိုရင် အဆောက်အဦးသုံး လုံခြုံရေးပစ္စည်းတွေဖြစ်တဲ့ မီးအချက်ပေးစနစ်၊ လုံခြုံရေးကင်မရာ၊ အသံစနစ်တွေအပြင် Thermotechnology နည်းပညာနဲ့ Boiler တွေကိုလည်း ပံ့ပိုးပေးပါတယ်။ Consumer Goods ကဏ္ဍမှာဆိုရင် ဝက်အူလှည့်ကနေစပြီး တိုင်းတာရာမှာသုံးတဲ့ ပစ္စည်းတွေထိ ပံ့ပိုးပေးထားတဲ့အပြင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ဖုန်စုပ်စက်စတဲ့ အိမ်သုံးပစ္စည်းတွေကိုလည်း ပံ့ပိုးပေးနေပါတယ်။
ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို မြန်မာပြည်တွင်းမှာ အရောင်းကိုယ်စားလှယ်တွေ၊ လက်လီဖြန့်ချိသူတွေ၊ ကန်ထရိုက်တာတွေနဲ့ အနယ်နယ်အရပ်ရပ်ကလူတွေ အသုံးပြုကြပါတယ်။ ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကို အစိုးရဌာနတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအပြင် ဆောက်လုပ်ရေးလုပ်ငန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အင်ဂျင်နီယာတွေ၊ လုပ်သားတွေနဲ့ ယာဉ်ပိုင်ရှင်တွေထိ အသုံးပြုကြပါတယ်။
မြန်မာပြည်အတွက် Market Share Data က မရနိုင်သေးပါဘူး။ မြန်မာနိုင်ငံဟာ Industry ကဏ္ဍတိုင်းမှာ အရှိန်အဟုန်မြင့်မြင့် တိုးတက်နေပါတယ်။ မြန်မာပြည်မှာ ကျွန်တော်တို့ ၂၀၁၂ ခုနှစ်မှာ ရုံးခန်းလာဖွင့်ကတည်းက ကျွန်တော်တို့မှာ အောင်မြင်မှုကောင်းတွေရရှိခဲ့ပြီး ကျွန်တော်တို့ရဲ့ ကုန်ပစ္စည်းဝန်ဆောင်မှုတွေကို ရန်ကုန်အပြင် တခြားမြို့ကြီးတွေထိပါ ဝန်ဆောင်မှုပေးနိုင်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ Bosch ကုမ္ပဏီဟာ ကောင်းမွန်တဲ့ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွေနဲ့ ခိုင်မာတဲ့ နေရာတစ်ခုကို ရရှိနေပြီးဖြစ်ပါတယ်။
ကျွန်တော်တို့က ပြည်တွင်းပါတနာတွေနဲ့ပဲ အလုပ်လုပ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့တွေက ပြည်တွင်းဈေးကွက်အကြောင်းနဲ့ ယဉ်ကျေးမှုကို နားအလည်ဆုံး ဖြစ်တာကြောင့်ပါ။ ကျွန်တော်တို့ရဲ့ စီးပွားရေးလုပ်ငန်း ဌာနတိုင်းမှာ သူတို့ရဲ့သက်ဆိုင်ရာလုပ်ငန်းအသီးသီးမှာ ကျွမ်းကျင်ပြီး အတွေ့အကြုံရှိတဲ့ ပြည်တွင်းပါတနာတွေရှိပါတယ်။ ကျွန်တော်တို့ရဲ့ ပြည်တွင်းပါတနာတွေကို နည်းပညာပိုင်းနဲ့ ကုန်ပစ္စည်းပိုင်း Training တွေပေးပြီး ဈေးကွက်ထိုးဖောက်ရေးနဲ့ ဖြန့်ချိရေးပိုင်းဆိုင်ရာကဏ္ဍတွေမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ကူညီပေးပါတယ်။
ကျွန်တော်တို့က နိုင်ငံခြားကုမ္ပဏီဖြစ်တဲ့အတွက် မြန်မာပြည်တွင်းကို ကုန်ပစ္စည်းတိုက်ရိုက်တင်ပို့ဖို့နဲ့ ဖြန့်ဖြူးရေးလုပ်ငန်းစဉ်တွေကို ကိုယ်တိုင်လုပ်ပိုင်ခွင့် မရပါဘူး။ ကုန်ပစ္စည်းတင်သွင်းတာနဲ့ ဖြန့်ဖြူးရေးလုပ်ငန်းတွေ အားလုံးကို ပြည်တွင်းပါတနာကပဲ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့မှာ ကုန်စည်တွေကို သိုလှောင်ထားဖို့၊ ထိန်းချုပ်ဖို့တွေကို ကိုယ်တိုင်မဆောင်ရွက်နိုင်တဲ့အတွက် Customer တွေအနေနဲ့ သူတို့လက်ထဲကို ကုန်ပစ္စည်းရဖို့အတွက် ရက်သတ္တပတ်နဲ့ ချီပြီး စောင့်ရတဲ့အခက်အခဲတွေ ရှိပါတယ်။ နောက်ပြီး ကျွန်တော်တို့ရဲ့ ပြည်တွင်းပါတနာတွေအနေနဲ့ ငွေလဲလှယ်မှုနှုန်း အပြောင်းအလဲဖြစ်တာတွေက ငွေပေးချေမှုပိုင်းတွေမှာ အခက်အခဲဖြစ်တာတွေ ရှိနေပါတယ်။ တကယ်လို့ ဒီအခက်အခဲတွေသာ မရှိတော့ဘူးဆိုရင် ကျွန်တော်တို့ရဲ့ Customer တွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနိုင်မှာ ဖြစ်တယ်လို့ ယုံကြည်ပါတယ်။
နောက်ပြီး ရုံးခန်းနေရာငှားတာကလည်း အခက်အခဲတစ်ခုဖြစ်နေပါတယ်။ မြန်မာပြည်မှာ ရုံးခန်းနေရာငှားတာက ဈေးတော်တော်များတာကြောင့် ကျွန်တော်တို့ရဲ့ လုပ်ငန်းဆောင်ရွက်တဲ့ စရိတ်က ပိုမြင့်နေပါတယ်။ မြန်မာပြည်မှာ စီးပွားရေးလုပ်ငန်းတွေ အများကြီး ဖွံ့ဖြိုးလာနေတယ်ဆိုတာကို ကျွန်တော်တို့ တွေ့နေရပါတယ်။ ဒါကြောင့်လည်း ရုံးခန်းငှားခ ဈေးတက်လာတာလို့တော့ မြင်ပါတယ်။
နောက်ထပ်အခက်အခဲတစ်ခုကတော့ လုပ်ငန်းကျွမ်းကျင်တဲ့ ဝန်ထမ်းတွေ ခေါ်ယူခန့်အပ်နိုင်ဖို့နဲ့ ရှိပြီးသား ကျွမ်းကျင်ဝန်ထမ်းတွေကို အလုပ်မှာ မြဲအောင်ထားနိုင်ဖို့ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဝန်ထမ်းတွေက အလုပ်တစ်ခုကနေ နောက်တစ်ခုကို အချိန်တိုအတွင်းမှာ ပြောင်းသွားတာတွေကလည်း ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ အခက်အခဲတစ်ခုပဲဖြစ်ပါတယ်။
ကားတစ်စီးမှာ Anti-lock Breaking System (ABS) ၊ Electronic Stability Program (ESP) ၊ AdaptiveCruise Control စတဲ့ အစိတ်အပိုင်း အမျိုးမျိုးပါဝင်ပါတယ်။ Bosch Sensor ဆိုတာ ဒီအစိတ်အပိုင်းတွေထဲက နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနည်းပညာကို နိုင်ငံတော်တော်များများမှာ ထုတ်လုပ်တဲ့ ကားအမျိုးအစားတိုင်းမှာ တပ်ဆင်ထားပါတယ်။ နောက်ပြီး ဒီကားတွေကို နိုင်ငံတကာကို တင်ပို့နေတာကြောင့် Bosch Sensor တပ်ဆင်ထားတဲ့ ကားတွေဟာ နိုင်ငံတိုင်းမှာ ရှိတယ်လို့ ဆိုနိုင်ပါတယ်။
ယာဉ်မတော်တဆမှုတွေကိုကြည့်ရင် များသောအားဖြင့် လူ့ရဲ့အမှားကြောင့်ဖြစ်တာကို တွေ့ရပါတယ်။ မလေးရှားနိုင်ငံရဲ့ စာရင်းတစ်ခုကို ဥပမာအနေနဲ့ကြည့်ရင် ကားငါးစီးမှာ လေးစီးက လူ့ရဲ့အမှားကြောင့် ယာဉ်မတော်တဆမှုဖြစ်တယ်လို့ မလေးရှားနိုင်ငံ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ ကျန်တာကတော့ လမ်းနဲ့ယာဉ်ရဲ့အခြေအနေကြောင့် ဖြစ်တာပါလို့ ထုတ်ပြန်ထားပါတယ်။ ကားလုံခြုံရေးစနစ်တွေဖြစ်တဲ့ Anti-lock Braking System (ABS) ၊ Electronic Stability Program (ESP) ၊ Traction Control နဲ့ Break Assit တို့ဟာ ကားကို လုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ နည်းပညာတွေဖြစ်ပါတယ်။ ဒီနည်းပညာတွေဟာ နိုင်ငံတကာက လူ့အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ ဂျာမနီကိုကြည့်ရင် ၁၉၉၉ ခုနှစ်ကတည်း က ABS နဲ့ ESP ဟာ မတော်တဆဖြစ်မှုတွေကို ၆၀ ရာခိုင်နှုန်းလောက်ထိ လျှော့ချပေးနိုင်ခဲ့တာကို တွေ့ရပါတယ်။
Bosch ဟာ ကားထုတ်လုပ်ရေးကုမ္ပဏီတော်တော်များများကို ပစ္စည်းတင်ပို့ပေးနေတဲ့အတွက် ကားအမျိုးအစား တော်တော်များများမှာ ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို တပ်ဆင်ထားပါတယ်။ မတော်တဆမှု တစ်ခုခုဖြစ်ခဲ့ရင် အရင်ဆုံး ကားကြောင့်ဖြစ်တာလား၊ လူကြောင့်ဖြစ်တာလား၊ ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ ရင်းမြစ်ကို သိအောင်အရင်လုပ်ရပါတယ်။ ဒါကို အတိအကျသိရရင်တော့ Bosch အနေနဲ့ တာဝန်ရှိရင် အပြည့်အ၀ တာဝန်ယူသွားမှာပါ။
ကျွန်တော်တို့တွေအနေနဲ့ကတော့ ကားပိုင်ရှင်တွေအနေနဲ့သူတို့ရဲ့ကားကို မမျှော်လင့်ထားတဲ့ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကြောင့်ဖြစ်တဲ့ မတော်တဆမှုတွေကို ကာကွယ်နိုင်ဖို့ ပုံမှန်စစ်ဆေးရေး ဝန်ဆောင်မှုတွေကို ရယူပါလို့ အကြံပြုချင်ပါတယ်။
Bosch အနေနဲ့ မြန်မာပြည်မှာ Bosch Car Service Automotive Workshop ကို ပံ့ပိုးပေးထားပါတယ်။ လက်ရှိမှာ ဒီ Workshop တွေကို ရန်ကုန်နဲ့ မန္တလေးမှာ ရရှိနိုင်ပါတယ်။
ကျွန်တော်တို့အနေနဲ့ တခြားဝန်ဆောင်မှုတွေ ပံ့ပိုးပေးနေတာလည်း ရှိပါတယ်။ ဥပမာ - Customer တွေရဲ့ တောင်းဆိုမှုတွေပေါ် မူတည်ပြီးတော့ Packaging နည်းပညာကို ပံ့ပိုးပေးထားပါတယ်။ ဒီဝန်ဆောင်မှုတွေကို အလျဉ်းသင့်ပံ့ပိုးပေးနိုင်ဖို့အတွက်လည်း ကျွမ်းကျင်သူတွေကို နိုင်ငံတိုင်းမှာ ခန့်အပ်ထားပြီး တောင်းဆိုမှုတွေကို ပံ့ပိုးပေးဖို့ အဆင်သင့်ရှိနေပါတယ်။
Bosch ဟာ နည်းပညာနဲ့ ဝန်ဆောင်မှုပိုင်းတွေကို ပံ့ပိုးပေးနေတဲ့ အောင်မြင်တဲ့ နိုင်ငံတကာကုမ္ပဏီတစ်ခု ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံမှာလည်း ကျွန်တော်တို့ ဝန်ဆောင်မှုပေးနေတဲ့ ကဏ္ဍတိုင်းရဲ့ ဈေးကွက်ဦးဆောင်သူ ဖြစ်နိုင်ဖို့ကို ရည်ရွယ်ထားပါတယ်။ ဒါအပြင် စီးပွားရေးဖွံ့ဖြိုးမှုကို ရေရှည်ထိန်းသိမ်းထားနိုင်ဖို့ကိုလည်း လူနေမှုအဆင့်အတန်းကို ပိုမိုမြင့်မားစေဖို့ အထောက်အကူ ဖြစ်စေမယ့် ပိုမိုကောင်းမွန်တဲ့ နည်းပညာတွေ၊ ဝန်ဆောင်မှုတွေကို အမြဲမပြတ်ပံ့ပိုးပေးနိုင်ဖို့ Bosch အနေနဲ့ ရည်မှန်းချက်ထားပြီးတော့ ဆောင်ရွက်နေပါတယ်။ ဥပမာအနေနဲ့ မနှစ်ကဆိုရင် လက်ရှိဈေးကွက်ထဲမှာ ရှိပြီးသား Power Tool တွေထက် ပိုပြီးဈေးသက်သာတဲ့ Contractor’s Choice ဆိုတဲ့ Bosch Power Tool ကို ဈေးကွက်မှာ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒါအပြင် နိုင်ငံရဲ့ ဆောက်လုပ်ရေး၊ စက်မှုဇုန်နဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ ပိုမိုဖွံ့ဖြိုးလာစေဖို့ Off-highway ယာဉ်အပိုပစ္စည်းတွေကိုလည်း ပိုပြီးပံ့ပိုးပေးထားပါတယ်။
ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို ကုန်ပစ္စည်းတင်သွင်းနိုင်ဖို့နဲ့ ကိုယ်တိုင်ဖြန့်ချိနိုင်ဖို့ မကြာခင်ခွင့်ပြုချက် ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် ကျွန်တော် ပြောခဲ့တဲ့အတိုင်း ကျွန်တော်တို့ရဲ့ Customer တွေ၊ ပါတနာတွေကို ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေကို ပံ့ပိုးပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါအပြင် မြန်မာပြည်အစိုးရအနေနဲ့ မြန်မာပြည်ကို တင်ပို့တဲ့ ဒါမှမဟုတ် မြန်မာပြည်တွင်းမှာ ထုတ်လုပ်တဲ့ ကားတိုင်းကို ABS နဲ့ ESP စနစ် မဖြစ်မနေ တပ်ဆင်စေဖို့ တိုက်တွန်းစေချင်ပါတယ်။ ဒီယာဉ်လုံခြုံရေးစနစ်တွေဟာ မော်တော်ယာဉ်စီးရေတွေ တိုးတက်လာတာနဲ့အမျှ လူတွေရဲ့ အသက်တွေကိုလည်း ကယ်တင်ပေးနိုင်ဖို့အတွက် အကူအညီပေးနိုင်နေမှာ ဖြစ်ပါတယ်။
ကိုဒီ