Jaymart ကုမ္ပဏီပိုင်ရှင် Adisak Sukhumvitaya နှင့် တွေ့ဆုံခြင်း

Adisak1

ထိုင်းနိုင်ငံမှ Jaymart Group ရဲ့ စီအီးအိုဖြစ်သူ 'အဒိဆက် ဆုခွမ်ဝီတယ' Adisak Sukhumitaya ဟာ စီးပွားရေးအင်ပါယာကြီးတစ်ခု တည်ထောင်ခြင်းရဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို သိထားသူဖြစ်ပါတယ်။ အသက် ၄၆ နှစ်အရွယ်မှာ ကိုယ်ထူးကိုယ်ချွန်ဘီလျံနာဖြစ်ခဲ့တဲ့ အဓိဆက်ဟာ အောင်မြင်ရေးလမ်းကြောင်းပေါ်က စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ခဲ့ပါတယ်။ ဆိုင်စဖွင့်တဲ့နေ့က ဟန်းဆက် ၃၃ လုံးသာ ရောင်းချရတဲ့ သူ့ရဲ့မိုဘိုင်းဖုန်းဆိုင်ကလေးဟာ နောက်ဆုံးတော့ ကုမ္ပဏီခွဲခြောက်ခုပိုင်ဆိုင်တဲ့ စီးပွားရေးဦးပိုင်ကုမ္ပဏီကြီးဖြစ်လာကာ မတည်ငွေ ထိုင်းဘတ်ဘီလီယံ ၃၀ ကျော်ဆိုတော့ SET (Stock Exchange of Thailand) မှာလည်း စာရင်းဝင်တဲ့ကုမ္ပဏီဖြစ်လာပါတယ်။

စီးပွားရေးလောကမှာ ကျင်လည်ခဲ့တဲ့ ၂၇ နှစ်တာအတွင်း အကြီးမားဆုံးအောင်မြင်မှု

---------------------

၁၉၉၀ ပြည့်နှစ်၊ ဇန်နဝါရီလက Jaymart ကို ကျွန်တော် ဘတ်ငွေသန်းနှစ်ဆယ်နဲ့ စတင်ခဲ့ပြီး အဲဒီအချိန်က အရစ်ကျစနစ်နဲ့ တိုက်ရိုက်ရောင်းချပေးတဲ့ ကုမ္ပဏီ Singer Thailand ရဲ့ လုပ်ပုံကိုင်ပုံကို နမူနာယူပါတယ်။ ပထမဆုံး Jaymart ဆိုင်ကို ဖာတာနခန်းလမ်းမှာ ဖွင့်ပြီး Singer လိုပဲ အရစ်ကျစနစ်နဲ့ အီလက်ထရွန်းနစ်ပစ္စည်းမျိုးစုံ ရောင်းတယ်။ နောက် ၂၆ နှစ်အကြာမှာ Singer ရဲ့ အစုရှယ်ယာ ၁၅ ရာခိုင်နှုန်း ဘတ်သန်း ၉၄၀ ဖိုး ကျွန်တော်ဝယ်ယူတော့ အဲဒီကုမ္ပဏီရဲ့ ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်လာပါတယ်။ အဲဒါကို ကျွန်တော် သိပ်ဂုဏ်ယူပါတယ်။ Jaymart ဟာ ထိုင်းနိုင်ငံတစ်ဝန်း Singer ရဲ့ ဆိုင်ခွဲပေါင်း ၁၈၀ နဲ့လက်တွဲပြီး ဒေသခံဝယ်သူတွေနဲ့လည်း ရင်းနှီးမှုရတယ်။ အရေးကြီးဆုံးက Singer Thailand ဟာ ဘုရင်ထံဆက်သခွင့်လက်မှတ် Royal Garuda ရရှိထားတော့ ကုမ္ပဏီသိက္ခာ ပိုတက်တယ်။ အခုဆို နှစ်ပေါင်းများစွာ ကျွန်တော်သိပ်လေးစားမြတ်နိုးခဲ့တဲ့ ကုမ္ပဏီဟာ Jaymart Group ထဲမှာ ပါဝင်နေပါပြီ။

အောင်မြင်ရေးလျှို့ဝှက်ချက်

----------------

''သင်ဟာ လက်ဦးသူဖြစ်ပြီး မတူအောင်ဆက်လုပ်ပါ'' ဆိုတဲ့ စကားကို ကျွန်တော်ယုံတယ်။ ဘယ်လောက၊ ဘယ်လုပ်ငန်းမှာမဆို ကိုယ်က ပထမဆုံးလုပ်ငန်းအဖြစ် တည်ထောင်ခဲ့တာလေ။ လက်လီဝယ်သူတွေကို ကျွန်တော်တို့က လုံးဝအာရုံစိုက်တယ်။ အဲဒီတုန်းက ဟန်းဆက်ဈေးကွက်မှာ ပြိုင်ဘက်သိပ်မများသေးဘူး။ ကျွန်တော်တို့လုပ်ငန်းစုရဲ့ စီးပွားရေးစုံလင်ကွဲပြားမှုဟာ စီးပွားရေးစုစုပေါင်း ညှိနှိုင်းမှုရဲ့ရလဒ် ဖြစ်ရမယ်။ Jaymart ရဲ့ မတည်ရင်းနှီးငွေဟာ ၂၀၀၉ ခုနှစ်ထက် ၂၀၁၇ ခုနှစ်မှာ အရင်းခုနစ်ဆတိုးပြီး ဘတ် ၁၂ ဘီလီယံအထိ ဖြစ်လာတယ်။ ၂၀၂၀ ပြည့်နှစ်မှာ ဘတ် ၄၀ ဘီလီယံဖြစ်ဖို့ ပစ်မှတ်ထားပါတယ်။

Adisak2

Jay Mart ကို တည်ထောင်ခဲ့ခြင်း

--------------

၁၉၈၉ ခုနှစ်က Philips Electronics (Thai) ကုမ္ပဏီမှာ ဈေးကွက်ဌာနမန်နေဂျာအဖြစ် ကျွန်တော်အမှုထမ်းတော့ ထိုင်းနိုင်ငံသား အမှုထမ်းတစ်ဦးအနေနဲ့ ကျွန်တော်ရာထူးတိုးခံရကိန်းမရှိတဲ့ အခြေအနေဆိုက်ခဲ့တယ်။ အဲဒါနဲ့ ကျွန်တော်အလုပ်ထွက်ပြီး ကိုယ်ပိုင်စီးပွားရေးလုပ်တယ်။ အခုတော့ အဲဒီအခြေအနေကို ကျွန်တော်ကျေးဇူးတင်မိပါတယ်။

မိုဘိုင်းဖုန်းရောင်းဝယ်ရေးက အမြတ်အစွန်းရှိပေမယ့် လူတိုင်း သူဌေးမဖြစ်နိုင်တာ ဘာကြောင့်လဲ

------------

'Aeon' က စားသုံးသူတွေကို အတိုးနှုန်းနည်းနည်းနဲ့ ငှားရမ်းတဲ့စနစ် စတင်ဖော်ဆောင်ပေးတော့ Jaymart က မယှဉ်ပြိုင်နိုင်ဘူး။ အဲဒါကြောင့် သူငယ်ချင်းသုံးယောက်နဲ့အတူ ရုပ်မြင်သံကြား ထုတ်လုပ်တဲ့ ဖက်စပ်လုပ်ငန်းကို ဘဏ်ချေးငွေနဲ့ လုပ်ပါတယ်။ အဲဒီလုပ်ငန်းမအောင်မြင်လို့ သူငယ်ချင်းတွေ နုတ်ထွက်သွားတယ်။ ကျွန်တော့်မှာ အကြွေးဘတ်သန်းသုံးဆယ် တင်သွားတယ်။ ကျွန်တော့်တစ်သက်မှာ ဒုက္ခအရောက်ဆုံးအချိန်ပေါ့။ ဒါပေမဲ့ ဘဝမှာ အကျပ်အတည်းဖြစ်တဲ့အခါ ကျွန်တော်ဆင်ခြင်သုံးသပ်ပြီး အဲဒါတွေကို အမြတ်ထုတ်တယ်။ ကျွန်တော်က ဟန်းဆက်တွေကို Aeon ချေးငွေစနစ်နဲ့ ရောင်းနိုင်အောင် သူတို့နဲ့ပူးပေါင်းလုပ်ကိုင်ဖို့ စိတ်ကူးကို အဆိုပြုတယ်။ အဲဒီတုန်းက Aeon က အိမ်သုံးပစ္စည်းကိရိယာတွေအတွက်ပဲ ငွေချေးတယ်။ မိုဘိုင်ဖုန်းတွေက ဖုန်းသုံးစွဲမှုအခွန်တွေကောက်လို့ ငွေချေးဖို့အဆင်မပြေတော့။ သူတို့အစီအစဉ်မှာ အဲဒါမပါဘူး။ အဓိက မိုဘိုင်းအော်ပရေတာသုံးခုနဲ့ ကျွန်တော်စေ့စပ်ညှိနှိုင်းတော့ သူတို့က ဟန်းဆက်တွေအပေါ် အခွန်မကောက်ဖို့ သဘောတူတယ်။ ပထမနှစ်ပြည့်တော့ တစ်လမှာ အလုံး ၅,၀၀၀ လောက်ရောင်းချပြီး ဒုတိယနှစ်မှာ တစ်လကို အလုံး ၁၀,၀၀၀ အထိ ရောင်းရတယ်။ ခုနစ်နှစ်အတွင်း ကျွန်တော်ဘတ်သန်းခုနစ်ရာ ဝင်ငွေရတယ်။ အဲဒါကြောင့် Jaymart ကို SET မှာ စာရင်းဝင်ဖို့ တွန်းအားဖြစ်လာတယ်။ Jaymart ဟာ ဆိုင်ခွဲတွေလည်း ဖွင့်နိုင်တယ်။

Adisak3

စီမံခန့်ခွဲမှုပုံစံ

-------------

ဒီလုပ်ငန်းကြီးကို ကျွန်တော်က နှလုံးသားနဲ့ တည်ဆောက်ခဲ့တာဗျ။ အရေးကြီးဆုံးက ကျွန်တော့်အမှုထမ်းတွေအပေါ် ရိုးသားဖို့ပဲ။ Jaymart အရာရှိတွေဟာ စီမံခန့်ခွဲမှုကျွမ်းကျင်ရုံမကဘဲ ပြဿနာတိုင်းကို ရှေ့တန်းက ရင်ဆိုင်ပြီး သူတို့တပည့်တွေအတွက် ဖြေရှင်းပေးနိုင်ကြရမယ်။ ကုမ္ပဏီတစ်ခုဟာ မိသားစုတစ်ခုလိုပဲ။ သူ့ရဲ့တည်ငြိမ်မှုနဲ့ တိုးတက်မှုဟာ အရာရှိတွေနဲ့ အမှုထမ်းတွေအပေါ်မှာ မူတည်တယ်။ Jaymart ကို မိသားစုပုံစံစိတ်ကူးနဲ့ စတင်တည်ထောင်ခဲ့တာပါ။ Jay ဆိုတဲ့နာမည်က J က ကျွန်တော့်သမီး Juthamas ၊ A က ကျွန်တော် Adisak ၊ Y က ကျွန်တော့်ဇနီး Yuwadee (ယုဝတီ) တို့ကို ကိုယ်စားပြုတယ်။ နောက်ပြီး Jay ဟာ ကျွန်တော့်သားလေး Aekachai (အိကချိုင်း) ရဲ့ နာမည်ပြောင်လည်းဖြစ်တယ်။ စီးပွားရေးလုပ်ငန်းမှာ စီမံခန့်ခွဲမှုဒီဇိုင်းအဆင့်တွေက သံသရာလည်နေတယ်။ Jaymart ကို အစက တည်ထောင်သူအုပ်စုက အုပ်ချုပ်ပြီးနောက်တော့ ပညာရှင်ချဉ်းကပ်နည်း တီထွင်ခဲ့တယ်။ အဲဒီမှာ အဖွဲ့အစည်းတည်ဆောက်မှုနဲ့ စီခံခန့်ခွဲမှုက တဖြည်းဖြည်း ရင့်ကျက်လာတယ်။ ကျွန်တော်တို့အားလုံး ပြည်သူတွေရဲ့ နေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခု လုံးဝဖြစ်နေတဲ့ နည်းပညာနဲ့ တီထွင်ဖန်တီးမှုရှိရာ ယဉ်ကျေးမှုအသစ်ထဲ သူတို့ကို ကျွန်တော်တို့အားလုံးက မောင်းသွင်းလိုက်ကြတယ်။

Jaymart Group ရဲ့ လုပ်ငန်းအကြောင်း

------------------

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ Jaymart ကို စီးပွားရေးဦးပိုင်ကုမ္ပဏီအဖြစ် ပြောင်းခဲ့တယ်။ မူလပထမဟန်းဆက်လုပ်ငန်းကို Jaymart က ၉၉ ရာခိုင်နှုန်းပိုင်ဆိုင်တဲ့ Jaymart Mobile Co. က လုပ်ကိုင်တယ်။ ကုမ္ပဏီခြောက်ခုခွဲထားတယ်။ Jaymart Mobile က ဟန်းဆက်ဖြန့်ချိရေး၊ JMT Network Service က ကြွေးမြီစီမံခန့်ခွဲမှုနဲ့ စီးပွားရေးလုပ်ငန်းချေးငွေကိစ္စတွေ လုပ်တယ်။ JAS Asses က ကုန်တိုက်တွေမှာ လက်လီဆိုင်ခန်းငှားရမ်းမှုနဲ့ အိမ်ခြံမြေလုပ်ငန်း၊ J-Capital က မြန်မာနိုင်ငံမှာ ဖက်စပ်လုပ်တယ်။ J.Fintech က တစ်ဦးချင်းငွေချေးမှုလုပ်တယ်။ J.Ventures က နည်းပညာနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်း ဝန်ဆောင်မှုတွေ တီထွင်တယ်။

စံပြပုဂ္ဂိုလ်

----------

ထိုင်းဝန်ကြီးချုပ်ဟောင်း 'သက်ဆင်ရှင်နာဝပ်ထရာ' ပါ။ သူ့ရဲ့အရည်အချင်းနဲ့ သူ့ရဲ့စိတ်ကူးစိတ်သန်းတွေကြောင့်ပေါ့။ သူဟာ တီထွင်ဆန်းသစ်တဲ့ စီမံခန့်ခွဲမှုကိုသုံးပြီး သူ့စီးပွားရေးအမ်ပိုင်ယာကို အုပ်ချုပ်တဲ့ အဓိကခေါင်းဆောင်ဖြစ်တယ်။ သူ့ဆီမှာ ကျွန်တော်တို့ဆည်းပူးဖို့ ကောင်းတဲ့အရာတွေ အများကြီးရှိတယ်။ သူ့ရဲ့နိုင်ငံရေးလုပ်ရပ်တွေအပြင် သူ့စီးပွားရေးနဲ့ အစိုးရကြားက အကျိုးစီးပွားဝိရောဓိဖြစ်မှုနဲ့ပတ်သက်လို့ သူစွပ်စွဲခံရတာနဲ့ မဆိုင်ပါဘူး။

Adisak4

ကိုယ့်အတွက် လှုံ့ဆော်မှုက

--------------

ဘယ်လိုစိန်ခေါ်မှုတွေ၊ ဒါမှမဟုတ် ဘယ်လိုပြဿနာတွေပဲလာလာ ''လက်မလျှော့နဲ့'' လို့ ကိုယ့်ဘာသာ အားပေးတယ်။ စီးပွားရေးလုပ်ရာမှာ အခြေခံနည်းလမ်းက ဒူးထောက်အညံ့မခံဖို့ပဲ။

အနာဂတ် Jaymart Group အခြေအနေ

----------

၂၀၂၀ ပြည့်နှစ်ကျ ကျွန်တော်အငြိမ်းစားယူမယ်။ ကျွန်တော့်အသက် ၆၅ နှစ်ပြည့်တဲ့အခါ ကုမ္ပဏီဒါရိုက်တာအဖွဲ့မှာ အကြံပေးပြန်လုပ်မယ်။ အဲဒီအချိန်ဆို ကျွန်တော့်သားငယ်အိကချိုင်းက ဆက်အုပ်ချုပ်မှာပါ။ အခု သူက J.Ventures ဆိုတဲ့ နည်းပညာနဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းလုပ်ငန်းတွေ တီထွင်တဲ့ Jaymart ရဲ့ ကုမ္ပဏီခွဲမှာ လက်ထောက်စီအီးအိုပေါ့။ ထိုင်းနိုင်ငံမှာ စီးပွားရေးအမျိုးအစား စုံလင်ကွဲပြားမှုနဲ့ နည်းပညာတီထွင်ဆန်းသစ်မှု လှုံ့ဆော်တဲ့ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုရလဒ်နဲ့ အောင်မြင်မှုကို ထင်ဟပ်ပြတဲ့ စီးပွားရေးလုပ်ငန်းအဖြစ် Jaymart Group အသိအမှတ်ပြုခံရပုံကို ကျွန်တော်မြင်ချင်ပါတယ်။

Ref: BKK Post အင်တာဗျူးမှ ကောက်နုတ်ဖော်ပြချက်

နိုင်သီဟ