နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ အလှကုန်အသင်းတွေရှိတဲ့နည်းတူ မြန်မာနိုင်ငံမှာလည်း အလှကုန်နဲ့ ဆက်စပ်လုပ်ငန်းတွေရဲ့ အဆင့်အတန်း မြှင့်တင်ပေးနိုင်ဖို့၊ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံတကာတန်းတူ ဆောင်ရွက်နိုင်ဖို့အတွက် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလမှာ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံအလှကုန်အသင်းနဲ့ တွေ့ဆုံခဲ့ပြီး အသင်းအနေနဲ့ လက်ရှိဆောင်ရွက်နေတာတွေ၊ ရှေ့ဆက်ဆောင်ရွက်သွားမယ့် အနာဂတ်အစီအစဉ်တွေနဲ့ အသင်းရည်ရွယ်ချက်တွေကို မြန်မာနိုင်ငံအလှကုန်အသင်း ဥက္ကဋ္ဌ ဦးကျော်မင်းနဲ့ တွေ့ဆုံမေးမြန်းခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
အသင်းဖြစ်ပေါ်လာပုံနဲ့ ရည်ရွယ်ချက် . . .
မြန်မာနိုင်ငံအလှကုန်အသင်းကို နိုင်ငံတကာမှာ အလှကုန်အသင်းတွေရှိနေပြီး အလှကုန်နဲ့ ဆက်စပ်လုပ်ငန်းတွေရဲ့အကျိုးကို ရှေ့ရှုဆောင်ရွက်နေသလို မြန်မာနိုင်ငံမှာလည်း အလှကုန်လုပ်ငန်း၊ တင်သွင်းဖြန့်ဖြူးရေး လုပ်ငန်းစတဲ့ အလှကုန်နဲ့ ဆက်စပ်လုပ်ငန်းတွေ ပိုမိုတိုးတက်ဖွံ့ဖြိုးလာစေဖို့၊ အဆင့်မြှင့်တင်ပေးဖို့စတဲ့ ရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အသင်း ဖြစ်ပေါ်လာတာဟာ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ညွန်ကြားရေးမှူး ဒေါက်တာဒေါ်သဇင်ထွန်းရဲ့ တိုက်တွန်းအားပေးမှုတွေ အများကြီးပါဝင်ပါတယ်။ အသင်းဖွဲ့စည်းခါစက အသင်းကို မြန်မာနိုင်ငံအလှကုန်ထုတ်လုပ်သူများအသင်း ဆိုပြီး အမည်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံမှာ အလှကုန်ထုတ်လုပ်တဲ့ လုပ်ငန်းရှင်တွေ နည်းပါးနေသေးတာကြောင့် မြန်မာနိုင်ငံအလှကုန် တင်သွင်းသူတွေ၊ အလှကုန်ထုတ်လုပ်သူတွေ အားလုံးတစုတစည်းတည်းဖြစ်လာဖို့ရည်ရွယ်ပြီး မြန်မာနိုင်ငံ အလှကုန်အသင်းလို့ အမည်ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။
ကျွန်တော်တို့အသင်းမှာ အဓိကရည်ရွယ်ချက်အနေနဲ့ သုံးခုရှိပါတယ်။ ပထမတစ်ခုက မြန်မာနိုင်ငံမှာ အလှကုန်ထုတ်လုပ်ရေးလုပ်ငန်းရှင်တွေ အများအပြား ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ ဒုတိယတစ်ခုအနေနဲ့ အလှကုန်တင်သွင်းရောင်းချသူတွေနဲ့အပြိုင် တင်သွင်းသူတွေရဲ့ ကုန်ပစ္စည်းတွေကို အတုအပလုပ်ပြီး ဈေးကွက်ပြိုင်ဆိုင်ရောင်းချတာတွေကို အသင်းအနေနဲ့ ကာကွယ်မှုတွေ၊ ပညာပေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး တတိယတစ်ခုအနေနဲ့ကတော့ မြန်မာနိုင်ငံက ထွက်ရှိတဲ့သနပ်ခါးကို မြန်မာနိုင်ငံတစ်နိုင်ငံတည်း မူပိုင်ခွင့်ရရှိဖို့နဲ့ မြန်မာ့သနပ်ခါးကို တန်ဖိုးမြှင့်အလှကုန်ပစ္စည်းအဖြစ် နိုင်ငံတကာကို တင်ပို့နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
အသင်းသားအရေအတွက် . . .
ကျွန်တော်တို့အသင်းကို ၂၀၁၅ ခုနှစ် စက်တင်ဘာလကမှ စတင်ဖွဲ့စည်းခဲ့ပါတယ်။ လောလောဆယ် အသင်းမှာ EC ၊ CEC အဖွဲ့ဝင် ၂၁ ဦးရှိနေပြီဖြစ်ပြီး အသင်းသားအသစ်တွေကိုတော့ ၂၀၁၅ ခုနှစ်ကနေစပြီး လက်ခံနေပြီဖြစ်ပါတယ်။
လက်ရှိဆောင်ရွက်နေတာတွေ . . .
လက်ရှိမှာ အလှကုန်ထုတ်လုပ်ရေးလုပ်ငန်းကဏ္ဍအတွက် လိုအပ်တဲ့နည်းပညာတွေကို မျှဝေပေးဖို့ ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်မှုတွေကို ပြုလုပ်နေပါတယ်။ ဒါအပြင် မြန်မာနိုင်ငံအလှကုန်အသင်းရဲ့ မိတ်ဖက်အသင်းတွေကို အသင်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုးမြှင့်ဆောင်ရွက်နေပါတယ်။ နောက်ပြီး အလှကုန်တင်သွင်းရောင်းချနေတဲ့ လုပ်ငန်းရှင်တွေကို ဥပဒေအရ ဘယ်လိုအကာအကွယ်ပေးသွားမယ်၊ ဘာတွေဆောင်ရွက်ပေးသွားမယ်ဆိုတာတွေကို အကောက်ခွန်နဲ့ ဆက်စပ်ဌာနတွေနဲ့ ဆွေးနွေးနေပါတယ်။ အကောက်ခွန်ဦးစီးဌာန၊ မူပိုင်ခွင့်ဆိုင်ရာအသင်းနဲ့ မြန်မာနိုင်ငံအလှကုန်အသင်းတို့က ဦးစီးတဲ့ အလှကုန်တင်သွင်းရောင်းချရေး လုပ်ငန်းရှင်တွေအနေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဘယ်လိုကူညီဖြေရှင်းပေးသွားနိုင်မယ်ဆိုတဲ့ ပညာပေးဆွေးနွေးပွဲတစ်ခုကို ကျင်းပသွားဖို့ ရှိပါတယ်။
ရှေ့ဆက်ဆောင်ရွက်သွားမှာတွေ . . .
ကျွန်တော်တို့ မြန်မာနိုင်ငံအလှကုန်အသင်းအနေနဲ့ နောက်ပိုင်းမှာ မြန်မာနိုင်ငံအလှကုန်တင်သွင်း ရောင်းချသူများအသင်းနဲ့ မြန်မာနိုင်ငံအလှကုန် ထုတ်လုပ်ရောင်းချသူများအသင်းတွေကို ကျွန်တော်တို့ရဲ့ညီနောင်အသင်းတွေအဖြစ်နဲ့ ထူထောင်သွားဖို့ အစီအစဉ်ရှိပါတယ်။
နောက်ပြီး ကျွန်တော်တို့က သက်ဆိုင်ရာဝန်ကြီးဌာနတွေကိုလည်း စာတွေပို့ပြီး မိတ်ဖက်အသင်းအဖြစ် ပူးပေါင်းဖို့ ကမ်းလှမ်းထားပါတယ်။ ဒါကလည်း ကျွန်တော်တို့အသင်းမှာရှိတဲ့ အသင်းသူ၊ အသင်းသားတွေထဲက အလှကုန်တင်သွင်းသူပဲဖြစ်ဖြစ်၊ အလှကုန်ထုတ်လုပ်သူပဲဖြစ်ဖြစ် လုပ်ငန်းမှာ အခက်အခဲဖြစ်လာရင် အခုကမ်းလှမ်းထားတဲ့ မိတ်ဖက်အသင်းတွေကနေ အကူအညီရဖို့နဲ့ အသင်းသူ၊ အသင်းသားတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နိုင်ဖို့အတွက် ဖြစ်ပါတယ်။ အခုလက်ရှိ မိတ်ဖက်အသင်းအဖြစ် ကမ်းလှမ်းထားတဲ့ အသင်းတွေမှာ လက်ခံပြီးဖြစ်တဲ့အသင်းတွေရှိသလို လက်မခံသေးတဲ့အသင်းတွေကိုလည်း ပူးပေါင်းပါဝင်လာအောင် ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
အသင်းဝင်ခြင်းကနေ ရနိုင်တဲ့ အကျိုးကျေးဇူးတွေ . . .
ကျွန်တော်တို့အသင်းက အလှကုန်ထုတ်လုပ်ရေးလုပ်ငန်းရှင်တွေအတွက် လိုအပ်တဲ့ နည်းပညာတွေ၊ ငွေကြေးအခက်အခဲတွေကို ကူညီပေးသွားဖို့ အစီအစဉ်တွေ ရှိပါတယ်။ နည်းပညာ အခက်အခဲ လိုအပ်တဲ့သူတွေအတွက် အသင်းမှာရှိတဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ အတွေ့အကြုံရှိတဲ့သူတွေဆီကနေ အကြံဉာဏ်ရယူနိုင်သလို အသင်းကနေ အခါအားလျော်စွာပေးတဲ့ သင်တန်းတွေကိုလည်း တက်ရောက်နိုင်ပါတယ်။ ငွေကြေးအခက်အခဲ လိုအပ်တဲ့ လုပ်ငန်းရှင်တွေကိုတော့ အသင်းရဲ့ မိတ်ဖက်အသင်းတွေ၊ အဖွဲ့အစည်းတွေကနေ တစ်ဆင့် အသေးစားအလတ်စားလုပ်ငန်းတွေကို အကူအညီပေးနေတဲ့ SME ဘဏ်တွေကနေ ချေးငွေအလွယ်တကူရရှိဖို့ ကူညီပေးသွားမှာဖြစ်ပါတယ်။ ဒါအပြင် အလှကုန်ပစ္စည်းထုတ်လုပ်ပြီး ဈေးကွက်ဖြန့်ချိရာမှာ အခက်အခဲရှိရင်လည်း အသင်းမှာရှိတဲ့ အတွေ့အကြုံရှိတဲ့ လူတွေဆီကနေ အကူအညီတောင်းခံနိုင်တယ်။ အလှကုန်ကုန်ပစ္စည်းနဲ့ပတ်သက်တဲ့ အတုအပဆင်တူယိုးမှား ပြဿနာတွေကိုလည်း ကျွန်တော်တို့အသင်းအနေနဲ့ မိတ်ဖက်အသင်းတွေနဲ့ ပူးပေါင်းဖြေရှင်းပေးမယ်။ မိတ်ဖက်အသင်းတွေထဲမှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပါတဲ့အတွက် တစ်ဦးတည်းဖြေရှင်းတာထက် ပိုမိုလွယ်ကူစေမှာဖြစ်ပါတယ်။ ဆိုင်သမားတွေအတွက်ကိုလည်း သူတို့ဝယ်တင်တဲ့ အလှကုန်တွေက အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက ခွင့်ပြုချက်ရပြီးသားလား၊ မရသေးတာတွေလားဆိုတာတွေကို သိရှိစေဖို့အတွက် ကျွန်တော်တို့အသင်းရဲ့ ဝက်ဆိုဒ်မှာ တင်ထားပေးမှာဖြစ်ပါ တယ်။ ဒါကြောင့် ဝက်ဆိုဒ်ထဲဝင်ကြည့်တာနဲ့ ဒီကုန်ပစ္စည်းတွေက မှတ်ပုံတင်ထားပြီးသားလား၊ မတင်ရသေးဘူးလားဆိုတာကို အလွယ်တကူသိရှိနိုင်မှာ ဖြစ်ပါတယ်။
အယ်ဒီတာအဖွဲ့