ယူအက်စ်အိုးပင်း၏ အကြိုမြင်ကွင်း
နှစ်စဉ် ဇွန်လလယ်တွင် ဂေါက်သီးမေဂျာပွဲကြီးတစ်ပွဲဖြစ်သော ယူအက်စ်အိုးပင်း (United Stated Open Golf Championship) ကို ကျင်းပပါသည်။ ဂေါက်သီးမေဂျာ ပွဲကြီးလေးပွဲအနက် နှစ်စဉ် ဒုတိယတွေ့ရသော မေဂျာပွဲကြီးပါ။ ဇွန်လ၏ တတိယမြောက် တနင်္ဂနွေနေ့အား အမေရိကန်ပြည်ထောင်စုတွင် Father’s Day ဟု သတ်မှတ်ပါသည်။ Father’s Day သည် ယူအက်စ်အိုးပင်း၏ နောက်ဆုံး ကွင်းပတ်ကစားသောနေ့ပင် ဖြစ်ပါသည်။
ယူအက်စ်အိုးပင်းအား USGA (United States Golf Association) အဖွဲ့အစည်းက ကြီးမှူးကျင်းပသည်။ USGA နှင့် စကော့တလန်ရှိ R&A (Royal and Ancient Golf Club of St.Andrews) တို့က ဂေါက်သီးစည်းမျဉ်းကို ပူးပေါင်းပြဋ္ဌာန်းကြသည်။ တစ်နည်းဆိုရသော် ဂေါက်သီးအာဏာပိုင်အဖွဲ့များ ဖြစ်သည်။ USGA က နှစ်စဉ်ကြီးမှူးကျင်းပသော နိုင်ငံတော်အဆင့် ဂေါက်သီးပြိုင်ပွဲပေါင်း ၁၃ ပွဲရှိပြီး US Open မှာ အကြီးအကျယ်ဆုံး ဖြစ်သည်။ ဤပြိုင်ပွဲအား ၁၈၉၅ ခုနှစ်ကတည်းက စတင်ကျင်းပလာခဲ့သည်။ ကမ္ဘာစစ်ဖြစ်သော ခုနှစ်များကလွဲ၍ မပျက်မကွက် ကျင်းပလာသည်မှာ ၂၀၁၇ ခုနှစ်သည် ၁၁၇ ကြိမ် မြောက်ဖြစ်ပါသည်။
ယူအက်စ်အိုးပင်းအား အမေရိကန်ပြည်ထောင်စုရှိ အဆင့်မီသော ဂေါက်ကွင်းများတွင် လှည့်လည်ကျင်းပသည်။ ၂၀၁၇ ခုနှစ်၌ ကျင်းပမည့်ကွင်းမှာ ဝစ်စ်ကွန်ဆင်ပြည်နယ် မီလ်ဝေါ်ကီမြို့အနီးရှိ Erin Hills ဂေါက်ကွင်း ဖြစ်ပါသည်။
ဤကွင်း၌ ပထမဆုံးအကြိမ် ကျင်းပဖြစ်ခြင်းပါ။ ယခုနှစ်တွင် ဆုကြေး စုစုပေါင်းဒေါ်လာ ၁၂ သန်းပေးထားပြီး ချန်ပီယံဖြစ်သွားသူက ဒေါ်လာနှစ်သန်းကျော်ပင် ရပါမည်။ မေဂျာပွဲကြီးများတွင် ပထမဆုံးအကြိမ်အဖြစ် ပထမဆုကြေး ဒေါ်လာနှစ်သန်းကျော် စံချိန်သစ်တင်သည့် ပြိုင်ပွဲလည်း ဖြစ်ပါသည်။
ယူအက်စ်အိုးပင်းသည် ဂေါက်သီးပြိုင်ပွဲများတွင် အခက်ခဲဆုံးဖြစ်သည်။ ယူအက်စ်ဂျီအေက ဂေါက်ကွင်းကို နှစ်နှစ်ခန့် ကြိုတင်ပြင်ဆင်လေ့ရှိသည်။ ချန်ပီယံရသူသည် လေးရက်ပေါင်း အီးဗင်းပါ စကိုး ပတ်ဝန်းကျင်ဖြင့် ဗိုလ်စွဲလေ့ရှိသည်။ ရံဖန်ရံခါ အချက်ပိုဖြင့်လည်း ဗိုလ်စွဲခဲ့ကြသည်။ ၂၀၀၆ ခုနှစ်တွင် ဂျက်ဖ်အိုဂီးလ်ဗီး ဗိုလ်စွဲစဉ်ကနှင့် ၂၀၀၇ ခုနှစ်တွင် အန့်ဂ်ဟဲလ်ကာဘရဲရား ဗိုလ်စွဲစဉ်က သူတို့၏ လေးရက်ပေါင်း စကိုးမှာ ငါးချက်ပိုဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် ဝက်ဘ်ဆင်မ်ဆင်နှင့် ၂၀၁၃ ခုနှစ်တွင် ဂျပ်စ်တင်ရိုစ့်တို့လည်း တစ်ချက်ပို စကိုးဖြင့်သာ ဗိုလ်စွဲခဲ့ကြသည်။ ကမ္ဘာ့အကောင်းဆုံး ဂေါက်သီးသမားများကို ခေါ်သတ်နေတာလားဟု ပရိုများက ကန့်ကွက်ခဲ့ကြဖူးသည်။ ယူအက်စ်ဂျီအေက ခေါ်သတ်ခြင်း မဟုတ်ပါ။ အကောင်းဆုံးဂေါက်သီးသမား မည်သူဆိုတာကို ဖော်ထုတ်ခြင်းသာပါဟု ဖြေရှင်းခဲ့သည်။
ကျင်းပမည့် ဂေါက်ကွင်းအား ယူအက်စ်ဂျီအေက ပိုရှည်လျားအောင် လုပ်လေ့ရှိသည်။ ဖဲဝေးများကို ကျဉ်းပစ်ပြီး ရပ်ဖ်များအား အရှည်ကြီးထားလိုက်သည်။ ဂရင်းပတ်လည်တွင်လည်း မြက်အရှည်ကြီး ထားပေးသည်။ တီခုံမှ ရိုက်ချက်သာ ရပ်ဖ်ထဲ ရောက်သွားပါက ဂရင်းသို့ အရောက်ရိုက်ရန်မှာ မဖြစ်နိုင်တော့ပါ။ ဖဲဝေးသို့သာ ထုတ်ကြရသည်။ ဘာဒီပတ်သွင်းကြရမည့်အစား 'ပါ' ရရန်သာ ကြိုးစားနေကြရသည်။ ဖဲဝေးသို့ သေချာပေါက်ရောက်စေရန် သံတုတ်ဖြင့် ထွက်မည်ဆိုပါကလည်း ဂရင်းသို့ ရိုက်သည့်အခါ ခရီးတာက ဝေးကွာနေပြီး သံတုတ်ရှည်များ ဟိုက်ဘရစ်များ သုံးရပြန်သည်။ ဂရင်းလွဲသည့်အခါ မြက်ရှည်ကြီးထဲ ရောက်သွားသဖြင့် ဝမ်းချစ်ပ်ဝမ်းပတ်ကို အလွယ်တကူ မရနိုင်ပြန်ပါ။
ပြိုင်ပွဲစတင်သောနေ့ရက်မှာပင် ယူအက်စ်ဂျီအေက ပြိုင်ပွဲဝင်များသို့ တင်းကျင်းသောခံစားချက်ကို ပေးမြဲဖြစ်သည်။ ဂရင်းများပေါ်က ကျင်းပေါက်များအား ခက်ခဲလှသော နေရာများတွင် ဖောက်ပေးလိုက်ခြင်းပါ။ တော်ရုံတန်ရုံ ဂေါက်သီးသမားတစ်ဦးအတွက် ပထမနေ့မှာပင် ရင်ကွဲပက်လက်ဖြစ်သွားပြီး လှည့်ပြန်ချင်စိတ် ပေါ်သွားနိုင်သည်။ ကျင်းပေါက်နေရာသာ လွယ်နေပါက စထွက်သည့်နေ့မှာပင် အချက်လျော့ရိုက်သူတွေ များစွာရှိလာပြီး လူတိုင်းက လွယ်သည်ဟု ယုံကြည်သွားကာ နောက်နေ့များတွင် စိတ်သက်သက်သာသာဖြင့် ရိုက်သွားမည်ကို ယူအက်စ်ဂျီအေက စိုးရိမ်သည်။ ပထမနေ့တွင် လူအများစုသည် ရိုက်ချက် ခုနစ်ဆယ်ကျော်နေပါမှ အားလုံးကခက်ခဲမှုကို ညည်းတွားကြပြီး စိတ်ပိုင်းဆိုင်ရာ ခံနိုင်သူပဲ ကျန်စေရန် ဆန်ခါဖြင့် စစ်ချလိုက်သလို လုပ်လိုက်ခြင်းလည်း ဖြစ်ပါသည်။
[caption id="attachment_30039" align="alignnone" width="720"]Jordan Spieth 2015 Champion[/caption]
အင်္ဂလန်ကျွန်းမှ ပရိုတွေ၊ ဥရောပတိုက်သားတွေ၊ တောင်အာဖရိက၊ အာရှနှင့် သြစတြေးလျမှ ပရိုတွေအတွက် British Open မေဂျာပွဲကြီးကိုမှ ပို၍တန်ဖိုးထားကြသလို အမေရိကန်ပရိုတွေကလည်း US Open ကိုမှ ပို၍တန်ဖိုးထားကြပါသည်။ ဥရောပနှင့် ဗြိတိန်ကပရိုများက British Open အား The Open ဟုခေါ်ကြသလို အမေရိကန်ပရိုတွေကလည်း US Open အား The Open ဟုခေါ်ကြသည်။ US Open တစ်ကြိမ်နှင့် British Open တစ်ကြိမ် ဗိုလ်စွဲဖူးသော နာမည်ကျော်ဂေါက်သီးပရိုနှင့် နောက်ပိုင်းတွင် ဂေါက်သီးသတင်း တင်ဆက်သူလုပ်ခဲ့သော ဂျွန်နီမီလာက British Open ၊ The Master နှင့် PGA Championship မေဂျာပွဲကြီးများမှာ ကြီးကျယ်သောပွဲကြီးများဟု ပြောနိုင်သော်လည်း အမှန်တကယ်ကြီးကျယ်သည်မှာ US Open သာဖြစ်ကြောင်း ရေးခဲ့ဖူးသည်။
၎င်းက ဥပမာပေးသည်မှာ စပိန်မှ ကမ္ဘာကျော်ဂေါက်သီးသမားကြီး ဆီဗီဘယ်လက်စ်တဲရော့စ်ဆိုပါလျှင် British Open သုံးကြိမ်နှင့် The Master နှစ်ကြိမ် ဗိုလ်စွဲဖူးသော်လည်း US Open ရလဒ်များကို ကြည့်ပါလျှင် ထိပ်နားသို့ပင် မကပ်နိုင်ခဲ့ကြောင်း၊ ဆီဗီ ကဲ့သို့သော ကမ္ဘာကျော် ဂေါက်သီးမှော်ဆရာမျိုးပင်လျှင် ယူအက်စ်အိုးပင်း၏ ကွင်းအဆင်အပြင် အခင်းအကျင်းအပေါ် တွက်ချက်စီမံခန့်ခွဲ၍ မရိုက်နိုင်ခဲ့ကြောင်း ပြောခဲ့သည်။ မီလာက သူ့အနေဖြင့် အလိုချင်ဆုံးမှာ ယူအက်စ်အိုးပင်း ချန်ပီယံဆုဖလားဖြစ်ပြီး တစ်ကြိမ်ရပြီးနောက် ထပ်ကာထပ်ကာ လိုချင်သည်မှာလည်း တခြားမေဂျာပွဲကြီးများ မဟုတ်ဘဲ ဤယူအက်စ် အိုးပင်းချန်ပီယံဆုဖလားသာ ဖြစ်ပါသည်ဟု ရေးသားဖော်ပြခဲ့ပါသည်။
ယူအက်စ်အိုးပင်းအား အကြိမ်ကြိမ်ဗိုလ်စွဲလိုသော်လည်း တစ်ကြိမ်သာနိုင်ပြီးနောက် နောက်ထပ်ဗိုလ်စွဲနိုင်ခြင်း မရှိသော နာမည်ကျော် ဂေါက်သီးသမားများစာရင်းတွင် ဘိုင်ရွန်နယ်လ်ဆင်၊ အာနိုးပါးလ်မား၊ ဂယ်ရီပလေယာနှင့် တွမ်ဝပ်တ်ဆင်တို့ကို တွေ့နိုင်သည်။ ၁၉၄၀ ပြည့်နှစ်နှင့် ၁၉၅၀ ပြည့်လွန်နှစ်များက အလွန်ကျော်ကြားပြီး မေဂျာပွဲကြီးခုနစ်ပွဲ ဗိုလ်စွဲခဲ့သူ ဆမ်စနိဒ်သည် ယူအက်စ်အိုးပင်း၌ ဗိုလ်မစွဲနိုင်ခဲ့ပါ။ ဆီဗီအပြင် နစ်ခ်ဖယ်လ်ဒို၊ ဂရက်ဂ်နော်မန်၊ အီယံဝူစ်နမ်၊ နစ်ခ်ပရိုက်စ်တို့ကဲ့သို့ ကမ္ဘာ့အကောင်းဆုံးဖြစ်ခဲ့သော ဂေါက်သီးကျော်များသည် ၎င်းတို့အကောင်းဆုံး အချိန်ကာလများ၌ပင် ယူအက်စ်အိုးပင်း၌ အောင်ပွဲမရခဲ့ကြပါ။
ယူအက်စ်အိုးပင်းအား အကြိမ်အများဆုံး ဗိုလ်စွဲသူများမှာ လေးကြိမ်အောင်ပွဲရခဲ့သူ လေးဦးဖြစ်ပါသည်။ ဝီလီအင်ဒါဆင်၊ ဘော်ဘီဂျုံးစ်၊ ဘင်န်ဟိုဂင်နှင့် ဂျက်ခ်နစ်ကလပ်စ်တို့ဖြစ်သည်။ ဘော်ဘီဂျုံးစ်မှာ အပျော်တမ်းသမားအဖြစ် တစ်သက်လုံးနေသွားသူဖြစ်ပြီး မာစတာစ်ပြိုင်ပွဲကြီးကျင်းပရာ သြဂတ်စ်တာ နေရှင်နယ်ဂေါက်ကွင်းအား တည်ထောင်ခဲ့သူလည်း ဖြစ်သည်။ သုံးကြိမ်ဗိုလ်စွဲခဲ့သူမှာ ဟေးလ်အာရ်ဝင်နှင့် တိုက်ဂါးတို့ နှစ်ဦးသာရှိသည်။ နှစ်ကြိမ်ဗိုလ်စွဲခဲ့သူ များစွာရှိရာ ယနေ့ခေတ် ဂေါက်ဝါသနာရှင်များ မီလိုက်နိုင်သည့်သူများမှာ လီးထရီဗီနို၊ အင်ဒီနော့သ်၊ ကားတစ်စ်စထရိန့်ဂျ်၊ အာနီအဲလ်စ်၊ လီးဂျန်ဇန်နှင့် ပိန်းစတူးဝပ်တို့ ဖြစ်ကြပါသည်။
ဤပြိုင်ပွဲသို့ ၁၅၆ ဦး ဝင်ခွင့်ပြုသည်။ သတ်မှတ်ထားသည့် မူဘောင်များအရ ဝင်ခွင့်ရသူပေါင်းမှာ ခုနစ်ဆယ်ကျော်ခန့်ရှိပြီး ကျန်နေရာများအား လက်ရည်စစ်ပွဲဝင်ကစားပြီး ဝင်ခွင့်ရအောင် လုပ်နိုင်ပါသည်။ အလိုအလျောက် ဝင်ခွင့်ပြုသည့် မူဘောင်များမှာ အောက်ပါတို့ဖြစ်ပါသည်။
(၁) လွန်ခဲ့သည့် ဆယ်နှစ်အတွင်းက ယူအက်စ်အိုးပင်း ချန်ပီယံများ
(၂) လွန်ခဲ့သည့် ငါးနှစ်အတွင်းက မာစတာစ်ပြိုင်ပွဲ၊ ဗြိတစ်ရှ်အိုးပင်းနှင့် ပီဂျီအေချန်ပီယံရှစ်ပြိုင်ပွဲ ချန်ပီယံများ
(၃) လွန်ခဲ့သည့် သုံးနှစ်အတွင်း The Players Championship တွင် ဗိုလ်စွဲခဲ့သူများ
(၄) BMW PGA Championshp (ဥရောပတိုး) ၏ လက်ရှိချန်ပီယံ
(၅) US Senior Open ၏ လက်ရှိချန်ပီယံ
(၆) ယမန်နှစ် ယူအက်စ်အိုးပင်းတွင် ထိပ်ဆုံးဆယ်ဦးအတွင်း အဆင့်ချိတ်ခဲ့သူများ
(၇) ယမန်နှစ် Tour Championship ပြိုင်ပွဲသို့ ဝင်ခွင့်ရသူ လူသုံးဆယ်
(၈) ကမ္ဘာ့ဂေါက်သီးသမား အဆင့်ဇယားမှ ထိပ်ဆုံးလူခြောက်ဆယ် (နှစ်ပတ်အလိုအချိန်)
(၉) ကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယားမှ ထိပ်ဆုံးလူခြောက်ဆယ် (ပြိုင်ပွဲကာလ)
အောက်ပါ အပျော်တမ်းသမားများကိုလည်း ဝင်ခွင့်ပြုပါသည်။
(၁) US Amateur Championship ၏ လက်ရှိချန်ပီယံနှင့် ဒုတိယရသူ
(၂) British Amateur Championship ၏ လက်ရှိချန်ပီယံ
(၃) ယမန်နှစ်ရာသီအကုန်က ကမ္ဘာ့နံပါတ် ၁ အဆင့်ကို ရခဲ့သော အပျော်တမ်းဂေါက်သီးသမား
အထက်ပါစာရင်းများ၌ မပါဝင်သူများမှာ အမေရိကန်နိုင်ငံတစ်ဝန်း၌ ကျင်းပပေးသော ဒေသအလိုက် လက်ရည်စစ်ပွဲများသို့ ဝင်နိုင်ကြပါသည်။ ဂေါက်ကွင်းပေါင်း ၁၁၃ ကွင်း၌ မေလဆန်းမှစ၍ ကျင်းပပေးသည်။ ၂၀၁၇ ပြိုင်ပွဲကြီး ဝင်ခွင့်ရရန်အတွက် လက်ရည်စစ်ပွဲဝင်ရန် စာရင်းပေးခဲ့သူပေါင်း ၉,၄၈၅ ဦးရှိခဲ့သည်။ ဤလူများ အဆိုပါ ၁၁၃ ကွင်းတွင် ယှဉ်ပြိုင်ကစားသော ပြိုင်ပွဲများအား Local Qualifying ပြိုင်ပွဲများ ဟုခေါ်သည်။ ၉,၄၈၅ ဦးထဲမှ လက်ရည်စစ်ပွဲ အောင်လာသူ ၅၂၅ ဦးနှင့် ကမ္ဘာ့အဆင့်ထိပ်ဆုံး လူခြောက်ဆယ် စာရင်းထဲမဝင်ခဲ့သော အဆင့်အမြင့်ဆုံးပရို ၄၅၅ ဦးနှင့်ပေါင်း၍ ဂေါက်သီးသမား ၉၈၀ သည် ဒုတိယနှင့် နောက်ဆုံးအဆင့် Sectional Qualifying ပြိုင်ပွဲများ ကစားကြရပါသည်။
Sectional Qualifying ပြိုင်ပွဲများအား အမေရိကန်ပြည်ထောင်စုတွင် ဆယ်နေရာ၊ ဂျပန်တွင် တစ်နေရာနှင့် အင်္ဂလန်တွင် တစ်နေရာ ကျင်းပပေးပါသည်။ ဤ ၁၂ နေရာမှ လက်ရည်စစ်ပွဲအောင်မြင်သူ ၅၁ ဦး ထွက်ပေါ်လာပါလိမ့်မည်။ Local Qualifying ပြိုင်ပွဲများအား ကွင်းပတ်တစ်ခုသာကစားကြရပြီး Sectional Qualifying ပြိုင်ပွဲများကိုမူ ကွင်းပတ်နှစ်ခု ကစားကြရသည်။ လက်ရည်စစ်ပွဲ တိုက်ရိုက်မအောင်သည့်တိုင် အရန်လူနေရာများ ရနေရန်လိုသည်။ နေရာလွတ်ပေါ်ပါက သတ်မှတ်ထားသော အရန်လူများက ပြိုင်ပွဲကြီးသို့ ဝင်ခွင့်ရကြပါသည်။ ၁၉၇၆ ခုနှစ် ချန်ပီယံဂျယ်ရီပိတ်နှင့် ၁၉၉၆ ခုနှစ် ချန်ပီယံစတိဗ်ဂျုံးစ်တို့သည် လက်ရည်စစ်ပွဲများမှ တက်လာသူများ ဖြစ်ကြပါသည်။ ယူအက်စ်ဂျီအေသည် အထူးခွင့်ပြုချက်ဟူသည့် မူဘောင်ကိုလည်း ချမှတ်ထားပါသည်။ ဤမူဘောင်အောက်မှ လူအချို့ကို နှစ်စဉ်ဝင်ခွင့်ပြုလေ့ရှိပါသည်။ အာနိုးပါးလ်မား၊ ဂယ်ရီပလေယာ၊ ဂျက်ခ်နစ်ကလပ်စ်၊ လီးထရီဗီနို၊ ဟေးလ်အာရ်ဝင်၊ ဆီဗီဘယ်လက်စ်တဲ ရော့စ်တို့သည် အသက်ကြီးလာသည့်အချိန် အခြားမူဘောင်များအရ ဝင်ခွင့်မရသည့်အခါ ဤမူအောက်မှ ကစားခွင့်ပြုခဲ့ပါသည်။ ဤအထဲတွင် ထူးခြားသည်မှာ ဟေးလ်အာရ်ဝင် ဖြစ်ပါသည်။ ယူအက်စ်အိုးပင်းအား သုံးကြိမ်ဗိုလ်စွဲသူ အာရ်ဝင်သည် ၁၉၉၀ ပြည့်နှစ်၌ ပထမဆုံးအကြိမ် ဗိုလ်စွဲစဉ်က သူသည် အထူးအခွင့်ပြုချက်အောက်မှ ပါဝင်ကစားခဲ့ရသူ ဖြစ်နေ၍ပါ။
ယူအက်စ်အိုးပင်းအား ဝင်ကစားခွင့်ပေးသော်လည်း ဆန်းဆန်းပြားပြား ငြင်းပယ်ခဲ့သော ဂေါက်သီးသမားတစ်ဦးလည်း ရှိခဲ့ဖူးပါသည်။ ဘရုစ်လစ်ဇ်ကီ ဖြစ်သည်။ ဤအမေရိကန် ဂေါက်သီးသမားသည် ပီဂျီအေတိုး၌ ၁၃ ပွဲ ဗိုလ်စွဲခဲ့သည်။ အသက်ငါးဆယ်ကျော်သည့်အခါ ၂၀၀၃ ခုနှစ်၌ US Senior Open အား ဗိုလ်စွဲနိုင်ခဲ့သည်။ ထိုကြောင့် ၂၀၀၄ ခုနှစ် ယူအက်စ်အိုးပင်းသို့ ဝင်ခွင့်ရခဲ့သည်။ သူက ငြင်းပယ်ခဲ့သည်။ ကွင်းအဆင်အပြင် အခင်းအကျင်းနှင့် ဂရင်းများ အလွန်မြန်မှုတို့က သူ့အားစိတ်ချမ်းသာမှုကို မပေးစွမ်းနိုင်ကြောင်း အကြောင်းပြခဲ့သည်။
ဂရင်းများ မြန်ပုံကလည်း ပြောစရာတစ်ခုပါပင်။ ဂရင်း မည်မျှမြန်သည်ကို တိုင်းတာရာတွင် Stimpmeter ကို သုံးပါသည်။ ယူအက်စ်အိုးပင်းဂရင်းများ၏ အမြန်နှုန်းမှာ ၁၂ ပေခန့် ဖြစ်သည်။ ထိုမီတာပေါ်မှ လှိမ့်ချလိုက်ပါက ၁၂ ပေအကွာအထိ ဂေါက်သီးလိမ့်သွားမှုကို ဆိုလိုသည်။ ပုံမှန်ပီဂျီအေတိုးပွဲများတွင် ဆယ်ပေခန့်သာ ထားလေ့ရှိပါသည်။ ပထမနေ့ကစား၍ ရိုက်ချက်လျော့ရသူတွေ များလာပါလျှင် နောက်နေ့တွင် ဂရင်းများ ပိုမိုမြန်လာပါတော့မည်။ ဒုတိယ၊ တတိယနေ့များတွင် 10 Under စကိုးအထိ တစ်ဦးနှစ်ဦး ရောက်နေပြီ ဆိုပါလျှင် နောက်ဆုံးနေ့၌ ဂရင်းများအား ရေမလောင်းဘဲ ထားပါလိမ့်မည်။ သရီးပတ် ဖိုးပတ်တွေကို နောက်ဆုံးနေ့တွင်များစွာ တွေ့ကြရပါတော့မည်။
ယူအက်စ်အိုးပင်း၏ ထူးခြားချက်တစ်ရပ်မှာ လေးရက်အပြီး ပထမနေရာ၌ တိုက်နေသူများရှိပါက ကျင်းပြတ်ကျင်းပို သို့မဟုတ် သုံးကျင်းအချက်ရေပြိုင်ခြင်း သို့မဟုတ် လေးကျင်းအချက်ရေ ပြိုင်ခြင်းများဖြင့် မဆုံးဖြတ်ဘဲ တနင်္လာနေ့တွင် ၁၈ ကျင်းကွင်းပတ် တစ်ခုအချက်ရေပြိုင်ပွဲဆက်လက်ကစားရခြင်း ဖြစ်ပါသည်။ ထို ၁၈ ကျင်းအပြီးအထိ အချက်ရေချင်းတိုက်နေပါမှ ကျင်းပြတ် ကျင်းပို ဆက်ကစားကြရန် သတ်မှတ်ထားပါသည်။ ၂၀၀၈ ခုနှစ်က တိုက်ဂါးဗိုလ်စွဲစဉ်ဝယ် ဤပုံစံမျိုး ကစားခဲ့ရသည်။ ပုံမှန်လေးရက်အပြီးတွင် တိုက်ဂါးနှင့် ရော့ကိုမီးဒရိတ်တို့ ပထမနေရာ၌ တစ်ချက်လျော့ချင်း တိုက်နေခဲ့ကြသည်။ တိုက်ဂါးက နောက်ဆုံးနေ့ နောက်ဆုံးကျင်းတွင် ဘာဒီရသောကြောင့်သာ တိုက်ခဲ့ခြင်းလည်း ဖြစ်သည်။ တနင်္လာနေ့၌ ၁၈ ကျင်း ကွင်းပတ်ကစားခဲ့ကြရာ ၁၈ ကျင်းအပြီး၌ အီးဗင်းပါချင်း တိုက်နေကြပြန်ပါသည်။ အမှန်တွင် တိုက်ဂါးသည် ၁၇ ကျင်းအပြီးအထိ တစ်ချက်ရှုံးနေခဲ့သည်။ နောက်ဆုံးကျင်းတွင် ဘာဒီရသွားသဖြင့် တိုက်သွားခြင်းပါ။ ကျင်းပြတ်ကျင်းပို ဆက်ကစားရာတွင် ပထမကျင်းပို၌ မီးဒရိတ်ဘိုဂီဖြစ်သွား၍ 'ပါ' ရသွားသူ တိုက်ဂါးချန်ပီယံ ဖြစ်လာခဲ့သည်။ ၂၀၀၀ ပြည့်နှစ် ယူအက်စ်အိုးပင်းအား တိုက်ဂါးဗိုလ်စွဲစဉ်က စံချိန်တစ်ခု တင်နိုင်ခဲ့ပါသည်။ သူက ၁၂ ချက်လျော့ဖြင့် ဗိုလ်စွဲပြီး ဒုတိယပူးတွဲရသူ အာနီအဲလ်စ်နှင့် ဟင်မနက်သ်တို့က သုံးချက်ပိုသာရခဲ့ကြရာ ဒုတိယနေရာရသူအပေါ် ၁၅ ချက်ဖြတ်၍ အနိုင်ရမှုစံချိန် ဖြစ်ပါသည်။ ဒုတိယအကောင်းဆုံးဖြတ်နိုင်မှုစံချိန်အား ၂၀၁၁ ခုနှစ်က ဗိုလ်စွဲသူရော်ရီမက်ကဲလ်ရွိုင်းက တင်နိုင်ခဲ့ပါသည်။ သူက ၁၆ ချက်လျော့ဖြင့် ဗိုလ်စွဲပြီး ဂျေဆင်ဒေးက ရှစ်ချက်လျော့ဖြင့် ဒုတိယရခဲ့ပေရာ ရှစ်ချက်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်ပါသည်။ မက်ကဲလ်ရွိုင်း၏ အဆိုပါ ၁၆ ချက်လျော့ စကိုးသည်လည်း ယူအက်စ်အိုးပင်းရာဇဝင်၌ စံချိန်သစ် ဖြစ်လာခဲ့သည်။
ယူအက်စ်အိုးပင်း၏ ကွင်းအဆင်အပြင် အခင်းအကျင်းကြောင့် နောက်ဆုံးကွင်းပတ်သည် အဆုံးအဖြတ်ဖြစ်သွားသည့် သာဓကများ ရှိခဲ့ပါသည်။ ၁၉၆၀ ပြည့်နှစ်က အာနိုးပါးလ်မားသည် သုံးရက်အပြီးတွင် မိုက်ခ်ဆူချက်ခ် နောက်၌ ခုနစ်ချက်ပြတ်ကျန်နေခဲ့ပြီး သူ့အထက်တွင် သူ့ထက် စကိုးကောင်းသူ ၁၄ ဦးပင် ရှိနေခဲ့ပါသည်။ နောက်ဆုံးနေ့ဝယ် သူက ပထမကော်နာ၌ ရိုက်ချက်သုံးဆယ်၊ ဒုတိယကော်နာ၌ ၃၅ ချက်၊ စုစုပေါင်း ၆၅ ချက် ရိုက်နိုင်သည့်အခါ ဒုတိယရသူအပေါ်နှစ်ချက်အသာဖြင့် ဗိုလ်စွဲနိုင်ခဲ့သည်။
၁၉၆၆ ခုနှစ်တွင် အာနိုးပါလ်မားသည် ကိုးကျင်းသာကျန်တော့ချိန်၌ ဘီလီကက်စ်ပါအပေါ် ခုနစ်ချက်သာနေပြီး ဒုတိယအကြိမ် ယူအက်စ်အိုးပင်းချန်ပီယံ ဖြစ်တော့မည့် အနေအထားကို ရနေခဲ့သည်။ သို့သော် နောက်ဆုံးကိုးကျင်းတွင် ပါးလ်မားက ၃၉ ချက်သာရခဲ့ပြီး ကက်စ်ပါက ၃၂ ချက်ရိုက်နိုင်သည့်အခါ သူတို့နှစ်ဦးပထမနေရာ၌ တိုက်သွားခဲ့ကြသည်။ နောက်တစ်နေ့ ၁၈ ကျင်းကွင်းတစ်ပတ် ဆက်ကစားရာတွင် ပါးလ်မား ရှုံးနိမ့်ခဲ့ပါသည်။
၁၉၇၃ ခုနှစ်တွင် သုံးရက်အပြီး၌ ဂျွန်နီမီလာသည် ဦးဆောင်သူနောက် ခြောက်ချက်ပြတ် ကျန်နေခဲ့ပြီး သူ့အထက်တွင် သူ့ထက်သာသူ ၁၂ ဦး ရှိနေခဲ့သည်။ နောက်ဆုံးနေ့တွင် သူက ဘာဒီကိုးကျင်း ရခဲ့ပြီး ၆၃ ချက် ရိုက်နိုင်သည့်အခါ ဒုတိယရသူအပေါ် တစ်ချက်အသာဖြင့် ချန်ပီယံဖြစ်ခဲ့ပါသည်။ သူ၏ ၆၃ ချက် စကိုးသည်လည်း ယူအက်စ်အိုးပင်းရာဇဝင်၌ အကောင်းဆုံး ကွင်းပတ်စံချိန်အသစ် ဖြစ်လာခဲ့သည်။
ယူအက်စ်အိုးပင်း၏ ကွင်းအဆင်အပြင် အခင်းအကျင်းအရ အမြင့်ဘောရိုက်တတ်သူများအတွက် ပိုမိုအခွင့်သာသည်ဟု တချို့ကဆိုကြသည်။ အင်ဒီနော့သ်သည် ပီဂျီအေတိုး၌ စုစုပေါင်းသုံးကြိမ်သာ ဗိုလ်စွဲနိုင်သူဖြစ်သော်လည်း ထိုသုံးကြိမ်အနက် နှစ်ကြိမ်မှာ ယူအက်စ်အိုးပင်း၌ဖြစ်သဖြင့် လူအများ အံ့သြခဲ့ကြရသည်။ သူက အလွန်အရပ်မြင့်သည့်အပြင် ၎င်း၏ဆွင်းသည်လည်း Upright Swing ဖြစ်ပါသည်။ ဤသို့ Upright Swing ရှိသူများသည် ရပ်ဖ်အရှည်ထဲမှ ဂေါက်သီးရိုက်ထုတ်ရန် အခြားသူများထက် ပိုလွယ်ကြသည်။ ဂေါက်သီးအား မြင့်စွာရိုက်တတ်သော ထိုသူများအတွက် ဒရိုက်ဗ်တွင် ဖဲဝေးထောက်ပြီး ရပ်ဖ်ထဲဝင်သွားခြင်းမျိုး ဖြစ်ခဲပါသည်။ သံတုတ်များဖြင့် မြင့်စွာရိုက်တတ်သူ၏ ဂေါက်သီးမှာ ဂရင်းပေါ်တွင်နေရန် ပိုသေချာသည်ဟုလည်း ဆိုကြပါသည်။
[caption id="attachment_30043" align="alignnone" width="720"]Dustin Johnson 2016 Champion[/caption]
ဂေါက်သီးအား မြင့်မြင့်ရိုက်တတ်သူများတွင် လေးကြိမ်ဗိုလ်စွဲသူ ဂျက်ခ်နစ်ကလပ်စ်၊ သုံးကြိမ်ဗိုလ်စွဲသူ တိုက်ဂါးတို့လည်း ပါသည်။ သို့သော် ဂေါက်သီးမြင့်မြင့် ရိုက်တတ်ပါမှ ဗိုလ်စွဲမည်ဟု အပြတ်ပြော၍မရသည့် အချက်များက ရှိနေပြန်သည်။ လေးကြိမ်ဗိုလ်စွဲသူ ဘင်န်ဟိုဂင်နှင့် နှစ်ကြိမ်ဗိုလ်စွဲသူ လီးထရီဗီနိုတို့မှာ ပင်ကိုသဘာဝကိုက ဂေါက်သီးဘောလုံး အနိမ့်ရိုက်သူများ ဖြစ်ကြပါသည်။ ထို့ကြောင့် ယူအက်စ်အိုးပင်းတွင် အောင်မြင်မှုရရန်မှာ ပြိုင်ပွဲဝင်သူ၏ စိတ်ဓာတ်ခိုင်မာမှု၊ တွက်ချက်ကစားတတ်မှု၊ အနီးကပ် ရိုက်ချက်မျိုးစုံ ရိုက်တတ်မှုတို့အပေါ် ပိုမိုမူတည်နေသည်ဟု သုံးသပ်ကြပါသည်။ အချို့ဂေါက်သီးလူတော်များအား ယူအက်စ်အိုးပင်းတွင် တွေ့မြင်နေရပုံမှာ ၎င်းတို့မသက်မသာ အဆင်မပြေဖြစ်နေကြောင်း သိနိုင်ပါသည်။ ကွင်းအနေအထားကြောင့် ယုံကြည်မှုပျောက်နေသည့်ပုံပါ။ ဂေါက်သီးအား နောက်ဆုံးတစ်ချက်အထိ ကြိုးကြိုးစားစား ခြစ်ခြစ်ကုတ်ကုတ် ရိုက်တတ်သူများသာ အောင်မြင်မှုရပါလိမ့်မည်။
ဧပြီလက မာစတာစ်တွင် ဗိုလ်စွဲခဲ့သူ ဆာဂျီယို ဂါစီယာသည် ယူအက်စ်အိုးပင်း ဆက်လက်ဗိုလ်စွဲရန် တစ်ပြေးခံရသူများထဲတွင် ပါဝင်သော်လည်း ထိပ်ဆုံး၌ ရှိမနေပါ။ မာစတာစ်၌ ကစားရန်လာခဲ့ပြီးမှ ငှားရမ်းနေထိုင်သောအိမ်တွင် လှေကား၌ ချော်လဲ၍ ခါးနာသွားကာ ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရသူ ကမ္ဘာ့နံပါတ် ၁ နှင့် လက်ရှိယူအက်စ်အိုးပင်းချန်ပီယံဒပ်စ်တင်းဂျွန်ဆင်က ရှစ်လေး တစ်လေးဖြင့် ရေပန်းအစားဆုံးဖြစ်နေဆဲပါ။ သူ့နောက်တွင် ၂၀၁၁ ချန်ပီယံရော်ရီမက်ကဲလ်ရွိုင်းက ကိုးလေး တစ်လေး၊ ၂၀၁၅ ခုနှစ် ချန်ပီယံ ဂျော်ဒန်စပိသ်က ဆယ်လေး၊ တစ်လေး၊ ကမ္ဘာ့နံပါတ်တစ်ဟောင်းနှင့် လက်ရှိကမ္ဘာ့အဆင့်သုံး ဂျေဆင်ဒေးက ၁၂ လေး တစ်လေး တစ်ပေးခံကြရသည်။ ၂၀၁၃ ခုနှစ် ချန်ပီယံဂျပ်စ်တင်ရို့စ်နှင့် ဂျပန်မှ ကမ္ဘာ့အဆင့် ၄ ဂေါက်သီးသမား ဟိဒဲခိမာဆူယားမားတို့က ၁၅ လေး တစ်လေး၊ စပိန်မှ ၂၂ နှစ်သာရှိသေးသော တက်လူ ကမ္ဘာ့အပျော်တမ်း နံပါတ် ၁ ဟောင်း ဂေါက်သီးသမား ဂျွန်ရမ်းက ၂၀ လေး တစ်လေးဖြစ်ကြပြီး မာစတာစ် ချန်ပီယံဂါစီယာမှာ ဟင်းန်ရစ်ခ်စတန်ဆင်၊ အဒမ်စကော့တ်၊ ရစ်ကီဖောင်လာတို့နှင့်အတူ ၂၅ လေး တစ်လေးတွင်သာ ရှိနေပါသည်။
ယူအက်စ်အိုးပင်းကွင်းများ၏ လုပ်နေကျ ပုံစံအတိုင်း ခင်းကျင်းထားမည်ဖြစ်၍ တီခုံမှ ဒရိုက်ဗာနှင့် ထွက်ခြင်းများကို များစွာတွေ့ကြရလိမ့်မည် မဟုတ်ပါ။ အများအားဖြင့် သံတုတ်များဖြင့်သာ ထွက်ကြပါလိမ့်မည်။ ပြိုင်ပွဲဝင်တိုင်းကတော့ ဖဲဝေးမပျောက်အောင်၊ ဂရင်းမပျောက်အောင် တွက်ချက်အကွက်ချ၍ ကစားကြပါလိမ့်မည်။ ချန်ပီယံဖြစ်မည့်သူကတော့ လိုသည့်နေရာသို့ရိုက်နိုင်သူ၊ ရိုက်ချက်လွဲလျှင် ဆယ်မမှု အကောင်းဆုံး ပြန်ရသူ၊ စိတ်ရှည်သည်းခံနိုင်ပြီး စိတ်ဓာတ်ကြံ့ခိုင်သူ၊ ဂရင်းများပေါ်၌ အကောင်းဆုံးကစားနိုင်သူသာ ဖြစ်ပါလိမ့်မည်။
ဝင်းမြင့်သိန်း