ကြေးလက်ကောက် ၂

handchange1

ကြေးလက်ကောက်များ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုမှ Mr.Sergio Lub ဆိုသူက ကြေးလက်ကောက် ဝတ်ထားသူတစ်ဦးတစ်ယောက်သည် ဝတ်ထားသည့်နေရာနှင့် ထိမိနေသည့် လက်ကောက်ဝတ်၌ အစိမ်းရင့်ရောင် စွန်းထင်းနေသလို လက်ကောက်ရာကြီးမျိုး တွေ့နေရပါက ထိုသူသည် ဓာတ်သတ္တုများ လိုနေသူဖြစ်ကြောင်း၊ ခန္ဓာကိုယ်၏ ကြေးနီဓာတ်ငတ်မွတ်နေမှုကို ပြသနေသည့် လက္ခဏာပင်ဖြစ်ကြောင်း ရှင်းပြခဲ့ပါသည်။

ကြေးလက်ကောက်ကို မယုံသောကြောင့် ဝတ်ဆင်ခြင်းမပြုသူများ ရှိသလို ဝတ်ဆင်သော်ငြားလည်း သိပ်မယုံသူများလည်း ရှိပါတယ်။ Walter Morgan က ဆိုပါလျှင် ၎င်းကြေးလက်ကောက်ပတ်ရခြင်းမှာ အရိုးအဆစ်ရောင် ရောဂါကြောင့် ဖြစ်ကြောင်း၊ သို့သော်ငြားလည်း ယင်းကြောင့် ရောဂါတကယ်သက်သာသလား ဆိုတာကိုတော့ ပြောရခက်ကြောင်း၊ သင်ပတ်ထားပြီးနောက် ဂေါက်သီးကစား၍ လက်တွေ့နေလျှင် သို့မဟုတ် နိုင်ပွဲတွေရှိလာလျှင် ဘာကြောင့် ချွတ်ပစ်မှာလဲ၊ ဆက်ပတ်ထားမည်သာဖြစ်ကြောင်း၊ ဘာရောဂါမှ မပျောက်ဘူးဆိုသည့်တိုင် အလှအပတစ်ခုအဖြစ် ဝတ်ဆင်သည့် သဘောလည်း ထားလို့ရကြောင်း ပြောခဲ့သည်။

Bob Betley သည်လည်း ကြေးလက်ကောက် ပတ်ထားသည့်ပြင် ကျောကုန်းတွင်လည်း အင်္ကျီတွင်း ကပ်အိတ်လုပ်ကာ သံလိုက်ဆောင်ထားသူဖြစ်ပါသည်။ ၎င်းသည် လက်မောင်းလည်း ခွဲစိတ်ခဲ့ဖူးသည်၊ တင်ပါးကြွက်သားများ စုတ်ပြဲသည့် ဒဏ်ရာလည်း ရခဲ့ဖူးသည်၊ ကြွက်သားအရွတ်ရောင် ရောဂါလည်း ရှိနေသည်။ ၎င်းက ကြေးလက်ကောက်နှင့် သံလိုက်တို့ မည်သို့မည်ပုံ အလုပ်လုပ်သည်ဟု သိပ္ပံနည်းကျ ရှင်းပြမှုများရှိကြောင်း၊ သူတော့အသေအချာ မသိကြောင်း၊ အမှန်တ ကယ်စွမ်းခြင်းလည်း ဖြစ်နိုင်ပြီး တကယ်မစွမ်းဘဲ စိတ်ဓာတ်တက်အောင် ပြောခြင်းလည်း ဖြစ်နိုင်ကြောင်း၊ ဘာပဲဖြစ်ဖြစ် လူတိုင်းသုံးနေကြတော့လည်း ကောင်းတာတစ်ခုေတော့ရှိမှာ သေချာကြောင်း၊ ဘာနဲ့တူသလဲဆိုတော့ Driver အသစ်၊ Putter အသစ်ကိုင်သူတစ်ယောက်က ပြိုင်ပွဲဗိုလ်စွဲနိုင်လိုက်သည့်အခါ ကျန်လူတွေကလည်း ထို Driver ထို Putter ကို မိမိတို့နှင့်လည်း အလုပ်ဖြစ်မလားဟု လိုက်သုံးကြည့်သလိုပင်ဖြစ်ကြောင်း ပြောခဲ့ပါသည်။

ပထမဆုံးသံလိုက်ဂေါက်သမားမှာ Jim Colbert ဖြစ်သည်။ Jim Colbert ရော၊ Bob Murphy တို့ပါ ကျောကုန်းအောက်ပိုင်း နာကျင်မှုများကြောင့် ပြိုင်ပွဲဝင်သူများအဖြစ်မှ ဂေါက်သီးပြိုင်ပွဲသတင်းကြေညာသူ၊ ဂေါက်သီးပြိုင်ပွဲ ဝေဖန်သူများအဖြစ် ပြောင်းခဲ့ရဖူးသည်။ သံလိုက်ကြောင့် ထိုကျောနာများ ပျောက်ကင်းကာ ပြိုင်ပွဲပြန်ဝင်နိုင်ခဲ့ပြီး ပြိုင်ပွဲပေါင်းများစွာ ဆက်လက်အောင်ပွဲဆင်ခဲ့ခြင်း ဖြစ်သည်။ Colbert ၏ သံလိုက်သုံးစွဲပုံကိုလည်း ကြည့်ပါဦး၊ သံလိုက်လေးငါးခု မြှုပ်ထားသည့် ခါးပတ်ကိုပတ်သည်။ ရှူးဖိနပ်များ၏ အောက်ခံပြားများအတွင်း သံလိုက်မြှုပ်ထားသည်။ သံလိုက်တွေမြှုပ်ထားသည့် မွေ့ရာပေါ်မှာအိပ်သည်။ လေယာဉ်ပျံမှာပင် (ကိုယ်ပိုင် လေယာဉ်ပျံ) သံလိုက်တပ်ဆင်ထားသည့် ခုံမှာပဲ ထိုင်သည်။ ၎င်းက လေးနှစ်အတွင်း ပထမဆုံးအကြိမ် ဘာနာကျင်ကိုက်ခဲမှုမှ မရှိသည့်ရလဒ်ကို ရခဲ့ကြောင်း ပြောခဲ့သည်။ ၎င်းသည် ငယ်စဉ်က ကစားခဲ့သော PGA Tour မှာထက် စီနီယာတန်းမှာ ပို၍အောင်မြင်သည်။ ၁၉၉၅ ခုနှစ်နှင့် ၁၉၉၆ နှစ်နှစ်ဆက်တိုက် ဆုကြေးငွေ အများဆုံးရသူ ဖြစ်ခဲ့သည်။ ၎င်းက သံလိုက်ဆောင်ခြင်းကြောင့် ပခုံး၊ လက်ကောက်ဝတ်နှင့် ဒူးများတွင်ဖြစ်ပေါ်လေ့ရှိသော ကိုက်ခဲမှု၊ နာကျင်မှု သေးသေးမွှားမွှားလေးတွေကအစ မဖြစ်တော့ကြောင်း၊ ကျောကုန်းကလည်း လုံးဝဒုက္ခမပေးတော့ကြောင်း ပြောပြပါသည်။

handchange2

Bob Murphy အား သံလိုက်များသုံးရန် တိုက်တွန်းခဲ့သူမှာလည်း Jim Colbert ပင် ဖြစ်သည်။ ထိုစဉ်က Murphy သည် ကျောကုန်းနာခြင်းနှင့် အရိုးအဆစ်ရောင်ခြင်း (Acute Arthritis) ဖြစ်နေပြီး နေ့စဉ် Physical Theraphy ခေါ် ကိုယ်ခန္ဓာလှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်သည့် စားပွဲရှည်ပေါ်လှဲ၍ လေ့ကျင့်ခန်းတွေ လုပ်နေရသည့်ကာလဖြစ်သည်။ ထိုစဉ်က Murphy မှာ အလွန်စိတ်ညစ် စိတ်ပျက်နေသော အချိန်လည်းဖြစ်ပြီး ကိုယ့်မှာရှိသည့် ဝေဒနာများ ပျောက်ကင်းမည်ဆိုပါလျှင် ဘာမဆိုလုပ်မည့်သူဖြစ်သည်။ Colbert က ''သူငယ်ချင်း...မင်းသံလိုက်သုံးကြည့်စမ်းပါ'' ဟုပြောသည်နှင့် ချက်ချင်းသုံးစွဲကြည့်ခဲ့သည်။ ရက်သတ္တသုံးပတ်ပဲ ကြာပါသည်၊ သံလိုက်သည်သူတကယ် လိုအပ်နေသောအရာ၊ သူ့ရောဂါနှင့် တကယ်တည့်သည့်ဆေးဖြစ်ကြောင်း Murphy သိလိုက်ပါတော့သည်။ သူလည်း Colbert လိုပင် ခါးမှာရော၊ ဖိနပ်ထဲမှာရော၊ မွေ့ရာထဲမှာပါ သံလိုက်များထားပါတော့သည်။ ဒုတိယ သံလိုက်ဂေါက်သီးသမားဖြစ်ပြီး မကြာမီ ၁၉၉၅ တစ်နှစ်တည်းတွင်ပင် လေးကြိမ်ဗိုလ်စွဲနိုင်ခဲ့ပါသည်။ သံလိုက်ဆောင်ခြင်းမှာ ဆေးစားခြင်းကဲ့သို့ အစာအိမ်ထဲသို့ ဝါးမျိုးထည့်ရခြင်း မဟုတ်ဘဲ လိုသည့်ခန္ဓာကိုယ် အစိတ်အပိုင်းနေရာအတွက် အတိအကျအလုပ်ဖြစ်စေခြင်းဟူသည့် အချက်ကလည်း Murphy အလွန်သဘောတွေ့သည့်အချက်ဖြစ် ပါသည်။

သံလိုက်ဆောင်သူများတွင် ကမ္ဘာကျော်ဂန္ထဝင်မြောက် ဂေါက်သီးသမားကြီး Arnold Palmer လည်း ပါဝင်သည်။ ၎င်းသည် ယနေ့ဆိုပါလျှင် အသက် ၉၀ ကျော်နေပါပြီ။ ၎င်းတွင်လည်း ခါးနှင့်တင်ပါးကိုက်ခဲမှုများ မကြာမကြာဖြစ်ခဲ့ဖူးသည်။ သံလိုက်ခါးပတ်ကြောင့် အနာအကျင် သက်သာလျော့နည်းခဲ့ပြီး ကောင်းကောင်းကစားနိုင်ခဲ့သူ ဖြစ်ပါသည်။ သံလိုက်မွေ့ရာတွင် အိပ်သူလည်းဖြစ်ပြီး ဤသို့အိပ်ရခြင်းမှာ အလွန်ပင် သက်သောင့်သက်သာရှိလှကြောင်း ပြောခဲ့သူဖြစ်ပါသည်။

handchange3

လည်ပင်းနှင့် ကျောကုန်းအထက်ပိုင်းရှိ အာရုံကြောများနာခဲ့ဖူးသူ Jim Albus သည်လည်း ထိုအနာများ သက်သာစေရန် သံလိုက်ကို သုံးခဲ့ပါသည်။ ၎င်းစတင်ဆောင်စကဆိုပါလျှင် သံလိုက်သည် ပေါ်ပြူလာ မဖြစ်သေးပါ။ သံလိုက်ကို မကြိုက်သူများက ''အလကားဟာပါ၊ အောက်လမ်းပညာလိုဟာမျိုးပါ၊ ယတြာအဆောင်ပါ'' စသည့်စကားမျိုးတွေ ပြောနေကြသည့်အခါ ဖြစ်ပါသည်။ Albus ကမူ တချို့လူတွေ သံလိုက်နဲ့ တည့်နေကြရင် ငါလည်း ဘာကြောင့် စမ်းမကြည့်ရမလဲဟု တွေးမြင်ကာ ဆောင်ခဲ့သူဟု ဆိုပါသည်။ သံလိုက်သည် အင်အားအလွန်ကောင်းကြောင်း၊ လိုသည့်နေရာတွင် ကပ်ထားဆောင်ထားသည့်နှင့် ခံစားရမှု ခြားနားချက်မှာ သိသာထင်ရှားခဲ့ကြောင်း၊ ကိုက်ခဲနာကျင်မှုကို တကယ်ပင် လျော့နည်းသက်သာစေကြောင်းလည်း ပြောခဲ့ပါသည်။

သံလိုက်နှင့်မတည့်ဘဲ ကြေးလက်ကောက်နှင့်မှ တည့်သူမျိုးလည်း ရှိပါသည်။ ၎င်းမှာ Mike Mc-Cullough ဖြစ်ပါသည်။ ၎င်းသံလိုက်များ ဆောင်စဉ်က ဘာမှထူးခြားခဲ့ကြောင်း၊ သို့သော် ကြေးလက်ကောက် ပတ်လိုက်ပြီးသည့်အချိန်အခါတွင်မူ တံတောင်ဆစ်နှင့် လက်ချောင်းများရှိ ကိုက်ခဲမှုများကို သိသာစွာလျော့နည်း သက်သာခဲ့ကြောင်း Mc-Cullough က ပြောခဲ့ပါသည်။

တကယ်တော့ ဂေါက်သီးကစားခြင်းသည် လူပုံပန်းကို ပျက်စေပါသည်။ လမ်းများများလျှောက်ရတာကတော့ ကျန်းမာရေးနှင့်ညီညွှတ်ပါသည်။ ဂေါက်သီးရိုက်တာကျတော့ ဒူးကွေးထားရသည်၊ ကျောရိုးကိုလည်း ရှေ့သို့ငိုက်ထားရသည်၊ လက်နှစ်ဖက် ပူးထားရသည်။ တကယ်ဂေါက်သီးတော်သော၊ တကယ်လေ့ကျင့်မှုများသော သူများသည် လက်ပြင်ကုန်းနေတတ်ကြသည်။ လက်ပြင်ကုန်းနေမှ ဂေါက်သီးအရိုက်တော်သူဖြစ်သည်။ ဆိုလိုသည်မှာ လူသားတစ်ဦးသည် မားမားမတ်မတ် ကြွားကြွားဝင့်ဝင့်ရင်ကော့နေသည့် ပုံစံနှင့်မှ ကြည့်၍လည်း ကောင်းသည်၊ ကျန်းမာရေးနှင့်လည်း ညီညွှတ်သည်ဟု ဆိုကြပါသည်။ သို့သော် ဂေါက်သီး တကယ်ကျွမ်းကျင်သူများကတော့ မသိမသာကလေးဖြစ်ဖြစ် လက်ပြင်ကုန်းနေပေလိမ့်မည်။ လူပုံပန်းပျက်နေပေလိမ့်မည်။

ဂေါက်သီးရိုက်ခြင်းအား နေ့စဉ်လေ့ကျင့်ရသော ပရိုများတွင် ခါး၊ ကျောကုန်း၊ ကျောရိုး၊ လက်မောင်း၊ လက်ကောက်ဝတ်တို့၌ မထိခိုက်၊ မနာကျင်၊ မကိုက်ခဲဖူးသူဟူ၍ တစ်ဦးမှ မရှိပါ။ တစ်နေ့မဟုတ်တစ်နေ့ တွေ့ကြုံရမည်သာ ဖြစ်ပါသည်။ အသက်ကြီးလာလျှင် ပို၍စိပ်လာသည်။ အချို့နေရာများက မကြာမကြာ ပြန်နာတတ်သည်။ တချို့ကိုက်ခဲမှုကျပြန်တော့ တော်တော်နှင့် မပျောက်နိုင်။ Graham Marsh မှာ ကြေးလက်ကောက်နှင့် သံလိုက်ကို တွဲ၍ဝတ်သူဖြစ်သည်။ ဤအတွဲက ၎င်းကိုယ်ခန္ဓာသွေးလည်ပတ်မှုကို ပိုမိုကောင်းမွန်စေကြောင်း၊ ကာယလေ့ကျင့်ခန်းများနှင့် ပေါင်းစပ်လိုက်လျှင် အဆိုပါ နာကျင်ကိုက်ခဲမှု ဖြစ်တတ်သောနေရာများ၏ ခံနိုင်ရည်ရှိမှုနှင့် သန်စွမ်းမှုကို တိုးတက်အောင် လုပ်နိုင်ကြောင်း ပြောခဲ့ပါသည်။

handchange4

John Jacobs သည် ငယ်စဉ်က Long Drive ပြိုင်ပွဲပေါင်း ၁၀၀ ကျော်တွင် အနိုင်ရခဲ့သူဖြစ်ပါသည်။ သက်ကြီးတန်းတွင်လည်း အဝေးဆုံးရိုက်နိုင်သူများထဲမှ တစ်ဦးဖြစ်ပါသည်။ ၎င်းက ၎င်း၏လက်နှစ်ချောင်းစလုံးတွင် ရှိခဲ့သော ကြွက်သားအရွတ်အကိုက်အခဲရောဂါမှာ ကြေးလက်ကောက်ကြောင့် ပျောက်ကင်းခဲ့သည်ဟု ပြောခဲ့သည်။ ၎င်းသည် ဘယ်နှင့်ညာလက်ကောက်ဝတ် နှစ်ဖက်စလုံးတွင် ကြေးလက်ကောက်ပတ်သူဖြစ်ပါ သည်။ ၎င်းသည်လည်း မူလက ကြေးလက်ကောက်၏အစွမ်းကို မယုံခဲ့သူတစ်ဦးပါပင်။ စမ်းဝတ်ကြည့်၍ သက်သာမှုရသည့်အခါမှ ယုံကြည်စွာဖြင့် တောက်လျှောက် ဝတ်ဆင်ခဲ့သူဖြစ်ပါသည်။

သံလိုက်ဓာတ်နှင့် ကြေးနီဓာတ်ကို ရယူကြပုံတွေကတော့ အမျိုးမျိုးပါပင်၊ လက်ချောင်းကလေးများတွင် ကြေးနီလက်စွပ်ကို အကြွေစေ့အရွယ် သံလိုက်တုံး ကလေးတပ်ဆင်ကာ ဝတ်ဆင်တာမျိုးလည်းရှိပါသည်။ ကြေးလက်ကောက်ကို အစွန်းနှစ်ဖက်တွင် သံလိုက်တုံး ကလေးနှစ်တုံးတပ်ထားပြီး ပတ်တာမျိုးလည်းရှိသည်။ လက်ပတ်နာရီအား ကြေးနီကြိုးဖြင့် ပတ်တာမျိုးလည်း ရှိသည်။ ယင်းကြေးနီကြိုးထဲတွင် အချို့က သံလိုက် ထည့်ကြသည်။ ဖိနပ်ထဲတွင် သံလိုက်ထည့်ထားသည်။ ဘောင်းဘီ၏ ခါးပတ်ထဲတွင် သံလိုက်များ ထည့်ထား သည်။ မိမိအိပ်သည့် မွေ့ရာထဲတွင်နှင့် မိမိထိုင်သည့် ထိုင်ခုံဆိုဖာထဲတွင်ပင် သံလိုက်ထည့်မြှုပ်ထားတာမျိုး အထိပင် ရှိကြပါသည်။

မြန်မာပြည်က အသက်ကြီးလာသော ဂေါက်သီးအားကစားများအတွက် လိုအပ်သလို ဆောင်နိုင်ကြပါစေဟူသော ဆန္ဒမွန်ဖြင့် ပြည်ပဂေါက်သီးမဂ္ဂဇင်းများထဲမှ ဖတ်မိမှတ်မိခဲ့သည်များကို စုစည်း၍ ပြန်လည်ဖောက်သည်ချလိုက်ရပါသည်။