အစကတော့ တစ်ဦးနှစ်ဦးပဲ တွေ့မိပါသည်။ ကြေးလက်ကောက် (Copper Bracelet) ဝတ်သူကိုပါ။ တဖြည်းဖြည်းနဲ့ ဂေါက်သီးသမားတွေ တော်တော်များများ ဝတ်လာကြသည်။ လက်ကောက်ဝတ်ရှိ နာရီပတ်သည့်နေရာတွင် ဝတ်ဆင်ထားကြခြင်းဖြစ်ပါသည်။ စာရေးသူ၏ ဂေါက်သီးမိတ်ဆွေတွေထဲမှာလည်း ရှိသည်။ ပထမတော့ စာရေးသူက အလေးအနက်မထားပါ။ အလှပတ်ကြတာဟု ထင်မိသည်။ နောက်တော့ အဆောင်အဖြစ်ထားတာပဲ ဖြစ်မည်ဟု တွေးမိသည်။ စကားစပ်မိ၍ မေးကြည့်တော့ ကျန်းမာရေးကြောင့်တဲ့။ စာရေးသူ မယုံကြည်ခဲ့ပါ။ ထိုသူတွေကို ကြည့်လိုက်ပါလျှင် ကြေးလက်ကောက်သည်လည်း ဂေါက်ရိုက်၍ ထွက်လာသော ချွေးတွေဖြင့် ပေကျံနေသည်။ လက်ကောက်ဝတ်တွင် ကြေးလက်ကောက်အရာ စိမ်းဖန့်ဖန့် မည်းသည်းသည်း ကြေး(ဂျီး)ကြောင်းကြီးလိုလည်း ထင်ကျန်နေသည်။ စာရေးသူကတော့ ကျန်းမာရေးဖြစ်မည့်အစား မကျန်းမာရေးက ပိုဖြစ်မည်ဟု တကယ်ပင်ထင်ခဲ့မိပါသည်။
နောက်ပိုင်းတွင် ကြေးလက်ကောက်အကြောင်း မကြာမကြာစာများ ဖတ်ရသည်။ ဂေါက်မဂ္ဂဇင်းများတွင်ပင် ပါလာသည်။ အထူးသဖြင့် Senior Journal ဟူသော အသက် ၅၀ ကျော် ဂေါက်သီးပရိုများ၏ကဏ္ဍတွင် တွေ့တွေ့နေရသည်။ ထိုအခါကျမှ ကြေးလက်ကောက်နှင့် သံလိုက် (Magnet) ဝတ်ဆင်မှု၊ ပတ်ထားမှုများမှာ လက်တွေ့တွင် အကျိုးရှိသည်ဟု သူတို့ဆီမှာပင် လက်ခံထားကြကြောင်း သိရပါတော့သည်။
Champions Tour (ယခင်အခေါ် Senior PGA Tour) မှာ အသက် ၅၀ ပြည့်မှ ကစားခွင့်ရသည့် အတန်းဖြစ်သည်။ ဆုကြေးအလွန်ကောင်းသဖြင့် အသက် ၅၀ ကျော်သူ ပရိုများအားလုံး အထူးကြိုးစား ဝင်ပြိုင်နေကြသည်။ နာမည်ကျော်တွေ အများကြီးပါသည်။ ကမ္ဘာတစ်ဝန်းလုံးက ပရိုများအားလုံး လာပြိုင်နေကြသည်။ သို့သော် အသက်ကြီးလာတော့ အရိုး၊ အရွတ်၊ အဆစ်၊ အကြောတွေက ငယ်စဉ်ကလို မကောင်းကြတော့ပါ။ မကြာခဏ နာကျင်သည်။ မကြာခဏကိုက်ခဲသည်။ ဂေါက်သီးအား ၉၀ ရာခိုင်နှုန်း စိတ်ပိုင်းဆိုင်ရာနှင့် ၁၀ ရာခိုင်နှုန်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာ အားကစားဟု ငယ်စဉ်က ပြောခဲ့သူများပင် အသက်ကြီးလာသည့်အခါ ၅၀ - ၅၀ ဟု ပြောလာခဲ့ကြပါသည်။ ကိုယ်ခန္ဓာပုံမှန် မသန်စွမ်းလျှင် ဘယ်လိုလုပ် ဝင်ပြိုင်နိုင်ပါတော့မည်နည်း။ ထို့ကြောင့် အဘိုးကြီးတွေက ကိုယ့်ကိုယ်ကိုယ် အလွန်ဂရုစိုက်ကြသည်။ ကျန်းမာခြင်းသည် လာဘ်တစ်ပါးဖြစ်သည်။ ကျန်းမာမှ ပြိုင်ပွဲဝင်နိုင်မည်။ ပြိုင်ပွဲဝင်နိုင်မှ ငွေရမည်။ Health Means Wealth ဟူသည်မှာ စီနီယာ ပရိုကြီးတွေအတွက် တကယ်ကို မှန်ကန်နေပါတော့သည်။
ထို့ကြောင့်ပင် စီနီယာပရိုတိုင်းလိုပင် လေ့ကျင့်ခန်းတွေ လုပ်သည်၊ အအိပ်အနေ အထူးဆင်ခြင်သည်၊ အစားကောင်းတွေ စားသည်၊ ခန္ဓာကိုယ် သန်စွမ်းနေကာ ဂေါက်မှန်မှန်ကစားနိုင်ရေးအတွက် အကုန်လုပ်ကြသည်။ ပြိုင်ပွဲကျင်းပသည့် ဂေါက်ကလပ်၏ အဝတ်လဲခန်းတွင် မရိုက်မီ စီနီယာကြီးများအဖြစ်ကို ကြည့်လျှင် ပရုတ်ဆီလူးနေသူတွေ၊ ပလတ်စတာကပ်နေသူတွေ၊ အနှိပ်ခံနေသူတွေ၊ အကြောလျှော့နေသူတွေ၊ ဆေးစားနေသူတွေကို တွေ့ရပါမည်။ စီနီယာတန်းပြိုင်ပွဲ ၂၂ ပွဲ နိုင်ဖူးသူ Chi Chi Rodriguez က 'တို့တစ်တွေရဲ့ စီနီယာတန်းဟာ ကမ္ဘာ့ကြက်ခြေနီအဖွဲ့ကြီးက ကြီးမှူးကျင်းပတဲ့ ပွဲစဉ်တွေ ကျနေတာပဲ' ဟူ၍ လည်းကောင်း၊ ' Locker Room ဟာ ဆေးရုံတစ်ရုံရဲ့ အရေးပေါ်ခန်းနဲ့ တူနေပြီ' ဟူ၍လည်းကောင်း နောက်ပြောင်ခဲ့ပါသည်။
အသက်ကြီးသည့် ဂေါက်သီးသမားများမှာ အများအားဖြင့် နံနက်အိပ်ရာထလာတိုင်း ကိုက်တာ ခဲတာ၊ နာတာ ကျင်တာ တစ်မျိုးမျိုးတာ့ ပေါ်လာနေတတ်သည်။ ငယ်တုန်းကလိုတော့ လုံးဝမဟုတ်တော့။ သို့သော်လည်း တစ်ခုတော့ကောင်းလာသည်။ အသက်ကြီးလာလေ ပိုလိမ္မာလာလေ ဆိုတာပဲဖြစ်သည်။ အရာရာကို စဉ်းစားသည်၊ ချင့်ချိန်သည်၊ ဆင်ခြင်သည်၊ တတ်ကျွမ်းသူနှင့်တိုင်ပင်သည်၊ အနာကင်း၍ အသက်ရှည်အောင် နေကြသည်။
အသက်ကကြီးလာသည့်အပြင် ဂေါက်သီးကလည်း ကျင့်နေကစားနေကြရတော့ အနာတရဖြစ်မှုတွေက ရှောင်လွှဲလို့ကလည်း သိပ်မရကြပါ။ Bobby Nichols နှင့် George Archer တို့သည် တင်ပါးဆုံရိုး အစားထိုးထားကြရသည်။ Lee Trevino ၊ Graham Marsh နှင့် Bob Betley တို့မှာ ပခုံးနာကျင်မှု မကြာခဏ ဖြစ်ကြသည်။ Rick Acton က ဒူးမကောင်းသူဖြစ်သည်။ Jim Albus ကျတော့ လည်ပင်းနောက်ဘက် အကြောများရောင်သည်။ Orville Moody မှာ လက်ကောက်ဝတ် အရိုးကျိုးဖူးသည်။ Chi Chi Rodriguez က လက်ချောင်းကလေးများ မကြာခဏရောင်သူ ဖြစ်သည်။ Jim Colbert နှင့် Bob Murphy တို့သည် ကျောရိုး မကြာခဏ ဒုက္ခပေးတတ်သူများပါပင်။ Mike McCullough မှာ တံတောင်ဆစ် မကြာခဏနာတတ်သည်။ Tendinitis ဟုခေါ်သည့် ကြွက်သားအရွတ်များ ရောင်သည့်ရောဂါမှာ အသက်ကြီးသူများတွင် ဖြစ်လေ့ရှိပါသည်။ Dale Douglass ၊ Jim Dent ၊ John Jacobs နှင့် အခြားများစွာသော စီနီယာကြီးများတွင် ဖြစ်နေကြပါသည်။
အသက်ကြီးသော်လည်း ပျက်စီးလို့ မဖြစ်သေးပါ။ အဘယ်ကြောင့်ဆိုသော် ပြိုင်ပွဲဆုကြေးက ဒေါ်လာ သန်းချီနေ၍ ဖြစ်သည်။ ထို့ကြောင့် ပြိုင်ပွဲဝင် ကစားနိုင်မှ ဖြစ်မည်။ အဘိုးကြီးတွေသည် အချက်သုံးချက်ကို အထူးဂရုစိုက်ကြသည်။ ပထမအချက် - ဂေါက်သီးက စားနိုင်ရန် Physical Fitness ရှိရေးဖြစ်သည်။ ဒုတိယအချက်မှာ သင့်လျော်သော အစားအသောက်ကိုသာ ရွေးချယ်စားသောက်ခြင်း (Diet) ဖြစ်သည်။ နောက်ဆုံးအချက်မှာတော့ မိမိခန္ဓာကိုယ်အား အမြဲမပြတ်စောင့်ကြည့် ဂရုစိုက်ခြင်းပင် ဖြစ်ပါသည်။
ကြေးလက်ကောက် ဝတ်ဆင်လျှင် ဒဏ်ရာသက်သာ၍ အနာအကျက်မြန်သည်ဟူ၍လည်းကောင်း၊ သံလိုက်ဆောင်လျှင် သွေးလည်ပတ်မှု ပိုကောင်းသည်ဟူ၍လည်းကောင်း သတင်းကြီးခဲ့သည်မှာ နှစ်ပေါင်း များစွာကြာလှပြီဖြစ်ပါသည်။ ၁၉၉၇ ခုနှစ်ခန့်ကတည်းက Senior PGA Tour ရှိ ဂေါက်သီးပရိုကြီးများ၏ ၆၀ ရာခိုင်နှုန်းသည် ကြေးလက်ကောက် ဝတ်နေခဲ့ကြသည်။ သံလိုက်ကို ခန္ဓာကိုယ်တစ်နေရာမဟုတ် တစ်နေရာတွင် ဆောင်ထားသည့် စီနီယာပရိုပေါင်းမှာလည်း ၃၀ ခန့် ရှိသည်။ ယနေ့ဆိုလျှင် ထိုထက်နှစ်ဆ ကျော်ရှိနေပါပြီ။ Isao Aoki ၊ David Graham ၊ Dave Stockton ၊ Dale Douglass ၊ Gil Morgan ၊ Lee Elder ၊ Mike McCullough ၊ Tom Wargo ၊ Vincente Fernandez ၊ Buddy Allin တို့မှာ ကြေးလက်ကောက်ပတ်သူများ ဖြစ်သည်။ Arnold Palmer ၊ Chi Chi Rodriguez ၊ Lee Trevino ၊ Jim Colbert ၊ Bob Murphy ၊ Bruce Summerhays ၊ Dewitt Weaver တို့မှာ သံလိုက်ဆောင်သူများ ဖြစ်သည်။ ကြေးလက်ကောက်ရော သံလိုက်ပါ နှစ်မျိုးလုံး ဆောင်သူများမှာ Graham Marsh ၊ Jim Albus ၊ Jim Dent ၊ John Jacobs ၊ Bob Betley ၊ Walter Morgan ၊ Rich Acton တို့ ဖြစ်ပါသည်။
ထိုအချိန်ကတည်းက ကြေးလက်ကောက်နှင့် သံလိုက်တို့က ခန္ဓာကိုယ်အား မည်သို့အထောက်အကူပြုသည်ကို သိပ္ပံနည်းကျ သုတေသနလုပ်မှုများ ရှိခဲ့ပါသည်။ တကယ်တော့ ကြေးလက်ကောက်နှင့် သံလိုက်တို့ဖြင့် မည်သည့်ရောဂါ၊ မည်သည့်ဒဏ်ရာကိုမျှ တိုက်ရိုက်မကုသနိုင်ပါ။ ယင်းတို့သည် ဒဏ်ရာအနာတရ ဖြစ်နေသော ခန္ဓာကိုယ်အစိတ်အပိုင်းများသို့ သွေးလည်ပတ်ရောက်ရှိမှုကိုတော့ တိုးတက်စေပြီး ရောင်ရမ်းမှုကိုလည်း လျှော့ချစေနိုင်သည်ဟု လူသိရှင်ကြား ထုတ်ပြန်ခြင်းမပြုသော ဆေးသုတေသန ရလဒ်များက ဆိုကြပါသည်။ ဖလော်ရီဒါပြည်နယ်၊ မိုင်ယာမီမြို့မှ Dr.Ralph Kline က သံလိုက်သည် သေးငယ်သော လျှပ်စစ်စီးကြောင်းကိုလည်း ထုတ်လွှတ်မြဲဖြစ်ပြီး ယင်းလျှပ်စစ်စီးကြောင်းလေးက လူ့ခန္ဓာကိုယ်မှအနာများ တဖြည်းဖြည်း ကျက်နေသည့်ဖြစ်စဉ်ကို ပူနွေးစေပြီး ပိုမိုလျင်မြန်စေသည်ဟု ပြောပြပါသည်။ လူ့ခန္ဓာကိုယ်တွင် ထိခိုက်မှုပဲဖြစ်ဖြစ်၊ အရိုးပဲကျိုးကျိုး၊ အဆစ်အမြစ်ပဲ ရောင်ရောင်၊ မည်သည့်ဒဏ်ရာမျိုးပဲရရ၊ ထိုဒဏ်ရာရသည့် နေရာသို့ သွေးပို့လွှတ်မှု လျှော့ရန်နှလုံးသို့ ဦးနှောက်က လမ်းညွှန်တတ်ကြောင်း၊ ထိုသို့သော အချိန်အခါတွင် သံလိုက်၏ အပူပေးမှုကလေးက ပုံမှန်သွေးပို့လွှတ်မှုကို ရစေပြီး ရောင်ရမ်းမှုကို လျော့နည်းစေကာ တစ်ချိန်တည်းတွင် အနာကျက်မှုကို မြန်ဆန်စေခြင်းဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါသည်။
American Arthritis Foundation ခေါ် အရိုးအဆစ်ရောင် ရောဂါကာကွယ်ကုသရေးအတွက် တည်ထောင်ထားသော အဖွဲ့အစည်းကြီးကလည်း ကိုက်ခဲမှုများနှင့် နာကျင်မှုများ ကြေးလက်ကောက်ကြောင့် လျော့နည်းသက်သာသွားရခြင်း၏ အကြောင်းရင်းကို ရှာဖွေနေဆဲ ဖြစ်ပါသည်။ ယနေ့အထိတော့ တိကျသောအဖြေကို မထုတ်နိုင်သေးပါ။ 'သက်သေသာဓက မပြနိုင်သည့် ကုသပျောက်ကင်းမှု' (Unproven Remedy) ဟုသာ ဆိုခဲ့နိုင်ပါသည်။
သို့သော်လည်း ကုသမှုဆိုင်ရာ သုတေသနလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါသည်။ ဓာတ်သတ္တု သို့မဟုတ် ဓာတ်ဆား (Mineral) များသည် လူ့ခန္ဓာကိုယ်အတွက် မည်မျှအရေးပါကြောင်းကို အထောက်အထား အခိုင်အမာရစေရန် ကြိုးပမ်းရှာဖွေနေကြဆဲဖြစ်ပါသည်။ Vitamin Research Products ကုမ္ပဏီမှ Dr.Allen Gissen က လူခန္ဓာကိုယ်တွင် ပါရှိနေသော ဓာတ်သတ္တုရည်များတွင် Copper သည် အရေးပါဆုံး အာဟာရဓာတ်ပေါင်းရည်တစ်မျိုးဖြစ်ကြောင်း၊ Copper ထက် အရေးပါသည့် ဓာတ်သတ္တုပေါင်းရည်ဟူ၍ Iron နှင့် Zinc တို့ပဲရှိကြောင်း၊ Copper မှာ လူခန္ဓာကိုယ်တွင်းရှိ သွေးလှည့်ပတ်မှုစနစ်နှင့် ကာကွယ်ရေးစနစ် တစ်နည်းခေါ်ရသော် ကိုယ်ခံအားစနစ် (Immune System) တို့၏ ပုံမှန်အလုပ်လုပ်နေမှုများကို ထိန်းသိမ်းပေးရာတွင် မရှိမဖြစ်လိုအပ်သည်ဟုလည်း ဆိုပါသည်။ လူ့ခန္ဓာကိုယ်သည် လက်ကောက်ဝတ်တွင် ဝတ်ဆင်ထားသောကြေးလက်ကောက်မှ ကြေးနီဓာတ်များကို အရေပြားမှတစ်ဆင့် ဆွဲစုပ်ယူနိုင်စွမ်းရှိသည်။
ကြေးနီလက်ကောက်များ ဝတ်ဆင်ခြင်းနှင့် ကြေးနီဓာတ်ပါသော အစားအစာများ စားသောက်ခြင်းဖြင့် အရိုးအဆစ်ရောင်ခြင်း (Arthritis) ကို သက်သာပျောက်ကင်းစေသည်ဟူသော ကုထုံးသည် 1000 BC ခုနှစ်လောက်ကတည်းက ရှိခဲ့ခြင်းဖြစ်သဖြင့် ရှေးလွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက လူတို့ယုံကြည်စွာ သုံးစွဲခဲ့ခြင်းဖြစ်ကြောင်း တွေ့ရပါသည်။ ထိုအချိန်ကတည်းက ယုံလောက်သည့် သက်သေသာဓကရှိခဲ့လို့ပင် ဖြစ်ပါမည်။ ယနေ့ခေတ်၏ လေ့လာသုံးသပ်ချက်များအရလည်း ကြေးနီသည် အရိုးအဆစ်ရောဂါကို ကုသသည့်နေရာတွင် အကျိုးပြုကြောင်းနှင့် ကျိုးသည့်အရိုးများ လျင်မြန်စွာ ပြန်ဆက်ရေးတွင် အကူအညီရကြောင်း သိရှိလာကြပါသည်။
ဝင်းမြင့်သိန်း