မယ်လ်ဗင်ဒါဆင်းနဲ့ ရှီဗင်ဒါဆင်းတို့ ညီအစ်ကိုဟာ သူတို့အဘိုးတည်ထောင်ခဲ့တဲ့ ကုမ္ပဏီကြောင့်အမွေအမြောက်အမြားရရှိခဲ့ပြီး ၂နှစ်အကြာမှာ ယင်းတို့ရဲ့အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီနှစ်ခုထိန်းချုပ်ခွင့်အပါအဝင် အားလုံးနီးပါးကိုဆုံးရှုံးခဲ့ပါတယ်။ သူတို့အဖြစ်က မိဘအမွေရတဲ့စီးပွားရေးလုပ်ငန်းတွေ အတော်များများဆုံးရှုံးတာဟာ မျိုးဆက်သုံးဆက်ရဲ့ကျိန်စာသင့်မှုဆိုတဲ့ အယူအဆကိုထောက်ခံသလိုဖြစ်ပါတယ်။ မကြာသေးခင်က သူတို့ရဲ့နောက်ကြောင်းကို ပြန်လည်သုံးသပ်ခြင်းအားဖြင့် ဝမ်းနည်းစရာကောင်းပေမယ့် ဖြစ်လေ့ဖြစ်ထရှိတဲ့ အဲဒီဖြစ်ရပ်မျိုးကိုရှောင်ရှားဖို့ သင်ခန်းစာထုတ်ယူလို့ရပါတယ်။
ဆင်းညီနောင်ဟာ ယင်းတို့အဘိုးဘိုင်မိုဟန်ဆင်းတည်ထောင်ပြီး ၁၉၉၉ ခုနှစ်မှာ ကွယ်လွန်တဲ့ သူတို့ဖခင်ဒေါက်တာပါဝင်းဒါးဆင်းပဲ့ကိုင်ခဲ့တဲ့ အိန္ဒိယထိပ်တန်းအိမ်သုံးဆေးဝါးကုမ္ပဏီကြီး Ranbaxy Laboratories ကို အမွေရသူတွေဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ ၁/၃ ပုံစီ အမွေရတဲ့ ယင်းတို့ညီနောင်ဟာ ၂၀ဝ၈ ခုနှစ်မှာ သူများလက်ထဲရောင်းစားပြီးနောက် ယင်းတို့ပိုင်တဲ့ Fortis Healthcare နဲ့ Religare Enterprises ဆိုတဲ့ အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီနှစ်ခုတွဲအမြန်တိုးချဲ့ရေးအတွက် ရင်းနှီးမြှုပ်နှံကြပါတယ်။ သူတို့ဆွေမျိုးဖြစ်ပြီး သူတို့ကိုးကွယ်တဲ့ တရားပြဆရာကြီးဂူရင်းဒါးဆင်းဒီလွန်ဦးစီးတဲ့ မိသားစုတစ်စုပိုင်ကုမ္ပဏီတွေကို သူတို့ကငွေအမြောက်အမြားထုတ်ချေးပါတယ်။ ဂူရင်းဒါးဟာ စီးပွားရေးလုပ်ငန်းရှင်လည်းဖြစ်ပြီး အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းတွေကို ကျယ်ပြန့်စွာလုပ်ကိုင်ရာမှာ ဆင်းညီနောင်ရဲ့ရင်းနှီးမြှုပ်နှံမှုတွေကို အဓိကသုံးစွဲပါတယ်။
ဒါအပြင် သူတို့ဟာ တခြားကုမ္ပဏီနဲ့လုပ်ငန်းအတော်များများကိုလည်း ငွေချေးကတိပေးတဲ့ အလုပ်တွေလုပ်ကြသေးတယ်။ သူတို့ရဲ့ လုပ်ငန်းဆုံးဖြတ်ချက်တွေဟာ နောင်တစ်ခါမှာပြန်ကြည့်တော့အကြံပေးမှားယွင်းမှုတွေ များလွန်းတာကိုတွေ့ရတယ်။ သူတို့ဟာ မိသားစုလျှို့ဝှက်ချက်နဲ့ ကြီးကြပ်ရေးတာဝန်ကင်းမဲ့မှုတို့ကို အမွေဆက်ခံကြတယ်။ သူတို့မိသားစုဆွေမျိုးမဟုတ်တဲ့ တခြားအစုရှယ်ယာရှင်တွေအပေါ် သူတို့တာဝန်ရှိမှန်းမသိကြဘူး။ လုပ်ငန်းကို စည်းကမ်းတကျလုပ်ကိုင်ဖို့ ကြိုတင်မပြင်ဆင်ထားခဲ့ဘူး။ ဝန်ကြီးချုပ်မိုဒီအစိုးရက ကမ္ဘာလုံးဆိုင်ရာစီးပွားရေးနဲ့ ဘဏ္ဍာရေးကွန်ရက်တွေကို အိန္ဒိယနဲ့ချိတ်ဆက်ပေးဖို့ကြိုးပမ်းနေတဲ့ လက်ရှိခေတ်မှာ အဲဒါဟာစိန်ခေါ်မှုရှိနေတဲ့ပဿနာတစ်ခုဖြစ်တယ်။
ဒီကိစ္စအတွက် ဘယ်သူ့မှာတာဝန်ရှိသလဲဆိုတာဖော်ထုတ်ဖို့ သက်ဆိုင်ရာက တရားဥပဒေနည်းလမ်းဖြင့် စုံစမ်းစစ်ဆေးလျက်ရှိတယ်။ သူတို့ညီနောင်က Religare နဲ့ RHC ဆိုတဲ့ ရင်းနှီးမြှုပ်နှံမှုစီးပွားရေးဦးပိုင်ကုမ္ပဏီတို့ရဲ့ ဥက္ကဋ္ဌရာထူးယူထားရတဲ့ ဂူရင်းဒါးရဲ့တပည့်ဆူနီးဂိုဒဝမ်နီးကို လက်ညှိုးထိုးတယ်။ Ranbaxy ပိုင်ရှင်သစ်ကလည်း ယင်းကုမ္ပဏီရောင်းချစဉ်က ယင်းတို့ရဲ့လုပ်ထုံးလုပ်နည်းတွေနဲ့ပတ်သက်လို့ ဥပဒေပိုင်းအချက်အလက်တွေ ကွယ်ဝှက်ခဲ့တယ်လို့ စွပ်စွဲတယ်။ ဆူနီးဟာသူတို့မသိဘဲ ငွေတွေချေးခဲ့တယ်လို့ စွပ်စွဲတယ်။ ဒါအပြင် ညီဖြစ်သူ ရှီဗင်းဒါးက ယခုပြဿနာဟာ အစ်ကိုဖြစ်သူရဲ့ဆုံးဖြတ်ချက်မှားခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိမှာအပြစ်မရှိကြောင်း၊ မိမိက ယင်းကိုကူညီပံ့ပိုးတဲ့ညီငယ်သာဖြစ်ကြောင်းပြောပြီးပြန်တရားစွဲတယ်။ ကံကောင်းချင်တော့ သူတို့မိခင်ကြီးက စေ့စပ်ညှိနှိုင်းခိုင်းလို့ တရားစွဲမှုကိုပြန်ရုပ်သိမ်းတယ်။ ဒီဇာတ်လမ်းရဲ့ လက္ခဏာအတော်များများက တကယ့်ကို အိန္ဒိယရုပ်ရှင်ဆန်ပေမယ့် တတိယမျိုးဆက်လက်ထဲ မိဘပိုင်လုပ်ငန်းတွေလွှဲအပ်ရင် ဒါမျိုးဖြစ်တတ်တယ်ဆိုတာ တခြားနိုင်ငံတခြားယဉ်ကျေးမှုနယ်ပယ်တွေမှာလည်း တွေ့နိုင်တယ်။
အထူးသဖြင့် တောင်အာရှ၊ တောင်အမေရိက၊ အာဖရိကနဲ့ တောင်ပိုင်းဥရောပနိုင်ငံတွေမှာ သူစိမ်းကိုအယုံ အကြည်နည်းပြီးမိသားစု၊ ဆွေမျိုးနဲ့နှစ်ရှည်မဟာမိတ်အုပ်စုအပေါ်သစ္စာရှိတဲ့ မိဘအမွေလုပ်ငန်းဆက်ခံသူ အိမ်ထောင်ဦးစီးတစ်ဦးတည်းကအုပ်ချုပ်ရင်ဖြစ်တတ်ပါတယ်။ ဒီယဉ်ကျေးမှုတွေဟာ ဩဇာအာဏာ၊ သစ္စာခံမှု၊ လျှို့ဝှက်မှုနဲ့အပြင်လူတွေကို မယုံကြည်မှုတွေအပေါ်အခြေခံတယ်။ ဆင်းညီနောင်ရဲ့ တာဝန်မဲ့မှုကိုရှုတ်ချခြင်း၊ ဒါမှမဟုတ် အပြစ်တင်ခြင်းလုပ်မယ့်အစား အလားတူပြိုလဲမှုမျိုးတွေကို ရှောင်ရှားဖို့ မိသားစုလုပ်ငန်းမှာ ဘာတွေလိုအပ်မလဲဆိုတာ သူတို့အမှားတွေကိုအသုံးချပြီး စစ်ဆေးမယ်ဆိုရင်ပိုအကျိုးရှိလိမ့်မယ်။ ဆင်းညီနောင်ရဲ့ စီးပွားရေးအင်ပါယာကြီးကိုကျဆုံးဖြစ်စေပုံရတဲ့ ရှိရင်းစွဲပြဿနာသုံးမျိုးကို ဆက်လက်ဖော်ပြရမယ်ဆိုရင်...
လျှို့ဝှက်မှုလွန်ကဲခြင်း
အမွေဆက်ခံတဲ့လုပ်ငန်းတွေမှာ လျှို့ဝှက်မှုကိုဇောင်းပေးပြီး အကြွင်းမဲ့ယုံကြည်ခံရတဲ့ ခေါင်းဆောင်ကိုအားကိုးတဲ့ယဉ်ကျေးမှုဟာ ပွင့်လင်းမြင်သာမှုကိုဇောင်းပေးတဲ့ကမ္ဘာလုံးဆိုင်ရာ သဘောတူညီမှုတွေကြောင့် အဆင်မပြေတော့ဘူး။ အစိုးရနဲ့လျှို့ဝှက်စွာသဘောတူညီမှု ပြုလုပ်တာတွေအတွက် မေးခွန်းထုတ်ခံရပြီး မိသားစုတစ်ခုတည်းက ပိုင်ဆိုင်ထိန်းချုပ်တဲ့လုပ်ငန်းတွေတောင် စည်းကမ်းချမှတ်ထိန်းသိမ်းခံနေရပါပြီ။ ဆင်းညီနောင်က ဒီလွန်မိသားစုကိုယုံကြည်လို့ တာဝန်ခံမှုအနည်းငယ်သာရှိတဲ့ အတိုးမဲ့ငွေချေးမှုတွေပြုလုပ်ခြင်းဟာ ပိုကြီးမားတဲ့တာဝန်ခံမှုရှိပြီး ပိုပွင့်လင်းတဲ့လုပ်ငန်းသဘောတူညီမှုတွေနေ လက်တွေလောကမှာ နေရာမရတော့ပါဘူး။ မိသားစုဝင်တွေဟာ ကြိုတင်ခန့်မှန်းနိုင်တဲ့အမြတ်အစွန်းနဲ့ ဥစ္စာဓနတွေကိုလက်ခံရရှိတဲ့အခါ လျှို့ဝှက်မှုကိုကျေနပ်ကြပြီး ကုမ္ပဏီယိမ်းယိုင်တဲ့အခါ ပဋိပက္ခတွေဖြစ်တတ်ကြပါတယ်။
ခံစားပိုင်ခွင့်အသိစိတ်
ဆင်းညီနောင်ဟာ မိုးကျရွှေကိုယ်တွေလိုဖြစ်လို့ အများပြည်သူဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့လိုအပ်တဲ့ကျွမ်းကျင်မှုတွေကို လေ့လာဆည်းပူးလေ့ကျင့်ခြင်း ရှိခဲ့ကြဟန်မတူပါဘူး။ ဒါဟာ သူတို့ရပိုင်ခွင့်နဲ့ခံစားပိုင်ခွင့်လို့မှတ်ယူပြီး အနာဂတ်မျိုးဆက်နဲ့ သူတို့ရဲ့တခြားရှယ်ယာရှင်တွေအတွက် ကောင်းစွာစီမံခန့်ခွဲရမယ့် သူတို့ရဲ့တာဝန်ဝတ္တရားကို ဥပက္ခာပြုခဲ့ကြတယ်။ သူများကိုမယုံကြည်မှုကြောင့် သူတို့ကိုးကွယ်တဲ့ တရားပြဆရာကြီး ဂူရင်းဒါးဆင်းဒီလွန်ကိုအားကိုးရာမှာ ဘယ်လိုအရည်အချင်းပြည့်ဝမှုအတွေ့အကြုံ၊ ဒါမှမဟုတ် တာဝန်ခံမှုတွေလိုအပ်မလဲဆိုတာမစဉ်းစားဘဲနဲ့ လုပ်ငန်းငွေတွေထုတ်ချေးပြီး ယင်းမိသားစုနဲ့ စီးပွားရေးဖက်တွေဖြစ်လာကြတယ်။ အရေးကြီးဆုံးက သူတို့ရဲ့စီးပွားရေးကို စိန်ခေါ်မှုနဲ့တာဝန်ယူမှုအစား သူ့ကိုယ်သူတို့ မြေပိုင်ရှင်လိုသဘောထားကြတာပါ။ ဒီနေရာမှာ သူတို့ချည်းပဲရှိတာမဟုတ်ပါဘူး။ နောက်မျိုးဆက်သစ် မိသားစုဆွေမျိုးအများစုဟာ သူတို့ ရဲ့အမွေဆက်ခံမှုကိုဆုဖလားတစ်ခုလို သဘောထားပြီး ရှုပ်ထွေးခက်ခဲတဲ့ စီးပွားရေးလုပ်ငန်းတွေခေါင်းဆောင်မှုဟာ ကမ္ဘာမှာဘယ်အခြေအနေရောက်နေပြီဆိုတာ သူတို့သတိမထားမိကြပါဘူး။
အုပ်ချုပ်မှုကင်းမဲ့ခြင်း
မိသားစုစီးပွားရေးလုပ်ငန်းတစ်ခုဟာ မျိုးဆက်အဆင့်ဆင့်လက်ပြောင်းပြီး သိပ်ကြီးမားလာတာနဲ့အမျှ ယင်းရဲ့ အုပ်ချုပ်မှုနဲ့ ကြီးကြပ်ရေးတာဝန်တို့ဟာ ခေါင်းဆောင်တစ်ဦးတစ်ယောက်တည်းရဲ့ ကျွမ်းကျင်မှုကို အားကိုးလို့ မရတော့ပါဘူး။ မဟာမိတ်ဟောင်းတွေကိုသာ ယုံကြည်ပြီး ပင်ကိုစွမ်းရည်အသစ်တွေကို မရှာဖွေတဲ့လူက ဦးဆောင်သူဖြစ်ခဲ့ရင် ပိုဆိုးတယ်။ အထူးသဖြင့် အမျိုးအစားကွဲပြားတဲ့ အများနဲ့သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေရှိနေတဲ့ တတိယမျိုးဆက် စီးပွားရေးလုပ်ငန်းကြီး တစ်ခုဟာကြီးကြပ်ရေးတာဝန်အတွက် တက်ကြွတဲ့ ဒါ ရိုက်တာအဖွဲ့ကိုလိုအပ်ပါတယ်။ အဲဒီအဖွဲ့ထဲမှာ မိသားစုဝင်တွေ ပါဝင်ပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အကဲဖြတ်နိုင်ဖို့ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှုတွေ အတော်များများရှိတဲ့ အဖွဲ့ဝင်တွေလည်း ပါဝင်သင့်ပါတယ်။ အဲဒီလို ဒါရိုက်တာအဖွဲ့နဲ့ အကြံပေးတွေမရှိတဲ့အခါ နောက်ဆက်တွဲအနေနဲ့ ဆုံးဖြတ်ချက်တွေကို ချိန်ညှိဖို့၊ ဒါမှမဟုတ် အရှိန်လျှော့ချဖို့၊ ဒါမှမဟုတ် စစ်ဆေးဖို့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ပါဘူး။ ကျွမ်းကျင်တဲ့ဒါရိုက်တာအဖွဲ့သာရှိခဲ့ရင် အိမ်ခြံမြေဈေးကွက်ကျဆင်းမှု၊ ဒါမှမဟုတ် အရှိန်မြန်ပြီးကျယ်ပြန့်တဲ့ ဆင်းညီနောင်ရဲ့လုပ်ငန်းတိုးချဲ့မှုကိုသတိပေးဖို့ ကြိုမြင်ကောင်းမြင်လိမ့်ပါမယ်။
ဆင်းညီနောင်ရဲ့ ဝမ်းနည်းကြေကွဲစရာအဖြစ်ကတော့ သူတို့ရဲ့အနာဂတ်ဟာ အတိတ်လိုပဲဖြစ်မယ်လို့ မျှော်လင့်ထားတာကြောင့်ဖြစ်မယ်။ ဒါမျိုးလုပ်ရပ်တွေဟာ သူတို့အဖေနဲ့ အဘိုးတို့လို ခေတ်မှာလိုပဲ အောင်မြင်မယ်လို့ မှတ်ကြတာဖြစ်ပါတယ်။ ခေတ်ရေစီးပြောင်းလဲမှုက သူတို့အပေါ်သက်ရောက်မယ်၊ ဒါမှမဟုတ် သူတို့အမွေရတဲ့ လက်တွေ့စီးပွားရေးကို ပြန်လည်စိစစ်သုံးသပ်ရဖို့ လိုမယ်ဆိုတာကို သဘောမပေါက်ကြခဲ့ကြပါဘူး။ သူတို့ ဆုံးဖြတ်ချက်တွေကို မျက်စိမှိတ်ယုံကြည်မှုအရ ချမှတ် မယ့်အစား ဆင်ခြင်မျှော်တွေးမှုနဲ့ ပညာရှင်ကို ဆည်းပူးပြီး အကြံÓဏ်ကောင်းတွေ ရှာဖွေရယူနိုင်ခဲ့ရင် ဒီလိုစီးပွား ရေးကို လက်လွှတ်ရောင်းချလိုက်ရတာမျိုးရှိမှာမဟုတ် ပါဘူး။ ဒါကြောင့် သူတို့ကျဆုံးမှုဟာ မဖြစ်သင့်မဖြစ်ထိုက်ပေခဲ့မဲ့ ရှောင်လွှဲလို့ မရခဲ့ကြပါဘူး။
စိုးညွန့်ဇော် (၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလထုတ် CEO မဂ္ဂဇင်း Profile)