ဦးဝင်းမင်းသိန်း

YCTCUWinMinThein2

ဒု-ပါမောက္ခဦးဝင်းမင်းသိန်း

Principal

YCTC Business Institute

နောက်ခံပညာအရည်အချင်းနဲ့ လုပ်ငန်းအတွေ့အကြုံ . . .

ကျွန်တော် Bachelor of Business Administration (BBA) နဲ့ ကျောင်းပြီးတော့ အင်္ဂလန်နိုင်ငံမှာရှိတဲ့ Bournemouth University မှာ MSc (Tourism Management and Marketing) ကို သင်ယူခဲ့ပါတယ်။ အခုတော့ မလေးရှား Management and Science University က ပညာသင်ဆု ရတဲ့အတွက် PhD ဘွဲ့ကို ဆက်လက်ဆည်းပူးနေပါတယ်။ ကျောင်းပြီးတော့ ဘန်ကောက်က St Theresa Inti College မှာ Tutor အဖြစ်နဲ့ Curriculum Development Committe ရဲ့ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ Dhurakij Pundit University (DPU) Thailand မှာ Lecturer ၊ ERC Institute Singapore မှာ Lecturer နဲ့ Exam Board မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Akamai University USA ကနေ Assitant Professorship ကို ရရှိခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာ အမေ့ကျန်းမာရေးအခြေအနေကြောင့် မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဒီကပုဂ္ဂလိကသင်တန်းကျောင်းတွေမှာပဲ စာသင်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာဆိုရင် Myanmar Imperial College (MIC) ၊ RV Management ၊ အရင်က STI Education လို့ခေါ်တဲ့  STI University ၊ Chindwin College ၊ National Management College ၊ SR International College တို့မှာ အချိန်ပိုင်းဆရာအဖြစ်နဲ့ စာသင်ခဲ့ပါတယ်။

ကိုယ်ပိုင်ကျောင်းတည်ထောင်ဖြစ်ခဲ့ပုံ . . .

ကျွန်တော်က စီးပွားရေးစီမံခန့်ခွဲမှုပညာနဲ့ ပတ်သက်တဲ့သင်တန်းတွေကို တောက်လျောက်သင်ဖြစ်ခဲ့တဲ့အတွက် ကောလိပ်တွေမှာ ခင်မင်ရင်းနှီးတဲ့ ဆရာ၊ ဆရာမတွေနဲ့ ကိုယ်ပိုင်သင်တန်းကျောင်းလေးထောင်ရင်တော့ ပိုကောင်းမယ်ဆိုပြီး တိုင်ပင်ဖြစ်ခဲ့ရာကနေ YCTC သင်တန်းကျောင်းကို ၂၀၁၂ ခုနှစ်မှာ စတင်တည်ထောင် ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာပြည်ဟာ စီးပွားရေးဖွံ့ဖြိုးလာတဲ့ တိုင်းပြည်ဖြစ်လာတာနဲ့အညီ စီးပွားရေးစီမံခန့်ခွဲမှုပညာကို သင်ချင်တဲ့လူငယ်တွေ ပိုများလာပေမဲ့ အဆင့်အတန်းပြည့်မီတဲ့ ကျောင်းတွေက Limited ဖြစ်နေသေးတာကြောင့်လည်း ပါပါတယ်။

YCTC အနေနဲ့ နိုင်ငံတကာတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေတာတွေနဲ့ ပို့ချနေတဲ့ သင်တန်းတွေ . . .

YCTC ကို အင်္ဂလန်မှာရှိတဲ့ Association of Business Executive (ABE) UK ကပေးတဲ့ Diploma တွေကို သင်ပေးတဲ့ ABE သင်တန်းကျောင်းအဖြစ် စတင်တည်ထောင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Human Resource Management ၊ Financial Management ၊ Leadership and Organizational Development ၊ Marketing Management ၊ Customer Service Management စတဲ့ Certificate  သင်တန်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။

ဒါအပြင် YCTC မှာ Purchasing and Supply Association Singapore ကပေးတဲ့ Executive Certificate in Business Management သင်တန်းကိုလည်း ဖွင့်လှစ်ပေးထားပါတယ်။ ဒီသင်တန်းကို လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ HR ၊ Executive ၊ Manager ၊ Senior Manager တွေအပြင် တစ်ခါတလေမှာ Tour ကုမ္ပဏီတွေနဲ့ Cosmetic ကုမ္ပဏီတွေက Owner တွေပါ လာတက်ကြပါတယ်။ ဒီသင်တန်းက ကျွန်တော်တို့ကျောင်းမှာ နာမည်အရဆုံးသင်တန်းလည်းဖြစ်ပြီး အခုဆိုရင် သင်တန်းအပတ်စဉ် ၂၆ ရှိနေပြီ ဖြစ်ပါတယ်။

ဒီသင်တန်းအပြင် မလေးရှားနိုင်ငံက Management and Sicence University (MSU) နဲ့ပေါင်းပြီး ဖွင့်လှစ်တဲ့ MBA သင်တန်းရှိပါတယ်။ MSU Malaysia ဟာ ဧက ၂၀ ကျော်ကျယ်ပြီး ကျောင်းသား၊ ကျောင်းသူပေါင်း ၂၅၀၀၀ နဲ့ သုံးသောင်းကြား နှစ်စဉ်ရှိတဲ့ တက္ကသိုလ်ဖြစ်တဲ့အပြင် တက္ကသိုလ်ရဲ့ နာယကကလည်း မလေးရှားနိုင်ငံရဲ့ ဘုရင်မကြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ကျောင်းက MSU မလေးရှားနဲ့ ချိတ်ဆက်ပြီး သင်ကြားပေးနေပါတယ်။

ကျောင်းမှာ မလေးရှားက ဆရာတွေလာသင်ပေးနေတာ ရှိသလို e-commerce လို Technology နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေကို ကျွန်တော်တို့က ကျောင်းသားတွေကို လေယာဉ်လက်မှတ် ပံ့ပိုးပေးပြီး MSU တက္ကသိုလ်မှာ သွားရောက်ပညာ သင်နိုင်ဖို့လည်း စီစဉ်ပေးထားတာကြောင့် MSU ရဲ့ သဘောသဘာဝနဲ့ စာသင်ရတဲ့ Life ကိုလည်း ကျောင်းသားတွေ အပြည့်အဝခံစားရနိုင်ပါတယ်။ ဘွဲ့ယူတဲ့အခါမှာလည်း MSU မလေးရှားမှာပဲ သွားယူရပြီး မလေးရှား ဘုရင်မကြီးကိုယ်တိုင် ချီးမြှင့်တဲ့ ဘွဲ့လက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။

YCTC ဟာ စင်ကာပူ Purchasing အသင်းနဲ့ ပေါင်းပြီး Logistics Management ၊ Supply Chain Management တို့နဲ့ ပတ်သက်တဲ့ Seminer တွေ၊ သင်တန်းတွေကိုလည်း Weekends တွေမှာ  တစ်နှစ်လေးကြိမ် ပြုလုပ်ပေးနေပါတယ်။ ဒီ Seminer တွေမှာ စင်ကာပူက Professor တွေကိုယ်တိုင် လာသင်ပေးပါတယ်။

ဒီသင်တန်းတွေအပြင် ကျွန်တော်တို့ဆီမှာ ကုမ္ပဏီတွေကို Corporate Training တွေလည်း ပေးနေပါတယ်။ အခုလက်ရှိမှာ International Beverage Trading Company (IBTC) နဲ့ စီးပွားရေးဦးပိုင်လီမိတက်ကို Corporate Training ပေးနေပါတယ်။ အရင်က ဧရာဝတီဘဏ်၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ထူးကုမ္ပဏီ၊ ဇာမဏီဓာတ်မြေသြဇာအစရှိတဲ့ ကုမ္ပဏီတွေကိုလည်း Corporate Training တွေပေးခဲ့ပါတယ်။

မလေးရှား MSU တက္ကသိုလ်နဲ့ MBA အတွက် ချိတ်ဆက်ဖြစ်ပုံ . . .

ကျွန်တော်တို့ကျောင်းနဲ့ မလေးရှား MSU တက္ကသိုလ်မှာရှိတဲ့ မြန်မာပြည်က ဆရာ၊ ဆရာမတွေနဲ့က အစောကြီးကတည်းက အဆက်အစပ်ရှိတဲ့အတွက် MSU တက္ကသိုလ်က ဆရာမတစ်ယောက်က MSU တက္ကသိုလ်က မြန်မာပြည်မှာ MBA သင်တန်းတွေ ဖွင့်ချင်တယ်ဆိုတဲ့အကြောင်းကို ပြောတာနဲ့ သူတို့နဲ့ ဆွေးနွေးဖြစ်ခဲ့တာပါ။

ကျွန်တော်တို့အနေနဲ့ကလည်း MSU ဟာ ၁၉၈၁ ခုနှစ်ကတည်းက စတင်ခဲ့တဲ့တက္ကသိုလ်ဖြစ်တဲ့အတွက် အနှစ် ၃၀ ကျော်သက်တမ်းရှိတဲ့ Established ဖြစ်ပြီးတဲ့ တက္ကသိုလ်ဖြစ်တဲ့အတွက် ယုံယုံကြည်ကြည်နဲ့ ပူးပေါင်းခဲ့တာဖြစ်တဲ့အပြင် မလေးရှားဟာ ကျွန်တော်တို့နဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့အတွက် အသွားအပြန် သိပ်မကြာတဲ့အတွက် MSU က ဆရာ၊ ဆရာမတွေ ဒီမှာလာသင်ဖို့အတွက်လည်း သိပ်မခက်ခဲသလို ကျွန်တော်တို့ ကျောင်းသားတွေအနေနဲ့ ဟိုမှာသွားပြီး သင်ဖို့အတွက်ကို လွယ်ကူစေတာတွေကြောင့် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ နောက်ပြီး MSU နဲ့က နိုင်ငံတကာမှာရှိတဲ့ တက္ကသိုလ်ပေါင်း ၄၀ နဲ့ Affiliation ရှိတဲ့အတွက် ကျွန်တော်တို့က MSU က ပေးတဲ့ဘွဲ့ကို ရတယ်ဆိုရင် နိုင်ငံပေါင်း ၄၀ ကျော်က အသိအမှတ်ပြုတယ်ဆိုတာကိုလည်း ရပြီးသားဖြစ်တာကြောင့်လည်း ပါပါတယ်။ ဒါအပြင် အင်္ဂလန်မှာရှိတဲ့ Conventy University မှာလည်း Dual MBA သွားတက်လို့ရတာတွေကြောင့် ကျောင်းသားတွေအတွက် ကောင်းတဲ့အခွင့်အလမ်းဖြစ်တာကြောင့် ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်ဖွင့်လှစ်သွားမယ့်သင်တန်းတွေ . . .

Program အသစ်တွေကို ဥရောပက Macedonia မှာရှိတဲ့ Europe ကောလိပ်နဲ့ပေါင်းပြီး BBA နဲ့ နောက်ထပ် MBA Program တစ်ခုကိုလည်း ဖွင့်ဖို့စီစဉ်နေတာ ရှိပါတယ်။ အဲဒီအခါကျရင် ဆယ်တန်းအောင်ပြီးတဲ့ ညီငယ်၊ ညီမငယ်တွေအနေနဲ့ ပုဂ္ဂလိကကောလိပ်တက်မယ်ဆိုရင် Day အနေနဲ့ လာတက်လို့ရအောင် ပြုလုပ်ပေးသွားမှာပါ။ ကျောင်းသားတွေဟာ ကျွန်တော်တို့ဆီမှာ ပထမနှစ်နဲ့ ဒုတိယနှစ် နှစ်နှစ်တက်ပြီး တတိယနှစ်မှာ Europe ကောလိပ်နဲ့ Affliation ရှိတဲ့ Europe မှာ ရှိတဲ့ကျောင်းတွေမှာ သွားတက်နိုင်သလို ဒီမှာပဲဘွဲ့ရတဲ့အထိ တက်သွားချင်ရင်လည်း တက်နိုင်အောင် စီစဉ်နေပါတယ်။

ဒါပြီးရင် နောက်ထပ် Europe ကောလိပ်ကနေပဲ MBA တစ်ခု ဖွင့်ဖို့လည်း ရှိပါတယ်။ ဒီ MBA ဟာ MSU ထက်စာရင် ကျောင်းလခဈေးသက်သာသွားမှာ ဖြစ်တဲ့အတွက် နိုင်ငံခြားကပေးတဲ့ MBA ဘွဲ့ကို ကုန်ကျစရိတ် သက်သက်သာသာနဲ့ တက်လိုတဲ့သူတွေ၊ ကုမ္ပဏီဝန်ထမ်းတွေအတွက် တကယ်ကိုအကျိုးရှိစေမှာ ဖြစ်တယ်လို့ မြင်ပါတယ်။ ဒီ Program တွေကို ၂၀၁၆ ခုနှစ်၊ မေလအတွင်းမှာ စနိုင်အောင်လို့ ပြင်ဆင်နေပါတယ်။

YCTCUWinMinThein4

YCTC ရဲ့ဝန်ထမ်းနဲ့ ကျောင်းသားအရေအတွက် . . .

လက်ရှိကျွန်တော်တို့ကျောင်းမှာ စီးပွားရေးတက္ကသိုလ်က ဆရာ၊ ဆရာမကြီး ၁၆ ယောက်က အချိန်ပိုင်းအနေနဲ့ လာသင်ပေးနေပြီး ကျောင်းမှာအချိန်ပြည့် အလုပ်လုပ်နေတဲ့ ဝန်ထမ်းကတော့ ကိုးယောက်ရှိတဲ့အတွက် စုစုပေါင်းဝန်ထမ်းအင်အား ၂၅ ယောက် ရှိပါတယ်။ ကျောင်းသား၊ ကျောင်းသူအရေအတွက်ကတော့ Sunday Short Course သင်တန်းမှာ ပုံမှန်နှစ်ရာနီးပါးလောက်ရှိပါတယ်။ Diploma မှာ ပုံမှန် ၄၅ ယောက်လောက် ရှိတယ်။ MBA မှာ လောလောဆယ် အယောက် ၂၀ ကျော်ရှိနေပါပြီ။

နိုင်ငံတကာကကျောင်းတွေနဲ့ မြန်မာပြည်ကကျောင်းတွေရဲ့ စာသင်ကြားမှု ပုံစံကွာခြားချက် . . .

မြန်မာပြည်နဲ့ နိုင်ငံခြားဆိုရင် ကျောင်းသားတွေရဲ့ အရည်အသွေးက ကွာခြားမှုရှိတယ်လို့ ခံစားမိပါတယ်။ နိုင်ငံခြားတိုင်းပြည်တွေမှာ ကျောင်းသားတွေကို ၁၂ တန်းပညာရေးနဲ့ သင်ကြားပေးတာကြောင့် ကျောင်းသားတွေရဲ့ အင်္ဂလိပ်စာကျွမ်းကျင်မှုအနေအထားနဲ့ သင်ကြားမှုပုံစံကွာခြားတာတွေကို တွေ့ရပါတယ်။ နောက်ပြီး နိုင်ငံခြားမှာက ကလေးတွေကို အလယ်တန်းအဆင့်မှာကတည်းက Project တွေ၊ Presentation တွေ လုပ်ခိုင်းတာတွေပါရှိတဲ့အတွက် သူတို့တွေက အင်တာနက်ဖွင့်ပြီး Information ရှာတာတွေ၊ Data ရှာတာတွေကို ပြုလုပ်ရတဲ့အပြင် အတန်းရှေ့ကို ထွက်ပြီးတော့ စကားပြောရတဲ့ Public Speaking Experience တွေကိုပါ ပေးတဲ့အတွက် ၁၂ တန်းအောင်သွားတဲ့အချိန်မှာ ကျွန်တော်တို့ မြန်မာပြည်က ကလေးတွေထက်ပိုပြီး အရည်အသွေးရှိနေကြတယ်လို့ ကျွန်တော်ကတော့ မြင်ပါတယ်။ ကျောင်းသားတွေကလည်း ပိုပြီးကိုယ်ထူကိုယ်ထစနစ်နဲ့ လုပ်ချင်စိတ်တွေရှိတယ်လို့ မြင်ပါတယ်။ မြန်မာပြည်က ကလေးတွေကတော့  ဂိမ်းဆော့ဖို့နဲ့ Facebook ကြည့်ရာမှာ အချိန်အများကြီးပေးထားတာကို တွေ့နေရတဲ့အတွက် ဒါတွေကိုပြင်ဖို့လိုတယ်လို့ မြင်ပါတယ်။

သူတို့တွေဆီမှာ တက္ကသိုလ်ကျောင်းသားရယ်လို့ ဖြစ်လာပြီဆိုရင် ပထမနှစ်၊ ဒုတိယနှစ်ဖြစ်ရင်ကို မြန်မာပြည်က ကျောင်းသားတွေထက် ပိုပြီးကောင်းတဲ့အနေအထားမျိုးမှာ ရှိနေပါတယ်။ မြန်မာပြည်မှာလည်း တကယ်ကြိုးစားပြီး တော်တဲ့ကလေးတွေ၊ ILBC တို့လို နိုင်ငံတကာကျောင်းတွေက အောင်လာတဲ့ ကလေးတွေလည်း ရှိပါတယ်။

သူတို့တွေကို Presentation လုပ်မယ်ဆိုပြီး ဆရာတွေက လိုချင်တဲ့သဘောတရားတွေ ပြောလိုက်ရင်ကို အဆင်ပြေကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ဆယ်တန်းအထိ ရှေ့မှာကျွန်တော်ပြောတဲ့ သင်ကြားမှုပုံစံမျိုးနဲ့ မသင်ခဲ့ရတဲ့အတွက် Presentation အတွေ့အကြုံ၊ Group Project ၊ Team Work Project လိုဟာတွေ မလုပ်ဖူးတဲ့သူတွေကျတော့ ဒါတွေက သူတို့အတွက် အထူးအဆန်းဖြစ်နေပါတယ်။ ဒါတွေကို တက္ကသိုလ်ရောက်မှ စလေ့လာရတာဖြစ်တဲ့အတွက် သူတို့တွေမှာ အခက်အခဲတွေ ဖြစ်နေကြပါတယ်။ တက္ကသိုလ်ကျောင်းမှာ စာသင်တဲ့အခါမှာလည်း အခက်အခဲတွေ အများကြီးရှိလာပါတယ်။ ဘွဲ့ရသွားတဲ့အထိ တချို့ဆို လုပ်ငန်းခွင်ဝင်ဖို့ အဆင်သင့်မဖြစ်သေးတဲ့ လူငယ်တွေကို  တွေ့နေရပါတယ်။

နိုင်ငံတော်အနေနဲ့ ပိုမိုကောင်းမွန်တဲ့စနစ်တွေကို ရရှိနိုင်ဖို့အတွက် အခြေခံအုတ်မြစ်တွေချတဲ့ အခုလို အချိန်မျိုးမှာ နောက်ပိုင်းကျရင် အခြေခံပညာအဆင့်မှာတင် ကလေးတွေကို တကယ်အရည်အသွေးပြည့်မီအောင် လေ့ကျင့်ပေးသွားနိုင်အောင် သင်ကြားမှုပုံစံတွေကို ပြောင်းလဲသင့်တယ်လို့ မြင်ပါတယ်။

ဝန်ထမ်းတွေ၊ လူငယ်တွေကို ကြည့်တဲ့အခါမှာလည်း Gap တွေ အများကြီးရှိနေတာကို တွေ့ရပါတယ်။ နိုင်ငံခြားမှာ ကျွန်တော်စာသင်ခဲ့တုန်းက ဝန်ထမ်းတွေကို ကိုယ်အလိုရှိတာတွေကို ပြောလိုက်ပြီဆိုတာနဲ့ ချက်ချင်းအဆင်သင့်ဖြစ်အောင် ပံ့ပိုးပေးနိုင်ကြပေမဲ့ ဒီမှာကတော့ ဘာတွေလုပ်ရမယ်၊ ဘာတွေကိုတော့ ပြင်ဆင်ထားရမယ်ဆိုတာတွေကို မသိကြပါဘူး။ တကယ်လို့ ကိုယ်မသိတဲ့အကြောင်းအရာဆိုရင်လည်း လာမေးပြီး လုပ်ရမယ်ဆိုတဲ့ Attitute မရှိတဲ့ ဝန်ထမ်းတွေ အများကြီးကို တွေ့ရပါတယ်။

YCTCUWinMinThein3

ကိုယ်ပိုင်ကျောင်းဖွင့်ရာမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေရှိရင် . . .

ကျွန်တော်တို့က စာသင်ကျောင်းဖြစ်တဲ့အတွက် ဝန်ထမ်းကို အဓိကအားထားပြီး ရပ်တည်နေရတာ ဖြစ်ပါတယ်။ စာသင်ကျောင်းမှာ ဝန်ထမ်းလို့ ပြောလိုက်တာနဲ့တစ်ပြိုင်နက် Teaching Staff တွေကအစ Admin Staff တွေအထိ အကုန်လုံးပါလာပါတယ်။ တချို့ဝန်ထမ်းတွေဟာ အရည်အချင်းမပြည့်မီကြတဲ့အတွက် သူ့ဟာသူ စိတ်ပျက်ပြီးရေရှည်မလုပ်နိုင်ဘဲ ထွက်သွားရတာမျိုးတွေ ရှိပါတယ်။

တချို့ဝန်ထမ်းတွေဆို MBA သာ ပြီးလာပေမဲ့ မိတ္တူကူးစက်ဘယ်လိုသုံးရမှန်းမသိတဲ့၊ E-mail ဘယ်လိုသုံးရမှန်း မသိတဲ့သူတွေလည်း ရှိနေကြပါတယ်။ နိုင်ငံခြားက ပြန်လာတဲ့ကလေးတွေထဲက တချို့ဆိုရင် ဟိုမှာ ဘွဲ့မရခဲ့ဘဲ ဒီပလိုမာပဲပြီးပြီး ပြန်လာဦးတော့ နည်းနည်းပြောလိုက်တာနဲ့ အများကြီးအလုပ်ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။

ဒါကတကယ်တမ်းလူပေါ်ကို မူတည်တယ်လို့လည်း မြင်ပါတယ်။ တချို့တော်တဲ့ လူတွေ၊ ကျောင်းသားတွေဟာဆိုရင်လည်း အဝေးသင်သာ တက်ခဲ့တယ်ဆိုပေမယ့် အင်္ဂလိပ်လိုပါ ကောင်းကောင်းမွန်မွန် ပြောနိုင်တာတွေကို ကျောင်းသားထဲမှာတင် တွေ့ရပါတယ်။ မြန်မာပြည်မှာ ဝန်ထမ်းအင်အားမမျှတာက ကျွန်တော်တို့ဆီမှာ Skilled Labor တွေက ရှားတာရယ် အရည်အချင်း Gap ဖြစ်နေတာတွေရယ်က ရှိနေတာကြောင့် ဘွဲ့တစ်ခုကိုကြည့်လိုက်ရုံနဲ့ ဘယ်လောက်အရည်အချင်း ရှိမယ်ဆိုတာ မသိနိုင်ပါဘူး။

မြန်မာပညာရေးဈေးကွက်အပေါ် အမြင် . . .

ကျွန်တော်တို့က တဖြည်းဖြည်းနဲ့ စင်ကာပူလို ဖွံ့ဖြိုးတဲ့တိုင်းပြည်တွေ သွားတဲ့စနစ်တွေကို လိုက်နေတယ်လို့ မြင်ပါတယ်။ မြန်မာ့ပညာရေးမှာတော့ Quality Assurance (QA) လိုအပ်နေတဲ့အတွက် မြန်မာပြည်မှာ QA ကို ထိန်းပေးတဲ့ အဖွဲ့အစည်းတွေ ရှိဖို့လိုတယ်လို့ မြင်ပါတယ်။ စင်ကာပူမှာဆိုရင် Edu Trust ဆိုပြီး ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွဲ့ထားတဲ့ အဖွဲ့အစည်းရှိသလို၊ မလေးရှားမှာဆိုရင်လည်း MQA လို့ခေါ်တဲ့ မလေးရှား Quality Assurance လုပ်တဲ့ အဖွဲ့အစည်းရှိပါတယ်။ သူတို့တွေက ပုဂ္ဂလိကကျောင်းတွေကို နှစ်စဉ် စစ်ဆေးတာတွေ၊ ကျွန်တော်တို့ရဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ သင်ကြားနည်းစနစ်တွေ၊ သင်ကြားရေးအချိန်ကာလတွေအပြင် သင်ကြားတဲ့ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်းတွေကို ကြည့်ပြီး Edu Trust Certificate ပေးတာမျိုးတွေ ပြုလုပ်ပါတယ်။ Edu Trust ရမှသာ ဒီကောလိပ်တွေဟာ တခြားတိုင်းပြည်က ကျောင်းသားတွေကို လက်ခံနိုင်မှာဖြစ်တယ်ဆိုပြီး သတ်မှတ်ထားတာတွေ ရှိပါတယ်။ ကြားကာလမှာ Quality ကို ထိန်းပေးဖို့အတွက် လာရောက်စစ်ဆေးတာတွေ ရှိတဲ့အတွက် စင်ကာပူရဲ့ Qualification ဟာ တော်တော်လေး Standard ဖြစ်တယ်လို့ မြင်ပါတယ်။ မြန်မာ့ပညာရေးမှာလည်း အဲဒီလို Quality Insurance ကို ထိန်းတဲ့ အဖွဲ့အစည်းတွေ ရှိလာဖို့လိုသလို ကျွန်တော်တို့လို ပုဂ္ဂလိကသင်တန်းကျောင်းတွေကလည်း သူတို့တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်လို့ မြင်ပါတယ်။ ဒါဆိုရင် မြန်မာ့ပညာရေးဟာ တခြားတိုင်းပြည်တွေကပါ လက်ခံလာတဲ့  Standard ပြည့်မီတဲ့ ပညာရေးဖြစ်လာမယ်လို့ မြင်ပါတယ်။ အခုအချိန်မှာဆိုရင် ရလာတဲ့ဘွဲ့ချင်းအတူတူတောင် ဘွဲ့ပေးလိုက်တဲ့ ကောလိပ်ပေါ်မူတည်ပြီး အရည်အချင်းကွာနေတာမျိုးတွေ ဖြစ်နေပါတယ်။

YCTC ကျောင်းမှာတက်တာကြောင့် ရရှိတဲ့အခွင့်အလမ်းတွေ . . .

ကျွန်တော်တို့ဆီမှာ Diploma နဲ့အထက် တက်တဲ့ကျောင်းသားတွေဟာ e-library သုံးခွင့်ရှိသလို Hard Cover စာအုပ်တွေကိုလည်း ငှားခွင့်ရှိပါတယ်။ MSU ရဲ့ ကျောင်းသားတွေဟာဆိုရင်လည်း မလေးရှား MSU Library  ရဲ့ Password ကို ပေးထားတဲ့အတွက် ကျောင်းသားတွေက အွန်လိုင်းကနေ Library ကြည့်နိုင်တယ်။ နောက်ပြီး ကုမ္ပဏီတွေက ကျွန်တော်တို့ကျောင်းရဲ့ Notice Board မှာ အလုပ်ခေါ်ကြော်ငြာတွေ လာပြီးကပ်ကြတာကြောင့် ကျောင်းသားတွေအနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းအတွက်ကို ပူစရာမလိုဘဲ လျှောက်လို့ရနိုင်တယ်လို့ ပြောလိုပါတယ်။ ကျောင်းသားအလုပ်ရဖို့အတွက် Recruitment Agent အနေနဲ့ ဆောင်ရွက်ပေးနေတာမျိုးတော့ မဟုတ်ပါဘူး။