မက်ကဲလ်ရွိုင်း စေ့စပ်ပြန်ပြီ

McItroy1

ကမ္ဘာ့နံပါတ်တစ် ဂေါက်သီးသမားဟောင်းနှင့် ယနေ့ ကမ္ဘာ့နံပါတ်သုံး ဂေါက်သီးသမားဖြစ်သူ မြောက်အိုင်ယာလန်ပရို အသက် ၂၆ နှစ်ရှိ ရော်ရီမက်ကဲလ်ရွိုင်း (Rory McItroy) က မိန်းကလေးသူငယ်ချင်းအဖြစ် တွဲနေသူလေး အဲရစ်ကာစတိုးလ် (Erica Stoll) နှင့် စေ့စပ်လိုက်ပါပြီဟု ယမန်နှစ် ဒီဇင်ဘာလက သတင်းထုတ်ပြန်ခဲ့ပါသည်။ မက်ကဲလ်ရွိုင်းက စတိုးလ်အား ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၌ လက်ထပ်ခွင့်တောင်းခံခဲ့ခြင်း ဖြစ်ပါသည်။

မက်ကဲလ်ရွိုင်းထက် တစ်နှစ်သာငယ်သော စတိုးလ်သည် အမေရိကန် ပီဂျီအေအဖွဲ့အစည်း၏ ဝန်ထမ်းတစ်ဦးဖြစ်ပြီး ၂၀၁၄ ခုနှစ်ကတည်းက သူတို့နှစ်ဦး ချစ်သူများဖြစ်ခဲ့ကြသည်။ အဲရစ်ကာသည် အနေနိမ့်သူလေးဖြစ်ကြောင်း၊ ထင်ထင်ပေါ်ပေါ် ပပလွှားလွှား မနေတတ်ကြောင်း၊ ပြိုင်ပွဲများစွာတွင် သူ့အနား၌ရှိခဲ့ကြောင်း၊ သို့သော် လူမသိ၊ သူမသိ၊ မထင်မရှားသာနေခဲ့ကြောင်း မက်ကဲလ်ရွိုင်းက ပြောပြသည်။ သူက အဲရစ်ကာအား 'တည်ငြိမ်အေးဆေးစွာဖြင့် သူ့အပေါ် လွှမ်းမိုးနိုင်သူလေး' ဟု ညွှန်းဆိုခဲ့ပါသည်။

[caption id="attachment_25542" align="alignnone" width="423"]ရော်ရီမက်ကဲလ်ရွိုင်းနှင့် အဲရစ်ကာစတိုးလ်[/caption]

မက်ကဲလ်ရွိုင်းသည် ယခင်ကမ္ဘာ့နံပါတ်တစ် တင်းနစ်မယ်ဖြစ်ခဲ့ဖူးသူ ဒိန်းမတ်သူလေး ကာရိုလိုင်းဝုဇ်နီယပ်ကီနှင့် ချစ်ကြိုက်ခဲ့ဖူးပြီး စေ့စပ်ကြောင်းလမ်းသည်အထိ ရောက်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ် မေလတွင် လက်ထပ်ဖိတ်စာများပင်ဝေပြီးကာမှ စေ့စပ်မှု ဖျက်သိမ်းပြီး လမ်းခွဲခဲ့သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် အဲရစ်ကာနှင့် အချစ်ဇာတ်လမ်းစခဲ့ပါသည်။

သူနှင့် အဲရစ်ကာတို့က ၂၀၁၂ ခုနှစ် အောက်တိုဘာလ ရိုက်ဒါဖလားပြိုင်ပွဲကာလ၌ စတင်သိကျွမ်းခဲ့ကြသည်။ ထိုစဉ်ကတည်းက အဲရစ်ကာသည် ပီဂျီအေ (PGA of America) ၌ အလုပ်လုပ်နေခဲ့သည်။ ပီဂျီအေသည် ပီဂျီအေတိုး (PGA Tour) မဟုတ်ပါ။ ပီဂျီအေတိုးက တိုးပရိုများ၏ အဖွဲ့အစည်းဖြစ်ပြီး ပီဂျီအေကလပ်ပရိုများ၏ အဖွဲ့အစည်းဖြစ်ပါသည်။ အမေရိကန်တိုးပရိုများ သည် ပီဂျီအေတိုးသို့ သာမန်ပီဂျီအေသို့လည်း အသင်းဝင်ထားရပါသည်။ ပီဂျီအေက ချန်ပီယံရှစ်ပ်မေဂျာပွဲကြီးနှင့် ရိုက်ဒါဖလားပြိုင်ပွဲတို့ကို တာဝန်ယူကျင်းပနေသူဖြစ်ပေရာ သူ့အသင်းသို့ ဝင်မှသာ အမေရိကန်လက်ရွေးစင် အရွေးခံခွင့်ရှိပါသည်။ ပီဂျီအေသည် ၁၉၁၆ ခု နှစ်ကတည်းက စတင်ပေါ်ပေါက်ခဲ့သော အဖွဲ့အစည်းဖြစ်ပြီး ပရိုများအတွက် ယခင်က ဤအသင်းအဖွဲ့သာ ရှိခဲ့ပါသည်။ ၁၉၈၆ ခုနှစ်တွင်မှ ပီဂျီအေတိုးအဖွဲ့အစည်း ပေါ်ပေါက်လာခြင်းဖြစ်သည်။

အဆိုပါ ၂၀၁၂ ခုနှစ်က ရိုက်ဒါဖလားပြိုင်ပွဲသည် အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်ရှိ မယ်ဒိုင်းနားဂေါက်ကွင်းတွင် ကျင်းပခဲ့သည်။ ပြိုင်ပွဲကျင်းပနေစဉ် တစ်နေ့၌ ဥရောပအသင်းတည်းခိုနေထိုင်ရာ ဟိုတယ်တွင် မက်ကဲလ်ရွိုင်းသည် သူ၏ တာထွက်ချိန်ကို မှားယွင်းမှတ်သားခဲ့ပြီးနောက် သူ့အမှားကို ပြန်သိကာ ဂေါက်ကွင်းသို့ အမြန်ဆုံးသွားရောက်ရန် လိုအပ်နေခဲ့ပါသည်။ ရိုက်ဒါဖလားပြိုင်ပွဲအား ကျင်းပပေးသော ပီဂျီအေမှ ဝန်ထမ်းတစ်ဦးဖြစ်သူ အဲရစ်ကာက ထိုဟိုတယ်တွင် ပြိုင်ပွဲစီစဉ်ပေးမှုများအတွက် တာဝန်ကျနေပေရာ မက်ကဲလ်ရွိုင်းက သူ့အားလာပြောသည့်အခါ သူက ရဲအစောင့်အရှောက်ဖြင့် မက်ကဲလ်ရွိုင်း၏ ကားကို ဂေါက်ကွင်းသို့ အချိန်မီရောက်အောင် စီစဉ်ပေးခဲ့ပါသည်။ ထိုစဉ်ကစ၍ သူနှင့် မက်ကဲလ်ရွိုင်းတို့ စတင်သိကျွမ်းခင်မင်ခဲ့သည်။ ထိုနှစ်က ပြိုင်ပွဲတွင် မက်ကဲလ်ရွိုင်းတို့ ဥရောပအသင်းသည် နှစ်ရက်အပြီး ခြောက်မှတ် ဆယ်မှတ်ဖြင့် ရှုံးနေရာမှ နောက်ဆုံးနေ့ တစ်ဦးချင်း ၁၂ ပွဲတွင် ပြည်လည်အသာရကာ ပွဲအပြီးတွင် ၁၄ မှတ်ခွဲ ၁၃ မှတ်ဖြင့် ကပ်၍အနိုင်ရခဲ့ပါသည်။

၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် မက်ကဲလ်ရွိုင်းက သူနှင့် အဲရစ်ကာတို့ စေ့စပ်ပြီးပါပြီဟု သူ၏ Facebook တွင် ဖော်ပြခဲ့ပါသည်။ အဲရစ်ကာကို လက်ထပ်ခွင့်တောင်းရာ၌ ရှေးရိုးထုံးစံအတိုင်း ဒူးထောက်၍ ချစ်ခွင့်ပန်ခြင်းမျိုးတော့ မဟုတ်ပါဟုဆိုသည်။ သူတို့နှစ်ဦးသည် ပဲရစ်မြို့ကို နှစ်သက်ကြသည်။ မကြာခဏသွား ရောက်လည်ပတ်ကြသည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပဲရစ်၌ သူတို့နှစ်ဦးတွေ့ဆုံ၍ စေ့စပ်ရန် စီစဉ်ခဲ့ပြီးနောက် နိုဝင်ဘာလတွင် ပဲရစ်ဗုံးဖောက်ခွဲ အကြမ်းဖက်မှုပေါ်ပေါက်ခဲ့သဖြင့် သူတို့အစီအစဉ်အတွက် အလွန်စိုးရိမ်ခဲ့ကြရပါသေးသည်။ ဒီဇင်ဘာလတွင် အစီအစဉ်အတိုင်း ပဲရစ်သို့ လာကြသည့်အခါတွင်မူ စိုးရိမ်စရာများမတွေ့ရတော့၍ စိတ်အေးခဲ့ကြပြီး လက်ထပ်ခွင့်တောင်းနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်အား ယခုလိုအဆုံးသတ်နိုင်ခဲ့ခြင်းအပေါ် မက်ကဲလ်ရွိုင်းက ကျေနပ်ခဲ့ပါသည်။

McItroy3

၂၀၁၅ ခုနှစ်သည် စေ့စပ်မှုအပါအဝင် မှတ်သားစရာ အဖြစ်အပျက်များ စုံလင်ခဲ့သောနှစ်ဟု ဆိုရပါသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့၌ ဥရောပတိုး၏ Dubai Desert Classic ဗိုလ်စွဲခဲ့သည်။ မတ်လတွင် အမေရိကန် ပီဂျီအေတိုး၏ Honda Classic ၌ နှစ်ရက်နှင့်ပြုတ်ခဲ့သည်။ မေလ ၃ ရက်နေ့တွင် WGC Cadillac Match  Play ပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည်။ မေလ ၁၇ ရက်နေ့တွင် Wells Fargo ပြိုင်ပွဲဗိုလ်စွဲပြန်သည်။ တတိယကွင်းပတ်၌ ကွင်းစံချိန်သစ် ၆၁ ချက် စကိုးကိုပင် ရခဲ့သည်။ တစ်နှစ်ကျော် ဆက်တိုက်ရယူထားခဲ့သော ကမ္ဘာ့နံပါတ်တစ်နေရာအား သြဂုတ်လ ၁၆ ရက်နေ့တွင် ဂျော်ဒန်စပိသ်သို့ လွှဲပေးခဲ့ရသည်။ နွေရာသီ၌ ဘောလုံးကစား၍ရခဲ့သော ခြေမျက်စိဒဏ်ရာကြောင့် ဂေါက်သီးပြိုင်ပွဲများမှ နားခဲ့ရကာ ဇူလိုင်လ ဗြိတစ်ရှ်အိုးပင်းကိုပါ လွဲခဲ့သည်။ ဂေါက်သီးပြန်ကစားခဲ့ပြီးနောက် နိုဝင်ဘာလတွင် ဥရောပတိုး၏ နှစ်ပိတ်ပွဲကြီးဖြစ်သော DP World Tour Championship အား ဗိုလ်စွဲခဲ့ကာ ဥရောပတိုး၏ Race to Dubai သရဖူဖလားကိုပါ သုံးကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့သည်။ ဥရာပတိုး၏ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးသမားဆုကိုလည်း တတိယအကြိမ်အဖြစ် ချီးမြှင့်ခြင်းခံရပါသည်။

အမေရိကန်သူလေးဖြစ်သော အဲရစ်ကာသည် ဖလော်ရီဒါ၌ နေထိုင်သည်။ သူတို့နှစ်ဦးသည် ၂၀၁၆ ခုနှစ်အတွင်း လက်ထပ်ဖြစ်မည်ဟု ဆိုပါသည်။ ''သူကလေးက ထင်ထင်ပေါ်ပေါ်မနေချင်တဲ့သူပါ။ တီဗီအသံလွှင့်ရာမှာ ပါပါနေတဲ့ မိန်းကလေးတွေနဲ့ လုံးဝမတူတဲ့ သူလေးပါ။ ကျွန်တော့်ဘဝရဲ့ တစ်ခြမ်းမှာ သူကလေးရှိနေတာကို ကျေနပ်နှစ်သက်မိပါတယ်။ စေ့စပ်ဖြစ်တဲ့ ကျွန်တော်တို့ ကာယကံရှင်နှစ်ဦးလည်း စိတ်လှုပ်ရှားပျော်မြူးခဲ့ကြပါတယ်။ ကျွန်တော်တို့နှစ်ဦးရဲ့ မိဘတွေလည်း စိတ်လှုပ်ရှားပျော်ရွှင်ခဲ့ကြပါတယ်''လို့ မကြာမြင့်မီ ကမ္ဘာ့နံပါတ်တစ်နေရာကို ပြန်ရရန် ရည်မှန်းထားသူ မက်ကဲလ်ရွိုင်းက ပြောပြခဲ့ပါသည်။

ဝင်းမြင့်သိန်း