ယခုလတွင် မိတ်ဆက်ပေးလိုသည့်စာအုပ်မှာ Robert Kuok ပူးတွဲရေးသားထုတ်ဝေသည့် Robert Kuok ဘ၀မှတ်တမ်းပင်ဖြစ်ပါသည်။ ကျွန်တော်လေးစားအထင်ကြီးဂုဏ်ယူရသည့် အာရှတိုက်သားဘီလျံနာတစ်ဦးဖြစ်သူ Robert Kuok ၏ ဘဝသမိုင်းကြောင်းနှင့်ပတ်သက်၍ စာအုပ်များထွက်ဖူးသော်လည်း ဤ Robert Kuok: A Memoir သည်သာ သူကိုယ်တိုင်ရေးသားထားသည့် ဘဝမှတ်တမ်းဖြစ်ရာ စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။

ကျွန်တော့်အနေဖြင့် အခြားဖတ်ရှုလေ့လာသင်ယူလိုသူတစ်ဦးမှာ ဟောင်ကောင်မှလီကားရှင်း (Li Ka-shing)ပင် ဖြစ်ပါသည်။ Robert Kuok: A Memoir စာအုပ်မှာ 140 x 210 x 34.8 mm အရွယ်အစားရှိပြီး စာမျက်နှာ ၃၈၀ ခန့်ရှိသော်လည်း လက်ကမချချင်လောက်အောင်ပင် ဆွဲဆောင်မှုကောင်းလှပေသည်။ နိုဝင်ဘာလ ၂၀၁၇ ခုနှစ်တွင်ထုတ်ဝေခဲ့ပြီး စင်ကာပူ၊ ထိုင်း စသည့်နိုင်ငံများရှိ စာအုပ်ဆိုင်များတွင် အလုအယက်ဝယ်ယူခဲ့ပြီး လူတစ်ဦးလျင်နှစ်အုပ်၊ သုံးအုပ်ထက်ပိုမရောင်းခြင်းမျိုးလည်း လုပ်ခဲ့ရသည့်အပြင် နောက်ပိုင်းတွင် ကြိုတင်မှာယူသည်ကိုပင် တစ်အုပ်သာရောင်းချသည်ထိ အရောင်းစံချိန်တင်ခဲ့လေသည်။ အကြမ်းဖျင်းအားဖြင့် မိသားစု၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနှင့် ဘဝခံယူချက်များကို အခန်းကြီး ခုနစ်ခန်းတွင် လေ့လာနိုင်ပါသည်။
မိသားစုနှင့်ပတ်သက်၍ Robert Kuok က သူ့မိခင်ကြီး၏ သွန်သင်ပုံသွင်းမှုကို အထူးပြုဖော်ပြထားသည်။ မိဘသဘောတူသည့် အိမ်ထောင်အနေဖြင့် ဖခင်မှာ မိခင်ကိုအမြဲတမ်းအပြစ်ဖို့ ပြဿနာရှာရုံမျမက ဘိန်းရှူခြင်းနှင့် လောင်းကစားခြင်းနှင့်သာ အချိန်ကုန်လေ သည်။ လေးယောက်မြောက်ဦးလေးမှ ၁၉၀၆/၁၉၀၇ ခုနှစ်ခန့်တွင် စင်ကာပူကျွန်းသို့ စတင်ရောက်ရှိလာပြီး တရုတ်ကုန်စုံဆိုင်တွင် စာရေးအဖြစ် စတင်လုပ်ကိုင်ခဲ့ပြီး ထို့နောက် Robert Kuok ၏ဖခင်ကို ခေါ်ယူခဲ့ပါသည်။ မိခင်မှာ ငယ်စဉ်ကတည်းက သစ္စာရှိရန်နှင့်ကျေးဇူးသိတတ်ရန်၊ အထူးသဖြင့် ကြွားဝါမှုကင်းရန်သွန်သင်လေသည်။ ကွန်ဖြူးရှပ်နှင့်မန်စီးယပ် (စကားချပ်။ ဒုတိယကွန်ဖြူးရှပ်ဟု ထင်ပေါ်ကျော်ကြားသူ) တို့၏ သင်ကြားမှုကိုအခြေခံ၍ သားများကိုရိုးသားမှု၏အနှစ်သာရနှင့် လိမ်လည်လှည့်ဖြားမှုမရှိရန် အမြဲဆုံးမလေသည်။ ထို့ပြင် အစားအသောက်နှင့်ပတ်သက်၍ ဖြုန်းတီးမှုမရှိရန် အမြဲတမ်း ''ပန်းကန်ထဲက ဆန်တစ်စေ့မှ အလဟဿမဖြစ်စေနဲ့နော်။ ဆန်တစ်စေ့တိုင်းဟာ လယ်သမားတစ်ယောက်ရဲ့ သွေးနဲ့ချွေးကို ကိုယ်စားပြုတယ်'' ဟု သတိပေးတတ်လေသည်။
Robert Kuok က ''အမေနဲ့ပတ်သက်လို့ တစ်ကြောင်းတည်း အတိုချုံးသရုပ်ဖော်ရရင်တော့ အမေ့လိုကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့သူတစ်ယောက်မှ မတွေ့ဖူးဘူး'' ဟု ညွှန်းဆိုလေသည်။ Robert Kuok အမေက တည်ငြိမ်ကြင်နာစွာဖြင့် သတိပေးတတ်သည်မှာ ''ဘယ်တော့မှလောဘမကြီးနဲ့၊ တရုတ်ပြည်က ဆင်းရဲတဲ့သူတွေကိုမမေ့နဲ့'' ဟုဖြစ်ပြီး တစ်ကိုယ်ကောင်းဆန်ခြင်းကင်းလျက် အမြဲတမ်းတရားမျတမှုရှိရန် သတိပေးတတ်ပါ သည်။
မိခင်ကြီးမှ Robert Kuok နှင့် သားများကို လောဘမကြီးရန်နှင့် ပိုက်ဆံရှာရာတွင် အကျင့်စာရိတ္တကိုရှေ့တန်းဦးစားပေးရမည်ဖြစ်ကြောင်း အမြဲသွန်သင်လေသည်။ တစ်နေ့တွင် မိခင်ကြီးမှ Robert Kuok အား ကွာလာလမ်ပူ၊ ဟောင်ကောင်နှင့် စင်ကာပူရှိ ရုံးခန်းများတွင် ချိတ်ဆွဲထားရန် 'လောဘကြီးသူမဖြစ်ရန်၊ အမြတ်ကြီးစားသူမ ဖြစ်ရန်၊ လူမှုဝန်းကျင်အတွက် အမြဲစဉ်းစားရန်' စာတန်းပါသည့် သစ်သားပြားသုံးခုပေးခဲ့ပါသည်။ ငွေကြေးချမ်းသာမှုနှင့်ပတ်သက်၍ မိခင်ကြီးမှ ''အခွင့်အရေးတွေကို တစ်ကိုယ်ကောင်းဆန်စွာ အကုန်လုံးမသုံးဖြစ်လိုက်နဲ့ ... နောင်လာနောက်သားတွေနဲ့ မင်းတည်ထောင်ခဲ့တဲ့ အဖွဲ့ အစည်းတွေအတွက်ချန်ထားနော်' ဟု သတိပေးလေသည်။ မိခင်ကြီးမှ ချမ်းသာကြွယ်ဝလိုပါက နာမည်ကောင်းနှင့် ကျန်းမာရေးကို လိုအပ်ကြောင်းအမြဲသတိပေး လေသည်။
ပထမဇနီး Joyce Cheah နှင့် ကလေးငါးဦးထွန်းကားခဲ့ပြီး ဒုတိယဇနီး Ho Poh Lin နှင့် ကလေးသုံးဦးထွန်းကားခဲ့ပါသည်။စီးပွားရေးနှင့်ပတ်သက်၍ Robert Kuok သည် ဖခင်ကြီး၏ ကုမ္ပဏီကိုဆက်ခံပြီး ဆန်ရောင်းဝယ်ဖောက်ကားခြင်းကို အဓိကထားလုပ်ကိုင်ခဲ့ပါသည်။ ထိုခေတ်အခါ အင်္ဂလိပ်လူမျိုးပိုင်ဘဏ်များက တရုတ်လူမျိုးတို့၏ စီးပွားရေးအတွက် ငွေကြေးချေးငှားလိုစိတ်မရှိကြပေ။ ထို အချိန်တွင် Bangkok Bank တည်ထောင်သူ Chin Sophonpanich ၏ မိတ်ဆွေကောင်းပီသမှုကြောင့် ငွေချေးခွင့်ရခဲ့ပါသည်။ ရခဲ့သည့်သင်ခန်းစာတစ်ခုမှာ 'ဘဏ်လုပ်ငန်းရှင်များအနေဖြင့် ငွေချေးရန် မလိုသူများကိုသာ ငွေချေးလိုခြင်း'ပင်ဖြစ်ပါသည်။
၁၉၄၉ ခုနှစ်တွင် Robert Kuok နှင့် Robert Kuok မိသားစုအဖွဲ့ဝင်များက Kuok Brothers Limited ကို တည်ထောင်ခဲ့ပါသည်။ ဆန်ရောင်းဝယ်ဖောက်ကားခြင်း လုပ် ကိုင်စဉ် ၁၉၅၅ ခုနှစ်တွင် ရန်ကုန်မြို့သို့ရောက်ရှိခဲ့ဖူးပါသည်။ အမြတ်အစွန်းရာခိုင်နှုန်းနည်းပါးသည့် ဆန်လုပ်ငန်းလုပ်ကိုင်နေရာမှ အတက်အကျမြန်သည့် သကြားရောင်းဝယ်ခြင်းကို စိတ်ဝင်စားလာပြီး ၁၉၅၈ တွင် စတင်လုပ်ကိုင်ခဲ့ပါသည်။ Robert Kuok မှ သကြားကို ဈေးအပေါဆုံးမရှိမဖြစ်လိုအပ်သည့် ဇိမ်ခံပစ္စည်းဟုသမုတ်လေသည်။ ထိုမှတစ်ဆင့် ၁၉၆၄ တွင် Malayan Sugar Manufacturing Co Ltd (MSM) စက်ရုံတည်ထောင်ပြီး ယနေ့အချိန်တွင် တစ်နေ့လျင် သကြားတန်သုံးထောင် နေ့စဉ်ထုတ်ပေး လေသည်။
Robert Kuok အနေဖြင့် ဂျပန်တို့ထံမှလေ့လာသင်ယူရသည်မှာ ဂျပန်တို့အနေဖြင့် ပမာဏကြီးမားသော ပစ္စည်း၊ တည်ရှိပြီးသော ဈေးကွက်နှင့်ပုံမှန်လိုအပ်သော ပစ္စည်းများကိုအာရုံစူးစိုက်လုပ်ကိုင်ခြင်းဖြစ်ပါသည်။ ထို့ပြင် ဂျပန်တို့အနေဖြင့် ညှိုနှိုင်းလုပ်ကိုင်ရာ၌ ထပ်ခါတလဲလဲအကြောင်းအရာတစ်ခုကို ဆွေးနွေးခြင်းဖြင့် တစ်ဖက်သားစိတ်ဓာတ်ကို ချိုးနှိမ်ခြင်းဖြစ်ပါသည်။
၁၉၆၈ ခုနှစ်တွင် Shangri-La Singapore တည်ဆောက်မည့်နေရာ၏ ၁၀ ရာခိုင်နှုန်းကို Robert Kuok အားကမ်းလှမ်းခဲ့လေသည်။ ဤသည်မှာ Shangri-La Hotels & Resorts လုပ်ငန်းစုအစပြုစေသည့် ခြေလှမ်းပင်ဖြစ်ပါသည်။ ထိုနေရာမှတစ်ဆင့် မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်တွင် ဟိုတယ်ပေါင်းတစ်ရာ ကျော်တည်ထောင်နိုင်သည်မှာ စိတ်ဝင်စားဖွယ်ရာဖြစ်ပါသည်။
၁၉၆၅ ခုနှစ်တွင် တရုတ်ပြည်ကို ပထမဆုံးအကြိမ် သွားရောက်လေ့လာခဲ့ပြီး ၁၉၇၀ ခုနှစ်အလယ်တွင် ပြန်လည်ရောက်ရှိလာခဲ့ပါသည်။ ခေတ်အဆက်ဆက်ရှိ တရုတ်ခေါင်းဆောင်များနှင့် ရင်းနှီးမှုတည်ဆောက်နိုင်ခဲ့သည်မှာ ယနေ့လက်ရှိ သမ္မတရှီကျင့်ဖျင်အထိဖြစ်ပါသည်။ ၂၀၀၇ ခုနှစ်၊ မတ်လတွင် တူဖြစ်သူ Khoon ၏ Wilmar နှင့်ပူးပေါင်း၍ ကမ္ဘာ့အကြီးဆုံးစားသုံးဆီ၊ သကြား၊ ပဲနှင့် ထုတ်ကုန်ပစ္စည်းများထုတ်လုပ်သည့် Wilmar International Ltd ကို တည်ထောင်ခဲ့ပါသည်။
၁၉၄၉ ခုနှစ်တွင် လူငါးဦးနှင့် တည်ထောင်ခဲ့သည့် Kuok Brothers အနေဖြင့် အုပ်စုကြီး သုံးအုပ်စုအနေဖြင့် ရပ်တည်နိုင်နေပြီဖြစ်ပါသည်။ Kuok Brothers Private Ltd (1949), Kuok (Singapore) Ltd (1952) နှင့် Kerry Holdings Limited (HK) (1974) ဖြစ်ပါသည်။ ၁၉၉၃ ခုနှစ်တွင် South China Morning Post သတင်းစာ၏ ရှယ်ယာဝင်ဖြစ်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ မတ်လတွင် Jack Ma ကို ရောင်းချခဲ့ပါသည်။
Robert Kuok ၏ ခံယူချက်နှင့် တွေးခေါ်ချက်တို့မှာ စိတ်ဝင်စားဖွယ်ရာကောင်းလှပါသည်။
- အောင်မြင်သော စီးပွားရေးသမားဖြစ်လိုပါက နံနက်တိုင်းသွားတိုက်သကဲ့သို့ အာရုံငါးပါးလုံးရှင်းလင်း ကြည်လင်ရန်လိုအပ်ပါသည်။
- အနာဂတ်တွင် အောင်မြင်မှုဆိုသည် ဈေးကွက်ပေါ် မှန်ကန်စွာ ခန့်မှန်းသုံးသပ်နိုင်မှု၊ အလိုအလျောက်တုံ့ပြန်နိုင်မှုနှင့် စည်းချက်မှန်မှန်လှုပ်ရှားနိုင်မှုတို့အပေါ် မူတည်လေသည်။
- ကမ္ဘာပေါ်တွင် နှိမ့်ချစွာ၊ ဖြောင့်မတ်တည်ကြည်စွာ၊ ရိုးသားဖြောင့်မတ်စွာ၊ တစ်ပါးသူအပေါ်အခွင့်အရေး မယူသူများအတွက် အမြဲနေရာရှိပါသည်။
- အာရှတွင်စီးပွားရေးဆောင်ရွက်ပါက ဥပဒေဆိုင်ရာစာရွက်စာတမ်းများ အဓိကအခြေမခံသင့်ဘဲ အပေးအယူရှိရန်နှင့် မိတ်ဆွေကောင်းပီသစွာ ဆက်ဆံနိုင်မှုတို့သည် အရေးပါလှပါသည်။
- Kuok အုပ်စုအနေဖြင့် သင်္ဘောလုပ်ငန်းကို စတင်ဆောင်ရွက်နေချိန်တွင် Robert Kuok အနေဖြင့် မည်သည့်စီးပွားရေးလုပ်ငန်းမျိုးမဆို လုံ့လဝီရိယ၊ ရိုးသားမှုနှင့် အခြေခံအကြောင်းတရားများကို လေ့လာခြင်းဖြင့် လုပ်ကိုင်နိုင်သည်ဟု ဆိုလေသည်။
- အလိုအလျောက်သိရှိတုံ့ပြန်နိုင်မှုနှင့် ပါရမီတို့သည် မွေးရာပါစွမ်းရည်တို့ဖြစ်လေသည်။
- ဝန်ထမ်းကို ငှားရမ်းမည်ဆိုလျင် ရိုးသားမှု၊ အလုပ်ကြိုးစားမှုနှင့် ဉာဏ်ရည်ဉာဏ်စွမ်းရှိသူကို ဦးစားပေးလေသည်။
- တရုတ်စကားပုံတစ်ခုဖြစ်သည့် ဆုံးရှုံးမှုဆိုသည် အောင်မြင်မှု၏မိခင်ဖြစ်ပါသည်။
- တရုတ်တို့အနေဖြင့် စည်းကမ်းရှိမှုနှင့် စည်းလုံးညီ ညွတ်မှု အားနည်းသည်။
- တရုတ်ပြည်အနေဖြင့် အဓိကစိန်ခေါ်ချက်နှစ်ရပ်မှာ ကိုယ်ကျင့်တရားအခြေခံသည့် ပညာရေးစနစ်ပြန်လည် ထူထောင်ရန်နှင့်ခိုင်မာသော တရားဥပဒေစီရင်ရေး တစ်ရပ် ပေါ်ထွန်းရေးတို့ဖြစ်ပါသည်။
- စီးပွားရေးလုပ်ရာ၌ အာရုံစူးစိုက်မှုရှိရန်၊ ကြိုးစားလုပ်ကိုင်ရန်နှင့် ပါးနပ်စွာလုပ်ကိုင်တတ်ရန် လိုအပ်သကဲ့သို့ အရေထူရန်နှင့် ငြူစူပြစ်တင်ဝေဖန်မှုကို ခံနိုင်ရန် အရေးပါလှပါသည်။
- ချမ်းသာကြွယ်ဝမှုကို စနစ်တကျအသုံးချရန် လိုအပ်ပါသည်။
၁) ပြန်လည်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အခွင့်အရေးသစ်များ ပိုမိုကောင်းမွန်သောအခွင့်အရေး ဖန်တီးရန်
၂) လူသားအကျိုးပြုလုပ်ငန်းများတွင် လှူဒါန်းခြင်းဖြစ်ရန်တို့ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း ယနေ့လူငယ်များ မှန်ကန်စွာ ဂုဏ်ယူလေးစားအတုယူနိုင်သည့် ခေါင်းဆောင် များပေါ်ထွက်လာရန် မျော်လင့်ပါကြောင်း ...

Robert Kuok ၏ ဘဝအကြောင်း
Robert Kuok ကို ၁၉၂၃ ခုနှစ်၊ အောက်တိုဘာလ ၆ ရက်တွင် မလေးရှားကျွန်းဆွယ်၌ မွေးဖွားခဲ့ပါသည်။ ၂၀၁၉ ခုနှစ်၊ မတ်လထုတ် Forbes Magazine တွင် အမေရိကန်ဒေါ်လာ ၁၂.၈ ဘီလီယံကြွယ်ဝသည်ဟု ဖော်ပြထားလေသည်။ မီဒီယာနှင့် ထိတွေ့ရန်ဝန်လေးသူဖြစ်ပြီး ကြံစိုက်ခင်း၊ သကြားသန့်စင်စက်၊ ဂျုံစိုက်ခင်း၊ စားအုန်းဆီ၊ တိရစ္ဆာန်အစာ၊ သယံဇာတတူးဖော်ရေး ၊ ငွေကြေးရင်းနှီးမှု၊ ဟိုတယ်၊ အိမ်ရာမြေ၊ ကုန်သွယ်ခြင်း၊ သင်္ဘောကုန် စည်ပို့ဆောင်ခြင်းနှင့် ပုံနှိပ်ထုတ်ဝေရေးလုပ်ငန်းများ လုပ်ကိုင်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်၊ မတ်လတွင် မလေးရှားဝန်ကြီးချုပ် (ဟောင်း) ဒေါက်တာမဟာသီယာ၏ အထူးအကြံပေးအဖွဲ့ဝင်ငါးဦးအနက် တစ်ဦးအဖြစ် တာဝန်ပေးခံရပါသည်။
ဒေါက်တာသာထွန်းဦး