နိုင်ငံတကာစာအုပ်အညွှန်း

The Ruler’s Guide

ဒေါက်တာသာထွန်းဦး

ယခုလတွင် မိတ်ဆက်ပေးလိုသည့်စာအုပ်မှာ Ching Hua Tang ၏ The Ruler’s Guide စာအုပ်ဖြစ်ပါသည်။ ကျွန်တော်တို့အများစုအနေဖြင့် စီးပွားရေးနှင့်စီမံခန့်ခွဲမှုဆိုင်ရာမဟာဗျူဟာများနှင့် နည်းဗျူဟာများလေ့လာလျင် တရုတ်ပညာရှင်ကွန်ဖြူးရှပ်နှင့် ဆွန်ဇူးတို့ထံမှသာဖြစ်ပြီး တရုတ်အင်ပါယာတစ်ဦးဖြစ်သူ Tang Taizong ထဲမှ မကြားဖူးသလောက်ပင်ဖြစ်ပါသည်။ ရှေးတရုတ်နိုင်ငံ၏ အရှည်ကြာဆုံးနန်းဆက်ဖြစ်သည့် Tang မင်းဆက်၏ ပူးတွဲတည်ထောင်ခဲ့သူအင်ပါယာ Taizong သည် သမိုင်းတွင်ကြီးကျယ်လှသည့် သြဂတ်စတပ်စ်၊ ဂျင်ဂျစ်ခန်နှင့် နပိုလီယံတို့နှင့် တစ်တန်းတည်းထားခံရသူဖြစ်ပြီး စွမ်းဆောင်မှုတွင် တစ်ချို့ကိစ္စများတွင် ပိုမိုသာလွန်သည်ဟုပင် ဆိုနိုင်ပါသည်။

သူ၏လက်ထက်တွင် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင်အကြီးဆုံးနှင့် အင်အားအရှိဆုံးနိုင်ငံတစ်ခုအဖြစ်ရပ်တည်နိုင်ခဲ့ပါသည်။ Taizong ၏ပြောင်မြောက်သော လုပ်ဆောင်မှု့တစ်ချို့မှာ

– နန်းမတက်ခင် အသက် ၂၈နှစ် အရွယ်ကတည်းကပင် မင်းအတိုင်ပင်ခံအဖွဲ့ကို ဖွဲ့စည်းနိုင်ခြင်း။

– စီမံခန့်ခွဲမှုအထုံပါရမီရှိသူတစ်ဦးပီပီ အဓိကပေါ် လစီများနှင့် အရေးပါသောဆုံးဖြတ်ချက်များမှန်သမျှ နန်းတော်တွင်း၌ဦးဆောင်ဆုံးဖြတ်ခြင်း

– ရန်သူတစ်ထောင်ခန့်ကို ကိုယ်တိုင်သုတ်သင် နိုင်ခဲ့သည်။ မြားပစ်ခြင်း၊ အမဲလိုက်ခြင်း၊ မြင်းစီးခြင်း၊ ကဗျာဆရာ၊ သီချင်းစပ်ဆိုသူနှင့်တရုတ်စာလုံးလှများရေးသူစသည့် စွယ်စုံပညာရှင်တစ်ဦးဖြစ်ပါသည်။

– Taizong ခေတ်တွင် ခရစ်ယာန်နှင့် အစ္စလမ်ဘာသာကို ပထမဆုံးခွင့်ပြုခဲ့ပြီး တိဗက်တွင် ဗုဒ္ဓဘာသာသာသနာကို အစပျိုးနိုင်ခဲ့ပါသည်။

စသည့် အရည်အချင်းများ ပိုင်ဆိုင်သူအင်ပါယာ Tang Taizong ၏ စီမံခန့်ခွဲမှုပုံစံများကို စာရေးဆရာ Chinghua Tang က The Ruler Guide တွင် အခန်း ၁၂ ခန်းဖြင့် တင်ပြထားပါသည်။ စာရေးသူက The Ruler Guide တွင် ဗဟုသုတတိုးပွားစေရန် မည်သို့လုပ်ဆောင်သင့်သည်၊ လူကိုမည်သို့အကဲခတ်ရမည်၊ ပင်ကိုယ်စွမ်းရည်နှင့် စရိုက်လက္ခဏာကြားဆက်နွှယ်မှုကို မည်သို့ကိုင်တွယ်ရမည်၊ ခေါင်းဆောင်မှုအရည်အချင်းကို မည်သို့ကျင့်ကြံသင့်သည်၊ အဖွဲ့ အစည်းဆိုင်ရာထိရောက်စွာ စွမ်းဆောင်နိုင်မှု့ကို မည်သို့မြှင့်တင်သင့်သည်၊ ပြိုင်ဖက်များကို မည်သို့ရင်ဆိုင်သင့်သည်နှင့် ရေရှည်အောင်မြင်မှုအတွက် မည်သို့ဆောင်ရွက်သင့်သည် စသည့်လက်ရှိကာလစီမံခန့်ခွဲမှုအကြောင်းအရာများကို အတွင်းကျကျလေ့လာသိရှိနိုင်ရန် ဖော်ပြထားသည်ဟုဆိုလေသည်။ ဤစာအုပ်မှတဆင့် Taizong ၏ ဉာဏ်ပညာအစွမ်းကို အနောက်ကမ္ဘာသို့ ပထမဆုံးမိတ်ဆက်ပေးခြင်းဖြစ်ပါသည်။

အခန်း (၁) သည် အင်ပါယာဘုရင်ဖြစ်ခြင်း အခန်းဖြစ်သည်။ အဖွင့်တွင် ‘စွမ်းပကားကြီးကျယ်သူတစ်ယောက်ဟာ လူတော်လူကောင်းတွေကို ဆွဲဆောင်စည်းရုံးနိုင်ရုံမျမက ဘယ်လိုကိုင်တွယ်အုပ်ချုပ်ရမယ်ဆိုတာသိတယ် ” ဟူ​သော Goethe ၏ဆိုစကားနှင့် ဖွင့်ထားလေသည်။ အသက် ၂၈ နှစ်တွင် အင်ပါယာဘုရင်ဖြစ်လာသူ Taizong သည် မိမိအလုပ်တာဝန်ကို စိတ်ပါလက်ပါလေ့လာသင်ယူလုပ်ကိုင်လေသည်။ သူက “ခေါင်းဆောင်တစ် ယောက်မှာ နှလုံးသားတစ်ခုပဲရှိတာဆိုပေမယ့် လူအများ အတွက် စဉ်းစားရမယ်။ နည်းမျိုးစုံနဲ့ တိုက်ခိုက်တာခံနိုင်ရမယ်။ စိတ်ဓာတ်ကြံခိုင်မှုမရှိရင် မျက်စိတစ်မှိတ်လျှပ်တစ်ပြက် အတွင်းမှာ အမှားကျူးလွန်နိုင်ပြီးတယ်။

အဲဒါကြောင့် စီမံခန့်ခွဲအုပ်ချုပ်တဲ့ ခေါင်းဆောင်ဖြစ်ဖို့ ခက်ပါတယ်”ဟုဆိုလေသည်။ ဖြောင့်မတ်မှန်ကန်တည်ကြည်ခြင်းနှင့် ပတ်သက်၍ “ခေါင်းဆောင်ဟာမတ်မတ်ရပ်မှသာ ကိုယ့်လိပ်ပြာကိုယ်လုံလိမ့်မယ်။ ကိုယ့်အရိပ် ကိုယ်လန့်စရာမလိုဘူး။ ပုံသက်သေကောင်း ကိုယ်ကပြမှ နောက်လိုက်တွေက လိုက်လုပ်လိမ့်မယ်။ အဲဒါကြောင့် ကိုယ့်အားနည်းချက်တွေကို မြင်အောင်ကြည့်ရဲပြီး ပြုပြင်နိုင်ဖို့လိုတယ်”ဟု ဆိုလေသည်။ တစ်ဆက်တည်း”ကိုယ့်အမှားကို ဖုံးကွယ်ထားတဲ့သူဟာလူအထင်သေးပြီး ဟားစရာဖြစ်တဲ့ ခေါင်းဆောင်သာဖြစ်တယ်”ဟု သတိပေးလေသည်။ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ “ခေါင်းဆောင်ဟာ ခန္ဓာကိုယ်ရဲ့ခေါင်းနဲ့တူကာ စီမံခန့်ခွဲမှုတာဝန်ရှိသူတွေဟာ ခန္ဓာကိုယ်ရဲ့ လက်၊ ခြေစတဲ့ အစိတ်အပိုင်းတွေနဲ့တူပြီး တစ်စိတ်တည်းတစ်သားတည်းရှိဖို့လိုပြီး ဒါမှလည်းအထိရောက်ဆုံး လုပ်ဆောင်နိုင်မှာဖြစ်တယ်’ ဟု ဆိုလေသည်။

ထို့ပြင်ခေါင်းဆောင်တစ်ဦးအနေဖြင့် နှိမ့်ချခြင်း ရှိဖို့လိုအပ်ပါသည်ဟု သတိပေးလေသည်။ သူ၏ဝန်ကြီးတစ်ပါးဖြစ်သူ Wei Zhang က ဘုရင်ကြီးကို “နိဒါန်း ကောင်းတွေအများကြီး ကြုံတွေ့ကြားသိရပေမယ့် နိဂုံး ကောင်းနည်းတာကို သတိရပြီး မင်းကြီးအနေနဲ့ နှိမ့်ချပြီး၊ ပွင့်လင်းမြင်သာစွာအုပ်ချုပ်မှသာ ကျွန်​တော် တို့ နန်းဆက်ရှည်လိမ့်မယ်”ဟုသတိပေးလေသည်။

အခန်း (၂) တွင် လူ့အရင်းအမြစ်နှင့်ပတ်သက်၍ Taizang က အိမ်ရှေ့မင်းသားအား သူ၏ အတွေ့အကြုံဝေမျှရာတွင် “အမြော်အမြင်ရှိလာတဲ့ ခေါင်းဆောင်ဟာ လူ့ရွေးရာမှာကျွမ်းကျင်တဲ့ လက်သမားဆရာတစ်ယောက်သစ် ရွေးသလို သစ်အမျိုးအစားနဲ့ ပုံသဏ္ဍာန်ကိုကြည့်ပြီးလှည်းဝင်ရိုး ၊ သို့မဟုတ် လှည်းဘီး၊ သို့မဟုတ် အိမ်အမိုး စသလို အသုံးချရတယ်။ လူမှန်နေရာမှန်သုံးတတ်ဖို့ လိုတယ်”ဟု ပြောကြားလေသည်။တစ်ဆက်တည်း “အရည်အချင်းပြည့်စုံတဲ့သူကို သေးသိမ်တဲ့တာဝန်မပေးသင့်သလို အရည်အချင်းမပြည့်တဲ့သူကို မထိုက်တန်တဲ့ အရေးကြီးတဲ့ တာဝန်မပေးသင့်ဘူး။

လူမှန်နေရာမှန်မဟုတ်ဘဲ လူညံ့လူဖျင်းတွေကို နေရာပေးမိရင် ပြဿနာဒုက္ခတွေကို အမြဲရင်ဆိုင်နေရလိမ့်မယ် အရည်အချင်းလုံး၀ မပြည့်စုံတဲ့သူကို ဘယ်တော့အသုံးမပြုတာ နေရာမပေးတာ အကောင်းဆုံးပဲ” ဟု သတိပေးလေသည်။ ထို့ပြင် သူ၏ဝန်ကြီး Wei Zhang က “အရည်အချင်းမပြည့်တဲ့သူတွေများလို့ဆိုပြီး အရည်အချင်းရှိသူတွေကို လူတွေဆီက အကြံပြုခိုင်းတာလုံးဝမလုပ်သင့်ဘူး … ဘာလို့လဲဆိုတော့ လူတွေကိုသိဖို့မလွယ်ဘူး … ပညာမဲ့သူတစ်ယောက်အနေနဲ့ ကိုယ့်ဟာကိုယ်တော်တယ်ဆိုပြီး မရှိတဲ့အရည်ချင်းတွေကို လူတွေအထင်ကြီးအောင် ဖန်တီးတတ်တော့ လူတွေကိုအကြံပေးခိုင်းရင် အဲဒီလိုအရည် အချင်းမဲ့တဲ့အခွင့်အရေးယူတဲ့ လူတွေနေရာရလာလိမ့်မယ်” ဟု အကြံပြုလိုသည်။

ဝန်ကြီး Wei Zhang က နိုင်ငံ့ဝန်ထမ်ကောင်း(ခေါင်းဆောင်ကောင်း) ခြောက်မျိုးမှာ …

၁။ လာမည့်အနာဂတ်ကို ကြိုတင်တွေးမြင်သုံးသပ်နိုင်ပြီး ကြိုတင်ပြင်ဆင်နိုင်သူ

၂။ ခေါင်းဆောင်အားတာဝန်နှင့် ​ပေါ်လစီနှင့်ပတ်သက်၍ အကြံကောင်းပေးနိုင်သူ

၃။ အလုပ်ကြိုးစားလုပ်ကိုင်ပြီး လူတော်လူကောင်းများနှင့် မိတ်ဆက်ပေးနိုင်သူ

၄။ ခေါင်းဆောင်၏အမှားထောက်ပြပြီး မှန်ကန်သည့် ရှု့ထောင့်ကို ညွှန်ပြနိုင်သူ

၅။ ဥပဒေကို လုံးဝလိုက်နာပြီး အဂတိကင်းကာ ရိုးရှင်းသော ဘဝပိုင်ဆိုင်သူ

၆။ စကားဗလောင်းဗလဲမပြောဆိုဘဲ အမှန်တရားအတိုင်းပြောဆိုရဲသူတို့ဖြစ်ကြောင်းနှင့် နိုင်ငံ့ဝန်ထမ်းဆိုး (ခေါင်းဆောင်ဆိုး) ခြောက်မျိုးမှာ …

၁။ ကိုယ်ကျင့်တရားခံယူချက်မရှိဘဲ အာဏာနှင့်​ငွေမက်ပြီး အလုပ်ကြိုးစားမလုပ်သူ

၂။ ခေါင်းဆောင်မှားမှန်းသိလျက်နှင့် အမြဲတမ်းချွေးသိပ်ပြီးခေါင်းညိတ်တတ်သူ

၃။ အမြဲတမ်းမနာလိုစိတ်ရှိပြီး တစ်ပါးသူကိုအခြေနေပေးလျင် ချောက်တွန်းတတ်ပြီး ပ​​ရောပရည်မျက်နှာရှိသူ

၄။ မိမိ၏အပြစ်များကို လှည့်ဖြားကာ ရှုပ်ထွေးအောင်ဖန်တီးတတ်သူ

၅။ မိမိ၏ရာထူးကို အသုံးချလျက် ​ခေါင်း​ဆောင်ကို ​မြှောက်ပင့်​ပြောဆိုကာ အခွင့်အ​ရေးယူတတ်သူ

၆။ ခေါင်းဆောင်အား အမှန်အမှားမခွဲခြားနိုင်ဘဲရှုပ်ထွေးစေပြီး နံမည်ဆိုးနှင့်ကျန်ရစ်ကာ အသုံးချတတ်သူတို့ဖြစ်ပါသည်။

စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ Jack Walk က “ခေါင်းဆောင်မဖြစ်ခင်က ကိုယ့်ကိုယ်ကိုခေါင်းဆောင်ဖြစ်အောင်တည်​ဆောက်ပျိုးထောင်ဖို့လိုသလို ခေါင်းဆောင်ဖြစ်လာလျှင်မူ အောင်မြင်မှုဆိုတာသူများကိုအောင်မြင်အောင်လုပ်​​ပေးတာပါပဲ” ဟုဆိုသကဲ့သို့ Taizong က “အောင်မြင်တဲ့အုပ်ချုပ်မှုဆိုတာ ထိထိရောက်ရောက်အုပ်ချုပ်နိုင်တဲ့ အဖွဲ့အစည်းရှိဖို့လိုတယ်။ ဒါကြောင့် …အရည်အချင်းမရှိသူကို အသုံးချရင်တော့ အခက်အခဲတွေကြုံရမှာမလွဲမသွေဘဲ”ဟု ဆိုလေသည်။

ဝန်ကြီး Wei Zhang က “ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကိုယ့်လူတစ်ယောက်က တော်ရုံတန်ရုံခွင့်လွှတ်လို့ရနိုင်တဲ့ အမှားမျိုးကျူးလွန် မိရင် ခွင့်လွှတ်နိုင်ဖို့လိုပါတယ်။ တစ်ခါတလေအဲဒီလို အမှားသေးသေးလေးတွေကြောင့် စိတ်တိုရင် အဲဒါကိုသိတဲ့လူတွေက အခွင့်အရေးယူကြလိမ့်မယ်။ ကိုယ်မကြိုက်တဲ့ လူတော်တွေက မှားမှာကြောက်လာရင် ဒုက္ခရောက်နိုင်ပါတယ်” ဟု ဖြည့်စွက်လေသည်။ ထို့ပြင်သူက”တာဝန်ကြီးသူက သေးငယ်တဲ့ကိစ္စတွေလုပ်လို့ ဖြစ်လာတဲ့အမှားကို အပြစ်မပေးဖို့လိုသလို ရာထူးငယ်တဲ့ဝန်ထမ်းတွေက အရေးပါတဲ့အရေးကြီးတဲ့ ဆုံးဖြတ်ချက်လုပ်တာမျိုးမဖြစ်သင့်ပါဘူး … မှားရင်တာဝန်ခံရမယ်ဆိုရင် လူတွေအားလုံး ကိုယ့်အမှားကို ဖုံးအုပ်ထားလာကြလိမ့်မယ်”ဟုသတိပေးလေသည်။

ဝန်ကြီး Wei Zhang မှအင်ပါယာဘုရင် Taizang အား ဝန်ထမ်းကောင်းနှင့် သစ္စာရှိသောဝန်ထမ်း ခွဲခြားတတ်ရန် အကြံပြုသည်မှာ “ဝန်ထမ်းကောင်းဆိုတာက ကိုယ့်ရဲ့နာမည်နဲ့ ဂုဏ်သိက္ခာအတွက် ဘုရင်ကိုမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေပေးပြီး ဘုရင်ကိုအောင်မြင်စေပြီး ၊ သစ္စာရှိသောဝန်ထမ်းဆိုတာက မှန်မှန်မှားမှားဘုရင်ကို မျက်စိမှိတ်ယုံတဲ့သူမျိုးပါ”ဟု ဆိုလေသည်။ ဝန်ကြီး Wei Zheng မှ အင်ပါယာဘုရင် Taizang ကို သူတော်ကောင်းတရားကိုးပါးဖြစ်သည့် ယဉ်ကျေးသိမ်မွေ့ခြင်း၊ နူးညံ့ခြင်း၊ လေးစားမှုရှိခြင်း၊ ဆင်ခြင်တွေး ခေါ်နိုင်ခြင်း၊ သစ္စာရှိခြင်း၊ တရားမျတခြင်း၊ ရိုးသားမှုရှိ ခြင်း၊ သတ္တိရှိခြင်း၊ ကိုယ်ကျင့်တရားကို စွဲကိုင်ခြင်းတို့ဖြစ်​ကြောင်း ရှင်းလင်းပြသပြီး မကောင်းမှုဒုစရိုက်ဆယ်ပါးဖြစ်သည့် လောဘကြီးခြင်း၊ အလွန်အကျူးတပ်မက်တတ်ခြင်း၊ ထောင်လွှားမောက်မာခြင်း၊ မိမိရှိသည့်ဝန်ထက်ပိုမိုချဲ့ကားခြင်း၊ ဇိမ်ခံလွန်းခြင်း၊ ပျင်းရိခြင်း၊ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတတ်ခြင်း၊ အသရေဖျက်ပြောဆိုတတ်ခြင်း၊ စိတ်ခံစားမှု အခြေခံ၍ ဆက်ဆံတတ်ခြင်းနှင့် ဒေါသအလျောက် ပြုမှုဆက်ဆံခြင်းတို့ဖြစ်ကြောင်း အသိပေးလေသည်။

နပိုလီယံအနေဖြင့် “ဘုရားသခင်ဖန်တီးထားတဲ့ လူတိုင်းမှာတူညီမှုတွေရှိပြီး ကွာခြားတာကတော့ ဉာဏ်ပညာ၊ ပင်ကိုယ်ပါရမီနဲ့ အကျင့်သီလမှာဖြစ်ပါတယ်” ဆိုသည့်အတိုင်း အနာဂတ်မျိုးဆက်အား ပြုစုပျိုးထောင်ရာ၌ Taizong က “ကြိုးစားသင်ယူရမယ်။ စည်းကမ်းကိုလိုက်နာရမယ်။ မိမိရဲ့စိတ်ဆန္ဒနဲ့ စိတ်ခံစားမှုကိုထိန်းချုပ်နိုင်ရမယ်” ဟု အကြံပြုလေသည်။ “ငယ်စဉ်ကတည်းက တာဝန်ယူတတ်ဖို့လည်း အ​ရေးကြီးတယ်တယ်” ဟု ဖြည့်စွက်လေသည်။စာရေးဆရာ Chinghua Tang ၏ The Ruler’s Guide စာအုပ်သည် ခေါင်းဆောင်များ၊ မန်နေဂျာများ အလုပ်စဝင်မည့်လူငယ်များအတွက် အသုံးဝင်လှပြီး သေချာစွာဖတ်ရှုလေ့လာပြင်ဆင်ခြင်းဖြင့် ယနေ့ခေတ် စီးပွားရေးပြောင်းလဲမှု၏အသီးအပွင့်များကို ခံစားနိုင်မည်ဖြစ်ပါကြောင်း …

စာရေးဆရာ Chinghua Tang ဟာ တရုတ်နိုင်ငံ၊
ရှန်ဟဲမြို့တွင် မွေးဖွားခဲ့ပြီး East China Normal တက္ကသိုလ်တွင် English language and Literature အဓိကဖြင့်ပညာသင်ယူခဲ့ပြီး London School of Economic တွင် ဘွဲ့ရပြီး Harvard MBA ကို ပထမဆုံးရရှိသူ တရုတ်နိုင်ငံသားလည်း
ဖြစ်ပါသည်။ ယခုအခါ နယူးယောက်မြို့တွင်
နေထိုင်လျက်ရှိပြီး Concorde Universal Inc
အကြံပေးကုမ္ပဏီတည်ထောင်ထားပါသည်။

CEO November 2020 Issue