ဟိုတယ်အခန်းထဲ ရောက်လာပြီဆိုရင် ကိုယ်ပထမဆုံး ဘာလုပ်ဖြစ်လဲ။ အိပ်ရာထဲမှာ ဝင်နားတာလား။
ပြတင်းပေါက်နားသွားပြီး ရှုခင်းကြည့်တာလား။ ရေချိုးခန်းထဲဝင်ပြီး မျက်နှာသစ်၊ ရေချိုးတာလား။ တကယ်တော့ ကိုယ့်ဟိုတယ်အခန်းထဲမှာ ဘာတွေလိုလဲ၊ ဘာတွေရှိနေလဲဆိုတာကို အရင်ဆုံးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။ ခရီးထွက်လေ့ရှိသူတွေ ဟိုတယ်အခန်းထဲရောက်တာနဲ့ ပထမဆုံးလုပ်ဖြစ်တာတွေက အောက်ပါအတိုင်းဖြစ်ပါတယ်။
၁။ WiFi ရမရကြည့်ပါ
တစ်နေကုန်အပြင်သွားပြီး ဟိုတယ်ကို ည ၁၁ နာရီမှ ပြန်ရောက်တယ် ဆိုရင် WiFi သုံးဖို့ လိုမှာအမှန်ပါပဲ။ ဒီတော့ WiFi ရမရစစ်ပါ။ မရရင် ဟိုတယ်တာဝန်ခံတွေကိုပြောပါ။ ''ဟိုတယ်အခန်းထဲရောက်တာနဲ့ ကျွန်တော်ကတော WiFi ရမရ အရင်ဆုံးကြည့်တယ်'' လို့ North America Marketing, KAYAK ရဲ့ ဒုဥက္ကဋ္ဌ David Solomito က ပြောပါတယ်။
၂။ မဂ္ဂဇင်းစာအုပ်တွေ ဖတ်ပါ
အခန်းထဲမှာ ထားထားတဲ့ မဂ္ဂဇင်းတွေ၊ စာအုပ်တွေကို အရင်ဆုံးဖတ်တယ်။ ဧည့်သည်တွေဖတ်ဖို့ ဟိုတယ်က ဘယ်လိုစာအုပ်တွေ ထားပေးထားလဲ။ အဲဒါက ဟိုတယ်ရဲ့ပုံရိပ်ကို ဖော်ပြနေတာပါပဲလို့ ဂျော်ဂျီယာနိုင်ငံ၊ ဆာဗားနားမြို့ ရှိ Perry Lane ဟိုတယ်ရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့ Pritpal Singh က ပြောပါတယ်။
၃။ ကိုယ့်အခန်းကို အနံ့အသက်ကောင်းအောင်လုပ်ပါ
''ခရီးထွက်တိုင်း ကျွန်မအကြိုက်ဆုံး အခန်းဖျန်း Spray ဖြစ်တဲ့ Jo Malone lavender ၊ ဒါမှမဟုတ် Vanilla ဘူးသေးကို အမြဲဆောင်ထားတယ်။ ဟိုတယ်အခန်း သန့်သန့် မသန့်သန့် ယူဖို့လိုတယ် ထင်တာပဲ။ ကျွန်မတော့ အဲဒါလေးဖျန်းထားရင် အိပ်ပျော်တယ်'' လို့ HotelTonight ရဲ့ Regional Manager ဖြစ်တဲ့ Nao Shibata က ပြောပါတယ်။
၄။ ကိုယ့်ရဲ့ ရေချိုးဆပ်ပြာ၊ ခေါင်းလျော်ရည်တွေကို နေရာချပါ
''ကျွန်မကတော့ အခန်းထဲရောက်တာနဲ့ ရေချိုးဆပ်ပြာ၊ ခေါင်းလျော်ရည်၊ တဘက်တွေကို အရင်ဆုံးပြင်တယ်။ ခရီးပန်းလာတော့ ကောင်းကောင်းအနားယူဖို့ လိုတယ်လေ'' လို့ HotelTonight ရဲ့ Regional Director ဖြစ်တဲ့ Elizabeth Eavey က ပြောပါတယ်။
၅။ ရေဓာတ်ဖြည့်ဖို့ မမေ့ပါနဲ့
''ခရီးပန်းလာပြီဆိုတော့ ဟိုတယ်ခန်းထဲရောက်တာနဲ့ ရေသန့်လေးဘူး ချက်ချင်းမှာတယ်'' လို့ The Wharf ရဲ့ အထွေထွေမန်နေဂျာ Simon Antoine က ပြောပါတယ်။ အပြင်သွားရင်လည်း ကိုယ့်ရေဘူး၊ ဒါမှမဟုတ် ခွက်ယူသွားပြီး ရေဖြည့်သောက်လို့ရပါတယ်။ ရေသန့်ဖြစ်ဖို့တော့လိုပါတယ်။
၆။ ကိုယ့်ခရီးဆောင်အိတ်ကို ဗီရိုထဲထည့်ပါ
ခရီးဆောင်အိတ်တွေကို ဗီရိုထဲထည့်လိုက်ရင် ဟိုတယ်အခန်းထဲမှာ အေးအေးဆေးဆေး ကျယ်ကျယ်ဝန်းဝန်းနေနိုင်ပါပြီ။ ''ကျွန်မကတော့ အခန်းထဲရောက်တာနဲ့ ခရီးဆောင်အိတ်တွေကို ဗီရိုထဲ အရင်ထည့်တယ်။ ကော်ဇောပေါ်မှာ၊ အိပ်ရာနားမှာ ရှုပ်မနေတော့ဘူးပေါ့'' လို့ Hotel Tonight ရဲ့ General Counsel ဖြစ်သူ Sara Marston က ပြောပါတယ်။
လင်းနေခြည်