အာရှရဲ့အချမ်းသာဆုံးလူက Mandarin Oriental New York ကို ဒေါ်လာ ၉၈ သန်းနဲ့ဝယ်ယူ

အာရှတိုက်က ဘီလျံနာကြီးဖြစ်သူ Mukesh Ambani က နယူးယော့ခ်မြို့က Mandarin Oriental ဟိုတယ်ရဲ့ အဓိကရှယ်ယာအများစုဖြစ်တဲ့ ရှယ်ယာ ၇၃.၄ ရာခိုင်နှုန်းကို သွယ်ဝိုက် ပိုင်ဆိုင်တဲ့ Cayman Island အခြေစိုက် Investment Corporation of Dubai ဆိုတဲ့ ပင်မကုမ္ပဏီကနေ ရှယ်ယာတွေကို ၉၈ သန်းတန် deal နဲ့ ဝယ်ယူတာဖြစ်ပြီး ဒီအရောင်းအဝယ်က မတ်လကုန်မှာတော့ အပြီးသတ်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။ ဒီအကြောင်းကို Mr Ambani ရဲ့ လုပ်ငန်းစုကြီးဖြစ်တဲ့ Reliance Industries ကနေ ပြီးခဲ့တဲ့ စနေက သတင်းထုတ်ပြန်ခဲ့တာပါ။

Investment Corporation of Dubai အနေနဲ့ ဒီဟိုတယ်ကို ၂၀၁၅ ခုနှစ်က ဝယ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မတ်လတုန်းက ဘဏ္ဍာရေး စာရင်းရှင်းတမ်းအရ ဟိုတယ်ရဲ့ ၂၅ ရာခိုင်နှုန်းသော ရှယ်ယာတွေကို Mandarin Oriental Hotel Group က ပိုင်ဆိုင်ထားသေးတာပဲဖြစ်ပါတယ်။

Reliance Industries အနေနဲ့ နယူးယော့ခ်က ဟိုတယ်မှာ Mandarin Oriental Hotel Group ရဲ့ ပိုင်ဆိုင်တဲ့ ရှယ်ယာတွေကို ထုတ်ရောင်းမယ်ဆိုရင်လည်း အခုလိုရာဖြတ်နှုန်းနဲ့ဖြတ်ထားတဲ့တန်ဖိုးတွက်ချက်မှုအတိုင်းသာဖြစ်မယ်ဆိုရင် ထပ်ဝယ်ယူအစီအစဉ်ရှိတယ်လို့လည်းပြောပါသေးတယ်။


တကယ်တော့ ၂၀၀၇ ခုနှစ်တုန်းက Mandarin Oriental ရဲ့ ဘဏ္ဍာရေးစာရင်းရှင်းတမ်းအရဆိုရင် အခုနယူးယော့ခ်ကဟိုတယ်ရဲ့တန်ဖိုးက ဒေါ်လာ သန်း ၃၄၀ ရှိပါတယ်။ ဒါကြောင့်အခု ရှယ်ယာ ၇၀ ရာခိုင်နှုန်းကျော်ကို ဒေါ်လာ ၉၈.၂ သန်းနဲ့ရောင်းလိုက်တယ်ဆိုတာက အောက်ဈေးနဲ့ရလိုက်တယ်လို့ပြောရမှာပါ။

တခြားဟိုတယ်လုပ်ငန်းတွေလိုပဲ Mandarin Oriental New York အနေနဲ့လည်း COVID-19 ကပ်ဘေးကြောင့် ထိထိခိုက်ခိုက်ဖြစ်ရပါတယ်။ Reliance Industries က ဒီဟိုတယ်ဟာ ၂၀၂၀ ခုနှစ်တစ်နှစ်လုံးမှာမှ ဒေါ်လာ ၁၅ သန်းပဲ ဝင်ငွေရရှိခဲ့တာဖြစ်ပြီး ၂၀၁၉ ခုနှစ်တုန်းက ၁၁၃ သန်း၊ ၂၀၁၈ ခုနှစ်တုန်းက ၁၁၅ သန်းတို့နဲ့ယှဉ်လိုက်တဲ့အခါ ရာခိုင်နှုန်းအများကြီးကွာသွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။


နယူးယော့ခ်မြို့က အထင်ကရ Central Park အနီး၊ Columbus Circle ကိုစီးမိုးမြင်နေရတဲ့ ဒီဟိုတယ်ကြီးရဲ့ရှယ်ယာအများစုကိုဝယ်လိုက်ရတာ Reliance Industries အတွက်တော့ မှတ်ကျောက်တစ်ခုပါပဲ။ Mr Ambani ရဲ့ လုပ်ငန်းစုကြီးဟာ စွမ်းအင်လုပ်ငန်း ၊လက်လီလုပ်ငန်းနဲ့ နည်းပညာလုပ်ငန်းနယ်ပယ်တွေမှာ ပေါက်ရောက်အောင်မြင်တဲ့အတွက် နာမည်ကြီးပါတယ်။ အခုတော့ သူ့ရဲ့ ကော်ပိုရိပ်လုပ်ငန်းစုထဲ Consumer နဲ့ Hospitality ကဏ္ဍတွေကိုပါ ထပ်မံထည့်သွင်းလုပ်ကိုင်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။ ဒီကဏ္ဍတွေအတွက်လည်း Mr Ambani ရဲ့ လုပ်ငန်းစုအနေနဲ့ အိန္ဒိယ၊ အင်္ဂလန်နဲ့ တခြားနိုင်ငံတွေမှာလည်း သေးငယ်ပေမယ့် တိုးတက်ကြီးထွားနိုင်ခြေလည်းရှိတဲံ အဆောက်အအုံပိုင်ဆိုင်မှုတွေရှိနေပြီးနှင့်ပါပြီ။

Reliance Industries အနေနဲ့ အိန္ဒိယအပါအဝင် နိုင်ငံပေါင်း ၆ နိုင်ငံလောက်မှာ ကြယ်ငါးပွင့်အဆင့်အပန်းဖြေစခန်းတွေရှိတဲ့ Oberoi Hotels ရဲ့ ရှယ်ယာတစ်ချို့ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် နာမည်ကျော် English country club တစ်ခုဖြစ်တဲ့ Stoke Park ရဲ့ ရှယ်ယာတချို့လည်းရှိပါတယ်။

Reliance ရဲ့ Mr Ambani နဲ့ အိန္ဒိယရဲ့ဝန်ကြီးချုပ် နရင်ဒရာမိုဒီ

Mr Ambani ဟာ Reliance ကို ကမ္ဘာ့ထိပ်တန်း နည်းပညာကုမ္ပဏီကြီးတစ်ခုအဖြစ် တွန်းတင်ရေးဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်နဲ့နီးစေဖို့ ကမ္ဘာ့ကပ်ဘေးကာလအတွင်းမှာကိုပဲ ဒေါ်လာ ဘီလီယံဆယ်ချီသုံးပြီး ရှယ်ယာ၊ လုပ်ငန်း ဝယ်ယူမှုတွေကို ခပ်စိပ်စိပ်လုပ်လာနေခဲ့တာဖြစ်ပါတယ်။

Mr Ambani ရဲ့ ကိုယ်ပိုင်ပိုင်ဆိုင်မှုပမာဏကလည်း ပြီးခဲ့တဲ့လတွေတုန်းက တိုးပွားလာနေခဲ့တာဖြစ်ပြီး Bloomberg Business Index အရ သူဟာ ပိုင်ဆိုင်မှုဒေါ်လာ ၉၂.၉ သန်းနဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်းမှာ နံပါတ် ၁၁ ကိုရောက်ရှိပြီး ၊ အိန္ဒိယရဲ့အချမ်းသာဆုံးသူကြွယ်အဖြစ်လည်း သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

Ref : CNN, Wikipedia, India TV News