ကမ္ဘာ့အနာဂတ်လုံခြုံစိတ်ချဖို့ ကြိုးစားနေတဲ့ Singtel

စင်ကာပူအခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Singtel သည် နည်းပညာပိုင်းဆိုင်ရာ နယ်ပယ်အသီးသီးမှာ ထိပ်တန်းကဏ္ဍရောက်ရန် ကြိုးစားနေသော အရှေ့တောင်အာရှက ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ သူ၏အနာဂတ်စီးပွားရေးခြေလှမ်းများနှင့် ပတ်သက်ပြီး လေ့လာနိုင်ရန် ဖော်ပြလိုက်ပါသည်။

Singtel1

ခိုင်မာသောအနာဂတ်ကို ဖန်တီးခြင်း

-------------

Singtel ကုမ္ပဏီသည် မိမိ၏ကွန်ပျူတာနည်းဗျူဟာများအား ဆက်သွယ်ရေးကဏ္ဍမှ သွေဖည်ရန်ကြိုးစားလျက် ရှိသည်။ သို့ရာတွင် အချို့က ယင်းရင်ဆိုင်ရမည့် ပြိုင်ဆိုင်မှုများအား ကိုင်တွယ်နိုင်စွမ်းရှိမှုအပေါ် သံသယဖြစ်၊ ဝေဖန်လျက်ရှိကြသည်။

ဤမြို့နိုင်ငံငယ်လေး၏ ဗဟိုအချက်အချာနေရာတွင် ရှိနေသည့် စင်ကာပူနိုင်ငံဆက်သွယ်ရေးဌာနချုပ်တွင် ၁၂ ယောက်နီးပါးခန့်ရှိသော အင်ဂျင်နီယာများသည် ကွန်ပျူတာမျက်နှာပြင်များရှေ့ စုရုံးလျက်၊ စင်ကာပူနိုင်ငံရှိ ကွန်ပျူတာကွန်ရက်တစ်ခုလုံး၏ ဘေးကင်းလုံခြုံမှုကို စောင့်ကြပ်ကြည့်ရှုစစ်ဆေးလျက်ရှိနေကြသည်။ ယင်းအခန်းလေးအား နံရံပြည့်ကွန်ပျူတာမျက်နှာပြင်များဖြင့် နိုင်ငံတော်ထောက်လှမ်းရေးဌာန၏ ဗဟိုကြိုးကိုင်စီစဉ်ညွှန်ကြားသည့် နေရာတစ်ခုသဖွယ် ပြင်ဆင်ထားသည်။ တစ်ခုသော ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် ကမ္ဘာ့မြေပုံကိုသော်လည်းကောင်း၊ အခြားကွန်ပျူတာမျက်နှာပြင်တစ်ခုပေါ်တွင် စင်ကာပူနိုင်ငံမြေပုံကိုသော်လည်းကောင်း ပြသထားပြီး၊ ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပေါ်နေသည့် ဆိုက်ဘာတိုက်ခိုက်မှုများအား အချိန်နှင့်တစ်ပြေးညီ သတင်းရယူတင်ပြလျက် ရှိနေပေသည်။

ဤနေရာကား၊ ကွန်ပျူတာဆိုက်ဘာတိုက်ခိုက်မှုများ၏ဘေးအန္တရာယ်မှ ကာကွယ်ပေးမည့် ဗဟိုအချက်အချာဌာနဖြစ်သည့် Singtel’s Advanced Security Operation Center ခေါ် Singtel ၏ အဆင့်မြင့်လုံခြုံရေးလုပ်ငန်းများဆိုင်ရာ ဗဟိုဌာနပင် ဖြစ်သည်။

အစွမ်းထက်မြက်သည့် နည်းပညာများဖြင့်ဖွဲ့ စည်းထားသည့် ဤဗဟိုဌာနတွင် ကမ္ဘာအနှံ့ရှိ ဖောက်သည်များဖြစ်သော ကုမ္ပဏီများ၊ အစိုးရဌာနများနှင့် ကျယ်ပြန့်သော အခြားအဖွဲ့အစည်းအမျိုးမျိုး၏ ကွန်ပျူတာကွန်ရက်များအား တစ်နေ့တခြားတိုးပွားလာသော ဆိုက်ဘာတိုက်ခိုက်မှုများ၏ရန်မှ ကာကွယ်ပေးရန် စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။ Australia နိုင်ငံ၊ Sydney မြို့၊ Japan နိုင်ငံ၊ Tokyo မြို့တို့မှစ၍ America နိုင်ငံ၊ Chicago မြို့၊ Poland နိုင်ငံ၊ Warsaw မြို့တို့ တိုင်အောင် ရောက်ရှိအမှုထမ်းဆောင်နေကြသည့် Singtel ကုမ္ပဏီ၏ ကျွမ်းကျင်သူများကလည်း တစ်ဦးနှင့်တစ်ဦး အနီးကပ်ပူးပေါင်းဆောင်ရွက်ကာ ၂၄ နာရီဝန်ဆောင်မှုပေးလျက်ရှိကြသည်။ အာရှဒေသကို အခြေပြု၍ လုပ်ငန်းလည်ပတ်နေသည့် ဖောက်သည်ကုမ္ပဏီများအား ဝန်ဆောင်မှုချဲ့ထွင်ပေးနိုင်ရန်အတွက်လည်း စင်ကာပူအစိုးရနှင့် ဆက်နွှယ်နေသော ကုမ္ပဏီတစ်ခုက ရှယ်ယာ ၄၇ ရာခိုင်နှုန်း ပါဝင်ထားသည့် ဖိလစ်ပိုင်နိုင်ငံရှိ Global Telecom ကုမ္ပဏီနှင့် ပူးပေါင်း၍ Singtel ၏ နဝမမြောက်ဆိုက်ဘာလုံခြုံရေးဌာန တစ်ခုကို  မတ်လအတွင်းက မနီလာမြို့တွင် ထပ်မံဖွင့်လှစ်ခဲ့သည်။

ဤဌာနများ၏ ကွန်ရက်မှာ၊ 'ဆိုက်ဘာလုံခြုံရေးနှင့်ပတ်သက်၍ ကမ္ဘာ့ဈေးကွက်တွင် အဓိကပါဝင်လှုပ်ရှားလိုသည့် Singtel ကုမ္ပဏီဦးတည်ချက်၏ အစိတ်အပိုင်းတစ်ခု' အဖြစ်၊၂၀၁၅ ခုနှစ်က 'အမေရိကန်နိုင်ငံအခြေပြု Trustwave Holdings ကုမ္ပဏီအစုရှယ်ယာ၏ ၉၈ ရာခိုင်နှုန်းအား ဒေါ်လာသန်းပေါင်း ၇၇၀ ဖြင့် ရယူပိုင်ဆိုင်ခဲ့ခြင်း' ၏ အကျိုးဆက်တခုဖြစ်ကြောင်း အရောင်းအဝယ် စာချုပ်ချုပ်ဆိုစဉ်က Singtel အုပ်စု၏ Chief Executive ဖြစ်သူ Chua Sock Koong က ပြောကြားခဲ့ခြင်းဖြစ်သည်။

နည်းပညာများ အခြေအနေယိမ်းယိုင်သည့် ခေတ်ကာလတလျှောက် ဆက်လက်ရပ်တည်နိုင်ရေးအတွက် Singtel အနေနှင့် ယင်းကုမ္ပဏီ၏ တိုးတက်ကြီးထွားရေးနည်းဗျူဟာအား နိုင်ငံရပ်ခြား 'ဆက်သွယ်ရေးကုမ္ပဏီများ' တွင် ရင်းနှီးမြှုပ်နှံခြင်းများအစား၊ 'ကွန်ပျူတာလုပ်ငန်းများ' ချဲ့ထွင်ရေးဘက်သို့ ပြောင်းလဲအာရုံပြုခဲ့သည်။ ဈေးကွက်ရင်းနှီးမြှုပ်နှံမှုတွင် အရှေ့တောင်အာရှတွင် တယ်လီဖုန်းဆက်သွယ်ရေးလုပ်ငန်းလည်ပတ်နေသည့် အကြီးမားဆုံးကုမ္ပဏီကြီးတစ်ခုအနေနှင့် ရင်ဆိုင်နေရသည့် မေးခွန်းတစ်ရပ်မှာ အသွင်သစ်သို့ပြောင်းလဲရာတွင် မိမိတို့၏နည်းဗျူဟာသည် အောင်မြင်နိုင်ပါမည်လားဆိုသည့် အချက်ပင် ဖြစ်သည်။

Singtel2

ခြိမ်းခြောက်မှုများအား စီစစ်သုံးသပ်ခြင်း

---------------------

စက်တင်ဘာလက ကုန်ဆုံးသည့် Singtel ကုမ္ပဏီ၏ သုံးလပတ်အသားတင်အမြတ်ငွေမှာ ပြီးခဲ့သည့်နှစ် အလားတူ သုံးလပတ်ကာလအသားတင်အမြတ်ငွေ၏ သုံးဆနီးပါးဖြစ်သော စင်ကာပူဒေါ်လာ ၂.၈၈ ဘီလီယံ (US$ 2.11 billion) ရှိပြီး၊ အများဆုံး ''သုံးလပတ်အသားတင်အမြတ်ငွေ'' တစ်ခုဖြစ်ကြောင်း နိုဝင်ဘာလ ၉ ရက်နေ့က အစီရင်ခံခဲ့သည်။ ယင်းသို့အမြတ်ငွေ စင်ကာပူဒေါ်လာ ၂.၀၅ ဘီလီယံ ရုတ်ခြည်းထိုးတက်သွားခဲ့သည့်ဖြစ်ရပ်၏ အကြောင်းရင်းမှာ Singapore fibre-optic network operator တစ်ခုဖြစ်သည့် NetLink Trust ကုမ္ပဏီတွင် ယင်းပိုင်ဆိုင်သည့်ဝေစုအား ရောင်းချခြင်းမှရရှိသည့်ငွေကြောင့် ဖြစ်သည်ဟု ဆိုခဲ့သည်။ ဤကဲ့သို့သော ရောင်းချမှုမှရရှိခဲ့သည့် ပုံမှန်မဟုတ်သောဝင်ငွေအား၊ ထည့်သွင်းတွက်ချက်ခြင်းသာမပြုခဲ့လျှင်၊ အိန္ဒိယနိုင်ငံရှိ ယင်း၏အစုစပ်ကုမ္ပဏီဖြစ်သည့် Bharti Airtel ၏ အားနည်းမှုကြောင့် ကုမ္ပဏီ၏ အသားတင်အမြတ်ငွေမှာ ၄.၁ ရာခိုင်နှုန်း ကျဆင်းသွားမည်ဖြစ်သည်။

Singtel ကုမ္ပဏီ၏ ဇူလိုင်လမှ စက်တင်ဘာလအတွင်းရရှိသော ဝင်ငွေစုစုပေါင်း၏ လေးပုံတစ်ပုံသည်၊ ဆိုက်ဘာလုံခြုံရေးနှင့် ယင်း၏ကွန်ပျူတာလုပ်ငန်းများအပါအဝင်ဖြစ်သည့်၊ Information-Communication Technology လုပ်ငန်းများမှရရှိသော ဝင်ငွေမှ ဖြစ်သည်။ 'ဒါဟာ ကျွန်မတို့ မြင်တွေ့နေရတဲ့ အနာဂတ်ကွန်ပျူတာလုပ်ငန်းတွေရဲ့ စွမ်းဆောင်နိုင်မှု အရှိန်အဟုန်ကို အတည်ပြုလိုက်တဲ့ အချက်ပဲဖြစ်ပါတယ်' ဟု နိုဝင်ဘာ ၉ ရက်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် Chua က ပြောပြခဲ့သည်။

Singtel ကုမ္ပဏီ၏ ၂၀၁၇ ခုနှစ် မတ်လတွင် ကုန်ဆုံးသော တစ်နှစ်တာကာလအတွင်း၊ ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်ကာကွယ်ရေးလုပ်ငန်းမှရရှိသည့် ဝင်ငွေသည် ယခင်နှစ်ဝင်ငွေထက် ၈၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး စင်ကာပူဒေါ်လာ ၄၇၃ သန်း ရရှိခဲ့သည်။ စက်တင်ဘာလတွင် ကုန်ဆုံးသည့် ဘဏ္ဍာရေးနှစ်ဝက်၏ တိုးတက်မှုသည်၊ ယခင်တစ်နှစ်တာကာလမှနေ၍ ၃.၃ ရာခိုင်နှုန်းသို့ နှေးကွေးကျဆင်းသွားခဲ့သည်။ သို့သော် ၂၀၁၈ ခုနှစ်၊ မတ်လတွင်ကုန်ဆုံးမည့် လက်ရှိဘဏ္ဍာရေးတစ်နှစ်ပတ်လုံး အတွက်မှာမူ၊ 'စင်ကာပူ ဒေါ်လာသန်းပေါင်း ၅၅၀ နှင့် ၆၅၀ ကြားတွင်ရှိမည်ဖြစ်သော ဤအပိုင်းကဏ္ဍ၏ဝင်ငွေ' အားဖြင့် ယင်းတိုးတက်မှုနှုန်းထားမြင့်တက်လာလိမ့်မည်ဟု ကုမ္ပဏီမှ မျှော်လင့်ထားသည်။

အာရှတိုက်ရှိ စီးပွားရေးလုပ်ငန်းများအနေနှင့် အနောက်နိုင်ငံများရှိအလားတူ စီးပွားရေးလုပ်ငန်းများနှင့် နှိုင်းယှဉ်လျှင် ဆိုက်ဘာတိုက်ခိုက်မှုများအား ကိုင်တွယ်ဖြေရှင်းရာတွင် နောက်ကျကျန်ရစ်နေသည်ဟုဆိုရမည် ဖြစ်သည်။ အမေရိကန်ဆိုက်ဘာလုံခြုံရေးကုမ္ပဏီတစ်ခုဖြစ်သည့် FireEye ၏ အစီရင်ခံစာအရ၊ လွန်ခဲ့သည့်နှစ်က အာရှပစိဖိတ်ဒေသတွင်ဖြစ်ပေါ်ခဲ့သော လုံခြုံရေးဖောက်ဖျက်ကျူးလွန်မှုတစ်ခုအား သိရှိဖော်ထုတ်ရန် အချိန် ၁၇၂ ရက် ကြာမြင့်ခဲ့သည်။ အလားတူကျူးလွန်မှုမျိုးကို ဖော်ထုတ်ရာတွင် တစ်ကမ္ဘာလုံး၏ ပျမ်းမျှနှုန်းထား ၉၉ ရက်နှင့် နှိုင်းယှဉ်လျှင်၊ အချိန် ၁.၇ ဆမျှ ပိုမိုကြာမြင့်ခဲ့သည်ဟု ဆိုရမည်ဖြစ်ပြီး ခြိမ်းခြောက်မှုများမှာလည်း တိုးတက်များပြားလာလျက်ရှိသည်။ လွန်ခဲ့သည့်နှစ်က Federal Reserve Bank of New York တွင် ထားရှိသော ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်၏ နိုင်ငံခြားအရန်ငွေစာရင်းထဲမှ အမေရိကန်ဒေါ်လာ ၈၁ သန်းကို တရားမဝင်လွှဲပြောင်းရယူသွားခြင်းခံခဲ့ရပြီး၊ 'WannaCry' ဟု အမည်ပေးထားသည့် Ransomware ဆိုသော ဆိုက်ဘာတိုက်ခိုက်ရေး Software တစ်ခု၏ တိုက်ခိုက်မှုကလည်း အာရှတိုက်၏ စီးပွားရေးလုပ်ငန်းများအား ထိခိုက်မှုဖြစ်စေခဲ့သည်။

Singtel ကုမ္ပဏီသည် ထိုအရေးအခင်းများမှနေ၍ အခွင့်အရေးတစ်ရပ်မြင်တွေ့ခဲ့ပြီး၊ Califonia အခြေပြု ဆိုက်ဘာလုံခြုံရေးကုမ္ပဏီများဖြစ်သော FireEye နှင့် Palo Alto Networks ဆိုသည့် ကုမ္ပဏီနှစ်ခုနှင့် နောက်ဆုံးပေါ်နည်းပညာများ ရယူနိုင်ရေးအတွက် ပူးပေါင်းခဲ့သည်။ Singtel ကုမ္ပဏီသည် ဖိလစ်ပိုင်နိုင်ငံနည်းတူ၊ အခြားအာရှနိုင်ငံများတွင်လည်း အဆင့်မြင့်နည်းပညာများဖြင့် ဈေးကွက်ချဲ့ထွင်၍ ဝန်ဆောင်မှုပေးနိုင်ရန်အတွက် အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်းနိုင်ငံများရှှိကုမ္ပဏီငယ်များနှင့် ပူးပေါင်းလုပ်ကိုင်ရန်ရှာဖွေလျက်ရှိသည်။

Singtel3

လူအများ ပြည့်နှက်နေသည့်ကွင်းပြင်

----------

အဆက်မပြတ်ဖြစ်ပွားနေသည့် နည်းဗျူဟာအနှောင့်အယှက်များသည် ဆက်သွယ်ရေးဝန်ဆောင်မှု လုပ်ငန်းကြီးအား အထူးအထိနာစေခဲ့သည်။ သမားရိုးကျဆက်သွယ်ရေးလုပ်ငန်းများမှာ သာမန်စကားပြော ဆက်သွယ်ခြင်း၊ Video ဖြင့် ဆက်သွယ်စကားပြောခြင်း၊ စာတိုဖြင့်ရိုက်နှိပ် ဆက်သွယ်ပြောဆိုကြခြင်း၊ ကွန်ပျူတာအသုံးပြုဆက်သွယ်မှုများစသည်ဖြင့်၊ အချိန်မရွေးဆက်သွယ်ပြောဆိုနိုင်သည့် ဝန်ဆောင်မှုများ ထွက်ပေါ်လာခြင်းကြောင့် ကြီးမားသောယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ယနေ့ခေတ်လူများသည် ဆက်သွယ်ရေးနည်းပညာမျိုးစုံဖြင့် အချိန်မရွေး၊ နေရာမရွေး ဆက်သွယ်ပြောဆိုနေနိုင်ကြပြီဖြစ်ပြီး၊ အကျိုးဆက်အားဖြင့် ကြေးနန်းဖြင့် စာတိုပေးပို့ခြင်း၊ အော်ပရေတာမှတဆင့် နိုင်ငံတကာဆက်သွယ်စကားပြောခြင်း စသည့် ဆက်သွယ်ရေးလုပ်ငန်းများမှရရှိသည့် ဝင်ငွေများမှာ တိမ်ကောပျောက်ကွယ်သွားပြီဖြစ်သည်။ Chua က ''ကျွန်မတို့ပါဝင်ပတ်သက်နေတဲ့ စီးပွားရေးလုပ်ငန်းဟာ လုံးဝပျောက်ကွယ်သွားနိုင်တဲ့အခြေအနေမှာရှိနေပါတယ်'' ဟု Nikkei Asian Review စာစောင်အား သြဂုတ်လတွေ့ဆုံမေးမြန်းမှုတွင် ပြောဆိုခဲ့သည်။

Singtel ကုမ္ပဏီသည် အခြားစီးပွားရေးလုပ်ငန်းများတွင်၊ ယင်းကိုယ်တိုင် 'ဈေးကွက်သစ်ပြောင်းလဲဖန်တီးသူ' ဖြစ်ရန် ဆန္ဒရှိနေပေသည်။ စင်ကာပူအစိုးရ၏ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်သော Temasek Holdings က ပိုင်ဆိုင်မှု၏ ၅၂ ရာခိုင်နှုန်းကို ဆုပ်ကိုင်ထားသည့် ဤကုမ္ပဏီသည် 'မိမိတို့၏ဆက်သွယ်ရေးကွန်ရက်များကို အာမခံထား၊ ငွေချေးယူနိုင်သည့် စီးပွားရေးလုပ်ငန်းများ' ကို ပါဝင်ပိုင်ဆိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ထိုရည်မှန်းချက် အထမြောက်အောင်မြင်နိုင်ရေးမှာ ယင်း၏နည်းဗျူဟာကို ကြီးမားစွာ ပြောင်းလဲပစ်ရမည်ဆိုသည့် သဘောပင်ဖြစ်သည်။ 'သေးငယ်သောပြည်တွင်းဈေးကွက်' အခြေအနေကြောင့် Singtel ၏ နှစ်ပေါင်းများစွာကြီးပွားတိုးတက်ခဲ့ရသည့် အကြောင်းရင်းမှာ 'နိုင်ငံရပ်ခြားတိုင်းပြည်များတွင် ချဲ့ထွင်လုပ်ကိုင်သည့်လုပ်ငန်းများ' ဖြစ်ခဲ့သည်။ လုံလောက်ပိုလျှံသော ငွေကြေးအင်အားကြောင့် ဖိလစ်ပိုင်နိုင်ငံရှိ Global Telecom ကုမ္ပဏီအပြင်၊ သြစတြေးလျနိုင်ငံရှိ Optus ကုမ္ပဏီ၊ အိန္ဒိယနိုင်ငံရှိ Bharti Airtel ကုမ္ပဏီ၊ အင်ဒိုနီးရှားနိုင်ငံရှိ Telekomunikasi Selular ကုမ္ပဏီ၊ ထိုင်းနိုင်ငံရှိ Advanced Info Service စသည့် ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီများတွင်လည်း ရင်းနှီးမြှုပ်နှံခဲ့သည်။

မိုဘိုင်းဖုန်းထိုးဖောက်ဝင်ရောက်မှု၊ လျှင်မြန်စွာတိုးတက်နေသည့် ဖွံ့ဖြိုးစအာရှနိုင်ငံများတွင် ကြီးမားစွာ အခြေပြုထားသည့် ထိုဆက်သွယ်ရေးကုမ္ပဏီများက Singtel ကုမ္ပဏီမှ၊ အလွန်လိုလားတောင့်တသော တိုးတက်ကြီးထွားမှုကို ထောက်ပံ့ပေးခဲ့သည်။ ၂၀၁၇ ခုနှစ်၊ မတ်လတွင် ကုန်ဆုံးသော ဘဏ္ဍာရေးနှစ်အတွက် Singtel ရရှိခဲ့သည့် အသားတင်အမြတ်ငွေ၏ ၇၀ ရာခိုင်နှုန်းမှာ နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုများမှ ရရှိခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း Singtel ကုမ္ပဏီသည် စွဲမက်လောက်သည့် စီးပွားရှာဖွေမှုအခွင့်အရေးများ လျော့နည်းလာသည့်အလျောက်၊ ယင်း၏အဓိကနည်းဗျူဟာကို နယ်မြေချဲ့ထွင်မှုများအစား၊ လက်ရှိလုပ်ငန်းများတိုးတက်ရေးဘက်သို့ ပို၍အာရုံစိုက်ခဲ့သည်။ (တနည်းအားဖြင့်၊ အလျားလိုက် ချဲ့ထွင်မှုအစား၊ ဒေါင်လိုက်ချဲ့ထွင်မှုဘက်သို့ ကူးပြောင်းခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။) Singtel ၏ကျယ်ပြန့်လှသည့် ဒေသတွင်း ဆက်သွယ်ရေးဆိုင်ရာ ပိုင်ဆိုင်မှုများသည် ဝန်ထုပ်ဝန်ပိုးများအဖြစ်ပြောင်းလဲ၍ ဆုံးရှုံးနိုင်ခြေရှိသည့် အလားအလာများ ဖြစ်ခဲ့သည်။

မူရင်းအစဉ်အလာမဟုတ်သည့် စီးပွားရေးလုပ်ငန်းများသို့ ဝင်ရောက်လုပ်ကိုင်သည့် ဆက်သွယ်ရေးကုမ္ပဏီသည် Singtel တစ်ခုတည်းမဟုတ်ပေ။ ဂျပန်နိုင်ငံမှ NTT Docomo ကုမ္ပဏီ၊ တောင်ကိုရီးယားနိုင်ငံမှ SK Telecom ကုမ္ပဏီတို့သည် ရှေ့ပြေးကွန်ပျူတာကုမ္ပဏီများအဖြစ် သြဘာပေးခြင်းခံကြရပြီး တိုင်ဝမ်နိုင်ငံမှ Chung-hwa Telecom ကုမ္ပဏီသည် ဖျော်ဖြေရေးအစီအစဉ်များ ထုတ်လုပ်ခြင်းနှင့် အင်တာနက်မှဖြန့်ဝေခြင်း ဝန်ဆောင်မှုလုပ်ငန်းများကို အမေရိကန်နိုင်ငံမှ Fox Networks Group နှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သည်။ အိန္ဒိယနိုင်ငံ Reliance Industries လုပ်ငန်းစုကြီး၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Reliance Jio Infocomm ကုမ္ပဏီသည်လည်း E-commerce မိုဘိုင်းဖြင့် ငွေပေးချေခြင်း၊ ဘောလီးဝုဒ်ရုပ်ရှင်ဗီဒီယိုများအား အင်တာနက်မှ ဖြန့်ဝေခြင်းတို့အပါအဝင်ဖြစ်သည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများဖြင့် ဈေးကွက်ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ABI research ကုမ္ပဏီ၊ အာရှပစိဖိတ်ဒေသနှင့် အကြံပေးဝန်ဆောင်မှုဌာန၏ Vice President ဖြစ်သူ Jake Saunders ‘Singtel သည် အရှေ့တောင်အာရှတစ်ခွင်ရှိ ကုမ္ပဏီများ၏ရှေ့မှ ဦးဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်' ဟုပြောခဲ့သည်။

Singtel4

'Singtel သည် ယင်းရင်းနှီးမြှုပ်နှံမှုပါဝင်ထားသည့် ဆက်သွယ်ရေးလုပ်ငန်းကွန်ရက်များအပေါ် အခွင့်ကောင်းယူအသုံးချလိုသည့် ဆန္ဒရှိပေသည်။ Singtel ၊ Sony Pictures Televition နှင့် Warner Brothers Entertainment တို့ ပူးပေါင်းလုပ်ကိုင်နေသည့် HOOQ ဟုခေါ်သော line မှတစ်ဆင့် Video ဖြန့်ဝေသည့် လုပ်ငန်းကို ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများတွင် Singtel အစုစပ်ပါဝင်သည့် ကုမ္ပဏီများမှနေ၍ ဝန်ဆောင်မှုပေးလျက်ရှိသည်။ ထိုကုမ္ပဏီများမှတစ်ဆင့် နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ မိုဘိုင်းသုံးစွဲသူဦးရေ သန်း ၆၇၀ နှင့် ဆက်သွယ်နိုင်သည့် အခွင့်အရေးရှိနေပေသည်။ 'ယခင်အစဉ်အလာ ဆက်သွယ်ရေးလုပ်ငန်းများကဲ့သို့ မဟုတ်ပဲ၊ မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများသည် တိုင်းပြည်နယ်နိမိတ်များကို ဖြတ်ကျော်နိုင်နေပြီဖြစ်သည်'  ဟု သြဂုတ်လ လူတွေ့မေးမြန်းမှုတစ်ခုတွင် Chua က ပြောပြခဲ့သည်။

'အင်တာနက်ကြော်ငြာလုပ်ငန်း' သည်၊ Singtel က ၎င်း၏ Amobee unit မှတစ်ဆင့် ထောက်ကူပေးခဲ့သော၊ 'အခြားအဓိကအရေးပါသည့် လုပ်ငန်းတစ်ခု' ဖြစ်သည်။ ''ဖြေဖျော်ရေးဖြန့်ချိမှုလုပ်ငန်းက မိုဘိုင်းဆက်သွယ်ရေးဘက်ကို ပိုမိုရောက်ရှိသွားနေချိန်မှာ ကြော်ငြာအတွက် သုံးစွဲမှုအများစုဟာ အစဉ်အလာသမားရိုးကျ၊ လူမှုရေးကွန်ရက်ထဲမှာပဲ ရှိနေဆဲဖြစ်တဲ့အတွက်ကြောင့်၊ ကျွန်မတို့အနေနဲ့ အင်တာနက်ကြော်ငြာလုပ်ငန်းနဲ့ အင်တာနက်ဈေးကွက်ကဏ္ဍကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်'' '' ဒါဟာ အလွန်ကောင်းတဲ့ အခွင့်အရေးတစ်ခုလို့ပဲမြင်ပါတယ်'' ဟု Chua က တွေ့ဆုံမေးမြန်းရာတွင် ပြောကြားခဲ့သည်။

Singtel အနေနှင့် အင်တာနက်ကြော်ငြာကုမ္ပဏီများအား စုဆောင်းရေးအတွက် ဒေါ်လာတစ်ဘီလီယံနီးပါး သုံးစွဲနေစဉ်၊ Amobee ကဲ့သို့ ယင်းတို့ပိုင်ဆိုင်ထားသည့် လုပ်ငန်းအချို့မှ ရင်းနှီးငွေများ စတင်ပြန်လည်ရရှိနေသည့်တိုင် ထိုကဲ့သို့သော လုပ်ငန်းများအားလည်ပတ်ရာ၌ ဒေါ်လာသန်းပေါင်းရာနှင့်ချီ၍ အရှုံးပေါ်သည့်မှတ်တမ်းများလည်းရှိခဲ့သည်။

ဆက်လက်တက်လှမ်းပြီးတော့ ထွက်ခွာသွားပါ။ သုံးသပ်သူအချို့က အကောင်းဘက်မှ ကြည့်မြင်ကြသည်။ DBS bank ၏ ဆက်သွယ်ရေးကဏ္ဍဆိုင်ရာ ဆန်းစစ်သူ Sachin Mittal က လွန်ခဲ့သည့်နှစ်အတွင်း Singtel ၏ အစုရှယ်ယာဈေးနှုန်းမှာ အတက်အကျမရှိ တစ်ပြေးညီဖြစ်ခဲ့ပြီး၊ တန်ဖိုးဖြတ်ရာတွင်လည်း စင်ကာပူနိုင်ငံတွင်းရှိ ယင်း၏ ပြိုင်ဘက် Star Hub နှင့် အခြားဒေသတွင်းလုပ်ငန်းတူများထက် လျော့နည်းသည်ဟု ဆိုခဲ့သည်။ ယင်းဖြစ်ရပ်အပေါ် အင်တာနက်ဝန်ဆောင်မှုများတွင် များပြားလာသည့် အရှုံးများအား အကြောင်းပြခဲ့သည်။ သို့သော် ဤ 'တန်ဖိုးလျော့နည်းနေမှု' ပပျောက်သွားဖို့ Mittal က မျှော်လင့်ထားသည်။

''ကွန်ရက်များအတွင်းသို့ ဝင်ရောက်နိုင်ခွင့်အပြင် ခိုင်မာသည့် အင်တာနက်လုပ်ပိုင်ခွင့်များသည် အင်တာနက်ကြီးစိုးသည့် ခေတ်ကာလအတွင်း ဖြစ်ပေါ်နေသည့် ပြိုင်ဆိုင်မှုများအတွက် ကြီးမားသောအသာစီး တစ်ခုဖြစ်မည်မှာ မုချပင်ဖြစ်သည်'' ဟုလည်း ယင်းက ပြောခဲ့သည်။ 'Singtel ၏ကွန်ပျူတာလုပ်ငန်းများမှ ရရှိသည့် ပုံမှန်ဝင်ငွေ' သည်  ဇွန်လတွင်ကုန်ဆုံးသည့် သုံးလပတ်ကရရှိထားသည့် စုစုပေါင်းဝင်ငွေ၏ ၉ ရာခိုင်နှုန်းနှင့် နှိုင်းယှဉ်လျှင်၊ နောင်လာမည့်ငါးနှစ်အကြာတွင် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့ တက်သွားပြီး၊ 'နှစ်ဆတိုးသွားဖို့' Mittal က မျှော်လင့်ထားသည်။

အခြားဝေဖန်သုံးသပ်သူများကမူ Singtel ၏ နည်းဗျူဟာအပေါ် Mittal လောက် အကောင်းမမြင်ကြပေ။ ဟောင်ကောင်ရှိ Morningstar Investment Management Asia ဆိုသည့် ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေးကုမ္ပဏီတစ်ခု၏ အစုရှယ်ယာသုတေသနဌာနညွှန်ကြားရေးမှူး Dan Baker က ''သူတို့(Singtel) အနေနဲ့ ဝင်ငွေဖန်တီးနိုင်တာမှန်ပါတယ်။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကိုက်ညီတဲ့အမြတ်အစွန်းကိုကော ဖန်တီးနိုင်ကြပါ့မလား။'' ''သူတို့ဖန်တီးနိုင်ခဲ့ရင်လည်း ပြန်ရတဲ့ငွေကို ထိန်းသိမ်းထားနိုင်ဖို့ ယှဉ်ပြိုင်ရာမှာလိုအပ်တဲ့ အသာစီးအချက်တွေ သူတို့မှာ ရှိနိုင်မှာလား'' ဟု မေးခွန်းများထုတ်ခဲ့သည်။ Maybank Kim Eng. Company ၏ အာရှအင်တာနက်နှင့် ဆက်သွယ်ရေးလုပ်ငန်းအစုရှယ်ယာသုတေသနဌာနမှူး Mitchell Kim က ''ဆက်သွယ်ရေးကဏ္ဍလုပ်ငန်းရှင်တွေ နယ်ပယ်သစ်မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ ကြိုးစားခဲ့ကြတုန်းက သူတို့ဟာ အမြော်အမြင်တွေ၊ အသိပညာတွေ၊ စိတ်ပျက်စရာကောင်းလောက်အောင် ချို့တဲ့ခဲ့ကြတယ်'' ''Singtel ယူလာခဲ့တာ ရင်းနှီးမတည်ငွေအပြင် ဘာများရှိလို့လဲ'' ဟု အပြစ်တင်သည့် လေသံဖြင့် ဝေဖန်ခဲ့သည်။

လူအများစုပြုံလုပ်ကိုင်နေကြသည့် အင်တာနက် Video ဖြန့်ချိရေးလုပ်ငန်းတွင်လည်း Singtel သည် ကမ္ဘာတစ်ဝန်းရှိ အဓိကစိုးမိုးခြယ်လှယ်နေသူများနှင့် ယှဉ်ပြိုင်ခဲ့ရသည်။ ABI မှ Saunders ဆိုသူက ''ဆက်သွယ်ရေး ကုမ္ပဏီများ မိမိတို့၏ပြည်တွင်းဈေးကွက်လေးထဲ၌သာ သီးသန့်ပိတ်လှောင်၊ ရုန်းကန်နေလိုကြသည့်အချိန်တွင် ကမ္ဘာတစ်ဝန်းရှိ ထိုကုမ္ပဏီများက ယင်းတို့၏ ကမ္ဘာတစ်လွှားလက်လှမ်းမီ ရောက်ရှိနိုင်သည့်အချက်ကို အသာစီးယူ၍ ဝန်ဆောင်မှုများကို အဆက်မပြတ်ဖြန့်ကြက်နိုင်ခဲ့ကြသည်'' ဟု ထောက်ပြပြောဆိုခဲ့သည်။

အာရှဒေသတွင်ပင်လျှင် ဖိလိပိုင်နိုင်ငံမှ အကြီးဆုံးဆက်သွယ်ရေးကုမ္ပဏီဖြစ်သည့် PLDT က အစုစပ်ပိုင်ဆိုင်ထားသော မလေးရှားနိုင်ငံရှိ Ifix ကုမ္ပဏီသည် အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသများသို့ ပြောင်းရွှေ့ဈေးကွက်ချဲ့ထွင်လျက်ရှိသည်။ ဒေသတွင်းရှိဈေးကွက်တွင် ပြိုင်ဆိုင်နေရသူများမှာလည်း တရားမဝင်ခိုးကူးသည့် Video ခွေများပင်ဖြစ်သည်။

Singtel အနေနှင့် လုပ်ငန်းသစ်များချဲ့ထွင်ရာတွင် နည်းပညာနားလည်ကျွမ်းကျင်သူများ ရှာဖွေရခက်ခဲသည့် ပြဿနာတစ်ရပ်အား နောက်ထပ်စိမ်ခေါ်မှုတခုအနေနှင့် ရင်ဆိုင်နေရသည်။ Singtel ၏ ဆိုက်ဘာလုံခြုံရေးလုပ်ငန်းတွင် ကမ္ဘာတစ်ဝန်းလုံး၌ နည်းပညာကျွမ်းကျင်သူနှစ်ထောင်ရှိပြီး အများစုမှာ Trustwave ကုမ္ပဏီမှတစ်ဆင့် ခေါ်ယူခန့်အပ်ထားခြင်းဖြစ်သည်။ သို့ရာတွင် ဒေသခံဝန်ထမ်းများ ဆက်လက်စုဆောင်းခန့်ထားရဦးမည်ဖြစ်သောကြောင့် ထိုပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် စင်ကာပူအမျိုးသားတက္ကသိုလ်နှင့်ပူးပေါင်း၍ စင်ကာပူဒေါ်လာ ၄၂.၈ သန်း အကုန်အကျခံကာ သုတေသနစမ်းသပ်ရေး စင်တာတစ်ခုတည်ထောင်ခဲ့သည်။ သင်တန်းသားများရရှိရေးအတွက် လက်ရှိပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားများထံသို့ ပညာသင်ဆုပေးသည့်စနစ်ကို ကျင့်သုံး၍ ရှာဖွေစုဆောင်းလျက်ရှိသည်။ သို့ရာတွင် ဤကြိုးပမ်းအားထုတ်မှုမှ ပြန်လည်ရရှိလာမည့် အကျိုးအမြတ်ကိုကား အချိန်ယူစောင့်ဆိုင်းရဦးမည်ဖြစ်သည်။

''ကျွန်မအနေနဲ့ Singtel ကို တယ်လီဖုန်းကုမ္ပဏီတစ်ခု၊ သို့မဟုတ် ဆက်သွယ်ရေးကုမ္ပဏီတစ်ခုအဖြစ်ထက် ကွန်ပျူတာ၊ သို့မဟုတ် နည်းပညာကုမ္ပဏီတစ်ခုအဖြစ် လူတွေပိုပြီးသိစေချင်ပါတယ်။''

''စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးတခုပါပဲ၊ လိုအပ်ချက်က တောင်းဆိုလို့ ပေါ်ထွန်းလာရတာပါ'' ဟု Chua က ပြောကြားခဲ့သည်။ ဆက်လက်၍ ''Singtel သာ မပြောင်းလဲခဲ့ဘူးဆိုရင်၊ ကျွန်မတို့ကိုယ်ကျွန်မတို့ လုံးဝဥဿုံအရာမထင်တဲ့ လူတွေလို့ပဲ မြင်မိကြမှာ ဖြစ်ပါတယ်'' ဟုလည်း သူက ထပ်ပြောခဲ့သေးသည်။

အောင်ကို (တောင်ငူ)