ဒေါ်စိုးစန္ဒီ
Owner
The Brunch Society
Hotel Esta
စင်ကာပူနိုင်ငံမှာ နှစ်ပေါင်း ၃၀ နီးပါးနေထိုင်ကာ ပညာသင်ကြားခဲ့၊ အလုပ်အတွေ့အကြုံတွေ ယူခဲ့ပြီးနောက် မိသားစုလုပ်ငန်းဖြစ်တဲ့ Hotel Esta ကို စီမံခန့်ခွဲဖို့ ပြန်လည်ရောက်ရှိလာပြီး အခုလက်ရှိမှာ ဝါသနာပါရာ စားသောက်ဆိုင်လုပ်ငန်းဖြစ်တဲ့ The Brunch Society ကိုလည်း ဖွင့်လှစ်လိုက်တဲ့ ဒေါ်စိုးစန္ဒီနဲ့ တွေ့ဆုံဖြစ်ခဲ့ပါတယ်။ ဟိုတယ်၊ စားသောက်ဆိုင်စတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေကို ဦးဆောင်နေတဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ဝန်ဆောင်မှုကို ကောင်းသထက် ကောင်းမွန်အောင် စီမံအုပ်ချုပ်ပုံမှစပြီး ကိုယ်တိုင်လေ့လာအားကောင်းကောင်းနဲ့ ခေတ်ကိုမျက်ခြည်မပြတ်မခံဘဲ လုပ်တတ်တဲ့ သူ့ရဲ့အရည်အချင်းတွေကို သိခွင့်ရခဲ့ပါတယ်။
နောက်ခံပညာရေးနဲ့ မြန်မာနိုင်ငံ ပြန်လာဖြစ်ခဲ့ပုံ . . .
ကျွန်မက နှစ်နှစ်အရွယ်လောက်ကတည်းက မိဘတွေနဲ့ စင်ကာပူကို လိုက်သွားခဲ့တယ်။ ကျောင်းကိုလည်း စင်ကာပူမှာပဲ မူကြိုကနေဘွဲ့ရတဲ့အထိ တက်ခဲ့ပါ တယ်။ National University of Singapore (NUS) ကနေ Civil Engineering နဲ့ ဘွဲ့ရခဲ့ပါတယ်။ အလုပ်အတွေ့အကြုံဆိုရင်တော့ မိသားစုရဲ့ Trading Company မှာ ဝင်လုပ်ခဲ့တယ်။ ပြီးတဲ့နောက်မှာ ကျွန်မရဲ့အဖေက မြန်မာနိုင်ငံမှာ ဟိုတယ်ဖွင့်ဖို့အတွက် ဟိုတယ်ကို Renovate လုပ်တဲ့အခါ ကျွန်မကလည်း Engineering Background ဖြစ်တဲ့အတွက် လာကြည့်ပေးရင်း မြန်မာနိုင်ငံမှာ အလုပ်လုပ်ချင်လာတဲ့အတွက် ပြန်လာဖြစ်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်၊ နှစ်ကုန်ပိုင်းလောက်မှာ ပြန်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဟိုတယ်က ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ Hotel Esta ဖြစ်ပါတယ်။
Hotel Esta အကြောင်းအနည်းငယ်ပြောပြပေးပါ . . .
ကျွန်မက Service Industry မှာ အတွေ့အကြုံ မရှိခဲ့ပါဘူး။ သင်တန်းလည်း မတက်ဖြစ်ခဲ့ဘူး။ ဒီဟိုတယ်လုပ်ငန်းထဲကို မထင်မှတ်ဘဲရောက်ခဲ့တယ်လို့ ပြောရပါမယ်။ ဟိုတယ်လုပ်ငန်းက Renovation ကစခဲ့ပြီး Set Up လုပ် ခဲ့ပါတယ်။ ကျွန်မတို့ဟိုတယ်က High End ကြီးလည်း မဟုတ်ဘူး။ Budget ပုံစံလည်းမဟုတ်ဘဲ အလယ်အလတ် အဆင့်လောက်ရှိပါတယ်။ ဒါကြောင့် သပ်သပ်ရပ်ရပ်နဲ့ ဈေးအများကြီးလည်း မပေးရတဲ့အတွက် ပုံမှန်သွားနေတဲ့ Business Traveller တွေ၊ Tourist တွေအတွက်လည်း အဆင်ပြေပါတယ်။ ဒါကြောင့် Occupancy တွေကတော့ အခုထိ ကောင်းပါတယ်။ Business Traveller တွေဆိုရင်တော့ စင်ကာပူ၊ ဂျပန်နဲ့ ဥရောပဘက်က လာတာတွေများပါတယ်။ Regular Guest တွေလည်း များပါတယ်။
The Brunch Society ဖွင့်ဖြစ်ခဲ့ပုံနဲ့ မဖွင့်ခင်မှာကော ဘယ်လို Research တွေ၊ ဘယ်လိုပြင်ဆင်မှုတွေ လုပ်ခဲ့ပါသလဲ . . .
ဟိုတယ်လုပ်ငန်းလုပ်ကတည်းက စားသောက်ဆိုင်တစ်ဆိုင်ဖွင့်ဖို့ စဉ်းစားခဲ့တာပါ။ ဟိုတယ်က Renovation ပြီးသွားပြီး လုပ်ငန်းလည်ပတ်ချိန်မှာ စားသောက်ဆိုင် ဖွင့်ခဲ့တာဖြစ်ပါတယ်။ ဆိုင်ကိုလာတဲ့ ဧည့်သည်တွေဆိုရင် အသက် ၂၀ နဲ့ ၄၀ ဝန်းကျင်တွေ များပါတယ်။
ဆိုင်က မြို့လယ်ကောင် အချက်အချာကျတဲ့နေရာမှာ ရွေးချယ်ဖြစ်ခဲ့တာကတော့ ဆိုင်ကို လူများများလာနိုင်တဲ့နေရာ ဖြစ်စေချင်တာကြောင့်ပါ။ နောက်ပြီး လူလည်း ပိုသိလွယ်မယ်ဆိုပြီး ဒီနေရာကိုရွေးချယ်ဖြစ်ခဲ့ပါတယ်။ Menu ဆိုရင် မြန်မာအကြိုက် ထိုင်းအစားအစာ ပုံစံလည်းပါတယ်။ နိုင်ငံခြားသားအကြိုက် Burger တို့၊ Bar နဲ့လိုက်ဖက်တဲ့ဟင်းပွဲတွေလည်းပါပါတယ်။
အသုံးပြုတဲ့ ကုန်ကြမ်းပစ္စည်းတွေကတော့ ပြည်တွင်းက ထွက်တာတွေကို အများဆုံးအသုံးပြုဖြစ်ပါတယ်။ အမဲသားကိုတော့ သြစတြေးလျက သွင်းပါတယ်။ တခြားရာသီပေါ်သီးနှံတွေကတော့ ရနိုင်သလောက် ပြည်တွင်းကသုံးပြီး သူ့ရာသီကုန်သွားလို့ မရနိုင်တော့မှ ပြည်ပကနေမှာပါတယ်။ Consultant Chef က ထိုင်းလူမျိုးပါ။ အမေရိကားမှာ Culinary School တက်ခဲ့ပြီး Degree ရခဲ့ပြီး အတွေ့အကြုံလည်း ရှိခဲ့ပါတယ်။ ထိုင်းမှာလည်း ကိုယ်ပိုင်ဆိုင်ရှိပါတယ်။ သူကနေပြီး တခြား Chef တွေကို Training တွေ ပေးပါတယ်။ ဆိုင်မှာ ဝန်ထမ်းစုစုပေါင်း ၃၀ လောက်ရှိပါတယ်။
ဝန်ထမ်းတွေကိုကော ဘယ်လို Training ပေးပါသလဲ . . .
မန်နေဂျာက Training ပေးပါတယ်။ ကျွန်မအနေနဲ့ လိုချင်တာကတော့ တစ်ခုပဲရှိပါတယ်။ ဧည့်သည်တွေကို အကောင်းဆုံးနဲ့ စိတ်ထဲကပါပြီး Service ပေးတာဖြစ်ဖို့ပါ။
စားသောက်ဆိုင်လုပ်ငန်းအောင်မြင်ဖို့ အဓိကအချက်တွေဆိုရင် . . .
အစားအသောက်ကောင်းဖို့၊ Service ကောင်းဖို့ပါ။ Location လည်း အရေးကြီးပါတယ်။ Trend ကလည်း အမြဲတမ်းပြောင်းနေတဲ့အတွက် ရိုးမသွားအောင် လစဉ် Menu အသစ်ထုတ်တာတွေလုပ်ဖို့ လိုပါတယ်။ လစဉ် Promotion လုပ်တာတွေအပြင် Special Day တွေ (Valentine's Day တို့၊ Mother's Day တို့) မှာလည်း Promotion တွေ လုပ်တာမျိုးတွေ ရှိရပါတယ်။
စားသောက်ဆိုင်တွေဟာ ဧည်သည်တွေ ပထမတစ်ခေါက်လာပြီးတဲ့နောက် နောက်ထပ်နောက်ထပ် လာချင်အောင် ဆွဲဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ The Brunch Society အနေနဲ့ ဒီလို ဆွဲဆောင်ထားနိုင်တဲ့အချက်က ဘာများဖြစ်မလဲ . . .
Food Quality ကို ထိန်းတာဖြစ်ပါတယ်။ ဝန်ထမ်းတွေဆိုရင်လည်း ဧည့်သည်ကို သုံးဆောင်ရတာ အဆင်ပြေရဲ့လားဆိုတာကို သေချာမေးပြီး Service ပေးစေပါတယ်။ ဧည့်သည်က သုံးဆောင်လို့ မကုန်ခဲ့ရင်လည်း ဘာကြောင့်လဲဆိုတာမေးပြီး အဖြေရှာပါတယ်။
ရေရှည်အောင်မြင်ဖို့အတွက်ဆိုရင် . . .
Trend ကိုနားလည်ပြီး လက်ရှိမှာ ဘယ်လိုအစားအသောက်ပုံစံကို ဧည့်သည်တွေက စားချင်သလဲဆိုတာ တွေကြည့်ပြီး Update လုပ်နေရပါမယ်။ ကျွန်မတို့ဆီမှာ ရောင်းရတဲ့ဟင်းပွဲရှိသလို မရောင်းရတဲ့ဟင်းပွဲလည်း ရှိတယ်။ ဒီလိုမရောင်းရတဲ့အခါ ဘာကြောင့်ဆိုတာကို အဖြေရှာပါတယ်။ နောက်ပြီး ဘယ်လို Trend နဲ့ ဖွင့်နေတဲ့ ဆိုင်တွေရှိလဲ၊ ဘယ်လိုဆိုင်တွေက အောင်မြင်နေသလဲဆိုတာလည်း လိုက်ကြည့်ပြီး လေ့လာပါတယ်။
ဆိုင်ဖွင့်ရင်းကြုံခဲ့ရတဲ့ အခက်အခဲတွေ . . .
ဆိုင်စဖွင့်တဲ့အချိန်မှာ ရန်ကုန်မှာ Restaurant တွေ ဖွင့်လာတာ တော်တော်များတယ်။ ပြိုင်ဆိုင်မှုတွေ များတယ်။ အဲဒီလိုအချိန်မှာ Qualified ဖြစ်တဲ့ ဝန်ထမ်းတွေ နည်းသွားတယ်။ ဒါကြောင့် လူရှာတဲ့နေရာမှာ နည်းနည်းအခက်အခဲ ရှိပါတယ်။
ဒါဆိုဝန်ထမ်းတွေကိုကော ကိုယ့်ဆီမှာ အလုပ်မြဲအောင် ဘယ်လိုပုံစံနဲ့ ထိန်းသိမ်းပါသလဲ . . .
အစပိုင်းမှာတော့ အတော်ထိန်းရ ခက်ခဲခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် နားမလည်ခဲ့ဘူး။ ဝန်ထမ်းတွေ ထွက်တာလည်း တော်တော်များခဲ့ပါတယ်။ အခုတော့ ဆိုင်ဖွင့်တာလည်း ငါးလလောက်ရှိလာတဲ့အခါ ကျန်ခဲ့တဲ့ဝန်ထမ်းတွေက ကျွန်မနဲ့ နားလည်မှုရှိသွားပြီ။
ကျွန်မက ဝန်ထမ်းရွေးချယ်တဲ့အခါမှာ CV Form က ဓာတ်ပုံကိုပဲ အဓိကထားကြည့်တယ်။ မျက်နှာက ရိုးသားမှုရှိရဲ့လား ကြည့်တယ်။ နောက်ပြီး အင်တာဗျူးမေးတဲ့အခါမှာ Attitude ကို အဓိကလေ့လာတယ်။ Experience ကို အဓိကထားပြီး မကြည့်ဘူး။ Attitude မှာ Service-minded ဖြစ်ဖို့လည်း လိုပါတယ်။
ကျွန်မမှာ ဟိုတယ်နဲ့ စားသောက်ဆိုင်နှစ်ခုပေါင်း ဝန်ထမ်း ၇၀ နီးပါးရှိပါတယ်။ အဲဒီဝန်ထမ်းအားလုံးရဲ့ နာမည်အပြည့်အစုံကို ကျွန်မ မှတ်မိတယ်၊ ခေါ်နိုင်တယ်။ သူတို့ရဲ့ လူမှုရေးပိုင်းဆိုင်ရာတွေဖြစ်တဲ့ ဘယ်သူက အိမ်ထောင်ပြုဖို့ရှိတယ်၊ ဘယ်သူက အိမ်ပြောင်းဖို့ရှိတယ် စတာတွေကိုလည်းရအောင် အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးပါတယ်။
စင်ကာပူမှာ နှစ်ပေါင်း ၃၀ လောက်ကြာပြီးမှ ပြန်လာတာဖြစ်တဲ့အတွက် ဒီမှာအလုပ်လုပ်တဲ့အခါ ဘယ်လိုအခက်အခဲတွေကော တွေ့ရပါသလဲ . . .
သိပ်ကြီးကြီးမားမားတော့ မရှိပါဘူး။ စင်ကာပူမှာ မြန်မာစာကိုလည်း သေချာသင်ထားတဲ့အတွက် ပြောလည်း ပြောတတ်၊ ရေးလည်း ရေးတတ်ပါတယ်။
မိသားစုလုပ်ငန်းမှာ ဆက်လက်ပြီးတိုးချဲ့သွားဖို့ရှိတဲ့ လုပ်ငန်းတွေဆိုရင် . . .
လက်ရှိမှာ မိသားစုက Trading လုပ်တယ်။ Money Changer လုပ်တယ်။ Hotel လုပ်ငန်းလုပ်တယ်။ Restaurant ကတော့ ကျွန်မလက်ထက်မှ စခဲ့ပါတယ်။ ကျွန်မက Hospitality Industry ကို တအားဝါသနာပါတဲ့အတွက် အောက်တိုဘာလလောက်မှာ နောက်ထပ်ဆိုင်တစ်ဆိုင် ဖွင့်ဖြစ်ဖို့ စဉ်းစားထားပါတယ်။ The Brunch Society ရဲ့ ဆိုင်ခွဲမဟုတ်ဘဲ နောက်ထပ် Concept တစ်ခုနဲ့ သွားမှာပါ။
Hospitality ပိုင်းနဲ့ပတ်သက်ပြီး အတွေ့အကြုံမရှိခဲ့တဲ့အတွက် စီမံခန့်ခွဲနိုင်အောင် ဘယ်လိုလေ့လာခဲ့ပါသလဲ . . .
အစပိုင်းမှာ ဟိုတယ်လုပ်ငန်းကို မလုပ်တတ်ခဲ့ပါဘူး။ သင်တန်းတက်ဖို့လည်း အချိန်မရခဲ့ပါဘူး။ စဖွင့်ခါစအချိန်မှာ ကျွန်မက မနက်ကိုးနာရီကနေ ညနေငါးနာရီ အထိက ဝန်ထမ်းတွေကို လေ့ကျင့်သင်ကြားပေးရတဲ့အတွက် ညပိုင်းကစပြီး မနက်သုံး၊ လေး နာရီအထိကို ကိုယ်တိုင်အတွက်ရော၊ နောက်နေ့သင်တန်းအတွက်ပါ Online Course တွေကနေ လေ့လာခဲ့ရပါတယ်။
ကိုယ့်ဆိုင်နဲ့ပတ်သက်တဲ့ Comment တွေ၊ Review တွေကိုလည်း အမြဲတမ်း အလေးထားပါတယ်။ Facebook ကပဲဖြစ်ဖြစ်၊ တခြား Booking Site တွေဖြစ်တဲ့ Trip Advisor တို့လိုတွေက Review တွေဖြစ်ဖြစ် သေချာဖတ်ပြီး ဆိုင်ရဲ့လိုအပ်ချက်တွေကိုဖြည့်ပါတယ်။ နေ့စဉ် Duty Shift အချိန်ဖြစ်တဲ့ ညနေသုံးနာရီကနေ ငါးနာရီအတွင်းမှာ ဝန်ထမ်းတွေကို Briefing ပေးရင်း ဆိုင်ရဲ့လိုအပ်ချက်တွေအကြောင်း ပြောပါတယ်။
ဘဝမှာ အလေးစားရဆုံးပုဂ္ဂိုလ် . . .
ဘဝမှာ အလေးစားရဆုံးသူကလည်း အမေပဲ။ အမေက သိပ်တော်တယ်၊ ထက်တယ်။ ကျွန်မတို့နဲ့လည်း သိပ် Close ဖြစ်ပါတယ်။ ကျွန်မအမေက အိမ်မှာကူမယ့်သူ ဘယ်လောက်ပဲရှိရှိ အိမ်မှာ အကုန်လုပ်စေတယ်။ အကုန်လုပ်တတ်အောင်ပါ။ အမေကိုယ်တိုင်က စီးပွားရေးလည်းလုပ်ပေမယ့် အိမ်မှုကိစ္စလည်း မလစ်ဟင်းဘူး။ အလှူပွဲတွေရှိလို့ လူသုံးလေးငါးရာစာ ချက်ရင်တောင် သူကိုယ်တိုင်ပါဝင်ပြီး ချက်ပြုတ်တယ်။ အဲဒီတော့ ကျွန်မကိုယ်တိုင်က ငယ်ငယ်ကတည်းက ချက်ပြုတ်တတ်တယ်။
အနာဂတ်အစီအစဉ် . . .
Hospitality Group တစ်ခုလုပ်ချင်ပါတယ်။ Hotel ၊ Restaurant ၊ Catering Service စတဲ့ Service နဲ့ ပတ်သက်တာတွေ အကုန်လုံးကို အရည်အသွေးကောင်းကောင်းနဲ့ ပေးနိုင်တဲ့ Group တစ်ခုဖြစ်ချင်တာပါ။ အဲဒီ Group အောက်မှာလည်း တခြားဆိုင်တွေပါ ချိတ်ဆက်ပါဝင်လာအောင် လုပ်ချင်ပါတယ်။
နန္ဒာနေဝင်း