အချိန်ကာလရှည်ကြာပြီးနောက်မှ ပြန်လည်ဗိုလ်စွဲမှုများကို ဂေါက်သီးအားကစားတွင် မကြာခဏတွေ့ရပါသည်။ ၂၀၁၈ ခုနှစ်အတွင်းက အထင်ရှားဆုံးအဖြစ်မှာ ရာသီပိတ် Tour Championship ပြိုင်ပွဲကြီး၌ တိုက်ဂါးအနိုင်ရလိုက်ခြင်းပါ။ ၂၀၁၃ ခုနှစ်အထိ မေဂျာပွဲကြီး ၁၄ ပွဲအပါအဝင် ပီဂျီအေတိုးပွဲပေါင်း ၇၉ ပွဲကို အောင်နိုင်ထားသူ တိုက်ဂါးသည် ၂၀၁၄ ခုနှစ်မှစ၍ ခါးအောက်ပိုင်းနာကျင်မှု၊ လက်ကောက်ဝတ်နာကျင်မှု၊ တင်ပဆုံရိုး နာကျင်မှုဝေဒနာများရခဲ့ပြီး ပြိုင်ပွဲဝင်နိုင်မှု ကျဲသွားခဲ့သည်။
၂၀၁၄ ခုနှစ်အတွင်း ခါးအောက်ပိုင်း ခွဲစိတ်မှုပြုလုပ်ခဲ့ရသည်။ တစ်နှစ်လုံး ၇ ပွဲသာ ပါဝင်ကစားနိုင်ခဲ့သည်။ ၂၀၁၅ ခုနှစ်အတွင်း၌ ပွဲပေါင်း ၁၁ ပွဲပါဝင်ကစားခဲ့ပြီးနောက် စက်တင်ဘာလတွင် ခါးအောက်ပိုင်းထပ်မံခွဲစိတ်ရပြန်ကာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလကျမှသာ ပြန်လည်ပြိုင်ပွဲဝင်နိုင်ခဲ့သည်။ ၁၅ လကျော် ပြိုင်ပွဲများနှင့်ဝေးခဲ့ခြင်းပါ။ ၂၀၁၆-၂၀၁၇ ရာသီတွင်လည်း တစ်ပွဲသာပါဝင်ကစားနိုင်ခဲ့သည်။ ကမ္ဘာ့နံပါတ်တစ်အဖြစ် ရက်သတ္တပတ်ပေါင်း ၆၈၃ ပတ်နေရာယူနိုင်ခဲ့သောသူသည် ပြိုင်ပွဲဝင်မှုကျဲသွားသည့်အလျောက် ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၁,၁၉၉ အထိကျဆင်းသွားခဲ့ပါသည်။
မေဂျာပွဲကြီးများတွင် ၁၈ ကြိမ်ဗိုလ်စွဲထားသူ ဂန္ထဝင်ဂေါက်သီးသမားကြီး ဂျက်ခ်နစ်ကလပ်စ်၏စံချိန်ကို တိုက်ဂါးမီနိုင်သည်ဟူသော မှန်းဆချက်များမှာ တဖြည်းဖြည်းပျက်ပြယ်လာခဲ့ပါသည်။ ၂၀ဝ၉ ခုနှစ်ကုန်ပိုင်းကလည်း တိုက်ဂါးသည် မိန်းမရှုပ်မှုပြဿနာများကြောင့် ၂၀၁၀ ပြည့်နှစ်နှင့် ၂၀၁၁ ခုနှစ်များအတွင်း လက်ကျခဲ့ပါသေးသည်။ ဤပြဿနာကြောင့် ဇနီးသည်အား ကွာရှင်းပေးရခြင်း၊ ပြစ်တင်ပြောဆိုမှုများခံရခြင်း၊ လူတောမတိုးဝင့်သည့် အခြေအနေဖြစ်ခဲ့ခြင်းစသော စိတ်ဒဏ်ရာဒဏ်ချက်များ ကလည်း ပြင်းထန်လှပါသည်။ သို့သော်သူက ခေါင်းပြန်ထောင်နိုင်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် အတွင်းသုံးပွဲနှင့် ၂၀၁၃ ခုနှစ်အတွင်း ၅ ပွဲဗိုလ်စွဲခဲ့သည်။ ၂၀၁၄ ခုနှစ်မှစ၍ ကိုယ်ခန္ဓာနာကျင်မှုများရလာပြီး လက်ပျက်လက်ကျမှု ဖြစ်ခဲ့ပြန်ပါသည်။ မိန်းမကိစ္စကြောင့်ရခဲ့သော စိတ်ဝေဒနာနှင့် နောက်ပိုင်းရလာသော ရုပ်ခန္ဓာဝေဒနာများကြောင့် တိုက်ဂါးထပ်မံအောင်ပွဲရရန် မှန်းဆသူမရှိသလောက်ဖြစ်ခဲ့ပါသည်။
သို့သော် မလျော့သောလုံ့လနှင့် ဆန္ဒပြင်းပြမှုများကြောင့် အသက် ၄၂ နှစ်ရှိတိုက်ဂါးသည် ယခင်နောက်ဆုံးဗိုလ်စွဲမှုအပြီး ၅ နှစ်နှင့် ၁ လကျော်အကြာတွင် သူ့အတွက် အကြိမ် ၈၀ မြောက်ပီဂျီအေတိုးအောင်ပွဲအဖြစ် ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က ရာသီပိတ် Tour Championship ပြိုင်ပွဲကြီးအား အောင်နိုင်လိုက်ပါ တော့သည်။ ဂျက်ခ်နစ်ကလပ်စ်၏ မေဂျာ ၁၈ ပွဲစံချိန်ကို မီနိုင်သည်ဟူသော မှန်းဆချက်များ ပြန်လည်အသက်ဝင်လာခဲ့ပါသည်။
၂၀၁၈ ခုနှစ်သည် ဗိုလ်စွဲမှုပျောက်ဆုံးနေသော ချန်ပီယံဟောင်းများ ပြန်လည်ဗိုလ်စွဲမှုအများအပြားတွေ့ရသောနှစ်ဟုဆိုရပါမည်။ တိုက်ဂါးကဲ့သို့ ၅ နှစ်ကြာဆုဖလားနှင့်ဝေးနေသော ဖီးလ်မစ်ကယ်ဆင်သည်လည်း မတ်လ ၄ ရက်နေ့က ပီဂျီအေတိုး၏ WGC-Mexico Championship တွင် အောင်ပွဲရလိုက်ပါသည်။ ထိုပွဲတွင် သူက ကမ္ဘာ့အဆင့်သုံးဂျပ်စတင်တွမ်မတ်စ်ကို ကျင်းပြတ်ကျင်းပိုကစားပြီး အနိုင်ရခဲ့ခြင်းဖြစ်သည်။ တွမ်မတ်စ်သည် နောက်နှစ်လအကြာ မေလ၌ ကမ္ဘာ့အဆင့်တစ်နေရာကို ၄ ပတ်ကြာရယူနိုင်ခဲ့သူဖြစ်သည်။ မစ်ကယ်ဆင့် အတွက် ဤအောင်ပွဲမှာ ပီဂျီအေတိုးပြိုင်ပွဲ ၄၃ ပွဲ မြောက် လည်းဖြစ်သည်။ ထိုအထဲတွင် မေဂျာပွဲကြီး ၅ ပွဲ ပါဝင်သည်။
မစ်ကယ်ဆင်သည် ၂၅ နှစ်ကျော်ကမ္ဘာ့အဆင့် ထိပ်ဆုံး ၅၀ အတွင်းမှ မထွက်ခဲ့သူပါ။ ကမ္ဘာ့ထိပ်ဆုံး အဆင့် ၁၀ အတွင်းနေနိုင်ခဲ့သော ရက်သတ္တပတ်ပေါင်းလည်း ခုနစ်ရာကျော်သည်။ ကမ္ဘာ့အဆင့် ၂ နေရာအား အကြိမ်ပေါင်းများစွာရခဲ့သူလည်းဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် သူ့အား ကမ္ဘာ့ဂေါက်သီးမော်ကွန်းတိုက်က မော်ကွန်းဝင် တင်မြှောက်ခဲ့သည်။ အသက် ၄၇ နှစ်အရွယ်တွင် အောင်ပွဲရဆဲဖြစ်သော သူ့အားဂေါက်သီးလောကက ချီးကျူးခဲ့ကြသည်။
၂၀၁၈ ခုနှစ်အတွင်း ၅ နှစ်ကြာမှ ဗိုလ်စွဲမှုပြန် တွေ့ရသူတစ်ဦးမှာ အမေရိကန်ပရိုဂယ်ရီဝွတ်လန်းဒ်ဖြစ်ပါသည်။ သူကတော့ နာမည်ကြီးတစ်ဦးမဟုတ်ပါ။ ပီဂျီ အေတိုးတွင် ၂၀၁၁ ခုနှစ်က တစ်ကြိမ်၊ ၂၀၁၃ ခုနှစ်က တစ်ကြိမ် ယခင်က နှစ်ကြိမ်သာဗိုလ်စွဲခဲ့ဖူးပါသည်။ ကမ္ဘာ့ဂေါက်သီးသမားအဆင့်ဇယားတွင် အမှတ်စဉ် ၃၂ အထိသာ အမြင့်ဆုံးရောက်ခဲ့ဖူးသည်။ သူ၏ထင်ရှားချက်တစ်ရပ်မှာ ဒပ်စ်တင်းဂျွန်ဆင်၊ ဘတ်ဘာဝပ်တ်ဆင့်တို့နှင့်အတူ ပီဂျီအေတိုး၏ ဒရိုက်ဗ်အပြေးဆုံး ၅ ဦးစာရင်း၌ မကြာခဏတွေ့ရခြင်းပါ။ အောင်မြင်မှုနည်းသော်လည်း ဂေါက်သီးပရိုအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်နေရသူအတွက် လုံ့လဝီရိယလျော့၍ မဖြစ်ပါ။ အခွင့်အရေးရသလောက် အောင်ပွဲရှာနေရသူဖြစ်ပါသည်။
၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလက ကျင်းပခဲ့သော Waste Management Phoenix Open တွင် သူဗိုလ်စွဲနိုင်ခဲ့ပါသည်။ ဩဂုတ်လက ကျင်းပခဲ့သော PGA Championship မေဂျာပွဲကြီး၌ ပထမနှစ်ရက်တွင် ၆၄ + ၆၆ ရိုက်ကာ ကွင်းပတ်နှစ်ခုပေါင်းစကိုးပြိုင်ပွဲ စံချိန်သစ်တင်နိုင်ခဲ့ပြီး ပြိုင်ပွဲဦးဆောင်သူလည်း ဖြစ်ခဲ့သေးပါသည်။ ကျန်နှစ်ရက်တွင် ၇၁ + ၆၉ သာ ရိုက်နိုင်ကာ အပြီးသတ်၌ အဆင့်ပူးတွဲ ၆ သာချိတ်နိုင်ခဲ့သည်။ မည်သို့ပင်ဖြစ်စေသူသည် နှစ်ပိတ်အပြီးသတ် Tour Championship ဝင်ခွင့်ရသော ထိပ်သီးလူ ၃၀ စာရင်းအထိပါဝင်နိုင်ခဲ့ပြီး နှစ်ကုန် ဖက်ဒိတ်စ်ဖလားအဆင့်ဇယား၌ အမှတ်စဉ် ၂၆ ချိတ်နိုင်ခဲ့သဖြင့် ဤနှစ်သည် သူ့အတွက်အောင်မြင်သောနှစ်ဟု ဆိုရပါမည်။
အင်္ဂလန်မှ ပေါလ်ကေစီသည် ဥရောပတိုးတွင် ပေါက်ဖွားကြီးပြင်းခဲ့သော ဂေါက်သီးပရိုဖြစ်သော်လည်း ရေကြည်ရာမြက်နုရာ ဆုကြေးများပြားလှသည့် ပီဂျီအေတိုး၌ လာရောက်အခြေချကစားနေသူဖြစ်ပါသည်။ ဥရောပတိုး၌ ၁၃ ကြိမ်ပင်အောင်နိုင်ထားပြီး ပီဂျီအေတိုး၌ ယခင်က တစ်ကြိမ်သာအောင်နိုင်ခဲ့ဖူးသည်။ ၂၀ဝ၉ ခုနှစ်၊ ဧပြီလက ပီဂျီအေတိုး၏ Shell Houston Open ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ထိုအောင်ပွဲကြောင့် တိုက်ဂါးနှင့် ဖီးလ်မစ်ကယ်ဆင်တို့ နောက်တွင် ကမ္ဘာ့နံပါတ်သုံးဂေါက်သီးသမားနေရာကိုရခဲ့ပါသည်။ ၂၀ဝ၆ ခုနှစ်က သူသည် ဥရောပတိုးနှစ်ပွဲဗိုလ်စွဲခဲ့ပြီး ဥရောပတိုး၏ တစ်နှစ်တာအကောင်းဆုံးဂေါက်သီးသမားဆုရခဲ့ပါသေးသည်။ သူ့တွင် ထင်ရှားချက်တစ်ရပ်မှာ ဥရောပတိုးမန်ဘာအဖြစ်မှ ၂၀၁၅ ခုနှစ်တွင် နုတ်ထွက်ခဲ့ခြင်းဖြစ်ပါသည်။ ဥရောပတိုးမန်ဘာမဟုတ်တော့ပါက ရိုက်ဒါဖလားပြိုင်ပွဲကစားမည့် ဥရောပလက်ရွေးစင်အသင်းတွင် အရွေးမခံရနိုင်တော့ပါ။ ဥရောပတိုးမန်ဘာဖြစ်ရန်အတွက် ဥရောပတိုးပြိုင်ပွဲစုစု ပေါင်း ၁၃ ပွဲကို တစ်ရာသီအတွင်းပါဝင်ကစားရမည်ဟု စည်းမျဉ်းချမှတ်ထားရာအမေရိကမြေမှ ပီဂျီအေတိုးရော ဥရောပမြေမှ ဥရောပတိုးပါခွကစားနေသော ကေစီအတွက် ဥရောပတိုးအမည်ပေါက် ၁၃ ပွဲကစားရန်မှာ အ လွန်ခက်ခဲပင်ပန်းသောကြောင့် သူအလွန်ဖြစ်ချင်သော ဥရောပရိုက်ဒါဖလားလက်ရွေးစင်အဖြစ်ကို စွန့်လွှတ်ခဲ့ခြင်းပါဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။
ထို့ကြောင့်လည်း ဥရောပတိုးက သူ့စည်းမျဉ်း ကို ၂၀၁၆ ခုနှစ်တွင် ပြင်ဆင်ခဲ့ရသည်။ ဥရောပတိုးမန်ဘာဖြစ်ရန် မေဂျာပွဲကြီးလေးပွဲနှင့် WGC ပွဲကြီးလေးပွဲမပါ အခြားဥရောပတိုး ၅ ပွဲသာပါဝင်ကစားရုံနှင့် လုံလောက်သည်ဟု ပြင်ခဲ့သည်။ နောက်တစ်နှစ် အကြာတွင် ၅ ပွဲအစား ၄ ပွဲသို့ လျှော့ချပေးခဲ့ပြန်သည်။ ကေစီက ၂၀၁၇ ခုနှစ်ကုန်ပိုင်းတွင် ဥရောပတိုးမန်ဘာပြန်လျှောက်ပြီး ရယူခဲ့သည်။ ၂၀၁၈ ခုနှစ်၊ ဥရောပလက်ရွေးစင်ရိုက် ဒါဖလားအသင်း၌ အရွေးခံရသည်။ ပြင်သစ်နိုင်ငံပဲရစ် မြို့၌ ကျင်းပခဲ့သော ရိုက်ဒါဖလားပြိုင်ပွဲ၌ ကေစီအပါအဝင် ၁၂ ဦးပါ ဥရောပအသင်းက အမေရိကန်အသင်းကို အနိုင်ရခဲ့ပါသည်။
လက်စွမ်းထက်သောကေစီသည် ၂၀ဝ၉ ခုနှစ် က ပီဂျီအေတိုးတစ်ပွဲနိုင်ပြီးနောက် ဆုဖလားနှင့် ဝေးကွာနေခဲ့ရာမှ ၉ နှစ်အကြာ ၂၀၁၈ ခုနှစ်တွင်မှ ဒုတိယပီဂျီအေ တိုးအောင်ပွဲကို ရခဲ့ပါတော့သည်။ မတ်လ ၁၁ ရက်နေ့က အပြီးသတ်ခဲ့သော Valspar Championship တွင် ဗိုလ်စွဲ နိုင်ခဲ့ခြင်းပါ။ သုံးရက်အပြီးတွင် ကေစီသည် ၄ ချက် လျော့သာရသေးကာ ဦးဆောင်သူနောက်တွင် ၅ ချက် ပြတ်ကျန်နေခဲ့ပါသည်။ ထိုနေ့က တိုက်ဂါးနှင့် ဂျပ်စ်တင်ရို့စ်တို့က ၈ ချက်လျော့ ဒုတိယနေရာတွင် ရှိနေခဲ့ကြသည်။ နောက်ဆုံးနေ့တွင်မှ ကေစီက ၆ ချက်လျော့ရလိုက်ကာ ပေါင်း ၁၀ ချက်လျော့ဖြင့် ချန်ပီယံဖြစ်ခဲ့သည်။ တိုက်ဂါးနှင့် ပက်ထရစ်ခ်ရိဒ်တို့က ပေါင်း ၉ ချက်လျော့စီဖြင့် ပူးတွဲဒုတိယ၊ ဆာဂျီယိုဂါစီယာက ၈ ချက်လျော့ ဖြင့် စတုတ္ထ၊ ဂျပ်စ်တင်ရို့စ်က ၇ ချက်လျော့ဖြင့် ပဉ္စမ ရကြသည်။ ပီဂျီအေတိုး၌ ဒုတိယအကြိမ်ဗိုလ်စွဲရန် ၉ နှစ် စောင့်ခဲ့ရခြင်းဖြစ်ပါတော့သည်။
၂၀၁၈ ခုနှစ် ဧပြီလ တစ်ရက်နေ့တွင်အခြား အင်္ဂလန်သားတစ်ဦးဖြစ်သော ဥရောပရိုက်ဒါဖလားလက်ရွေးစင်လူစွမ်းကောင်းဟု နာမည်ရသည့် အီယံပေါ်လ်တာက Houstom Open ပီဂျီအေတိုးပွဲအား ဗိုလ်စွဲခဲ့ပြန်ပါသည်။ ပီဂျီအေတိုးနှင့် ဥရောပတိုးနှစ်ခုအား ခွကစားနေသော သူ သည် ၂၀၁၂ ခုနှစ်က ပီဂျီအေတိုးတစ်ပွဲဗိုလ်စွဲပြီးနောက် လက်ပျက်လက်ကျနေခဲ့ပါသည်။ ဥရောပတိုးတွင်ရော မည်သည့်တိုးတွင်မှ အောင်ပွဲမရခဲ့ပါ။ ရိုက်ဒါဖလားလူစွမ်း ကောင်းဖြစ်ခဲ့ပုံမှာ ဤသို့ပါ။ ၂၀၁၂ ခုနှစ်က ရိုက်ဒါဖလား ပြိုင်ပွဲအား အမေရိကမြေတွင် ကျင်းပခဲ့ရာ ဥရောပအသင်း သည် နှစ်ရက်အပြီး ၆ မှတ်သာရသေးပြီး အမေရိကန်အသင်းက ၁၀ မှတ် ရနေခဲ့ပါသည်။ နောက်ဆုံးနေ့တွင်မှ တစ်ဦးချင်းပွဲများတွင် ဥရောပတို့ အနိုင်များကာ ဥရောပအသင်းက အပြီးသတ်အမှတ်တွင် ၁၄ မှတ်ခွဲ-၁၃ မှတ်ခွဲဖြင့် အနိုင်ရသွားပါသည်။ ပေါ်လ်တာက သူပါဝင်ကစားသည့် ၄ ပွဲစလုံးအနိုင်ရကာ အသင်းအတွက် အမှတ်အများဆုံးရှာပေးနိုင်သည့် လူစွမ်းကောင်းဖြစ်ခဲ့ပါသည်။
ဥရောပတိုးတွင် ၁၂ ပွဲအောင်နိုင်ထားကာ ကမ္ဘာ့အဆင့်ဇယားတွင် ပဉ္စမနေရာအထိ ရောက်ခဲ့ဖူးသော ပေါ်လ်တာသည် ၂၀၁၃ ခုနှစ်ကစ၍ လက်ကျခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ခြေထောက်ဒဏ်ရာရကာ ၄ လ နားခဲ့ရပြန်ပါ သည်။ ၂၀၁၆-၂၀၁၇ ပီဂျီအေတိုးရာသီ၌ ပေါ်လ်တာက ကစားရန် ဆုကြေးမမီသော်လည်း Medical Extension ဟူသော ဆေးကုသခံရသူများအတွက်ပေးသည့် ကစားခွင့်ဖြင့် ကစားနိုင်ခဲ့သည်။ ထိုရာသီ၌ မေလဆန်းတွင် ပေါ်လ်တာသည် လျာထားသည့်ဆုကြေးရအောင်မကစား နိုင်ခဲ့သဖြင့် ဆက်ရိုက်ခွင့် ရုတ်သိမ်းခံရတော့မည်ဟု ကြေညာခြင်းခံခဲ့ရပါသေးသည်။ နောက်မှတွက်ချက်ပုံ မှားယွင်းသွားကြောင်းနှင့် နောက်တစ်ပွဲဆက်ကစားခွင့် ရကြောင်းပေါ်လ်တာထံ အကြောင်းကြားခဲ့ကြသည်။ ဆက်ကစားရသော The Players Championship တွင် သူ က ပူးတွဲဒုတိယရလိုက်ပြီး အခြေအနေကောင်းသွားကာ တစ်ရာသီလုံးဆက်ကစားခွင့်ရလိုက်သည့်အပြင် ဆက် လာမည့် ၂၀၁၇-၂၀၁၈ ရာသီတွင်ပါ အချိန်ပြည့်ကစား ခွင့်ရခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဧပြီလတစ်ရက်နေ့တွင် Houston Open နောက်ဆုံးကွင်းပတ်၌ နောက်ဆုံးကျင်းတွင် ကွာဝေးလှသော ဘာဒီပတ်ကြီးဝင်ကာ ပျင်းပြတ်ကျင်းပို ဆက်ကစားခွင့်ရခဲ့ပြီးနောက် ပြိုင်ဘက်ဗျူးဟော့စ်လာကို အနိုင်ရကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပါသည်။ ကမ္ဘာ့အဆင့်တွင် ၂၀၇ အထိ ကျဆင်းခဲ့သော သူသည် အဆင့် ၂၉ အထိ ပြန်တက်လာခဲ့ပါသည်။ သူ့အတွက် ပီဂျီအေတိုး၌ သုံးကြိမ်မြောက် အောင်ပွဲဖြစ်ပါသည်။
၂၀၁၂ ခုနှစ်က ယူအက်စ်အိုးပင်းမေဂျာပွဲကြီးအား ဗိုလ်စွဲခဲ့သော ဝက်ဘ်ဆင်မ်ဆင်သည် ၂၀၁၃ ခုနှစ်က လေးပွဲမြောက်ပီဂျီအေတိုးအောင်ပွဲရပြီးနောက် ဗိုလ်မစွဲနိုင်ခဲ့သည်မှာ ၅ နှစ်ရှိခဲ့ပါပြီ။ ယူအက်စ်အိုးပင်းဗိုလ်စွဲပြီး နောက် ကမ္ဘာ့အဆင့် ၅ အထိရောက်ခဲ့သောသူသည် အောင်ပွဲများနှင့် ဝေးကွာခဲ့ပြီးနောက် ကမ္ဘာ့အဆင့် ၉၀ အထိ ကျဆင်းခဲ့ပါသည်။ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ် အစ ပိုင်းတွင် ထိပ်ဆုံး ၁၀ ဦးအတွင်းဝင်သောပွဲများရှိလာပြီး ကမ္ဘာ့အဆင့် ၄၀ ကျော်သို့ တက်လာခဲ့ပါသည်။ ၂၀၁၈ ခုနှစ် မေလ ဒုတိယပတ်၌ The Players Championship ပြိုင်ပွဲကြီးကျင်းပခဲ့ပါသည်။ ဤပြိုင်ပွဲအား မေဂျာပြိုင်ပွဲ ကြီး ၄ ပွဲနောက်ဝယ် အကြီးကျယ်ဆုံးဟု သတ်မှတ်သည်။ ပီဂျီအေတိုး၏ ဦးဆောင်ပြိုင်ပွဲကြီးလည်းဖြစ်သည်။ ကမ္ဘာ့ဂေါက်သီးမော်ကွန်းတိုက်တွင် မော်ကွန်းဝင်ရွေးရန် ပမာဏစာရင်းတင်ရာ၌ ဤပြိုင်ပွဲဗိုလ်စွဲမှုကလည်း မေဂျာ ပြိုင်ပွဲကြီးတစ်ပွဲကဲ့သို့ တန်ဖိုးရှိပါသည်။ ပဏာမစာရင်း တင်သွင်းခံရသူသည် အနည်းဆုံးသာမန်ပီဂျီအေတိုးပြိုင် ပွဲ ၁၀ ပွဲ ဗိုလ်စွဲသူ၊ သို့မဟုတ် မေဂျာပွဲကြီးများနှင့် The Players Championship တို့တွင် နှစ်ကြိမ်ဗိုလ်စွဲသူဖြစ်ရမည်ဟု သတ်မှတ်ချက်ရှိသောကြောင့်ပါ။ ဤပြိုင်ပွဲသို့ ကမ္ဘာ့အကောင်းဆုံးဂေါက်သီးသမားများ အမြဲဝင်ပြိုင်လေ့ ရှိပါသည်။
ဆင်မ်ဆင်သည် ဤပွဲ၌ လက်စွမ်းပြခဲ့သည်။ ပထမနေ့က ၆ ချက်လျော့ ၆၆ ချက်ရိုက်ပြီး ပူးတွဲဦးဆောင်သူဖြစ်ခဲ့သည်။ ဒုတိယနေ့တွင် ၉ ချက်လျော့ထပ်ရသည့် အခါ ၁၅ ချက်လျော့ဖြင့် ဒုတိယရနေသူအပေါ် ၄ ချက် သာကာ တစ်ဦးတည်းဦးဆောင်သူဖြစ်လာသည်။ တတိယနေ့တွင် ၄ ချက်လျော့ထပ်ရခဲ့ရာ ပေါင်း ၁၉ ချက်လျော့ သို့ ရောက်လာသည်။ ဒုတိယရနေသူအပေါ် ၇ ချက်ဖြတ် ထားနိုင်ခဲ့သည်။ ပြိုင်ပွဲရာဇဝင်၌ သုံးရက်အပြီး ဖြတ်ထားနိုင်မှုစံချိန်သစ်ပင်ဖြစ်ပါသည်။ နောက်ဆုံးနေ့တွင် နောက်ဆုံးကျင်း၌ ဒပ်ဘယ်ဘိုဂီဖြစ်သွားပြီး တစ်ချက်ပို ကွင်းပတ်သာရသည့်တိုင် ဒုတိယရသူအပေါ် ၄ ချက်အ သာဖြင့် ဗိုလ်စွဲနိုင်ခဲ့ပါသည်။ သူ့အတွက် ၅ ပွဲမြောက် ပီဂျီအေတိုး အောင်ပွဲဖြစ်ပါသည်။ ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၂၀ သို့ရောက်ရှိလာပါသည်။
၂၀၁၁ ခုနှစ်က ပီဂျီအေချန်ပီယံရှစ်ပ်မေဂျာပွဲကြီး ဗိုလ်စွဲခဲ့သော ကီဂန်ဘရက်ဒ်လီသည်လည်း ၂၀၁၂ ခုနှစ်က သုံးကြိမ်မြောက် ပီဂျီအေတိုးအောင်ပွဲရပြီးနောက် ဆုဖလားနှင့် ဝေးနေသည်မှာ ၆ နှစ်ရှိခဲ့ပါပြီ။ ၂၀၁၂ ခုနှစ် က ကမ္ဘာ့အဆင့် ၁၁ အထိ ရောက်ခဲ့သောသူသည် အောင် ပွဲများနှင့် ဝေးကွာခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ကမ္ဘာ့အဆင့် ၁၂၀ အထိ ကျဆင်းနေခဲ့ပါသည်။ ၂၀၁၇-၁၈ ရာသီတွင် လက်ပြန်မှန်လာပြီး ထိပ်ဆုံး ၁၀ ဦးအတွင်းအဆင့်ချိတ်မှုသုံးကြိမ်ရှိခဲ့ကာ ဖက်ဒိတ်စ်ဖလားအပြီးသတ်လေးပွဲ၏ အစပွဲသို့ ဝင်ခွင့်ရသူ ထိပ်ဆုံး ၁၂၅ ဦးစာရင်း၌ ပါခဲ့ပါသည်။ အပြီးသတ်လေးပွဲ၏ ပထမပွဲတွင် သူက အဆင့် ပူးတွဲ ၃၄ သာ ချိတ်ခဲ့သော်လည်း ဒုတိယပွဲဆက်ကစား ခွင့်ရသူ ထိပ်ဆုံးလူ ၁၀ဝ စာရင်း၌ ပါဆဲပါ။ ဒုတိယပွဲ တွင်အဆင့်ပူးတွဲ ၄၉ သာချိတ်နိုင်ခဲ့ပြန်ရာ တတိယပွဲသို့ ဝင်ခွင့်ရလူ ၇၀ စာရင်း၌ ပါဆဲဖြစ်သော်လည်း အဆင့် ၅၂ တွင်သာရှိနေပေရာ တတိယပွဲ၌ အခြေအနေမကောင်းပါက ပြုတ်တော့မည့် သဘောပါ။ တတိယပွဲက BMW Championship ဖြစ်ပါသည်။ စက်တင်ဘာလ ၆ ရက်နေ့ မှ ၉ ရက်နေ့အထိ ကျင်းပခဲ့သည်။
ကွင်းပတ် ၃ ခုပြီးသည့်အခါ ဘရက်ဒ်လေက ၆၆+၆၄+၆၆ ရိုက်နိုင်ခဲ့ပြီးပါ ၇၀ ထိုကွင်း၌ ပေါင်း ၁၄ ချက်လျော့ရသော်လည်း ဦးဆောင်သူနောက် ၃ ချက်ပြတ် ကာ ဆဋ္ဌမနေရာတွင်သာရှိနေပါသည်။ ဦးဆောင်သူမှာ ပေါင်း ၁၇ ချက်ရနေသော ယခုပွဲအပြီးတွင် ကမ္ဘာ့နံပါတ် တစ်ဖြစ်တော့မည့် ဂျပ်စ်တင်ရို့စ်ဖြစ်ကြပါသည်။ ပေါင်း ၁၆ ချက်လျော့ဖြင့် ဒုတိယရနေသူမှာ ကမ္ဘာ့နံပါတ်တစ် ဟောင်း ရော်ရီမက်ကဲလ်ရွိုင်းပါ။ ဘရက်ဒ်လေဗိုလ်စွဲရန် ဖြစ်လာသည်က မိုးသည်းနေသောပွဲအား တနင်္လာနေ့တွင် ဆက်ကစားရန် ဆုံးဖြတ်ခဲ့သောကြောင့်ပါ။ မိုးရွာသော ရက်သတ္တပတ်ဖြစ်၍ စနေနေ့တွင်ရော တနင်္ဂနွေနေ့တွင်ပါ ပွဲရပ်နားရသည့် အချိန်များရှိခဲ့ပါသည်။ တနင်္ဂနွေနေ့ နောက်ဆုံးကွင်းပတ်ကစားခဲ့ရာ၌ ပြိုင်ပွဲဝင်ထက်ဝက် ကျော်သာပြီးစီးခဲ့ပြီး ကျန်ထက်ဝက်မှာ မပြီးခဲ့ကြပါ။ ဤအခြေအနေက တနင်္လာနေ့တွင် ဆက်ကစားရန်ဖြစ်လာသည်။ အကယ်၍သာ စနေနေ့ထဲက တတိယကွင်းပတ်ကို အားလုံးရိုက်ပြီးခဲ့ကြပြီး တနင်္ဂနွေနေ့ နောက်ဆုံး ကွင်းပတ်အား တစ်ဦးတစ်ယောက်မျှ မကစားရသေးဘဲ ပွဲရပ်လိုက်ရပါက ကွင်းပတ် ၄ ခုပြိုင်ပွဲအား ကွင်းပတ် ၃ ခုပြိုင်ပွဲအဖြစ် ပြောင်းလဲသတ်မှတ်ကာ တတိယကွင်းပတ်အပြီး ဦးဆောင်နေသူ ရို့စ်အား ချန်ပီယံသတ်မှတ်ရတော့မည့် အနေအထားပါ။ လူထက်ဝက်က တနင်္ဂနွေနေ့တွင် ကစားရင်းတန်းလန်းဖြစ်နေကြသဖြင့် ယင်းတို့အား တနင်္လာနေ့တွင် ဆက်ကစားခွင့်ပြုရပါတော့သည်။
ကွင်းပတ် ၃ ခုအပြီးက ၁၄ ချက်လျော့ရနေခဲ့သော ဘရက်ဒ်လေသည် ကျင်း ၁၆ နှင့် ၁၇ တို့တွင် ဘာဒီများရသည့်အခါ ဤနေ့အတွက် ၇ ချက်လျော့ ပေါင်း ၂၁ ချက်လျော့သို့ရောက်လာပြီး ဦးဆောင်သူဖြစ် လာပါသည်။ သို့သော် နောက်ဆုံးကျင်းတွင် ဘိုဂီပါသွားကာ အချက် ၂၀ လျော့ဖြင့် ပွဲသိမ်းခဲ့ပါသည်။ မက်ကဲလ် ရွိုင်းမှာ ၂ ချက်လျော့သာရသဖြင့် ပေါင်း ၁၈ ချက်လျော့ သို့သာ ရောက်ခဲ့ပါသည်။ ရို့စ်သည် ကျင်း ၁၆ နှင့် ၁၇ တို့တွင် ဘာဒီများရကာ ပေါင်း ၂၁ ချက်လျော့သို့ ရောက် လာပါသေးသည်။ ကျင်း ၁၈ တွင်မှ သူလည်းဘရက်ဒ်လေ လိုပင် ဘီုဂီပါသွားက အချက် ၂၀ လျော့သို့ကျသွားပြီး ချန်ပီယံနေရာအတွက် သူတို့နှစ်ဦးကျင်းပြတ်ကျင်းပို ကစားရန် ဖြစ်လာပါသည်။ ကျင်းပြတ်စကစားကြသည့် ကျင်းအမှတ် ၁၈ တွင် ရို့စ်၏ ဒရိုက်ဗ်က ဘယ်ဘက်သို့ တအားချိတ်သွားပြီး ထိုကျင်း၌ ဘိုဂီဖြစ်သွားသည့်အခါ “ပါ” ရသွားသူဘရက်ဒ်လေက ချန်ပီယံဖြစ်သွားပါတော့သည်။ ရို့စ်မှာ ဒုတိယသာရသော်လည်း နှစ်ပတ်ဆက် တိုက်ဒုတိယနေရာရမှုကြောင့် ကမ္ဘာ့အဆင့်တွင် စတုတ္ထ နေရာမှ နံပါတ်တစ်ဖြစ်လာပါသည်။ ဘရက်ဒ်လေသည်လည်း အဆင့် ၆၆ မှ ၃၁ သို့ တက်ရောက်လာသည်။
ဤအောင်ပွဲကြောင့် ဘရက်ဒ်လေသည် ထိပ်ဆုံး လူ ၃၀ သာ ယှဉ်ပြိုင်ခွင့်ရသော နှစ်ပိတ်နောက်ဆုံး Tour Championship ပြိုင်ပွဲသို့ အမှတ်စဉ် ၆ ဖြင့် ပါဝင်ခွင့်ရသွားခဲ့သည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ပထမဆုံးအကြိမ် ပါဝင်ခွင့်ရခြင်းပါ။ တိုက်ဂါးဗိုလ်စွဲသွားသော ထိုနှစ်ပိတ် Tour Championship ပြိုင်ပွဲတွင် ဘရက်ဒ်လေက အဆင့် ပူးတွဲ ၂၀ သာချိတ်နိုင်သော်လည်း ဖက်ဒိတ်စ်ဖလားအပြီး သတ်မှတ်အမှတ် ဇယားတွင် အဋ္ဌမနေရာကို ရရှိခဲ့ပါ သည်။ ဘရက်ဒ်လေ၏ ဗိုလ်စွဲမှုသည် ၆ နှစ်ကျော်ကာလ အတွင်း ပထမဆုံးအကြိမ်ပင်ဖြစ်ပါတော့သည်။
တိုက်ဂါးနှင့် ဗီဂျေဆင်းတို့က နံပါတ်တစ်ဂေါက် သီးသမားနေရာကို အကြိတ်အနယ်အပြန်အလှန်လုယူရရှိ ခဲ့ကြပြီးနောက် ယင်းတို့နိမ့်ကျနေစဉ်တွင် ထိုနေရာအား ရခဲ့သူမှာ အင်္ဂလိပ်ဂေါက်သီးသမားလီးဝက်စ်ဂွဒ်ဖြစ်ပါသည်။ ၂၀၁၀ ခုနှစ် အောက်တိုဘာလက ထိုနေရာအား စတင်ရရှိခဲ့ပြီး ရက်သတ္တပတ် ၁၇ ပတ်ထိန်းသိမ်းနိုင်ခဲ့သည်။ ၂၀၁၁ ခုနှစ်အတွင်းတွင်လည်း ရက်သတ္တပတ် မှ ၅ ပတ်ရယူနိုင်ခဲ့ပါသည်။ သူသည် ဥရောပ၊ မြောက် အမေရိက၊ အာရှ၊ အာဖရိကနှင့် ဩစတြေးလျဟူသော တိုက်ကြီး ၅ တိုက်စလုံးတွင် ဗိုလ်စွဲနိုင်ခဲ့သည့် ဂေါက်သီး သမားအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။ ဥရောပတိုး၏ တစ်နှစ်တာအကောင်းဆုံးဂေါက်သီးသမားဆုအား ၁၉၉၈၊ ၂၀ဝ၀ နှင့် ၂၀ဝ၉ ခုနှစ်များက ဆွတ်ခူးရရှိခဲ့သည်။ သူသည် ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးသမားသာဖြစ်ခဲ့သော် လည်း ဂေါက်သီးမေဂျာပွဲကြီးများအား ဗိုလ်မစွဲခဲ့ဘူးပါ။ ဤသို့ မေဂျာပွဲကြီးဗိုလ်မစွဲဘူးပဲ ကမ္ဘာ့နံပါတ်တစ်ဖြစ်လာ သူဟူ၍ သူနှင့်လုခ်ဒေါ်နယ်တို့သာရှိသည်။ ပီဂျီအေတိုး နှစ်ပွဲ၊ ဥရောပတိုး ၂၄ ပွဲအပါအဝင် ကမ္ဘာတစ်ဝန်း၌ စု စုပေါင်း ၄၃ ပွဲဗိုလ်စွဲနိုင်ခဲ့သောသူသည် ကမ္ဘာ့နံပါတ်တစ် ဖြစ်လာခဲ့သော ၂၀၁၀ ပြည့်နှစ်က ရလဒ်များအလွန်ကောင်း ခဲ့ပါသည်။ ထိုနှစ်က ပီဂျီအေတိုးတစ်ပွဲနှင့် တောင်အာဖရိ ကတိုးတစ်ပွဲ ဗိုလ်စွဲပြီး ဥရောပတိုးပွဲများတွင် ဗိုလ်မစွဲနိုင် ခဲ့သော်လည်း ဒုတိယ ၄ ပွဲ၊ တတိယ ၂ ပွဲ၊ စတုတ္ထတစ် ပွဲနှင့် ထိပ်ဆုံး ၁၀ ဦးအတွင်း အဆင့်ချိတ်သော အခြားပွဲ ပေါင်း ၃ ပွဲလည်းရှိခဲ့သည်။ မေဂျာပွဲကြီးများတွင် မာစ တာစ်၌ ဒုတိယ၊ ဗြိတစ်ရှ်အိုးပင်း၌ ဒုတိယရခဲ့သည်။ ထို နှစ် နိုဝင်ဘာလ ၇ ရက်နေ့၌ WGC-HSBC Championship ပြိုင်ပွဲတွင် ဒုတိယချိတ်လိုက်သည့်အခါ တိုက်ဂါးကိုကျော်၍ ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့ပါသည်။
သူက ၂၀၁၂ ခုနှစ်အထိ ကမ္ဘာ့အဆင့် ၁၀ ထဲမှ မထွက်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်မှစ၍ လက်ကျလာခဲ့သည်။ ၂၀၁၃ နှင့် ၂၀၁၄ နှစ်ကုန်များတွင် ကမ္ဘာ့အဆင့် ၂၀ ကျော်၊ ၂၀၁၅ နှင့် ၂၀၁၆ နှစ်ကုန်များတွင် ကမ္ဘာ့အဆင့် ၅၀ ကျော်၊ ၂၀၁၇ နှစ်ကုန်တွင် ကမ္ဘာ့အဆင့် ၆၄ နှင့် ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာ့အဆင့် ၁၂၅ အထိကျ ဆင်းခဲ့ပါသည်။ ၂၀၁၈ ခုနှစ် ဥရောပတိုး၏ ဒုတိယနောက် ဆုံး ပြိုင်ပွဲဖြစ်သော Nedbank Golf Challenge ကိုတောင် အာဖရိကနိုင်ငံ၌ နိုဝင်ဘာလ ၈ ရက်နေ့မှ ၁၁ ရက်နေ့ အထိ ကျင်းပခဲ့ပါသည်။ သုံးရက်အပြီးတွင် ဝက်စ်ဝွဒ်သည် ပြိုင်ပွဲဦးဆောင်သူ ဆာဂျီယိုဂါစီယာ၏ နောက်၌ သုံးချက်ပြတ်ကျန်နေခဲ့ပါသည်။ နောက်ဆုံးနေ့၌ သူက ၈ ချက်လျော့ ၆၄ ချက်ရိုက်နိုင်ခဲ့သည်။ အီဂယ်တစ်ကျင်း နှင့် ဘာဒီ ၆ ကျင်းပါသည်။ ထို့ကြောင့် ထိုနေ့က ၂ ချက် လျော့သာရသော ဂါစီယာအပေါ် ၃ ချက်ပြန်သာသွားကာ ဗိုလ်စွဲနိုင်ခဲ့ပါသည်။ ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၆၄ သို့ တက်ရောက်လာသည်။ အသက် ၄၅ နှစ်ရှိပြီဖြစ်သော သူသည် ဤအောင်ပွဲဆုဖလားလက်ခံရရှိအပြီး၌ မျက်ရည်များလည်ခဲ့ရသည်အထိ ဝမ်းသာပီတိဖြစ်ခဲ့ပါသည်။ ၂၀၁၄ ခုနှစ်က Maybank Malaysian Open ဗိုလ်စွဲပြီးနောက် ၄နှစ်ကြာမှ နောက်တစ်ကြိမ် အောင်ပွဲရခြင်းဖြစ်ပါတော့သည်။
၂၀၁၈ ခုနှစ်တွင် ပြန်လည်ဗိုလ်စွဲနိုင်သူ နောက်ဆုံးတစ်ဦးမှာ ၂၀၁၆ ခုနှစ် မာစတာစ်ချန်ပီယံဒန်နီဝီးလက် ဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် မာစတာစ်ပြိုင်ပွဲကြီးတွင် ယမန်နှစ်ချန်ပီယံ ဂျော်ဒန်စပိသ်က နောက်ဆုံးနေ့ ၉ ကျင်းသာကျန်ချိန်တွင် ၅ ချက်သာနေရာမှ ကျင်း ၁၀ နှင့် ၁၁ တို့တွင် ဘိုဂီများပါသွားပြီး ကျင်း ၁၂ ပါသရီး၌ ရေထဲသို့ နှစ်လုံးရိုက်ချကာ လေးချက်ပိုကွာဒရူပယ်ဘိုဂီပါ သွားခဲ့ပြန်သည်။ ထိုအချိန်တွင် အင်္ဂလိပ်ပရိုဝီးလက်က ကျင်း ၁၃၊ ၁၄ နှင့် ၁၆ တို့တွင် ဘာဒီများရကာ နောက် ဆုံးနေ့အတွက် ၅ ချက်လျော့ရခဲ့ပြီး စပိသ်အပေါ် ၃ ချက် ပြန်အသာရကာ မာစတာစ်ချန်ပီယံဖြစ်ခဲ့ပါသည်။ ထို အောင်ပွဲကြောင့် သူက ကမ္ဘာ့ဂေါက်သီးသမားအဆင့်တွင် နဝမနေရာသို့ ရောက်လာခဲ့သည်။
သို့သော် ယင်းကာလနောက်ပိုင်းတွင် ဝီးလက် လက်ပျက်လက်ကျသွားပုံမှာ ယုံနိုင်စရာပင်မရှိခဲ့ပါ။ အပျော်တမ်းသမားဘဝကတည်းက ကမ္ဘာ့နံပါတ်တစ်ဖြစ်ခဲ့ သူဝီးလက်သည် မာစတာစ်ဗိုလ်စွဲပြီးနောက် တစ်နှစ်ဖြစ်သော ၂၀၁၇ ခုနှစ်၌ ဥရောပတိုးနှင့် ပီဂျီအေတိုးပြိုင်ပွဲ စုစုပေါင်း ၂၁ ပွဲပါဝင်ကစားခဲ့ရာ ရှစ်ပွဲ၌ နှစ်ရက်နှင့် ပြုတ်ခဲ့ပြီး သုံးပွဲ၌ ဆက်မကစားနိုင်သော အခြေအနေတစ် ရပ်ရပ်ကြောင့် ပြိုင်ပွဲမှနုတ်ထွက်ခဲ့ရသည်။ နှစ်ကုန်တွင် ကမ္ဘာ့အဆင့်၌ ၇၈ အထိ ကျဆင်းခဲ့ပါသည်။ ၂၀၁၈ ခု နှစ်တွင်လည်း သူ၏ လက်ပျက်လက်ကျမှုမှာ မရပ်ခဲ့ပါ။ ပထမ ၁၂ ပွဲ၌ နှစ်ပွဲသာလေးရက်အပြည့် ကစားခဲ့ရပြီး ကျန် ၁၀ ပွဲတွင် ၉ ပွဲ၌ နှစ်ရက်နှင့် ပြုတ်၊ တစ်ပွဲတွင် နုတ်ထွက်မှုဖြစ်ခဲ့ပြန်ပါသည်။ ကမ္ဘာ့အဆင့်တွင် အမှတ် စဉ် ၄၄၂ အထိကျဆင်းသွားပါသည်။ မာစတာစ်ချန်ပီယံ က ၂ နှစ်အတွင်း ဤမျှဆိုးရွားစွာလက်ကျသွားသည်မှာ ယုံနိုင်စရာပင်မရှိပါ။ ခါးနာမှုကတော့ ကာလရှည်ကြာစွာ ရှိနေခဲ့ပါသည်။
ယင်းနောက်ပိုင်းဆက်လာသော ပွဲ ၁၃ ပွဲတွင် ၄ ပွဲ၌ နှစ်ရက်နှင့် ပြုတ်ခဲ့သော်လည်း ထိပ်ဆုံး ၁၀ ဦးအတွင်း အဆင့်ချိတ်သောနှစ်ပွဲအပါအဝင် မပြုတ်ခဲ့သည့် ပွဲပေါင်း ၉ ပွဲရှိခဲ့သဖြင့် ဥရောပတိုး၏ နှစ်ပိတ် DP World Tour Championship သို့ ဝင်ခွင့်ရခဲ့ပါသည်။ ထိုပွဲ၌ အံ့ဩလောက်စရာ ဝီးလက်ဗိုလ်စွဲနိုင်ခဲ့ပါသည်။ သူ၏လေးရက်စကိုးမှာ ၆၇+၆၇+၆၈+၆၈ ဖြစ်ပြီး ဒုတိယရသွားသူ ပက်ထရစ်ခ်ရိဒ်နှင့် မက်တ်ဝေါလေ့စ်တို့အပေါ်နှစ်ချက် အသာဖြင့် ပွဲသိမ်းနိုင်ခဲ့သည်။ ဤအောင်ပွဲကြောင့် ကမ္ဘာ့အဆင့်တွင် အမှတ်စဉ် ၉၀ သို့ရောက်လာခဲ့ပါသည်။ စိတ်လှုပ်ရှားနေသော ဝီးလက်က ဆုဖလားရယူအပြီးတွင် “ဒီလိုအောင်ပွဲပြန်ရဖို့ အလွန့်အလွန် ကြိုးပမ်းခဲ့ရပါတယ်။ တကယ်ခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ အောင်ပွဲရမရဆိုတာ က ဘယ်တော့မှ မသိနိုင်သလို၊ အခုအောင်ပွဲရပြီး ပြန် တော့လည်း ဒီလိုမျိုးနောက်တစ်ခါ ဘယ်တော့ထပ်ရဦး မလဲလို့ဆိုတာက မသေချာပြန်ပါဘူး” ဟု ဆိုခဲ့ပါသည်။
အထက်ဖော်ပြပါ နှစ်ကာလရှည်ကြာပြီးမှ တစ်ဖန်အောင်ပွဲရသည့် အဖြစ်အပျက်များအား ၂၀၁၈ ခုနှစ်၌ တွေ့မြင်လိုက်ကြရပေရာ ၂၀၁၉ ခုနှစ်အတွက် တွေးတောစရာ၊ မျှော်လင့်စရာ၊ မှန်းဆစရာများ ပေါ်ထွက်လာပါသည်။ ဂေါက်သီးလောကသားများအတွက် အမျှော်လင့်ဆုံးက တိုက်ဂါးမေဂျာပွဲကြီးများ ထပ်မံဗိုလ်စွဲရန်ပါ။ မေဂျာပွဲကြီး ၁၈ ပွဲဗိုလ်စွဲခဲ့သော ဂျက်ခ်နစ်ကလပ်စ်သည် ၁၇ ပွဲမြောက် မေဂျာအောင်ပွဲကို ၁၉၈၀ ပြည့်နှစ် ယင်းအသက် ၄၀ အရွယ်ကရခဲ့ပြီး နောက်ဆုံးနှင့် ၁၈ ပွဲမြောက် မေဂျာအောင်ပွဲကို ၁၉၈၆ ခုနှစ် မာစတာစ်၌ ယင်းအသက် ၄၆ နှစ်အရွယ်၌ ရခဲ့ခြင်းဖြစ်ပါသည်။ မာစတာစ်ပြိုင်ပွဲ ရာဇဝင်၌ အသက်အကြီးဆုံးစံချိန်ရှင်ဖြစ်ဆဲလည်းဖြစ်ပါသည်။
တိုက်ဂါးက ယခုအသက် ၄၃ နှစ်သာရှိသေးပါ သည်။ ပီဂျီအေတိုးသက်သက်ပွဲများ အောင်နိုင်မှုတွင် အများဆုံးစံချိန်ရှင်က ဆမ်စနိဒ်ဖြစ်ပြီး မေဂျာ ၇ ပွဲအပါ အဝင် ၈၂ ပွဲ ဗိုလ်စွဲခဲ့သည်။ တိုက်ဂါးက ပွဲပေါင်း ၈၀ ဖြင့် ဒုတိယနေရာတွင်ရှိသည့် မေဂျာပွဲကြီးပေါင်းက ၁၄ ပွဲပါဝင်သည်။ နစ်ကလပ်စ်က ပွဲပေါင်း ၇၃ ပွဲဖြင့် တတိယနေရာတွင်ရှိသော်လည်း မေဂျာပွဲကြီးဗိုလ်စွဲမှုက ၁၈ ပွဲပါဝင်သဖြင့် မေဂျာအောင်ပွဲစံချိန်ရှင်ဖြစ်ပါသည်။ တိုက်ဂါးက နောက်ထပ်သာမန်ပီဂျီ အေတိုးနှစ်ပွဲနိုင်ရုံဖြင့် ဆမ်စနိဒ်ကို မီပါတော့မည်။ သုံးပွဲနိုင်လျှင် စံချိန်သစ်ပိုင်ရှင်ဖြစ်ပါမည်။ မေဂျာပွဲကြီးလေးပွဲနိုင်လျှင် မေဂျာပွဲကြီးစံချိန်ရှင် နစ်ကလပ်စ်ကိုမီပါသည်။ ဤကိစ္စမှာဖြစ်ရန် မလွယ်ကူသော်လည်း တိုက်ဂါးလည်း တွက်ချက်ထားမည်သာဖြစ်ပါသည်။ သူကကြီးကျယ်သော ပွဲကြီးများအား ပိုမိုအာရုံစိုက် အလေးပေး ကစားလေ့ရှိသူပါ။ မေဂျာပြိုင် ပွဲကြီးများ နီးလာတိုင်း တိုက်ဂါး၏တစ်ပြေးမှု သတင်းများအား ကြားရဆဲလည်းဖြစ်ရာ ဂေါက်သီးဝါသနာရှင်များအတွက် အထူးစောင့်ကြည့်ရ မည်မှာ ၂၀၁၉ ခုနှစ် ၏ ဂေါက်သီး မေဂျာပွဲကြီးများဖြစ်ပါကြောင်း။
ဝင်းမြင့်သိန်း
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)