နာမည်ကြီးဂေါက်သီးအကျော်အမော်များ ပြုတ်နိုင်သော ဖက်ဒိတ်စ်ဖလားအပြီးသတ်ပွဲများ

Webb Simpson

ကမ္ဘာ့အကျော်ကြားဆုံးနှင့် ဆုကြေးအများဆုံးပီဂျီအေတိုးတွင် ဖက်ဒိတ်စ်ဖလား (FedEx Cup) ချန်ပီယံဟူ၍ ရာသီပိတ်နောက်ဆုံးပွဲအပြီးတွင် အမှတ်အများဆုံးရသူအား ဒေါ်လာဆယ်သန်းပေးသောပြိုင်ပွဲကို ဂေါက်သီးဝါသနာရှင်များ သတိထားမိကြပါလိမ့်မည်။ ယမန်နှစ်ကစ၍ ဆုကြေးတိုးပေးခဲ့ပြန်ပါသည်။ အမှတ်အများဆုံးရသူက ဒေါ်လာ ၁၅ သန်း၊ ဒုတိယက ဒေါ်လာ ငါးသန်း၊ တတိယ ဒေါ်လာ လေးသန်း၊ စတုတ္ထဒေါ်လာ သုံးသန်း၊ ပဉ္စမ ဒေါ်လာ ၂.၅ သန်း စသဖြင့် အမှတ်စဉ် ၁၅၀ က လူအထိ ဆုကြေးချီးမြှင့်ပါသည်။ ထိပ်ဆုံး ၁၂၅ ဦးက နောက် ဆုံးသုံးပွဲဆက်ကစားပြီး အဆင့်လုကြရပါသည်။ နောက်ဆုံးပွဲဝင်ခွင့်မရသော အမှတ်စဉ် ၁၂၆ မှ ၁၅၀ အထိ ၂၅ ဦး ပင် တစ်ဦးလျင် ဒေါ်လာခုနစ်သောင်းစီရကြပါသည်။

ယခုနှစ်ပီဂျီအေတိုးရာသီက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလအထိ ဖြစ်ပါသည်။ နောက်ဆုံးသုံးပွဲမှာ The Northern Trust (သြဂုတ် ၂၀-၂၃)၊ BMW Championship (သြဂုတ် ၂၇-၃၀) နှင့် Tour Championship (စက်တင်ဘာ ၄-၇) တို့ပါ။ ထိုသုံးပွဲသို့ တစ်နှစ်တာအမှတ်ဇယား၏ ထိပ်ဆုံး ၁၂၅ ဦးသာ ဝင်ခွင့်ရကြပါမည်။ ဤကြားထဲတွင် ကိုဗစ်ကပ်ရောဂါကြီးကဖြစ်ပွားခဲ့ရာ ပြိုင်ပွဲများကို မတ်လလယ်မှစ၍ ရပ်နားခဲ့ရသည်။ သုံးလကြာပြီးနောက် ဇွန်လဒုတိယပတ်တွင်းမှ ပြိုင်ပွဲအချို့ကို ပြန်လည်ကျင်းပနိုင်ခဲ့ပါသည်။ အချို့ပွဲများအား ယခုနှစ်၌ ဖျက်သိမ်းပစ်ခဲ့ပြီး အချို့ပွဲများကို အချိန်ကာလရွှေ့ခဲ့ပါသည်။

မေဂျာပွဲကြီးလေးပွဲအနက် ဗြိတစ်ရှ်အိုးပင်းက ၂၀၂၀ ပြည့်နှစ်အတွင်း လုံးဝမကျင်းပတော့ဟု ကြေညာခဲ့ပါသည်။ ဧပြီလတွင် ကျင်းပရမည့် မာစတာစ်ပွဲကြီးမှာ နိုဝင်ဘာ ၁၂-၁၅ သို့လည်းကောင်း၊ ဇွန်လတွင် ကျင်းပရမည့် ယူအက်စ်အိုးပင်းမှာ စက်တင်ဘာ ၁၇-၂၀ သို့ လည်းကောင်း ရွှေ့ပြောင်းလိုက်သဖြင့် ထိုနှစ်ပွဲမှာ ၂၀၂၀ ပြည့်နှစ်ထဲမှာပင် ဖြစ်သော်ငြားလည်း ပီဂျီအေတိုးရာသီအပြင်သို့ ရောက်သွားပါသည်။ မေလတွင် ကျင်းပရမည့် ပီဂျီအေချန်ပီယံရှစ်ပ်မှာ သြဂုတ် ၆-၉ သို့ ရွှေ့ခဲ့ရာဤမေဂျာတစ်ပွဲသာ ယခုပီဂျီအေတိုးရာသီထဲ ဝင်ပါတော့သည်။

Phil Mickelson , Tiger Woods

ကိုဗစ်ကြောင့် မတ်လလယ်မှစ၍ ပြိုင်ပွဲသုံးလတာ ရပ်နားခဲ့ရသောကာလအတွင်း ဖက်ဒိတ်စ်ဖလား အမှတ်ဇယားမှာ အပြောင်းအလဲမရှိဘဲဖြစ်ခဲ့ပေရာ ဦးဆောင်သူသုံးဦးမှာ ကိုရီးယားဂေါက်သီးသမား ဆန်ဂျေအင်းမ်၊ ၂၀၁၇ ဖက်ဒိတ်စ်ချန်ပီယံ ဂျပ်စ်တင်တွမ်မတ်စ် နှင့် ၂၀၁၉ ဖက်ဒိတ်စ်ချန်ပီယံ ရောရီမက်ကဲလ်ရွိုင်းတို့ပါ။ ထိုအချိန်တွင် ကမ္ဘာ့နံပါတ်တစ်ဟောင်းများဖြစ်ကြသော ဘရွတ်စ်ကက်ပ်ကာနှင့် ဂျပ်စ်တင်ရို့စ်၊ စပိန်မှ နာမည်ကျော်ဆာဂျီယိုဂါစီယာတို့မှာမူ ထိပ်ဆုံး ၁၂၅ ဦးထဲ ပါဝင်နိုင်ရေးမှာ ကျန်ပွဲများ၌ ရလဒ်ကောင်းများရရန် လိုအပ်နေပါသည်။ အချိန်ကလည်း ရက်သတ္တပတ်ဆယ်ပတ်နှင် ပြိုင်ပွဲလက်ကျန်ကလည်း ဆယ်ပွဲသာ ရှိပါတော့သည်။

လွန်ခဲ့သော သုံးနှစ်က နှစ်တိုင်းမေဂျာအောင်ပွဲ ကြီးများရခဲ့ပြီး ၂၀၁၈ က တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးသမား၊ ၂၀၁၉ က တစ်နှစ်တာဆုကြေးအများဆုံး ဂေါက်သီးသမားဖြစ်ခဲ့သူ ကက်ပ်ကာသည် ယခုရာသီအစ၌ လက်ဒဏ်ရာရခဲ့ပြီး ပြိုင်ပွဲဝင်မှုများနည်းပါးခဲ့ရာ အမှတ်ဇယား၌ အမှတ်စဉ် ၂၁၃ အထိကျဆင်းနေပါသည်။ ဖက်ဒိတ်စ်ဖလား ၂၀၁၈ ချန်ပီယံရိုစ့်က အမှတ်စဉ် ၂၀၃၊ ဖက်ဒိတ်စ်ဖလား ၂၀၁၁ ချန်ပီယံ ဘီလ်ဟတ်စ်က အမှတ် စဉ် ၂၀၀၊ ဖက် ဒိတ်စ်ဖလား ၂၀၁၃ ချန်ပီယံ ဟင်းန်ရစ်ခ် စတန်ဆင်က အမှတ်စဉ် ၁၉၂၊ ဖက်ဒိတ်စ်ဖလား ၂၀၁၀ ချန်ပီယံ ဂျင်မ်ဖျူးရစ်ခ်က အမှတ်စဉ် ၁၆၈ တွင်သာ ရှိနေ ကြပါသည်။ လွန်ခဲ့သော နှစ်နှစ်က ဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီးတွင် ဗိုလ်စွဲသူနှစ်ဦးလည်း ၁၂၅ ဦးအတွင်း မဝင်ကြသေးပါ။ ဖရန်ချက်စ်ကိုမိုလီနာရီက အမှတ်စဉ် ၁၆၉၊ ရှိန်းလော်ရီက အမှတ်စဉ် ၁၄၀ ၌သာ ရှိနေပြန်ပါသည်။ ဆာဂျီယိုဂါစီယာက အမှန်စဉ် ၁၇၉ နှင့် အခြားနာမည် ကျော် ဥရောပ ရိုက်ဒါဖလားလက်ရွေးစင် အီယံပေါ်လ် တာက အမှတ်စဉ် ပူးတွဲ ၁၄၀ ၌သာရှိကြပြန်ပါသည်။

လောလောဆယ်တွင် ၁၂၅ ဦးအတွင်း ဝင်သော်လည်း မရေရာသေးသူနာမည်ကြီးများကိုလည်း မြင်တွေ့နေရပါသည်။ ထိုသူများမှာ ဒပ်စ်တင်းဂျွန်ဆင် ၁၁၁၊ ဂျော်ဒန်စပိသ် ၁၁၀၊ ရစ်ကီဖောင်လာ ၉၄၊ ဂျေဆင်ဒေး ၉၁၊ ဖီးလ်မစ်ကယ်ဆင် ၈၉ တို့ပါ။ နာမည်နောက်မှ ကိန်းဂဏန်းများသည် လက်ရှိအဆင့်များဖြစ်ပါသည်။ လက်ကျန်ပွဲများတွင် အခြားလူများက ရလဒ်ကောင်းခဲ့ပြီး ယင်းတို့အား ကျော်တက်သွားပါကယင်းတို့မှာ ၁၂၅ ဦး အပြင်သို့ ရောက်သွားနိုင်ပါသည်။

တိုက်ဂါးကတော့ အခြေအနေကောင်းနေပါသည်။ ယခုရာသီ ပီဂျီအေတိုးစာရင်းဝင်သော ဂျပန်၌ ၂၀၁၉ ၊ အောက်တိုဘာ ၂၇ ရက်က ပြီးစီးခဲ့သည့် Zo Zo Championship ဗိုလ်စွဲနိုင်ခဲ့၍ပါ။ သူက ယခုရာသီတွင် သုံးပွဲသာဝင်ကစားခဲ့သေးသော်လည်း အဆင့် ၂၈ ၌ ရှိနေပါသည်။

ကိုဗစ်ကူးစက်မှုများ လျော့ကျလာပြီးနောက် ပထမဆုံး ပြန်လည်စတင်ကျင်းပသောပွဲမှာ Charles Schwab Challenge (ဇွန် ၁၁-၁၄) ဖြစ်ပါသည်။ ထိုပွဲ၌ ဒင်နီယယ်ဘာဂါဗိုလ်စွဲသွားပါသည်။ ဂျပ်စ်တင်ရိုစ့်က အဆင့်ပူးတွဲ သုံး ချိတ်ခဲ့၍ အဆင့်များစွာဖြင့် တက်လာခဲ့ ပါသည်။ ဂျော်ဒန်စပိသ်က အဆင့်ပူးတွဲ တစ်ဆယ်၊ အီယံ ပေါ်လ်တာက ပူးတွဲ ၂၉၊ ဘရွတ်စ်ကက်ပ်ကာက ပူးတွဲ ၃၂ ချိတ်ခဲ့ကြပြီး ဆာဂျီယိုဂါစီယာကနှစ်ရက်နှင့် ပြုတ်ခဲ့သည်။

ဒုတိယဆက်လာသော RBC Heritage (ဇွန် ၁၈ -၂၁) ပြိုင်ပွဲတွင် ဝက်ဘ်ဆင်မ်ဆင်ဗိုလ်စွဲခဲ့ပါသည်။ ယခု ရာသီတွင် ဒုတိယအကြိမ်ဗိုလ်စွဲခြင်းဖြစ်သဖြင့် ဆင်မ်ဆင် က အမှတ်ဇယားတွင် ထိပ်ဆုံးနေရာသို့ ခုန်တက်သွားပါ သည်။ ဤပွဲတွင် ဂါစီယာကပူးတွဲ ငါး၊ ကက်ပ်ကာက အဆင့်ခုနစ်၊ ရိုစ့်နှင့် ပေါ်လ်တာတို့ကပူးတွဲ ၁၄၊ ဟတ်စ် က ၄၈ အဆင့်များချိတ်ခဲ့ကြသည်။

တတိယမြောက်ပွဲအဖြစ် ကျင်းပသော Travelers Championship (ဇွန်လ ၂၅-၂၈) တွင် ဒပ်စ်တင်းဂျွန်ဆင် ဗိုလ်စွဲလိုက်ရာ အဆင့်တစ်ရာကျော်မှ ၂၂ သို့ ရောက်ရှိလာပါသည်။ ဂျွန်ဆင်အတွက် ပီဂျီအေတိုး ၂၁ ပွဲမြောက်အောင်ပွဲဖြစ်ပြီး အနည်းဆုံးတစ်ကြိမ်ဗိုလ်စွဲနိုင်ခဲ့သော ခုနှစ်ဆက်တိုက် ၁၃ နှစ်မြောက်လည်း ဖြစ်လာပါသည်။ ခုနှစ်ဆက်တိုက်ဗိုလ်စွဲမှု စံချိန်ရှင်မှာ ၁၇ နှစ်ဆက်တိုက် အောင်ပွဲရခဲ့သူ အာနိုးပါးလ်မားနှင့် ဂျက်ခ်နစ်ကလပ်စ်တို့ ဖြစ်ပါသည်။ ယင်းတို့နောက်တွင် တိုက်ဂါးက ၁၄ နှစ် ဆက်တိုက်စံချိန်ကို ရထားပါသည်။ ဂျွန်ဆင်ဗိုလ်ဆွဲသောဤပွဲတွင် မစ်ကယ်ဆင်က ပူးတွဲ ၂၄၊ ဂါစီယာက ပူးတွဲ ၃၂၊ ဒေးက ပူးတွဲ ၄၆၊ ဖျူးရစ်ခ်နှင့် စပိသ်တို့က ပူးတွဲ ၅၄ အဆင့်ချိတ်ခဲ့ကြသည်။

စတုတ္ထမြောက်ပွဲဖြစ်သော Rocket Mortgage Classic (ဇူလိုင် ၂-၅) တွင် ဘရိုင်ဆန်ဒီရှမ်းဘိုး ဗိုလ်စွဲခဲ့ ပါသည်။ ပီဂျီအေတိုးတွင် ခြောက်ပွဲမြောက်အောင်ပွဲ ဖြစ်ပါသည်။ သူက ၂၀၁၈ ခုနှစ်အတွင်းက သုံးပွဲပင် ဗိုလ် စွဲခဲ့ပြီး နှစ်ကုန်တွင် ကမ္ဘာ့အဆင့်ငါးအထိ ရောက်ခဲ့ပါသည်။ သူက အပျော်တမ်းသမားဘဝကတည်းက ဂေါက်သီးထူးချွန်ခဲ့သည်။ ၂၀၁၅ ခုနှစ်က တက္ကသိုလ်ပေါင်းစုံ တစ်ဦးချင်း ချန်ပီယံအပြင် အမေရိကန်အပျော်တမ်း တံခွန်စိုက် (US Amateur) ချန်ပီယံပါ ဖြစ်ခဲ့သည်။ ထိုသို့ ဖြစ်ခဲ့သူ အခြားလေးဦးမှာ ဂျက်ခ်နစ်ကလပ်စ်၊ ဖီးလ်မစ် ကယ်ဆင်၊ တိုက်ဂါးနှင့် ရိုင်ယင်မိုးတို့ပါ။

သူ၏ ထူးခြားချက်မှာ ဂေါက်သီးရိုက်မှုကို သိပ္ပံနည်းကျလေ့လာခြင်းပါ။ သူ၏ သံတုတ်များအားလုံးသည် အရှည်တစ်ထပ်တည်းဖြစ်သည်။ အားလုံး ၃၇.၅ လက်မ ရှည်သည်။ လက်ကိုင်အား အတုတ်ဆုံးအရွယ်အစားကိုသုံးသည်။ လက်ကိုင်အားလက်ချောင်းကလေးများအထဲ တွင်ထက်လက်ဖဝါးများအတွင်းတွင်ကိုင်သည်။ သူ၏နာမည်ပြောင်မှာ Mad Scientist ဖြစ်သည်။ ကိုဗစ်ကာလအတွင်း ခန္ဓာကိုယ်ကြွက်သားများ ကြီးထွားသန်မာစေရန် အထူးလေ့ကျင့်ခဲ့ပြီးနောက် ကိုယ်အလေးချိန်ပေါင် ၄၀ တိုးလာခဲ့သည်။ ဒရိုက်ဗ်များ ပိုပြေးအောင် ရိုက်လို၍ဖြစ်သည်။ သူဗိုလ်စွဲသော ဤပြိုင်ပွဲ၌ သူ့ဒရိုက်ဗ်များသည် အခြားအပြေးဆုံးဆိုသောသူများ၏ ရှေ့ကိုက် ၃၀ ခန့် ရောက်နေခဲ့သည်။ ဤပြိုင်ပွဲ၌ တရားဝင် ဒရိုက်ဗ်ကိုတိုင်းသော ကျင်းနှစ်ကျင်းတွင် ပျမ်းမျ ၃၅၀.၆ ကိုက် သူရခဲ့ သည်။ ၃၉၉ ကိုက်ရှည်သော ပါဖိုးသို့လည်းအရောက်ရိုက်ရန် ကြိုးစားခဲ့သေးသည်။ ချိတ်သွား၍သာ မရောက်ခဲ့ခြင်းဟု သူကဆိုသည်။ ဤပွဲဗိုလ်စွဲမှုအပါအဝင် ထိပ်ဆုံးဆယ်ဦးအတွင်း အဆင့်ချိတ်ခဲ့သောပွဲများမှာ ခုနစ်ပွဲဆက်တိုက်ရှိနေပါပြီ။ သူ့စွမ်းဆောင်မှုများမှာ စောင့်ကြည့်စရာ ကောင်းလှပါသည်။

ဒီရှမ်းဘိုဗိုလ်စွဲသော ထိုပွဲ၌ ရစ်ကီဖောင်လာကပူးတွဲ ၁၂ ချိတ်ခဲ့ပါသည်။ အမှတ်အများဆုံး ၁၂၅ ဦးသာဝင်ခွင့်ရမည့် နောက်ဆုံးသုံးပွဲမတိုင်မီအထိ ခြောက်ပွဲသာကျန်ပါတော့သည်။ လက်ရှိအခြေအနေအရ ရွေးချယ်ကောက်နုတ်ထားသူအချို့၏ အဆင့်နှင့်ရမှတ်များကို နောက်စာမျက်နှာရှိဇယားတွင် ကြည့်ရှုနိုင်ပါသည်။

ဖက်ဒိတ်စ်ဖလားအမှတ်ပေးပုံမှာ ပုံမှန်ပြိုင်ပွဲများ၌ ဗိုလ်စွဲသူက အမှတ်ငါးရာရပြီး အဆင့်ဆင့်လျော့ချသွားကာ နှစ်ရက်နှင့် မပြုတ်သူ အဆင့် ၇၀ ခန့်အထိသို့ အမှတ် ပေးပါသည်။ နောက်ဆုံးအဆင့်မှ လူများသည်အနည်းဆုံး တစ်မှတ်နှစ်မှတ်တော့ ရကြပါသည်။ မေဂျာပွဲကြီး ဗိုလ်စွဲပါလျင် အမှတ်ခြောက်ရာနှင့် WGC Series ဝင် ပွဲကြီးများ ဗိုလ်စွဲပါလျင် အမှတ် ၅၅၀ ရပါသည်။ WGC Series ပွဲကြီးများနှင့် ရက်သတ္တပတ်တစ်ခုတည်းတွင်ပင် လုပ် သည့် ပီဂျီအေတိုးပွဲငယ်များ၌ ဗိုလ်စွဲသူက အမှတ်သုံးရာရပါသည်။

Bryson DeChambeau

နောက်ဆုံး သုံးပွဲသာ ကျန်တော့အချိန်တွင် အမှတ်အများဆုံးလူ ၁၂၅ ဦးကိုသာရွေးကာ သြဂုတ်လ ၂၀ မှ ၂၃ ရက်အထိ ကျင်းပမည့် The Northern Trust ပြိုင်ပွဲသို့ ဝင်ခွင့်ပေးပါမည်။ ဤပြိုင်ပွဲ၌ အမှတ်အား လေးဆတိုးထားပါသည်။ ဗိုလ်စွဲသူက အမှတ် နှစ်ထောင်၊ ဒုတိယက ၁ç၂၀၀၊ တတိယ ၇၆၀၊ စတုတ္ထ ၅၄၀၊ ပဉ္စမ ၄၄၀ စသဖြင့် ပေးထားပါသည်။

ဤပွဲအပြီးတွင် မူလရမှတ်များနှင့် ဤပွဲမှ ရမှတ် များပေါင်းကာ အမှတ်အများဆုံးလူ ၇၀ အား BMW Championship သို့ ဝင်ခွင့်ပြုပါမည်။ ဤပွဲတွင်လည်း ပြီးခဲ့သည့်ပွဲကဲ့သို့ပင် အမှတ်များပေးပါသည်။ ဤပွဲမှ အမှတ်များအား ထပ်ပေါင်းကာ အမှတ်အများဆုံးလူ ၃၀ က ရာသီပိတ် Tour Championship ပွဲကြီးသို့ ဝင်ခွင့်ရကြပါမည်။

Brooks Koepka and Dustin Johnson

ရာသီပိတ် Tour Championship ပြိုင်ပွဲကြီးမစမီတွင် ရပြီးအမှတ်များအားလုံးကိုပယ်ဖျက်ပြီး ယင်းအစား အချက်လျော့များ သတ်မှတ်ပေးထားပါသည်။ အမှတ်အ များဆုံးရနေသူက ဤပြိုင်ပွဲအား 10-under မှစ၍ ရိုက်ခွင့်ရပါမည်။ ပထမကွင်းပတ်မစမီတွင် ဆယ်ချက်လျော့ရထားခြင်းပါ။ ဒုတိယနေရာမှလူက ရှစ်ချက်လျော့၊ တတိယက ခုနစ်ချက်လျော့၊ စတုတ္ထက ခြောက်ချက်လျော့၊ ပဉ္စမက ငါးချက်လျော့၊ အဆင့်ခြောက်မှ တစ်ဆယ်အထိ ငါးဦးက လေးချက်လျော့၊ အဆင့် ၁၁ မှ ၁၅ အထိ ငါးဦးက သုံးချက်လျော့၊ အဆင့် ၁၆ မှ ၂၀အထိ ငါးဦးက နှစ် ချက်လျော့၊ အဆင့် ၂၁ မှ ၂၅ အထိ ငါးဦးက တစ်ချက် လျော့နှင့် နောက်ဆုံးလူငါးဦးက အီးဗင်းပါမှ စတင်ကစားကြရပါမည်။ ပြိုင်ပွဲအပြီးတွင် ရိုက်ချက်အနည်းဆုံးဖြင့် ဗိုလ်စွဲသူက ဖက်ဒိတ်စ်ဖလားချန်ပီယံ ဆုဖလားနှင့် ဒေါ်လာ ၁၅ သန်းရပါမည်။

စိတ်ဝင်စားဖွယ်ကောင်းသော ရာသီအဆုံးသတ်ပုံပင် ဖြစ်ပါတော့သည်။

ဝင်းမြင့်သိန်း