၂၀၂၀ ၏ ပထမဆုံး ဂေါက်သီးမေဂျာပွဲကြီး ပီဂျီအေချန်ပီယံရှစ်ပ်

၂၀၁၉-၂၀ ပီဂျီအေတိုးရာသီသည် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက် ပြိုင်ပွဲတစ်ပွဲမှ စတင်ကာ ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၇ ရက် Tour Championship ၌ အပြီးသတ်ရန် အချိန်ဇယားရေးဆွဲထားပါသည်။ ကိုဗစ်ကပ်ရောဂါကြီးဖြစ်ပွားခဲ့သဖြင့် ဂေါက်သီးပြိုင်ပွဲများရပ်နားရချိန်တွင် မေဂျာပွဲကြီးတစ်ပွဲမျှမကျင်းပရသေးပါ။ မေဂျာပွဲကြီးများ၏ ယခုရာသီအချိန်ဇယားမှာ မာစတာစ်ကဧပြီလ၊ ပီဂျီအေချန်ပီယံရှစ်ပ်က မေလ၊ ယူအက်စ်အိုးပင်းကဇွန်လနှင့် ဗြိတစ်ရှ်အိုးပင်းကဇူလိုင်လတွင်ဖြစ်ပါသည်။ ကိုဗစ်ကြောင့် ဗြိတစ်ရှ်အိုးပင်းက ၂၀၂၀ ပြည့်နှစ်ပြိုင်ပွဲအားအပြီးဖျက်သိမ်းခဲ့သည်။ ကျန်သုံးပွဲက ယခုနှစ်အတွင်းပင်အချိန်ရွှေ့၍ကျင်းပရန် ပြန်လည်စီစဉ်ခဲ့ရာ ပီဂျီအေချန်ပီယံရှစ်ပ်က ဩဂုတ်လ ၆-၉၊ ယူအက်စ်အိုးပင်းက စက်တင်ဘာလ ၁၇-၂၀ နှင့် မာစတာစ်ကနိုဝင်ဘာ ၁၂-၁၅ ဖြစ်လာပါသည်။ ယခုရာသီအတွင်းသို့ ပီဂျီအေချန်ပီယံရှစ်ပ် တစ်ပွဲသာဝင်တော့ကာ ကျန်နှစ်ပွဲမှာ ၂၀၂၀-၂၁ ရာသီအတွင်းသို့ ရောက်ရှိသွားပါသည်။

ဩဂုတ်လ ၆-၉ ပီဂျီအေချန်ပီယံရှစ်ပ်နှင့် ဩဂုတ်လ ၁၃-၁၆ Wyndham Ch အပြီးတွင် ယခုရာသီ၏နောက်ဆုံးသုံးပွဲသာကျန်ပါတော့မည်။ ထိုသုံးပွဲ၏ ပထမအစပွဲသို့ဖက်ဒိတ်စ်ဖလားအမှတ်ဇယား၏ ထိပ်ဆုံး ၁၂၅ ဦးသာဝင်ခွင့်ရမည်ဖြစ်ရာ ၁၂၅ ဦးအတွင်း မဝင် သေးသူများအတွက် လက်ကျန်နှစ်ပွဲမှာ အထူးအရေးကြီးနေပါသည်။ ၂၀၁၈ နှင့် ၂၀၁၉၊ နှစ်နှစ်ဆက်တိုက် ပီဂျီအေချန်ပီယံရှစ်ပ်ဗိုလ်စွဲထားသူကမ္ဘာ့နံပါတ်တစ်ဟောင်းနှင့် လက်ရှိကမ္ဘာ့နံပါတ်ခြောက်ဖြစ်သူ ဘရွတ်စ်ကက်ပ်ကာမှာ ဇူလိုင်လ ၂၆ ရက်ကအထိ ဖက်ဒိတ်စ်အမှတ်ဇယားတွင် အမှတ်စဉ် ၁၅၅ တွင်သာရှိခဲ့ရာမှ ဩဂုတ်လ ၂ ရက်က WGC St. Jude Inv တွင် ပူးတွဲဒုတိယချိတ်လိုက်နိုင်သဖြင့် အမှတ်စဉ် ၉၆ သို့ ရောက်ရှိလာသည်။

၂၀၁၇ ခုနှစ်၊ မေလက ရက်သတ္တပတ်လေးပတ်ကြာ ကမ္ဘာ့နံပါတ်တစ်နေရာကိုရခဲ့သူ ဂျပ်စ်တင်တွမ်မတ်စ်သည် ယခုရာသီအစပိုင်း၌ နှစ်ပွဲအနိုင်ရခဲ့ပြီး ကမ္ဘာ့အဆင့်လေးနေရာသို့ရောက်လာခဲ့သည်။ ဇူလိုင်လ ၁၂ ရက်က Workday Charity Open နောက်ဆုံးကွင်းပတ်တွင် သုံးကျင်းသာကျန်နေချိန်၌ သုံးချက်သာနေရာမှ ကွင်းပတ်အပြီးတွင် ကောလင်းမိုရီကာဝါနှင့် တိုက်သွားကာကျင်းပို၌ ရှုံး၍ဒုတိယသာချိတ်ခဲ့ပါသည်။ ကမ္ဘာ့အဆင့်တွင် တတိယနေရာသို့ ရောက်လာသည်။ နောက်ရက်သတ္တပတ်တွင် ကျင်းပသော Memorial Tournament ၌ ဂျွန်ရမ်းဗိုလ်စွဲသည့်အခါ ရမ်းသည်ရော်ရီမက်ကဲလ်ရွိုင်းကိုကျော်တက်၍ ကမ္ဘာ့နံပါတ်တစ်ဖြစ်လာသည်။ တစ်ဖန်ဩဂုတ်လ ၂ ရက်က ပြီးစီးခဲ့သော St.Jude Inv တွင် ဂျပ်စ်တင်တွမ်မတ်စ်က ဗိုလ်စွဲခဲ့ရာယခုရာသီအတွင်း ပထမဆုံးသော သုံးပွဲဗိုလ်စွဲသူဖြစ်လာသည့်အပြင် ရမ်းကိုကျော်တက်ကာ ဒုတိယအကြိမ် ကမ္ဘာ့နံပါတ်တစ်ဂေါက်သီးသမားနေရာကို ရခဲ့ပါသည်။

Dustin Johnson

ဩဂုတ်လ ၆ ရက် ပီဂျီအေချန်ပီယံရှစ်ပ်ပြိုင်ပွဲကြီးမစတင်မီ ရေပန်းအစားဆုံး ဂေါက်သီးသမားများမှာ ဂျပ်စ်တင်တွမ်မတ်စ်၊ ဂျွန်ရမ်း၊ ဘရွတ်စ်ကက်ပ်ကာ၊ မက်ကဲလ်ရွိုင်းတို့ဖြစ်ပြီး ယင်းတို့နောက်တွင် ဒပ်စ်တင်းဂျွန်ဆင်၊ ဘရိုင်ဆန်ဒီရှမ်းဘိုး၊ တိုက်ဂါးတို့ရှိနေကြပါသည်။ ဩဂုတ်လ ၆ ရက်၌ ပီဂျီအေချန်ပီယံရှစ်ပ်မေဂျာပွဲကြီး၏ ပထမကွင်းပတ်စတင်ခဲ့ပါသည်။

ပထမကွင်းပတ်အပြီးတွင် ငါးချက်လျော့ရသူနှစ်ဦးက ဦးဆောင်သူများဖြစ်ခဲ့ပါသည်။ ယခုရာသီအတွင်း နှစ်ကြိမ်ဗိုလ်စွဲထားသူ ဘရင်ဒန်တော့ဒ်နှင့် ကမ္ဘာ့နံပါတ်တစ်နေရာသို့ရခဲ့ဖူးသူဂျေဆင်ဒေးတို့ပါ။ သူတို့နောက်တွင် လေးချက်လျော့ရထားသူကိုးဦးပင်ရှိနေပေရာ ကမ္ဘာ့ နံပါတ်တစ်ဟောင်းများဖြစ်ကြသော ဘရွတ်စ်ကက်ပ်ကာ၊ ဂျပ်စ်တင်ရိုစ့်၊ မာတင်ခိုင်မာတို့အပြင် မေဂျာနှစ်ပွဲဗိုလ်စွဲဖူးသူ ဇက်ခ်ဂျွန်ဆင်တို့လည်းပါဝင်သည်။ ဒရိုက်အလွန်ပြေးသူဟု နာမည်ကြီးနေသော ဘရိုင်ဆန်ဒီရှမ်းဘိုးနှင့် တိုက်ဂါးတို့ကနှစ်ချက်လျော့တွင် ရှိနေကြသည်။ တိုက်ဂါးနှင့်တစ်တွဲတည်းကစားနေသူ အခြားနှစ်ဦးတွင် မက်ကဲလ်ရွိုင်းက အီးဗင်းပါနှင့် ဂျပ်စ်တင်တွမ်မတ်စ်က တစ်ချက်ပိုသာရခဲ့ကြသည်။ လက်ရှိကမ္ဘာ့နံပါတ်တစ်တွမ်မတ်စ်မှာ ကျင်းခုနစ်၌ သူ၏တီရှော့တ်သစ်ပင်ပေါ်မှ ပြန်ကျမလာဘဲ ပျောက်ဆုံးခဲ့သဖြင့် ဒပ်ဘယ်ဘိုဂီပါသွားခဲ့သည်။

ဒုတိယကွင်းပတ်အား သောကြာနေ့၌ ကစားခဲ့ရာ တရုတ်မှ ၂၅ နှစ်သာရှိသေးသူလီဟောင်တောင်းက ငါးချက်လျော့ရကာနှစ်ရက်ပေါင်း ရှစ်ချက်လျော့ဖြင့် ဦးဆောင်သူဖြစ်ပါသည်။ လီသည် ထိုနေ့ကဖဲဝေးသို့ရောက်သည့် တီရှော့လေးကြိမ်သာရှိခဲ့သည့်ကြားမှ ငါးချက်လျော့ရခဲ့ခြင်းပါ။ သူကလွန်ခဲ့သောသုံးနှစ်က ဗြိတစ်ရှ်အိုးပင်းမေဂျာပွဲကြီးတွင် နောက်ဆုံးနေ့၌ ၆၃ ချက်ရိုက်နိုင်ခဲ့ပြီးတတိယရခဲ့ဖူးသည်။ ၂၀၁၉ ခုနှစ်ကလည်း သမ္မတများဖလား ဂေါက်သီးပြိုင်ပွဲတွင် အပြည်ပြည်ဆိုင်ရာလက်ရွေးစင်အသင်း၌ အရွေးခံခဲ့ရသည်။ ဥရောပတိုး၌ နှစ်ကြိမ်ဗိုလ်စွဲခဲ့ပြီးလည်းဖြစ်သည်။ လီနှင့်နှစ်ချက်အကွာတွင် ခြောက်ချက်လျော့ဖြင့် ဒုတိယရနေသူ ခြောက်ဦးရှိနေသည်။ ဂျေဆင်ဒေး၊ ဘရွတ်စ်ကက်ပ်ကာ၊ ဂျပ်စ်တင်ရို့စ်တို့ပါဝင်သည်။ ဒေးနှင့်ကက်ပ်ကာတို့မှာ ဒဏ်ရာအနာတရများကြောင့် အချိန်ပိုင်းနားပြီးမှ ပြန်ကစားကြရသူများပါ။ ဒေးကနောက်ကျောနာကျင်မှုပြဿနာနှင့် ကက်ပ်ကာက ဘယ်ဘက်ဒူးနာပြဿနာများ ဖြစ်ခဲ့ကြသည်။ ယခုပွဲတွင်တော့ နာကျင်မှုများရှိပုံမတွေ့ ကြရပါ။

နှစ်ရက်အပြီးထိပ်ဆုံးလူ ၇၀ နှင့် အဆင့် ၇၀ တွင် တိုက်နေသူများသာ ဆက်ရိုက်ခွင့်ရကြမည်ဖြစ်ရာတစ်ချက်ပိုရသူအထိ မပြုတ်ခဲ့ကြပါ။ ပထမနေ့က လေးချက်လျော့ရခဲ့ပြီး ပူးတွဲအဆင့်သုံး၌ ရှိခဲ့ကြသည့် ဇက်စ်ဂျွန်ဆင်နှင့် မာတင်ခိုင်မာတို့မှာ ဤနေ့၌ခြောက်ချက်ပို နှင့် ၁၂ ချက်ပိုရိုက်ခဲ့သဖြင့်ပြုတ်ခဲ့ကြသည်။ အခြားနာမည်ကြီးများဖြစ်ကြသော ရစ်ကီဖောင်လာ၊ ဟင်းန်ရစ်ခ်စတန်ဆင်၊ ဆာဂျီယိုဂါစီယာတို့လည်း ပြုတ်ခဲ့ကြပါသည်။ ဂျပ်စ်တင် တွမ်မတ်စ်၊ ဂျော်ဒန်စပိသ်၊ ဖီးလ်မစ်ကယ်ဆင်၊ ဘတ်ဘာဝပ်တ်ဆင်တို့က နောက်ဆုံးမှကပ်၍ ပါခဲ့ကြသည်။ တိုက်ဂါးက အီးဗင်းပါ၊ မက်ကဲလ်ရွိုင်းက တစ်ချက်လျော့တွင် ရှိခဲ့ကြပါသည်။

စနေနေ့တတိယကွင်းပတ်တွင် ငါးချက်လျော့ရခဲ့သော ကမ္ဘာ့နံပါတ်တစ်ဟောင်း ဒပ်စ်တင်းဂျွန်ဆင်က ပေါင်းကိုးချက်လျော့ဖြင့် ဦးဆောင်သူဖြစ်လာပြီး ရွတ်ကီလူသစ်ကလေးစကော့တီရှက်ဖလာနှင့် ပီဂျီအေတိုးနှစ်ပွဲဗိုလ်စွဲဖူးသူ ကင်မရွန်းချန့်ပ်တို့က ပေါင်းရှစ်ချက်လျော့ဖြင့် ဒုတိယနေရာသို့ ရောက်လာသည်။ ယမန်နေ့က ဦးဆောင်သူလီဟောင်တောင်းသည် ကိုးချက်လျော့သို့ရောက်လာပြီးမှ ကျင်း ၁၃ တွင် ဂေါက်သီးပျောက်ကာ ဒပ်ဘယ်ဘိုဂီတစ်ကျင်းနှင့် နောက်တပ်ဘိုဂီနှစ်ကျင်းပါသွားကာ ငါးချက်လျော့သာကျန်တော့သည်။ ပေါင်းခုနစ်ချက်လျော့တွင် ဘရွတ်စ်ကက်ပ်ကာ၊ ပေါလ်ကေစီနှင့်ကော်လင်းမိုရီကာဝါတို့ရှိနေသည်။ အခြားနာမည်ကျော်များဖြစ်ကြသော ဒီရှမ်းဘိုး၊ တိုနီဖီးနောင်း၊ ဂျပ်စ်တင်ရိုစ့်၊ ဂျေဆင်ဒေးတို့လည်း၊ ခြောက်ချက်လျော့တွင်ရှိနေကြရာမီနိုင်သည့်အနေအထားဖြစ်ပြီး နောက်ဆုံးနေ့တွင် မည်သူဗိုလ်စွဲမည်ကို ပြောမရသည့်အခြေအနေပါပင်။ ကွင်းမှာခက်ခဲပြီးအမှားမခံသဖြင့် ဤတတိယနေ့အတွင်းမှာပင် ဦးဆောင်သူနေရာကို ရခဲ့သူပေါင်း ရှစ်ဦးပင်ရှိခဲ့ပါသည်။ ဤကွင်းပတ်အပြီးတွင် ဦးဆောင်သူနှင့်သုံးချက်အကွာ၌ ရှိနေသူဦးရေမှာ ၁၁ ဦးပင်ဖြစ်ပြီး လေးချက်အကွာ၌ရှိနေသူဦးရေမှာ ၁၆ ဦးပင်ဖြစ်ပါသည်။

ဒီရှမ်းဘိုးမှာ နောက်ဆုံးကျင်း၌ ၉၅ ပေအကွာမှ ဘာဒီပတ်ကြီးကို ဝင်အောင်သွင်းနိုင်ခဲ့သည်။ နောက်ဆုံးနေ့၌ စောင့်ကြည့်ရမည့်သူတစ်ဦးပါ။ မေဂျာပွဲ ၁၅ ပွဲ ပိုင် ရှင်တိုက်ဂါးမှာမူ ပေါင်းနှစ်ချက်ပိုတွင်သာရှိသဖြင့် မမျှော် လင့်နိုင်တော့ပါ။ ဦးဆောင်သူ ဒပ်စ်တင်းဂျွန်ဆင်မှာ ကျင်းကိုး၌ ဒပ်ဘယ်ဘိုဂီပင်ပါခဲ့သေးသဖြင့် သူစကိုးက ယခုထက်ပင်ကောင်းနိုင်သော အနေအထားပါ။ ကက်ပ်ကာသည်လည်း ကျင်းအမှတ် ၁၃၊ ၁၄၊ ၁၅ သုံးကျင်းဆက်တိုက်ဘိုဂီပါသွားသူပါ။ ဤပွဲကြီးအား လွန်ခဲ့သည့် နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲထားသူကက်ပ်ကာအတွက် သုံးနှစ်ဆက်တိုက်ဗိုလ်စွဲရန် ဖြစ်နိုင်ခြေလည်း ရှိနေပြန်ပါသည်။ ပူပူနွေးနွေး ကမ္ဘာ့နံပါတ်တစ်ဂျပ်စ်တင် တွမ်မတ်စ်ကတစ်ချက်လျော့၊ လွန်ခဲ့သောနှစ်ပတ်က ကမ္ဘာ့နံပါတ်တစ် ဂျွန်ရမ်းကသုံးချက်လျော့တွင်သာရှိကြသဖြင့် ဗိုလ်စွဲရန်မဖြစ်နိုင်ဟု ထင်ရပါသည်။ ဗိုလ်စွဲသူမှာ အခြားကမ္ဘာ့နံပါတ်တစ်ဟောင်းများထဲကတစ်ဦးဦးဖြစ်လာဖို့က ပိုများနေပါသည်။

Bryson DeChambeau

တနင်္ဂနွေနေ့၌ နောက်ဆုံးကွင်းပတ်ယှဉ်ပြိုင်ကစားခဲ့ကြရာ အလွန်အကြိတ်အနယ်ရှိလှသဖြင့် တီဗီမှလိုက်ဗ်ကြည့်ရသူပရိသတ်များ၏ အကြိုက်ဖြစ်ခဲ့ပါသည်။ ဦးဆောင်သူဒပ်စ်တင်းဂျွန်ဆင်က ထွက်ထွက်ချင်းပထမကျင်း၌ဘာဒီရခဲ့ပြီး ဆယ်ချက်လျော့သို့ရောက်ခဲ့ပြီး နောက် ကျင်းသုံးတွင်ဘိုဂီဖြစ်သွားခဲ့သည်။ ထိုအခါ ကိုးချက်လျော့ဖြင့် ဦးဆောင်နေသူစုစုပေါင်းက ခြောက်ဦးပင်ရှိနေခဲ့ပါသည်။ ဂျွန်ဆင်ကကျင်းလေးကျင်းတွင် ဘာဒီရခဲ့ပြီး ဆယ်ချက်လျော့ပြန်ဖြစ်ခဲ့ပြီးနောက် ဘာဒီများဆက် မရတော့ဘဲ ၁၃ ကျင်းအပြီးအထိ ဤအတိုင်းရှိနေခဲ့ပါသည်။ သုံးရက်အပြီးက ငါးချက်လျော့သာရှိခဲ့သော မက်သယူးဝုဖ်က ကျင်း ၁၈ ၌ ဘာဒီရခဲ့ပြီး ဆယ်ချက်လျော့ဖြစ်လာသောအခါ ဆယ်ချက်လျော့တွင် ပူးတွဲဦးဆောင်နေသူပေါင်းမှာ ခုနစ်ဦးပင်ရှိနေပြန်ပါသည်။ ထိုမျှအကြိတ်အနယ်ဖြစ်နေခဲ့ကြပါသည်။

နှစ်နှစ်ဆက်တိုက် ချန်ပီယံဖြစ်သူ ကက်ပ်ကာတစ်ဦးသာ ပထမကော်နာ၌လက်ပျက်ကာ လေးချက်ပိုရိုက်မိခဲ့ပြီး တစ်ဆင့်ထိုးကျသွားပါသည်။ မက်သယူးဝုဖ်မှာ ဘေ့စ်ဘောရိုက်သောဆွင်းဖြင့် အလွန်ပြေးအောင် ရိုက်နိုင်သူပါ။ သူကပထမအစပိုင်းတွင် ဘိုဂီတစ်ကျင်းပါသွားပြီး လေးချက်လျော့သို့ကျသွားရာမှ ကျင်းခုနစ်မှစ၍ ဘာဒီ-ဘာဒီ-ဘာဒီ-အီဂယ်၊ လေးကျင်းအတွင်း ငါးချက်လျော့ရခဲ့ပြီး ထိပ်ပိုင်းသို့ရောက်လာခြင်းပါ။ ကမ္ဘာ့နံပါတ် တစ်ဟောင်းဂျေဆင်ဒေးက ထွက်ထွက်ချင်း ဘာဒီရပြီး နောက်ရှစ်ကျင်းဆက်တိုက် ‘ပါ’များသာရခဲ့ပြီး ငြိမ်သက် \နေခဲ့ရာမှ ကျင်းကိုးနှင့် ၁၂ ကျင်းဆက်ဘာဒီရပြီး ရှေ့တန်းပြန်ရောက်လာခဲ့သည်။ ကျင်း ၁၄ ၌ ဘာဒီထပ်ရသည့်အခါ ဆယ်ချက်လျော့သို့ ရောက်ခဲ့သည်။

တော်နီဖီးနောင်းသည် ဘာဒီနှစ်ကျင်းဆက်တိုက်ဖြင့် တာထွက်ခဲ့ပြီးနောက် ကျင်းတစ်ဆယ်တွင်ပါ ဘာဒီရသည့်အခါ ကိုးချက်လျော့သို့ရောက်ခဲ့သည်။ ကျင်း ၁၂ ၌ ဘိုဂီပါသွားသဖြင့် ပြုတ်ကျသွားသော်လည်း ကျင်း ၁၃ နှင့် ၁၄ နှစ်ကျင်းဆက်တိုက်ဘာဒီရသည့်အခါ ဆယ်ချက်လျော့သို့ရောက်လာသည်။ သူနှင့်တစ်တွဲတည်းကစားနေသော ဒီရှမ်းဘိုးသည် ပထမခုနစ်ကျင်းအတွင်း၌ လေးကျင်းပင် ဘာဒီများရကာ ဆယ်ချက်လျော့သို့ရောက်ခဲ့ သည်။ ကျင်းရှစ်နှင့်ကိုး၌ ဘိုဂီများပါသွားခဲ့ပြီးနောက် ကျင်းတစ်ဆယ်ပါဖိုက်တွင်လည်း နှစ်ချက်နှင့် ဂရင်းအကျော်အထိရောက်အောင် ရိုက်နိုင်ခဲ့ပြီးမှ ဘာဒီမရခြင်းက နစ်နာလှပါသည်။ သူကကျင်း ၁၄ နှင့် ၁၆ တို့တွင်မှ ဘာဒီများရကာ ဆယ်ချက်လျော့သို့ ပြန်ရောက်ခဲ့သည်။

ဒရိုက်အလွန်ပြေးလှသော ကင်မရွန်းချမ့်ပ်သည်ကျင်းအမှတ်လေးနှင့် ခြောက်တို့၌ ဘာဒီများရပြီးနောက် ဆယ်ချက်လျော့သို့ရောက်လာသည်။ သို့သော် ကျင်းကိုး၌ ဒရိုက်ဗ်က သစ်ပင်နောက်ရောက်သွားကာ ဖဲဝေးသို့တစ်ချက်ထုတ်ခဲ့ရပြီး သရီးအွန်လည်းမရခဲ့သဖြင့် ဒပ်ဘယ်ဘိုဂီပါသွားရာမှ အဆင့်ထိုးကျသွားပါတော့သည်။ ဦးဆောင်သူဂျွန်ဆင်နှင့်အတူ နောက်ဆုံးအတွဲမှ ကစားခဲ့ရသော ယခုနှစ်မှပီဂျီအေတိုးသို့ရောက်လာသူ လူသစ်စကော့တီရှပ်ဖလာသည် ကျင်းတစ်နှင့်တစ်ဆယ်တို့၌ ဘာဒီများရကာဆယ်ချက်လျော့သို့ ရောက်ခဲ့ပါသည်။ သို့သော် ကျင်း ၁၃ ၌ဘိုဂီပါသွားခဲ့သည်။ ကျင်း ၁၆ ၌ ဘာဒီပြန်ရကာ ဆယ်ချက်လျော့သို့ ပြန်ရောက်ခဲ့သော်လည်း အချိန်နှောင်းသွားခဲ့ပါသည်။ ထိုအချိန်တွင် ပေါလ်ကေစီနှင့် ကော်လင်းမိုရီကာဝါတို့က ၁၁ ချက် လျော့ဖြစ်နေကြပါပြီ။

၄၅ နှစ်ရှိ အင်္ဂလန်မှ ပေါလ်ကာစီသည် အသက်ကြီးပြီဖြစ်သော်လည်း လက်ကောင်းနေဆဲပါ။ သူ့တစ်သက်တာတွင် ကစားခဲ့သော မေဂျာပွဲကြီးပေါင်းလည်း ၆၄ ပွဲရှိပါပြီ။ တစ်ကြိမ်မျှတော့မအောင်နိုင်သေးပါ။ ယခုပွဲတွင် ကျင်းတစ်ဆယ်အပြီး၌ ဘာဒီသုံးကျင်းရထားခဲ့ကာ ဆယ်ချက်လျော့သို့ရောက်ခဲ့ပါသည်။ ကျင်း ၁၃ ၌ ဘိုဂီပါသွားသော်လည်း ကျင်း ၁၄ နှင့် ၁၆ တို့တွင် ဘာဒီများရသည့်အခါ ၁၁ ချက်လျော့ဖြစ်လာပြီး ကော်လင်းမိုရီ ကာဝါနှင့် အတူပူးတွဲဦးဆောင်သူဖြစ်လာသည်။ မိုရီကာဝါက ကျင်း သုံး၊ လေးနှင့် တစ်ဆယ်တို့တွင် ဘာဒီများရကာ ဆယ်ချက်လျော့သို့ရောက်ခဲ့သည်။ ကျင်း ၁၄ ၌ ဒုတိယရိုက်ချက် ထိထိမိမိမရှိသဖြင့် ဂရင်းသို့သူ့ဂေါက်သီးမရောက်ခဲ့ပါ။ သို့သော် ဂရင်းနှင့် ပေ ၄၀ အကွာမှ ချစ်ပ်လုပ်သည့်အခါ တန်းလိမ့်ဝင်ကာ ဘာဒီရသဖြင့် ၁၁ ချက်လျော့ဖြင့် ဦးဆောင်သူဖြစ်လာသည်။ ကျင်း ၁၆ ပါဖိုးမှာ ၂၉၇ ကိုက်သာဝေးသော ပါဖိုးပါ။ လူသန်ကြီးများက ထိုကျင်း၌ တီခုံမှ ဂွဒ်သရီးသာသုံး ကြသော်လည်း သူကဒရိုက်ဗာဖြင့်ရိုက်ခဲ့ရာ လှပစွာ လိမ့်တက်သွားပြီး ကျင်းပေါက်နှင့် ခုနစ်ပေအကွာသို့ ရောက်ခဲ့သည်။ အီဂယ်ပတ်လည်းဝင်ခဲ့သဖြင့် ၁၃ ချက်လျော့ဖြင့် လွတ်လွတ်ကျွတ်ကျွတ်ဦးဆောင်သူ ဖြစ်လာပါသည်။ ၁၁ ချက်လျော့သို့ ရောက်နေသူကေစီမှာ ကျန်နှစ်ကျင်းတွင် ‘ပါ’ များသိရခဲ့ပါသည်။

ဦးဆောင်သူဂျွန်ဆင်မှာ ကျင်းတစ်ဆယ် ပါဖိုက်၌ ဒုတိယအချက်ကို သံခုနစ်သာရိုက်ရပါလျက် ဘန်ကာကျပြီး ဘာဒီလွတ်ခဲ့သဖြင့် ၁၁ ချက်လျော့သို့ မရောက်ခဲ့ပါ။ ကျင်း ၁၄ ၌ ဘန်ကာထဲကျပြီး ဘိုဂီသာရခဲ့ကာ ကိုးချက်လျော့သို့ကျသွားပါသည်။ ကျင်း ၁၆ နှင့် ၁၈ တို့တွင် ဘာဒီများရခဲ့သောကြောင့်သာ ၁၁ ချက်လျော့ဖြင့် ကေစီနှင့်အတူပူးတွဲဒုတိယရရှိခဲ့ပါသည်။ ရွေးချယ်ကောက်နုတ်ထားသူအချို့၏ ရိုက်ချက်များနှင့် အဆင့်များကို အောက်ပါဇယားတွင် ဖော်ပြထားပါသည်။

၂၀၁၉ ခုနှစ်ကမှ ပရိုပြောင်းကာ ပီဂျီအေတိုး၌ခြေချခွင့်ရသော မိုရီကာဝါဗိုလ်စွဲခဲ့ပါပြီ။ သူဘယ်သူပါလဲ၊ အဖေဂျပန်နှင့်အမေက အမေရိကန်သူဖြစ်ပြီး လော့အိန်ဂျလိစ်တွင် မွေးဖွားခဲ့သူပါ။ ဘာကယ်လီမြို့ရှိ ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ဘွဲ့ရပြီးဖြစ်သည်။ တက္ကသိုလ် ကျောင်းသား အပျော်တမ်းသမားဘဝက Palmer Cup ၊ Walker Cup ၊ Eisenhower Cup စသော ကမ္ဘာ့ပြိုင်ပွဲများ တွင် ယူအက်စ်အေကို ကိုယ်စားပြုသော လက်ရွေးစင် ဂေါက်သီးသမားဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်၊ မေလက ကမ္ဘာ့နံပါတ်တစ်အပျော်တမ်းဂေါက်သီးသမားနေရာကို ရခဲ့ဖူးသည်။ မက်ကဲလ်ရွိုင်း၊ ဂျော်ဒန်စပိသ်၊ ရစ်ကီဖောင် လာ၊ ဂျွန်ရမ်းတို့လည်း ထိုနေရာကို ရဖူးကြသူများပါ။ သူကပရိုပြောင်းပြီးနောက် ခြောက်ပွဲမြောက်ပြိုင်ပွဲတွင် အောင်ပွဲစတင်ရရှိခဲ့သည်။ ပရိုပြောင်းပြီးသည်မှစ၍ ပီဂျီ အေတိုးတွင် ၂၂ ပွဲဆက်တိုက် နှစ်ရက်နှင့် မပြုတ်ခဲ့သူ လည်းဖြစ်သည်။ ဤစံချိန်ထက်ကောင်းသူဟူ၍ ပရိုအစပွဲ ၂၅ ပွဲဆက်တိုက်မပြုတ်သူ တိုက်ဂါးသာရှိပါသည်။

ယခင်ရာသီတွင် ပထမဆုံးအောင်ပွဲရခဲ့ပြီးနောက် ယခုရာသီတွင် ဇွန်လက Charles Schwab Challenge ၌ ဒင်နီယယ်ဘာဂါကို ကျင်းပိုကျမှရှုံးခဲ့သည်။ ဇူလိုင်လ Workday Charity Open တွင် ဂျပ်စ်တင်တွမ်မတ်စ်ကို ကျင်းပို၌နိုင်ကာဗိုလ်စွဲခဲ့သည်။ ယခုပွဲမှာ ယခုရာသီအ တွင်း ဒုတိယအောင်ပွဲဖြစ်ပါသည်။ ဤမေဂျာပွဲကြီးအား ပထမဆုံးအကြိမ် ဝင်ပြိုင်သည့်နှစ်မှာပင် ဗိုလ်စွဲလိုက်နိုင်ခြင်းပါ။ သူက ၂၃ နှစ်သာရှိသေးပြီး ဂျက်စ်နစ်ကလပ်စ်၊ တိုက်ဂါးနှင့် မက်ကဲလ်ရွိုင်းတို့အပြီးတွင် လေးဦးမြောက် ၂၄ နှစ် မပြည့်သေးဘဲ ပီဂျီအေချန်ပီယံရှစ်ပ်ဗိုလ်စွဲသူ ဖြစ်လာပါသည်။

ဤအောင်ပွဲကြောင့် ကမ္ဘာ့အဆင့်ဇယားတွင် အမှတ်စဉ် ၁၂ မှ ပဉ္စမနေရာသို့ တက်ရောက်လာပါသည်။ ဖက်ဒိတ်စ်ဖလားအမှတ်ဇယားတွင်လည်း ဆဋ္ဌမနေရာမှ ဒုတိယနေရာသို့ရောက်လာပြန်သည်။ တစ်နှစ်တာဆုကြေးဇယားတွင်လည်း ဒုတိယနေရာသို့ရောက်လာသည်။ ယခု ရာသီတွင် လေးပွဲသာကျန်ရှိပေရာ ထိုပွဲများ၌ စွမ်းဆောင် နိုင်မှုအရ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးသမားဆုကိုပါ မှန်းနိုင်ပါပြီ။ သမ္ဘာရင့်ဂေါက်သီးသမားကြီးများအား အကြိတ်အနယ်ယှဉ်နိုင်ခဲ့ကြသော Young Guns ဟု ခေါ်ဆိုကြသည့် အသက် ၂၀ ကျော်သာရှိကြသေးသော မိုရီကာဝါ၊ ကင်မရွန်းချမ့်ပ်၊ မက်သယူးဝုဖ်နှင့် စကော့တီရှက်ဖလာတို့အား ချီးကျူးလိုက်ရပါသည်။

ဝင်းမြင့်သိန်း