အများမျှော်လင့်စောင့်စားနေတဲ့ ရန်ကုန်စတော့အိတ်ချိန်းဖွင့်ပြီ

ysx2

ရန်ကုန်စတော့အိတ်ချိန်းဖွင့်ပွဲကို 2015  ခုနှစ်၊ ဒီဇင်ဘာလ၊ ၉ ရက်တွင် အမှတ် 24-26၊ ဆူးလေဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့ရှိ ရန်ကုန်စတော့အိတ်ချိန်းခန်းမ(ယခင်မြဝတီဘဏ်ဟောင်း) တွင် ကျင်းပခဲ့ပါတယ်။ အခမ်းအနားကို မြန်မာနိုင်ငံ ဒုတိယသမ္ပတ သရေစည်သူ ဦးဉာဏ်ထွန်းကိုယ်တိုင် တတ် ရောက်ဖွင့်လှစ်ပေးခဲ့ပြီး မြန်မာနိုင်ငံဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်၊ ရန်ကုန်တိုင်းဝန်ကြီး ဦးမြင့်ဆွေ၊ မြန်မာနိုင်ငံ ဒုတိယဘဏ္ဍာရေးဒုဝန်ကြီးနဲ့ Securities and Exchage Commission of Myanmar ရဲ့ Chairman ဖြစ်သူ ဒေါက်တာမောင်မောင်သိမ်း၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ် Tateshi Higuchi ၊ ဂျပန်နိုင်ငံဆိုင်ရာ ဘဏ္ဍာရေးဝန်ဆောင်မှုအေဂျင်စီရဲ့ Commissioner ဖြစ်သူ Nobuchika Mori ၊ Daiwa Securities Group ကုမ္ပဏီရဲ့ President and CEO ဖြစ်သူ Takashi Hibino ၊ ဂျပန်နိုင်ငံတိုကျိုစတော့အိတ်ချိန်းမှ President & CEO ဖြစ်သူ Koichiro Miyahara တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါတယ်။

ysx1

အခမ်းအနားကို မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှ အစိုးရတာဝန်ရှိသူများ၊ စတော့အိတ်ချိန်းနဲ့ ဆက်စပ် ကုမ္ပဏီတွေက တာဝန်ရှိသူများနဲ့ အပြည်ပြည်ဆိုင်ရာ သတင်းမီဒီယာများတက်ရောက်ခဲ့ကြပါတယ်။ စတော့အိတ်ချိန်းဖွင့်ပွဲတွင် စတော့အိတ်ချိန်းတင်ခွင့်ရကုမ္ပဏီများစာရင်းကို တစ်ဆက်တည်းကြေငြာရာ FMI ကုမ္ပဏီလီမိတက်၊ ပထမပုဂလိကဘဏ်လီမိတက်၊ မြန်မာနိုင်ငံသားဘဏ်လီမိတက်၊ သီလဝါ SEZ အများပိုင် ကုမ္ပဏီလီမိတက်၊ Myanmar Agribusiness Public Corporation ကုမ္ပဏီနဲ့ Great Hor Kham Public ကုမ္ပဏီလီမိတက်တို့က ရရှိခဲ့ပါတယ်။ ဒါအပြင် Securities ကုမ္ပဏီလိုင်စင်ကို KBZ Stirling Coleman Securities ကုမ္ပဏီက ရရှိခဲ့တယ်လို့ KBZ Group of Companies နဲ့ KBZ Stirling Coleman Securities ကုမ္ပဏီရဲ့ Senior MD ဖြစ်သူ ဦးညိုမြင့်က ပြောကြားခဲ့ပါတယ်။

ysx3

ရန်ကုန်စတော့အိတ်ချိန်းဟာ တစ်ရက်ကို မနက် ၁၁ နာရီမှာ တစ်ကြိမ်နဲ့ နေ့လယ် ၁ နာရီမှာ တစ်ကြိမ် စုစုပေါင်း နှစ်ကြိမ်ဖွင့်လှစ်ပေးသွားမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။ ရန်ကုန်စတော့အိတ်ချိန်းဟာ မြန်မာ့စီးပွား ရေးဘဏ်မှ ရှယ်ယာ ၅၁ ရာခိုင်နှုန်း၊ Daiwa Institute မှ ၃၉ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ Japan Exchange Group မှ ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းတို့နဲ့ ပူးပေါင်းဖွဲ့စည်းထားပြီး မတည်ရင်းနှီးငွေကျပ် ၃၂ ဘီလီယံထည့်ဝင်ကာ လုပ်ငန်းများ စတင်လည်ပတ်သွားမယ်လို့သိရပါတယ်။