“မင်္ဂလာနှစ်သစ်ပါ အန်ကယ်ကြီး။”
သူဌေးလေးက အထုပ်ကြီးတစ်ထုပ်ဆွဲပြီး ရောက်လာတယ်။ နှစ်သစ်ရဲ့ပထမဦးဆုံး တနင်္ဂနွေဆို တော့ ဂေါက်ကွင်းမှာ လူစည်တယ်။ တစ်နှစ်တာကာလပတ်လုံး တနင်္ဂနွေနေ့တွေမှာ ပျော်ပျော်ပါးပါး ဂေါက်သီး ရိုက်ရအောင် ဓာတ်ဆင်နေကြတာလားတော့ မပြောတတ် ပါဘူး။
“ မင်္ဂလာနှစ်သစ်ပါဗျာ။”
သူဌေးလေးက အထုပ်ကြီးထဲက အထုပ်သေးလေးတွေထုတ်ပြီး အထုပ်ပေါ်မှာ ရေးထားတဲ့နာမည်အ တိုင်း တစ်ယောက်စီကိုလက်ဆောင်ပေးတယ်။
“မင်္ဂလာနှစ်သစ်မှာ မင်္ဂလာရှိသော မေတ္တာလက် ဆောင်ပါခင်ဗျား။ အားလုံးအဆင်ပြေ အောင်မြင်ကြပါ စေ။”
ပေးပေးပြောပြောနဲ့ ပေးတာကို တစ်ယောက်က လက်ခံပြီးတာနဲ့ ချက်ခြင်းဖွင့်လိုက်တယ်။
“ဟာ ပါတိတ်ရှပ်ပဲ။ မိုက်တယ်ကွ။”
“ဟုတ်ပါတယ်ဗျာ။ ဘာလီကို နှစ်သစ်ကြိုဖို့ သွားခဲ့တာ။”
“ဘာလီကွင်းမှာရော ဂေါက်သီး မရိုက်ခဲ့ဘူး လား။”
“ရိုက်ခဲ့တာပေါ့ဗျာ။ ဘယ်နေလိမ့်မတုန်း။”
“ဘာလီဂေါက်ကွင်းဆိုတော့ တစ်ခုသတိရမိတယ်။”
အန်ကယ်ကြီးက တစ်ခွန်းဝင်ထောက်တယ်။
“ဘာလဲအန်ကယ်ကြီး၊ ဘာလီသူမဲမဲ နှုတ်ခမ်း တွဲတွဲ မျက်လုံးပြူးပြူးလေးတွေနဲ့ ချစ်ရည်လူးခဲ့တာလား။”
“မဟုတ်ပါဘူးကွာ။ ၁၉၉၄ ခုနှစ်တုန်းက။ မင်း တို့ ဂေါက်သီးတောင် မြင်ဖူးမှာမဟုတ်သေးတဲ့ အချိန်က ပေါ့။ ဒန်းဟေးလ်မာစတာဂေါက်ပြိုင်ပွဲဘာလီမှာ ပြိုင်ကြ တုန်းကပေါ့ကွာ။”
“အန်ကယ်ကြီး ချခဲ့တာလား။ ခံခဲ့ရတာလား။”
“ငါ မဟုတ်ဘူးဟေ့။ နစ်ဖာလ်ဒိုကွ။ နောက်ဆုံး နေ့ ၇ ကျင်းပဲ ကျန်ချိန်မှာ ၆ ချက်အသာနဲ့ ဦးဆောင်နေ တာကွ။”
“ဒါဆို ဗိုလ်စွဲဖို့ တော်တော်သေချာနေပြီပေါ့။”
“အဲဒီအချိန်မှာ ရုပ်သံပရိသတ်တစ်ယောက်က တိုင်တာကို မှန်မမှန်စစ်ဆေး အရေးယူအပြစ်ပေးတာ ခံ လိုက်ရတာကွ။ တတိယနေ့က နစ်ဖာလ်ဒိုဂေါက်သီး ဘန်ကာကျလို့ မရိုက်ခင်မှာ နစ်ဖာလ်ဒိုက ဂေါက်သီးဘော လုံးနောက်က သန္တာကျောက်ခက်စသေးသေးလေးကို ကောက်ပြီး ဖယ်ခဲ့တယ်။ ဥရောပပြိုင်ပွဲတွေမှာ ခွင့်ပြုပေ မယ့် ဘာလီပွဲကျတော့ ဩစတြေးလျား စည်းမျဉ်းစည်းကမ်းကျင့်သုံးတာကိုး။ ခွင့်မပြုဘူး။ ဒါကို နစ်ဖာလ်ဒိုက လုပ်ခဲ့တော့ စည်းကမ်းချိုးဖေါက်တာပေါ့။ ပင်နယ်တီပေး ရမှာပေါ့။ ဒါပေမဲ့ ပင်နယ်တီအချက် မပေါင်းခဲ့ဘူး။ ဒီ တော့ ရိုက်ချက်ကဒ်ပြားကို လက်မှတ်ထိုးပြီး တင်ခဲ့တဲ့ အခါ မမှန်မကန်ရလဒ်ကို တင်ပြခဲ့တယ်ဆိုပြီး အရေးယူခံ ရတာပေါ့။”
“ဘုရားရေ၊ တိုင်တာနဲ့ အရေးယူရောလား အန် ကယ်ကြီးရယ်။”
“ဗီဒီယိုအခွေ ပြန်ကြည့်တာပေါ့ကွာ။ အဲဒီမှာ ဟုတ်နေတော့ နစ်ဖာလ်ဒိုကို ပွဲပယ်လိုက်တယ်။ အဲဒီပွဲက နေ ထုတ်ပစ်လိုက်တာကွာ။ ရိုက်နေတုန်းတန်းလန်းကြီး ဘတ်ဂီနဲ့လာခေါ်သွားတာ။ နစ်ဖာလ်ဒိုကလည်း ဘာမှ စောဒက ကြီးကြီးကျယ်ကျယ် မတက်ပါဘူး။ ဥပဒေရဲ့ အဆုံးအဖြတ်ကို အေးအေးဆေး ဆေး ခံယူလိုက်တာပါပဲ။”
“ဟာ ဒီကောင် ဘာမှမရတော့ဘူးပေါ့။”
“ဘယ်ရမလဲကွာ။ မှတ်တမ်းတော့ ကျန်ခဲ့တာ ပေါ့။”
ပြောရတာ မောသွားလို့လား မသိဘူး။ အန် ကယ်ကြီး ရေတစ်ခွက်သောက်တယ်။ ပြီးတော့ စကား ဆက်တယ်။
“ဥပဒေကို မသိလို့ဖောက်ဖျက်မိတယ်တို့၊ ကျူး လွန်မိတယ်တို့ လုပ်လို့ မရဘူးကွ။ ကျူးလွန်တာကိုတွေ့ရင်၊ သိရင်တိုင်ရဲရမယ်။ အချက်အလက်နဲ့တကွ တိကျဖို့ လိုတာပေါ့။ အရေးယူရမယ့်သူကလည်း မှန်မမှန်သေသေချာချာစစ်ဆေးပြီး မှန်ရင် အရေးယူရမယ်။ အဆုံးအဖြတ်ပြုမယ့်သူကလည်း ဘာကောင်ကြီးဖြစ်နေနေ၊ ဘာမျက် နှာမှမထောက်ဘဲ ရဲရဲဆုံးဖြတ်ရမယ်။”
“ဟုတ်လိုက်လေ အန်ကယ်ကြီးရယ်။”
“အဲဒီ ဘာလီပွဲရိုက်တုန်းကဆို နစ်ဖာလ်ဒိုက ကမ္ဘာ့ထိပ်သီးကွ။ သူလာရိုက်ဖို့တောင် ခြေကြွချီးမြှင့်ငွေ တွေ မတရားပေးရတာ။ ဒါပေမဲ့လည်း ဥပဒေက ဥပဒေပါ ပဲကွာ။”
အန်ကယ်ကြီးရဲ့ ဥပဒေက ဥပဒေပါပဲကွာဆိုတဲ့ စကားကို နားထောင်ရင်း၊ ခေါင်းထဲရောက်လာတာတွေကို ကိုယ်စီစဉ်းစားရင်းနဲ့ ငြိမ်သက်စွာ စကားဝိုင်းသိမ်းခဲ့ကြတယ်။
မောင်စံပေါ
(၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလထုတ် CEO မဂ္ဂဇင်း)