လုပ်ငန်းခွင်မှာရှောင်ရှားသင့်တဲ့ ကျင့်ဝတ်တချို့ကို သိချင်ပါတယ်။ လုပ်ငန်းခွင်မှာ စာမထုတ်ပြန်ထားဘူး၊ ဘယ်သူကမှ မပြောထားဘူးဆိုပေမဲ့ သိထားသင့်တဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်တွေ အများကြီးရှိပါတယ်။ လူတိုင်းသိထားပြီးသားတွေဆိုပေမဲ့ ဒါတွေကိုပဲ ကျွန်တော်တို့တွေဟာ သတိမထားမိလိုက်ဘဲ အကြိမ်ကြိမ်ဖောက်ဖျက်နေတယ်ဆိုတာကို တွေ့ရပါတယ်။ ကျွန်တော်တို့တွေဟာ ဒီလုပ်ငန်းခွင်ဆိုင်ရာကျင့်ဝတ်တွေကို မလိုက်နာဘူးဆိုရင် လုပ်ဖော်ကိုင်ဖော်တွေရဲ့ စိတ်ဆိုးခံရနိုင်တဲ့ အပြင် ကိုယ့်ကိုလည်း နောက်ကွယ်မှာစည်းကမ်းမရှိသူလို့ သမုတ်ခံရပါလိမ့်မယ်။ ဒါကြောင့် ဒီလိုမျိုးတွေ မဖြစ်ရလေအောင် ရုံးမှာမဖြစ်မနေသိထားသင့်တဲ့ ကျင့်ဝတ်ငါးခုကို ဖော်ပြပေးလိုက်ပါတယ်။ ၁။ အချိန်မှန်ပါ။ လူတိုင်းဟာ သင့်လိုပဲ တအားအလုပ်ရှုပ်နေကြတယ်ဆိုတာ သင်သိပါတယ်။ ဒါကြောင့် တခြားသူတွေလိုပဲ အစည်းအဝေးပွဲကို အချိန်မှန်ရောက်အောင် လာသင့်ပါတယ်။ တစ်ခါတလေ နောက်ကျတာ ကိစ္စမရှိဘူးဆိုပေမဲ့ အမြဲတမ်းနောက်ကျနေမယ်ဆိုရင်တော့ တခြားလူတွေရဲ့ လုပ်ငန်းတာဝန်တွေကို လစ်ဟင်းစေတယ်၊ သူတို့ကို မလေးစားတဲ့ပုံဖြစ်စေတဲ့အပြင် သူတို့ရဲ့အထင်သေးမှုတွေ၊ စိတ်ဆိုးမှုတွေကိုလည်း ခံရနိုင်ပါတယ်။ ၂။ နားကြပ်အသုံးပြုပါ။ ရုံးမှာသီချင်းနားထောင်ဖို့ ခွင့်ပြုထားရင်တောင် လူတွေဟာ တစ်ယောက်နဲ့တစ်ယောက် အကြိုက်ချင်း မတူကြသလို၊ သီချင်းသံကြောင့် အလုပ်တောင်ကောင်းကောင်းလုပ်နိုင်မှာမဟုတ်တဲ့ လူတွေလည်း ရှိတာကြောင့် သီချင်းနားထောင်တဲ့အခါမှာ နားကြပ်အသုံးပြုပါ။ သီချင်းသံတိုးတိုးလေး ဖွင့်ထားတာဆိုပေမဲ့ တခြားသူတွေလည်း ကြားနေရဦးမှာဖြစ်ပြီး အနည်းနဲ့အများ အနှောင့်အယှက် ဖြစ်စေမှာဖြစ်တာကြောင့် အကောင်းဆုံးကတော့ နားကြပ်ကို အသုံးပြုပါလို့ တိုက်တွန်းချင်ပါတယ်။ ၃။ မျှဝေပါ။ မုန့်၊ ဒါမှမဟုတ် တစ်ခုခုစားမယ်ဆိုရင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျှဝေသုံးဆောင်ပါ။ ဒါဟာ ညစ်ညူးနေတဲ့စိတ်ကို ပြန်လည်ရွှင်လန်းလာစေမယ့်အပြင် ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်နဲ့လည်း ပိုမိုရင်းနှီးလာစေမှာပါ။ ''ဝေမျှခြင်းဟာ ဂရုစိုက်ခြင်း'' ပဲဆိုတဲ့ စကားလည်းရှိတာကြောင့် သူတို့ကို ဂရုစိုက်တယ်ဆိုတဲ့ အဓိပ္ပာယ်လည်း ပေါ်လွင်စေမှာဖြစ်ပါတယ်။ ၄။ ရုံးခန်းတွင်းမှာ။ ရုံးခန်းထဲမှာဆိုပေမဲ့ ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ တခြားသူတွေလည်း ရှိနေတာကြောင့် အသံအကျယ်ကြီး စကားပြောတာနဲ့ ခွက်ထိုးခွက်လန်ရယ်တာကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ရဲ့ စကားသံနဲ့ ရယ်သံကြောင့် တခြားသူတွေကို အနှောင့်အယှက်မပေးသင့်ပါဘူး။ အထူးသဖြင့် ကိုယ့်နားမှာ တစ်ယောက်ယောက်ဖုန်းပြောနေတဲ့အချိန် ကိုယ့်မှာမပြောမဖြစ်ပြောရမယ့် အကြောင်းအရာရှိနေရင်တောင် တိုးတိုးသက်သာပြောပါလို့ အကြံပြုချင်ပါတယ်။ ၅။ စကားဝိုင်းလေးတွေ။ အလုပ်တွေ တောင်လိုရာလိုပုံနေလို့ အိမ်ပြန်ဖို့တောင် နေ့တိုင်းနီးပါး နောက်ကျနေသူနားမှာ စကား ဝိုင်းဖွဲ့တာကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ရဲ့စကားသံကြောင့် သူ့ကို ပိုပြီးစိတ်ညစ်လာနိုင်တဲ့အပြင် တစ်ယောက်ယောက်ကသာ သူ့ကို အလုပ်ရှုပ်လိုက်တဲ့နေ့ပဲလို့သာ ပြောလိုက်မယ်ဆိုရင် သည်းခံနိုင်စွမ်းတွေ ကုန်ဆုံးပြီး ရန်ပြန်တွေ့ချင်စိတ်တောင်ပေါက်မိစေမှာဖြစ်တာကြောင့် အလုပ်ရှုပ်နေတဲ့ လူနားမှာ စကားဝိုင်းဖွဲ့တာမျိုးကို ရှောင်ကြဉ်ျသင့်ပါတယ်။