တာဝန်ယူချင်မှ ရာထူးယူပါ

အလုပ်ခွင်မှာ ရာထူးရဖို့ချည်းပဲ မျှော်နေလို့ မရပါဘူး။ ရာထူးနဲ့အတူတွဲပါလာတဲ့ တာဝန်ကိုလည်း ဘယ်လိုကျေပွန်အောင် လုပ်နိုင်မလဲ စဉ်းစားနိုင်ကြဖို့လိုပါတယ်။ လုပ်နိုင်မယ် စွမ်းဆောင်နိုင်မယ် သေချာမှ တာဝန်လက်ခံယူသင့်ပါတယ်။ တာဝန်ခံတတ်တဲ့စိတ်ရှိသူဟာ အများရဲ့ လေးစားမှုကို အလိုလို ရရှိပါတယ်။ ဝတ္တရားကျေလောက်ပဲ လုပ်ချင်စိတ်ရှိပြီး လူရိုသေရှင်ရိုသေဘ၀ မှန်းနေလို့ မရပါဘူး။ ရာထူးကြီးတော့ပိုက်ထားပါရဲ့ . . . ပြဿနာတက်ချိန် ရူးချင်ယောင်ဆောင်တတ်လို့ကတော့  ရာထူးမရှိတော့တဲ့တစ်နေ့ ဘယ်သူကမှဆေးဖော်ကြောဖက်တောင် မလုပ်ချင်ကြတာ မျက်စိရှေ့မှာ သာဓကတွေ အများကြီးပါ။ အရင်အလုပ်အကိုင်အတွက် ရွေးချယ်စရာအခွင့်အလမ်းနည်းပါးခဲ့ချိန်က မလုပ်ချင်ချင် လုပ်ချင်ချင် အစိုးရအလုပ်ပဲရှိခဲ့ကြတာကြောင့် ပေးမှလုပ်တဲ့ အကျင့်တွေ ဒီခေတ်မှာမရှိသင့်တော့ပါ။